ထိုဟုန်ယွီကလန်၌ ဟောင်လုံလို့ ခေါ်သည့် လူတစ်ယောက် ရှိခဲ့ဖူးသည်။ သူက ကလန်ခေါင်းဆောင်လည်း ဖြစ်ခဲ့သူပင်။
“ဒီဟောင်လုံက ဟုန်ယွီကလန်ရဲ့ ခေါင်းဆောင်ဖြစ်တုန်းက သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတယ်။ သူတို့ရဲ့ ပုံပန်းအသွင်က တူညီနေပေမဲ့လည်း တစ်ယောက်တည်းတော့ မဖြစ်နိုင်ပါဘူးလေ…”
ဝမ်လင်းက တိတ်တဆိတ် တွေးလို့နေ၏။
“ဒါပေမဲ့လည်း နာမည်တူ၊ပုံပန်းအသွင် တူတာကတော့ အရမ်းထူးဆန်းလွန်းနေတယ်။ ဒီနေရာကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်လို့ ခေါ်တာ အံ့အောစရာ မရှိတော့ဘူးပဲ။ ဘာလို့လဲဆိုတော့ ဒီနေရာက ဒီမွန်(နတ်ဆိုး) တွေနဲ့ တော်တော်လေး သင့်တော်နေလို့ပဲ…”
ဝမ်လင်းအကြည့်က ပန်းချီကားထောင့်ရှိ အနက်ရောင်တိမ်ထု ပေါ်သို့ ကျရောက်သွားပြန်သည်။
ချူယောင်ဟွာက ဘေးတွင် မတ်တပ်ရပ်နေလျက် ရှိကာ သူက လေးစားစွာ ပြောလိုက်၏။ “ပန်းချီကားထဲက အနက်ရောင်တိမ်ထုက ဒီမွန်စိတ်ဝိညာဉ်များရဲ့ညကို ကိုယ်စားပြုတယ်၊ အစီအရင်ထဲမှာ ရှိနေမှသာ သင်က လုံခြုံနိုင်လိမ့်မယ်…”
“လပြည့်ညကကော ဒီမွန်စိတ်ဝိညာဉ်တွေနဲ့ ဘာများ ပတ်သတ်နေလို့လဲ…” ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းနေ၏။
“ဒီနေရာက ဒီမွန်နတ်ဆိုးစိတ်ဝိညာဉ်တွေရဲ့ နေရာဖြစ်တယ်။ ဒါ့ကြောင့် ဒီမွန်စိတ်ဝိညာဉ်တွေက အမဲလိုက်ဖို့ ထွက်လာတာ သဘာဝပဲ။ အဲ့လို ထွက်လာတဲ့နေ့တွေကျရင် လပြည့်လေ့ရှိတယ်…” ချူယောင်ဟွာက အပြင်ဘက်သို့ စိုးရိမ်ပူပန်စွာ ကြည့်လိုက်၏။ ခုချိန်၌ ညရောက်လာခဲ့ပြီ မဟုတ်လား။
“ဒီညက လပြည့်နေ့ပဲ။ခနနေကြရင် ကောင်းကင်ဘုံသားကိုယ်တိုင် ဒီမွန်စိတ်ဝိညာဉ်တွေ အမဲလိုက်တာကို မြင်ရတော့မှာပါ…” ချူယောင်ဟွာက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိနေ၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “သင် ငါ့ကို ပြောခဲ့တဲ့ ငါလိုအပ်တဲ့အရာဆိုတာ ဘာများလဲ၊ အဲ့တာကို ငါက ရှေးဟောင်းနတ်ဆိုးမြို့မှာပဲ ရနိုင်မယ်ဆို…”
ချူယောင်ဟွာက ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ သူက အံကြိတ်ကာ ပြောလိုက်၏။ ကောင်းကင်ဘုံသားက မေးလာတော့လည်း ငါက အချိန်မဖြုန်းတော့ပါဘူး၊ ဒီနတ်ဆိုး စိတ်ဝိညာဉ်နယ်မြေက အရမ်းကြီးမားလွန်းတယ်။ ပြောကြတာက ဒီကုန်းမြေမှာ နိုင်ငံကိုးခု ရှိတယ်တဲ့၊ ခုငါတို့ ရှိနေတဲ့နိုင်ငံကတော့ ကောင်းကင်နတ်ဆိုး နိုင်ငံပဲ…”
“ပိုပြီး အသေးစိတ်ပြောရရင်တော့ ဒီနေရာက ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုပဲ၊ ဒါပေမဲ့ ဒီနေရာက မြေရိုင်းတွေပဲ ရှိတယ်။ ဒိအဘိုးအိုက ရှေးဟောင်းနတ်ဆိုးမြို့မှာ စွမ်းအား နိုးထလာပြီးတဲ့နောက် ငါက ကြယ်တစ်လုံးအဆင့်ကိုပဲ ရောက်ရှိခဲ့တယ်။ ဒါ့ကြောင့် ငါက အဲ့မြို့မှာ နေလို့မရတော့ ငါ့မျိုးနွယ်စု ဆီကိုပဲ အကြီးအကဲ အဖြစ်ပြန်လာခဲ့ရတယ်…”
“ကောင်းကင်နတ်ဆိုးနိုင်ငံမှာ ဆိုရင် နတ်ဆိုးဘုရင် ခွန်ရှုဆိုတာ ရှိတယ်။ သူ့အောက်မှာတော့ နတ်ဆိုးဗိုလ်ချုပ်ရှစ်ယောက်၊ နတ်ဆိုးတပ်သား ဆယ်သန်းနဲ့ မြို့ပေါင်းတစ်ရာ ရှိတယ်။ ဒါက နိုင်ငံတစ်ခုရဲ့ စွမ်းအားပုံစံ ဖြစ်တယ်…”
ချူယောင်ဟွာက လေးစားစွာ ပြောလိုက်၏။ “ဒီအဘိုးအိုပြောတဲ့ အရာနဲ့ ပတ်သတ်လို့ကတော့ ဒါက ဇာတ်လမ်းအရှည်ကြီး တစ်ပုဒ်ပဲ။ ဒီနေရာမှာ ရှိတဲ့လူတိုင်းနီးပါးက နှစ်ငါးထောင်ကြာတိုင်းမှာ ပြင်ပကျင့်ကြံသူတွေ ရောက်လာတာကို သိကြတယ်…”
“ပြင်ပကလူတွေ ရောက်လာတိုင်းမှာလည်း သူတို့က သွေးလွှမ်းတဲ့အခြေအနေတွေကို ဖန်တီးကြတယ်။ ပြင်ပကလာတဲ့လူအားလုံးက အမျိုးမျိုး နိုင်ငံတွေသွားပြီး နေရာမျိုးစုံ ယူကြတယ်။ သူတို့က ပိုပြီး ပါဝင်လာလေလေ ပိုမြင့်တဲ့နေရာကို ရယူလာလေလေပဲ။ ပြောကြတာကတော့ ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ ဗိုလ်ချုပ်ရှစ်ယောက်ထဲက တစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်နိုင်တဲ့အချိန်က ရောက်လာပြီး ပြန်မထွက်ခွာတော့တဲ့ ပြင်ပကျင့်ကြံသူတစ်ယောက်တဲ့…”
“ပြင်ပလူတွေ ဝင်လာပြီးတဲ့နောက်မှာ သူတို့က ထူးဆန်းတဲ့ ပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်ရတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက်လည်း အကျိုးအမြတ်အတွက် မကြာခဏ သတ်ဖြတ်လေ့ ရှိကြတယ်။ ဒါက ဘာလို့လဲတော့ ဒီအဘိုးအိုလည်း နားမလည်ဘူး။ ကောင်းကင်ဘုံသားက ပြင်ပကျင့်ကြံသူတစ်ယောက်ဖြစ်တော့ ငါက ဒီလိုလုပ်တာနဲ့ပတ်တတ်ပြီး သင်က ပိုသိလိမ့်မယ်လို့ ယုံကြည်ပါတယ်…”
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူက နားလည်သယောင်ယောင် ရှိလာသော်လည်း တိတိပပတော့ မသိသေးချေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သင်က ငါလိုချင်တာ ဘာလဲဆိုတာ ခုထိ မပြောရသေးဘူး…”
ချူယောင်ဟွာ ခန္ဓာကိုယ်က တင်းကြပ်သွားကာ သူက တိတ်ဆိတ်စွာ တွေးတောနေ၏။
ဝမ်လင်းကလည်း တိတ်တဆိတ် စောင့်လို့နေသည်။ သူ့အကြည့်က ပန်းချီကားပေါ်၌ ရှိလို့နေဆဲသာ။
သိပ်မကြာခင်တွင် ချူယောင်ဟွာက သက်ပြင်းချကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…ငါ သင့်ကို မလိမ်ချင်ပါဘူး…။ ဒီနေရာက သင်လိုချင်တဲ့နေရ ဖြစ်နေပေမဲ့ ဒါက အရမ်းလည်း အရေးကြီးလှတယ်။ သင်က ဒါကို အားနဲ့အတင်းယူမယ်ဆိုရင် ဒီတောင်ကြားထဲမှာ ရှိတဲ့လူတိုင်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားရလိမ့်မယ်…”
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။ ပထမဆုံးအကြိမ်အဖြစ် သူ့အကြည့်က ပန်းချီကားထံကနေ ချူယောင်ဟွာထံသို့ ရွေ့လို့သွားသည်။
ချူယောင်ဟွာက ဝမ်လင်းကို ကြည့်နေရာ သူတို့က အကြည့်ချင်း ဆုံသွားတော့သည်။ ခဏအကြာတွင် ချူယောင်ဟွာက ဖြည်းဖြည်းချင်း ခေါင်းငုံ့သွားသည်။ သို့သော် သူက ချက်ခြင်း ခေါင်းပြန်မော့ကာ ပြောလိုက်သည်။ “ဒါပေမဲ့ ကောင်းကင်ဘုံသားက စောနက ပေးခဲ့တဲ့ ဆေးလုံးတွေ ရှိဦးမယ်ဆိုရင် ဒီအဘိုးအိုက သင်လိုချင်တဲ့ဟာကို ပေးဖို့ အဆင်ပြေပါလိမ့်မယ်…”
ဝမ်လင်းက လက်မြှောက်၍ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပုလင်း တစ်ပုလင်းပြီးတစ်ပုလင်း ထွက်ပေါ်လာ၏။ သည်ကျောက်စိမ်းပုလင်းများက အဖြူရောင်ရှိကာ ဆယ့်နှစ်ပုလင်းထက်မနည်း ရှိနေ၏။
သည်ပုလင်းများက လေထဲ၌ စက်ဝိုင်းအသွင် လှည့်ပတ်သွားပြီးနောက် သိုလှောင်အိတ်ထဲသို့ ပြန်ရောက်ရှိသွားတော့သည်။
ချူယောင်ဟွာမျက်လုံးက ထိုကျောက်စိမ်းပုလင်းနောက်သို့သာ လိုက်ကြည့်နေလေ၏။ ၎င်းပုလင်းများ သိုလှောင်အိတ်ထဲ ပြန်ရောက်သွားမှ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
တံတွေးခက်ခက်ခဲခဲ မြိုချပြီးနောက် သူက အသက်ဝဝရှုသွင်းကာ ပြောလိုက်သည်။ “သင်ပြင်ပကျင့်ကြံသူ ယူလာတဲ့ ဆေးတွေက ဒီနေရာမှာ အရမ်းအရေးကြီးတဲ့ ရတနာတွေ ဖြစ်တယ်။ အကြောင်းကတော့ ဒီနေရာမှာ ဆေးလုံးတွေ သန့်စင်ဖို့ ဘာပစ္စည်းမှ မရှိလို့ပဲ။ ငါ့နောက်လိုက်ခဲ့ပါ…ကောင်းကင်ဘုံသား၊ ငါက သင်လိုတဲ့ အရာရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်…”
ချူယောင်ဟွာက ဆုံးဖြတ်ချက်ကြီးမားစွာ ချမှတ်လိုက်ရသည့်ပုံ ဖြစ်နေ၏။ ထို့နောက်သူက ရှေ့ကနေ ဦးဆောင်သွားသည်။
ဝမ်လင်းကလည်း သူ့နောက်ကနေ တိတ်တဆိတ် လိုက်ပါသွား၏။
ကောင်းကင်က နက်မှောင်နေသော်လည်း တောင်ကြားထဲ၌ မီးပုံများဖြင့် လင်းနေသည်။ တောင်ကြားထဲရှိ လူများကလည်း ထိုမီးပုံများဘေး၌ ထိုင်နေကာ ကျယ်လောင်စွာ ရယ်မောလျက် ရှိနေ၏။
အမျိုးသမီးများကတော့ သူတို့ ယောက်ျားသားများနားတွင် ထိုင်နေကာ ကလေးများကို လက်မောင်းပေါ်၌ တင်ထားကြ၏။ သူတို့က အမျိုးသားများ ပြောနေသည့် အကြောင်းအရာများကို နားထောင်၍ ကျေနပ်စွာ ပြုံးလို့နေကြသည်။
တောင်ကြားတစ်ခုလုံးက အေးချမ်းလုံခြုံမှု အော်ရာနှင့် ပြည့်လို့နေသည်။
သည်အော်ရာက နွေးထွေးမှုကို ပေးစွမ်း၏။ ချူယောင်ဟွာနှင့် ဝမ်လင်းတို့ ပေါ်လာသည့်အခါတွင် တောင်ကြားထဲရှိ လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ဝမ်လင်း စောနက ခံစားလိုက်ရသည့် နွေးထွေးမှုက ချက်ခြင်းပင် ပြန်ပျောက်ကွယ်သွားတော့၏။ အမျိုးသမီးအားလုံးကလည်း သူတို့ကလေးများကို တင်းကျပ်စွာ ပွေ့၍ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေကြသည်။
ချူယောင်ဟွာက ရပ်တန့်ခြင်း မပြုဘဲ မီးပုံကို ဖြတ်ကျော်ကာ တောင်ကြား အနက်ပိုင်းသို့ ဆက်လျှောက်သွားသည်။ ဝမ်လင်းက ချူယောင်ဟွာနောက်ကနေ ကပ်လိုက်သွား၏။ သူက မီးပုံကို ဖြတ်ကျော်လာသည့်အခါ ရွာသားများက သူ့အတွက် လမ်းရှင်းပေးကြသည်။
အမျိုးသမီးများထဲက တစ်ယောက်က သတိလက်လွတ် ဖြစ်သွားသဖြင့် သူမလက်ထဲရှိ ကလေးက အောက်ပြကျသွားသည်။ သူမက ကလေးကို အမြန်ပြန်ဖမ်းယူလိုက်ရန် ကြိုးစားလိုက်၏။ သို့သော် ဝမ်လင်းက သူမရှေ့သို့ ရောက်နှင့်ပြီး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမမျက်နှာက ဖြူရောကာသွားတော့သည်။
ကလေးကိုတော့ ဝမ်လင်းက မြေကြီးပေါ်ကျမသွားအောင် ဖမ်းယူလိုက်၏။
ဝမ်လင်းက ကလေးကို ထားကာ ဆက်လျှောက်ဟန် ပြုပြီးမှ ခဏငုံ့ကြည့်လိုက်သည်။ သည်ကလေးက ရိုးသားအပြစ်ကင်းသည့်အသွင်ပင်။ သူက သည်ကလေးကို ကြည့်ရင်း တနူး၏ကလေးဘဝကို အလိုလို ပြန်တွေးမိသွားသည်။ ဝမ်လင်းက ပြုံး၍ ကလေးခေါင်းကို ပွတ်ကာ ဆက်လျောက်သွားလိုက်သည်။
ဝမ်လင်းထွက်သွားပြီး သိပ်မကြာခင်ပင် မီးပုံပတ်လည်၌ နွေးထွေးသောခံစားချက်က ပြန်ရရှိလာလေ၏။
ချူယောင်ဟွာက ဝမ်လင်းကို တောင်ကြားအနက်ပိုင်းသို့ ဦးဆောင်ခေါ်သွားနေသည်။ သည်ဧရိယာက ဘူးသီးခြောက်လို ပုံစံမျိုးရှိကာ အဝင်ကတော့ တောင်ကြားပင် ဖြစ်၏။
ချူယောင်က မြေပြင်တွင် သစ်ပင်များသိပ်မရှိဘဲ ထူးဆန်းသောအပင်ပေါက်တစ်ချို့သာ ရှိနေသည့် နေရာတွင် ရပ်တန့်လိုက်၏။
“ကောင်းကင်ဘုံသား…ကျေးဇူးပြု၍ ကြည့်ပါ…” ချူယောင်ဟွာက ရှေ့သို့ လက်ညွှိုးထိုးပြ၏။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။ထို့နောက် သူက နားလည်သွားသည့်အသွင်ဟန်ပန် ဖြစ်ပေါ်လာသည်။ သူ့အကြည့်က တောင်ကြားအနက်ပိုင်းရှိ တောင်အစွန်းတစ်ခုပေါ်သို့ ကျရောက်လို့နေ၏။
သည်အငူစွန်းက စိမ်းပြာရောင်ရှိကာ အခြားတောင်အငူစွန်းများနှင့် ယှဉ်လျှင် ၎င်းက ကွဲပြားခြားနားနေသည်။ သို့ရာတွင် သည်အရာက ဝမ်လင်းအမြင်ကို ဖမ်းစားနိုင်ခြင်းတော့ မဟုတ်ချေ။ သူ့အမြင်ကို ဖမ်းစားနိုင်သည်က ထိုအငူစွန်း အလယ်တွင်ရှိနေသည့် သလင်းကျောက်အသွင် အဖြူရောင်အရာဝတ္ထု တစ်ခုပင် ဖြစ်၏။
သည်သလင်းကျောက်က စိန်ပုံစံရှိကာ တောင်အငူစွန်းကနေ တွဲလွဲကျနေသည်။
ဝမ်လင်းက စဉ်းစားနေ၏။ အစောပိုင်းတုန်းက သူ နတ်ဘုရားအာရုံကို သည်ဧရိယာသို့ ဖြန့်ကျက်လိုက်သည့်အခါတွင် သူက မည်သည့်အရာကိုမျှ တွေ့ရှိခဲ့ခြင်း မရှိပေ။ သို့ရာတွင် သူက အခုအနီးကပ်ကြည့်သည့်အခါမှ ၎င်းကို ဖြတ်မြင်နိုင်ခဲ့၏။
သည်အဖြူရောင် သလင်းကျောက်ထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းအချို့ ထွက်ပေါ်နေသည်။ သို့သော် ပို၍ အနီးကပ်ကြည့်မှ ဝမ်လင်းတွင် တခြားအသိတစ်ခု ထပ်ရလာခဲ့ရသည်။
“ဒါ…ဒါက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် မဟုတ်ဘူး…” ဝမ်လင်းက ရှေ့သို့ ဆက်တိုးသွားကာ ထိုသလင်းကျောက်ထံသို့ လက်ညွှန်လိုက်၍ အကွာအဝေတစ်ခုကနေ အာရုံခံကြည့်ရန် ကြိုးစားသည်။
အဖြူရောင်သလင်းကျောက်၏ စွမ်းအင်ကို ခံစားမိရန် သူ့မူလစိတ်ဝိညာဉ်က သူ့လက်ချောင်းကနေ ဆန့်ထွက်သွားသည်။ သူက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်စဉ်တွင် ရုတ်တရပ် အမူအရာပြောင်းလဲသွား၏။ထို့နောက် သူက စတင်၍ စဉ်းစားနေသည်။
ချူယောင်ဟွာက တိုးညှင်းစွာ ပြောလိုက်၏။ “ကောင်းကင်ဘုံသား…။ ဘိုးဘေးပြောခဲ့တာကတော့ ဒါက သင်တို့ ပြင်ပကျင့်ကြံသူတွေ ပိုင်ဆိုင်တဲ့ဟာတဲ့။ သင်တို့ကတော့ ဒါကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို သလင်းကျောက်လို့ ခေါ်ကြတယ်တဲ့။ ဒါပေမဲ့ ငါတို့ကတော့ နတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်လို့ ခေါ်ကြတာ…”
“ဒီနတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်က ငါတို့ မျိုးနွယ်ရဲ့ ဒဏ်ရာတွေကို ပြန်ကောင်းအောင် လုပ်တဲ့နေရာမှာ ကူညီပေးတယ်။ ဒါ့ကြောင့် ငါက ဒီဟာ သင့်ကို ပေးလိုက်ရင် မျိုးနွယ်စုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် သေရလိမ့်မယ်လို့ ပြောခဲ့တာပဲ…”
“ဒါပေမဲ့ ဒီနတ်ဆိုးစိတ်ဝိညာဉ်သလင်းကျောက်ရဲ့ အရည်အသွေးက နိမ့်တော့ ဒဏ်ရာကုသနိုင်မှုကလည်း သိပ်မကောင်းဘူး။ ဒီသလင်းကျောက်နဲ့ သင့်ရဲ့ ဆေးလုံးတွေနဲ့ ယှဉ်ရင် ဆေးလုံးတွေက ပိုကောင်းနေတယ်…”
ဝမ်လင်းက ဘာမှ ပြန်ပြောဆိုခြင်း မရှိချေ။ သူက နောက်တစ်ကြိမ် လက်မြှောက်ကာ ဆန့်တန်းလိုက်၏။ တောင်အငူစွန်းထံကနေ တုန်ခါသံတစ်ခု ချက်ခြင်း ထွက်ပေါ်လာသည်။ ပထမ၌ ထိုအသံက တိုးညှင်းသော်လည်း တဖြည်းဖြည်း ကျယ်လာခဲ့သည်။ သည်ကျယ်လောင်သောအသံကို တောင်ကြားထဲရှိ ရွာသူရွာသားများပင် သတိပြုမိသွားကြလေ၏။
သည့်အပြင် သည်အသံက ပတ်ဝန်းကျင်ရှိ အခြားတောင်အငူစွန်းများကိုပါ တုန်ခါသွားစေ၏။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ညာလက်ကို ကြမ်းတမ်းစွာ ပြန်ဆွဲယူလိုက်၏။ အက်ကွဲသံအနည်းငယ် ထွက်ပေါ်သွားပြီးနောက် သည်အဖြူရောင်သလင်းကျောက်ကလည်း တောင်အငူစွန်းပေါ်ကနေ ကျွတ်ထွက်သွားကာ သူ့လက်ထဲသို့ ကျရောက်သွားသည်။
သူက အဖြူရောင်သလင်းကျောက်ကို ထိလိုက်သည့်အခိုက်တွင် ဝမ်လင်းက ၎င်းအထဲကနေ အေးစက်သည့်အော်ရာကို ခံစားမိလိုက်သည်။ သည်အော်ရဦက သူ့ညာလက်ကနေ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်လာသည်။ သည်အဖြူရောင်အော်ရာက သူ့သွေးကြောများကို ဖြတ်သန်းသွားခြင်း မရှိဘဲ သူ့အရိုးများပေါ်၌သာ ဖြတ်သန်းသွားသည်။ ၎င်းက ဝမ်လင်းခန္ဓာကိုယ်ထဲ၌ တစ်ကြိမ်လှည့်ပတ်ပြီးနောက် သူ့ဒန်တျန်ထဲ၌ စုဝေးသွား၏။ ၎င်းက တဖြည်းဖြည်းဖြင့် ဆန်စေ့အရွယ် သလင်းကျောက်အဖြစ် သိပ်သည်းသွားကာ အဖြူရောင်အော်ရာကို ပေးစွမ်းလာခဲ့သည်။ထို့နောက် ၎င်းက တဖြည်းဖြည်းဖြင့် နက်ဗျူလာကြယ်စုကဲ့သို့ ဖြစ်ပေါ်သွားသည်။
သည်အဖြူရောင်အော်ရာက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ဆင်တူဟန် ထင်ရ၏။သို့သော် အမှန်တကယ်တွင် ၎င်းက ခြားနားလှ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ခုအဖြူရောင်စွမ်းအင်အော်ရာလောက် ညင်သာခြင်းမရှိပေ။သည့်အပြင် ခုအဖြူရောင်အော်ရာက နတ်ဆိုးဆန်သောအော်ရာတစ်ခု ပါဝင်နေသည်။
သည်နတ်ဆိုးစွမ်းအင်ကို စုပ်ယူပြီးနောက် ဝမ်လင်းခန္ဓာကိုယ်တစ်ခုလုံးက သိသာသောပြောင်းလဲမှုတစ်ခု ဖြစ်သွားလေသည်။