လီရှင်းဝမ် ဖောက်ထွက်သွားခဲ့စဉ်တုန်းက အဖွဲ့အစည်းအသီးသီးမှ လူမျိုးစုံကို ဖိတ်ခေါ်ခဲ့သည့် ဖြစ်ရပ်ကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက သွမ့်မုချွယ်၏ ဖောက်ထွက်မှုမှာ ပို၍ သိုသိုသိပ်သိပ် ရှိသည်ဟု ဆိုရပေမည်။ သို့သော် မည်မျှပင် သိုသိုသိပ်သိပ် ရှိစေကာမူ ကမ္ဘာပေါ်တွင် ဝိညာဉ်ချီများ စတင်ရွေ့လျားလာသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ သူဖောက်ထွက်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်ကြ၏။ ဥက္ကဋ္ဌရုံးမှာလည်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီး ထိုကိစ္စကြီးအား အတည်ပြုပေးလိုက်သောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွားကြပြီး အောင်ပွဲခံနေကြတော့သည်။
လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ ရှေ့ဆင့်နောက်ဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည်ဖြစ်ရာ ပြည်ထောင်စုကြီး၏ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းမှာ အမြုတေအဆင့်မှ ယွမ်ယင်အဆင့်သို့ တရားဝင် ပြောင်းလဲသွားပြီဖြစ်ကြောင်း သတ်မှတ်၍ရပေသည်။
ထို့ကြောင့် ပြည်ထောင်စုထဲရှိလူတိုင်းမှာ ယွမ်ယင်အဆင့်နှင့် ပတ်သတ်၍ မျှော်လင့်တကြီး ဖြစ်လာကြတော့သည်။ သူတို့အားလုံးမှာ မည်သူက ထပ်၍ ဖောက်ထွက်နိုင်သွားမည်နည်းဟု သိချင်နေကြ၏။
သွမ့်မုချွယ်တစ်ယောက် ဖောက်ထွက်သွားပြီး ပြည်ထောင်စုကြီးတစ်ခုလုံး စိတ်လှုပ်တရှား ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ သူ့အားပေးထားသော တာဝန်ဖြစ်သည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအတွက် လိုအပ်သော အစိတ်အပိုင်းများအား ထုတ်လုပ်ပေးရမည့် တာဝန်ကြောင့် ဖိအားများခံစားနေရပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအစိတ်အပိုင်းများအား အလျင်အမြန် ထုတ်လုပ်ဖန်တီးပေးရမည်ဖြစ်ကြောင်း သိထား၏။ ထို့အပြင် ပြည်ထောင်စုပျိုးပင် အစီအစဉ်ကြီးမှာလည်း စတင်တော့မည်ဖြစ်ကြောင်း သူက နားလည်ထားသည်။
” အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းက ဖြည်းဖြည်းချင်းပဲ လည်ပတ်နေခဲ့ပေမယ့် အခုကတော့ တော်တော်လေးကို မြန်လာပြီ ” တံခါးပိတ်ကျင့်စဉ်ထဲတွင်ရှိနေသော ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် ထိုင်ရာမှမထဘဲ အတွေးများထဲတွင် နစ်မျောနေလိုက်ပြီးနောက် တစ်အောင့်ခန့်ကြာမှ သူ၏ အသံလွှင့်လက်စွပ်ကို ထပ်၍ ကောက်ကိုင်လိုက်ပြီး မဟာထိပ်သီးအကြီးအကဲကြီးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။ သူသည် သံသယများ ရှင်းလင်းသွားစေချင်သောကြောင့် ပြည်ထောင်စုပျိုးပင် အစီအစဉ်ကြီး စတင်မည့်အချိန်ကို မေးမြန်းလိုက်၏။
အင်္ဂါဂြိုဟ်ပေါ်မှနေ၍ ကမ္ဘာပေါ်သို့ ပြန်ရောက်သွားပြီဖြစ်သော လီရှင်းဝမ်မှာ ကောင်းကင်တာအိုကျောင်းထဲ၌ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်၏။ သူသည် ယခင်တုန်းကလို ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပဲ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
” ပေါင်လဲ့။ ပြည်ထောင်စုပျိုးပင် အစီအစဉ်ကြီးက သိပ်မကြာခင်မှာ စတင်တော့မှာ။ မင်း လိုအပ်တဲ့ပြင်ဆင်မှုတွေ ကြိုလုပ်ထားတော့။ အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းကြီး နှေးကွေးနေခဲ့ရတဲ့ အကြောင်းအရင်းက…. ပြည်ထောင်စုကြီးဘက်က အပြည့်အဝ ယုံကြည်မှုမရှိလို့ပဲ ”
” အဲဒီ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို ဆောက်ပြီးသွားရင် ပြည်ထောင်စုကြီးအတွက် အခွင့်အရေးတွေအများကြီး ပေါ်ပေါက်လာနိုင်သလို မမြင်နိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ကြုံရနိုင်တယ်လေ။ သွမ့်မုချွယ်နဲ့ ငါ ဖောက်ထွက်ပြီးသွားတော့မှ ပြည်ထောင်စုကြီးဘက်က ယုံကြည်မှုတွေရှိလာတာ။ အခုဆိုရင် ဝိညာဉ်ဆန့်ကျင်ဗုံးအပြင် နောက်ထပ် ဝှက်ဖဲတစ်ချပ်ပါ ထပ်ပြီးတော့ ပိုင်ဆိုင်ထားသလို ဖြစ်နေပြီလေ… အဲ့တာကြောင့်မလို့ ဆောက်လုပ်ရေးလုပ်ငန်းကြီးကို အရှိန်မြှင့်တင်လိုက်တာပဲ ”
” မင်း အခြားကိစ္စတွေအတွက် တွေးပူနေစရာမလိုဘူး။ အခုလောလောဆယ် မင်း လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုသာ လုပ်ထား။ ပထမဆုံး တည်နေရာပြောင်းရွှေ့မှုက နောက်အကျဆုံး သုံးလလောက်နေရင် စတော့မှာ ”
ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီး အကြီးအကဲကြီး၏ စကားများကိုနားထောင်ရင်း အသက်ရှူသံများ မြန်ဆန်လာရ၏။ တစ်အောင့်ခန့် ကြာပြီးမှ သူသည် ထိုဆက်သွယ်မှုအား အဆုံးသတ်လိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့သွားရန် စိတ်ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းပညာရပ်များနှင့် ရင်းမြစ်ပစ္စည်းများ လိုအပ်နေသောကြောင့် ထိုဓားကြီးပေါ်သို့ မဖြစ်မနေ သွားရမည်သာ ဖြစ်သည်။
သူသည် အမှောင်အဆောင်ပစ္စည်းအား အကောင်းပတိအတိုင်း ပြန်ဖြစ်လာအောင် ပြန်လည်ပြုပြင်ရန် ကုန်ကြမ်းပစ္စည်းများ လိုအပ်နေသည် မဟုတ်ပါလော။ သူသည် ထိုအမှောင်အဆောင်ပစ္စည်း ပြုပြင်ပြီးသွားပါက အင်္ဂါဂြိုဟ်အပြင်ဘက်သို့ ယူသွားလိုက်မည်ဟု စိတ်ကူးယဉ်နေ၏။ ထိုအချိန်တွင် ၎င်းမှာ ဂြိုဟ်ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်နေလောက်ပြီ ဖြစ်သည်။
” ငါ အဲဒီ အမှောင်အဆောင်ပစ္စည်းကို မရရတဲ့နည်းနဲ့ ပြန်လည်ပြုပြင်မှကို ဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ လက်ရှိတွင် အင်္ဂါဂြိုဟ်ပေါ်၌ ထိုကုန်ကြမ်းပစ္စည်းများကို စုဆောင်းရန် အလွန်အင်မတန်မှ ခက်ခဲနေမည်ဖြစ်ကြောင်း သူက သိထား၏။ သူ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်သွားသည့်အခါမှသာ ထိုသို့ စုဆောင်းနိုင်ရန် အခွင့်အရေးရရှိမည် ဖြစ်သည်။
ထို့အပြင် အရေးကြီးသည့် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ…. တာဝန်သိစိတ် ဖြစ်၏။
သူသည် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်သောကြောင့် ထိုနေရာသို့ သွားစရာမလိုကြောင်း သိထား၏။ သို့သော် သူသည် ပြည်ထောင်စုပျိုးပင်တစ်ယောက် ဖြစ်နေသောကြောင့် ထိုအစီအစဉ်ထဲ၌ မဖြစ်မနေ ပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် ထိုအစီအစဉ်ကြီးမှာ ပြည်ထောင်စုပျိုးပင်များအတွက် အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်ပေသည်။
တစ်ချိန်ထဲမှာပင် ၎င်းမှာ သူတို့၏ အရည်အချင်းပြည့်မီမှုကို ကိုယ်စားပြုနေမည်လည်း ဖြစ်သည်။ သို့ဖြစ်ရာ အနာဂတ်တွင် ရာထူးတိုးနိုင်ရန်အတွက် အလွန်အင်မတန်မှ အထောက်အကူ ပြုနိုင်ပေသည်။ ထို့အပြင် သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးထဲသို့ ဝင်ရောက်ဖူးသည့် အတွေ့အကြုံများကို ပိုင်ဆိုင်သွားမည်ဖြစ်ရာ အနာဂတ်တွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ရှေးဦးဝိညာဥ်ခေတ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ အကြောင်းနှင့် ကမ္ဘာပေါ်ရှိ ကျင့်ကြံခြင်းခေတ်ကို စတင်ပေးခဲ့သော မူလဇာစ်မြစ်တို့ကိုလည်း သိချင်နေသည်။
ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေပြီး သူ၏လက်ထဲမှ မျက်နှာဖုံးလေးအား ပွတ်သပ်နေ၏။ မမလေးတစ်ယောက် နှုတ်ဆိတ်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲရှိ အကျိုးအပဲ့အပိုင်းအစများ၏ အတွင်းပိုင်းထဲတွင် မြင်ခဲ့ရသော မမလေးနှင့် ချွတ်စွပ်တူသည့် ရုပ်ထုကြီးကို မှတ်မိနေဆဲပင်။
” ငါက သွားရတော့မှာဆိုတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေ ကြိုလုပ်ထားမှပါ။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးရဲ့ အကြောင်းကို ဘယ်သူကမှ ရေရေရာရာ မသိသေးတာမလို့ အန္တရာယ်တွေရှိနေမှာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ မဟာထိပ်သီးအကြီးအကဲကြီး သူ့အား မေးခဲ့သည့် ” မင်း သေရမှာကိုကြောက်လား ” ဆိုသော မေးခွန်းအား ပြန်၍သတိရသွားသည်။
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းအား ပြန်၍ အမှတ်ရသွားသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူ၏မျက်လုံးများမှာ တောက်ပသွားသည်။ သူသည် ကျင့်ကြံခြင်းလောကထဲသို့ ရောက်လာခဲ့သည်မှာ အချိန်အကြာကြီး မရှိသေးပါသော်လည်း သေရေးရှင်ရေး အခိုက်အတန့်များစွာနှင့် ကြုံဖူးထားပြီးသားဖြစ်သည်။ လကမ္ဘာမှော်ဝင်နယ်မြေပေါ်တွင် ရှိခဲ့စဉ်တုန်းကဖြစ်စေ၊ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက် သူ့အား လိုက်လံဖမ်းဆီးခဲ့သည့် အချိန်တုန်းကတည်းကဖြစ်စေ သူသည် သေမင်းခံတွင်းဝမှနေ၍ သီသီကလေး လွတ်မြောက်လာခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူသာ ပေါ့ဆခဲ့မည်ဆိုပါက အသက်ဆုံးရှုံးသွားခဲ့လောက်ပြီသာ ဖြစ်သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ဖြင့် အသက်အရွယ်ကြီးပြင်းလာသည့် ကျင့်ကြံသူတစ်ယောက်မဟုတ်ဟု ဆိုနိုင်ပေသည်။ သူသည် တိုက်ပွဲအစစ်များကို ကျော်ဖြတ်ပြီးမှ ရင့်ကျက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး သူ၏ သတ်ဖြတ်မှုနှုန်းမှာ နတ်ဆိုးကျင့်ကြံသူများနှင့် နှိင်းယှဉ်၍ မရသေးပါသော်လည်း သူသည် အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်နေပြီဆိုသည့်အချက်ကိုမူ ငြင်းဆန်၍ မရပေ။
” သုံးလအတွင်း ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ့ဆီမှာ ငါ လေ့ကျင့်နိုင်တဲ့ ကျင့်ကြံခြင်းပညာရပ် တစ်ခုတလေတောင် မရှိသေးဘူးလေ။ အဲ့တာမလို့ ဒီသုံးလအတွင်းမှာ ငါက ဓမ္မလက်နက်တွေကို သန့်စင်နေရုံက လွဲပြီးတော့ တခြား ဘာမှလုပ်စရာ ရှိမှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် ကျင့်ကြံခြင်းအား ယာယီ ရပ်နားရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဓမ္မရတနာများကို ထုတ်ယူလိုက်သည်။
သူ့ဆီတွင် ဓမ္မရတနာ မြောက်မြားစွာ ရှိပေသည်။ အစကတည်းက သူပိုင်ဆိုင်ထားခဲ့သော ရတနာများအပြင် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်ဆီမှ ရရှိခဲ့သော အခြားရတနာများလည်း ရှိနေသေးသည်။
” ငါ ဒီ သုံးလအတွင်းမှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီးတော့ ငါ့ရဲ့ ဓမ္မရတနာတွေ အကုန်လုံးကို အဆင့်မြှင့်တင်ရမယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် ခြင်အကောင်ရေပေါင်း မြောက်မြားစွာ ပျံထွက်လာကြပြီး သူ၏ ပတ်ပတ်လည်၌ ပျံဝဲနေကြ၏။
” အရေးအကြီးဆုံးက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဓမ္မရတနာကို ဓမ္မလက်နက်တစ်ခု ဖြစ်လာအောင် အဆင့်မြှင့်နိုင်မလားဆိုတာ စမ်းသပ်ကြည့်ဖို့ပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးအား အများကြီးမျော်လင့်ထား၏။ ယခုတွင် သူသည် ထိုကဲ့သို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ ဓမ္မရတနာများအား စတင်သန့်စင်နေလိုက်တော့သည်။
ဓမ္မရတနာများအား အဆင့်မြင့်တင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ ဝမ်ပေါင်လဲ့အတွက် အခက်အခဲမဟုတ်ပေ။ သူသည် ကျင့်သိုမင်အား စကားတစ်ခွန်း ပြောလိုက်ရုံမျှနှင့် သူသည် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးလိုက်သည်သာ ဖြစ်သည်။
အမှန်တွင် အထူးဒေသမြို့တော်မှာ ပုံစံအမျိုးမျိုးဖြင့် ထုတ်လွှင့်နေကြသည့် ကြော်ငြာများကြောင့်သာမက ဆေးကုသခြင်းနှင့် ကျင့်ကြံခြင်းတို့အတွက် အထောက်အကူ အများကြီးပြုနိုင်သောကြောင့်လည်း ဂုဏ်သတင်းကျော်စောနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဧည်သည့်များမှာ ထိုမြို့တော်ဆီသို့ နေ့စဉ်နေ့တိုင်း ဝင်လာမစဲ တသဲသဲဖြစ်နေကြပြီး အဖွဲ့အစည်းအသီးသီးမှာလည်း ထိုနယ်မြေမှာ အလွန်အင်မတန်မှ အလားအလာရှိသည်ကို သိမြင်လာကြသဖြင့် ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်လာကြတော့သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်မှာ လူများဖြင့် ပြည့်နှက်နေတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဤကိစ္စကြီးတစ်ခုလုံးအား ကျင့်သိုမင်နှင့် အပေါင်းအပါများ၏ လက်ထဲသို့ အပ်ထားသောကြောင့် အကျိုးအမြတ် မြောက်မြားစွာ စုဆောင်းမိနေတော့သည်။ လသုံးစင်းမဟာမိတ်အဖွဲ့မှာလည်း အကျိုးအမြတ်များ ရရှိနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မရတနာများအား အဆင့်မြှင်တင်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအကြောင်းကို အသိပေးလိုက်ရုံနှင့် ကျင့်သိုမင်မှာ လသုံးစင်းမဟာမိတ်အဖွဲ့ဆီသို့ ချက်ချင်းပင် ဆက်သွယ်လိုက်၏။ ထို့နောက် သုံးရက်အကြာတွင် ထိုပစ္စည်းများအားလုံး ရောက်ရှိလာကြ၏။
ထိုပစ္စည်းများ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်သွားပြီး သူ၏ ဓမ္မရတနာများအား စတင်သန့်စင်နေလိုက်တော့သည်။ အထူးသဖြင့် သူသည် အမှောင်အမြုတေကို ပိုင်ဆိုင်ထားသောကြောင့် နတ်ဘုရားများ၏ စိတ်ဆန္ဒ အကြွင်းအကျန်များအား လိုက်လံရှာဖွေရသည်မှာ ပို၍ပင် လွယ်ကူနေတော့သည်။ သူသည် ဖြတ်ကျော်ခြင်းအဆင့်ထဲသို့ နေ့တိုင်းနီးပါး ဝင်ရောက်သွားခဲ့ပြီး နတ်ဘုရားများအား စိတ်ဆန္ဒအကြွင်းအကျန်များအား ရှာဖွေတွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်မီးတောက်ကို အသုံးပြုကာ ၎င်းတို့အား ချက်ချင်း ဖမ်းဆီးလိုက်သည်သာဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူ၏ ဝိညာဉ်လမ်းညွှန်လက်ကြီးကြောင့် နတ်ဘုရားများ၏ စိတ်ဆန္ဒအကြွင်းအကျန်များကို လိုက်လံဖမ်းဆီးရသည်မှာ ပို၍ပင် လွယ်ကူနေတော့သည်။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီ ခဏအကြာတွင် နှစ်လတိတိ ကုန်ဆုံးသွား၏။ ထို နှစ်လအတွင်းတွင် ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့အား ကူညီထောက်ပံ့ပေးရန် ကုန်ကြမ်းပစ္စည်း နောက်ထပ်တစ်သုတ်အား ထပ်၍ ပို့ပေးခဲ့သေးသည်။ အကယ်၍ ပုံမှန်အချိန်တွင်သာဆိုပါက ဝမ်ပေါင်လဲ့မှာ မယုံသင်္ကာ ဖြစ်သွားမည် ဖြစ်ပါသော်လည်း ယခုတွင်မူ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ တက်လှမ်းနိုင်ရန် ဖြစ်နေသောကြောင့် ထိုပစ္စည်းများအားလုံးကို လက်ခံလိုက်ပြီး သူ၏ ဓမ္မရတနာများအား ဆက်လက်သန့်စင်နေလိုက်တောာ့သည်။
ယခုတွင် အချိန်သုံးလပြည့်ရန် လဝက်သာ လိုတော့သည်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ ပြည်ထောင်စုကြီးမှာ ထိုအကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိပေ။ သို့သော် ပြည်ထောင်စုပျိုးပင်အားလုံးမှာ ပြောင်းရွှေ့မိန့်တစ်ခုကို လက်ခံရရှိလိုက်ကြ၏။
ထိုအမိန့်ထဲတွင် အသေးစိတ်အချက်အလက်များ မပါဘဲ လဝက်အကြာတွင် သူတို့အားလုံးမှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ စုဝေးရမည်ဖြစ်ပြီး ထိုအချိန်တွင် ပြည်ထောင်စုပျိုးပင် အစီအစဉ်အား စတင်မည် ဖြစ်ကြောင်းကိုသာ ဖော်ပြထားသည်။
ထိုကိစ္စကြီးကြောင့် ပြည်ထောင်စုပျိုးပင်များမှာ ကြိုသိထားကြသည့်တိုင်အောင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ သို့သော် ပြည်ထောင်စုပျိုးပင်အစီအစဉ်အား စတင်တော့မည်ဆိုသော အချက်ကြီးကြောင့် သူတို့မှာ ရင်တထိတ်ထိတ်နှင့် စိုးရိမ်တုန်လှုပ်နေကြဆဲပင်။ ထို့အပြင် ထိုကိစ္စကြီးအား လျှို့ဝှက်ထားရန် မလွယ်သောကြောင့် သိပ်မကြာခင်တွင် ပြည်ထောင်စုကြီးထဲမှ သတင်းဌာနအသီးသီးမှာ ထိုအကြောင်းများကို သိရှိသွားကြတော့သည်။ ပြည်ထောင်စုကြီးဘက်မှလည်း မည်သည့်တားမြစ်ချက်မှ ထုတ်ပြန်ခြင်း မရှိသောကြောင့် ပြည်ထောင်စုပျိုးပင် အစီအစဥ်အား စတင်တော့မည်ဆိုသော သတင်းများမှာ ပျံ့နှံ့လာတော့သည်။
လူအချို့၏ စုံစမ်းစစ်ဆေးမှုများကြောင့် ထိုအစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုကြီးပေးပို့ခဲ့သော စာရွက်စာတမ်းများ ပေါ်ပေါက်လာခဲ့၏။ ထိုစာရွက်စာတမ်းများထဲတွင် ဤ အစီအစဉ်ကြီးမှာ စီမံကိန်းပေါင်း မြောက်မြားစွာထဲမှ တစ်ခုသာဖြစ်ကြောင်း အထင်အရှား ဖော်ပြထားသည်။ ထိုစီမံကိန်းအားလုံး၏ ရည်မှန်းချက်ပန်းတိုင်မှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ ဆင်းသက်နိုင်ရန် ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဆူညံပွက်လော ရိုက်သွားတော့သည်။ ထို့နောက် သတင်းမျိုးစုံ ပေါ်ပေါက်လာကြပြီး ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာလည်း ဆွေးနွေးငြင်းခုံနေကြတော့သည်။
ထိုအချိန်တွင် ပြည်ထောင်စုကြီးမှာလည်း ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။
” ပြည်ထောင်စုပျိုးပင်တွေအားလုံး ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ကို သွားရမယ့် ပထမဆုံး ကျင့်ကြံသူအဖွဲ့အနေနဲ့ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ လာရောက်စုဝေးရမယ်။ ပြီးရင် ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်ကို ရွေးချယ်မှာဖြစ်တယ်။ တစ်နှစ်တစ်ကြိမ် လူအသစ်တွေကို စေလွှတ်မှာဖြစ်ပြီးတော့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ကို ကျင့်ကြံသူအယောက် သုံးထောင်တိတိ စေလွှတ်နိုင်ဖို့ လျာထားပါတယ် “