ချူယောင်ဟွာ အသံက အလျင်လိုနေကာ ခါးသီးမှုများနှင့် ပြည့်နေသည်။
သူက ထိုသို့ ပြောဆိုလိုက်ပြီးနောက် ချူဟောင်ဟွာနှင့်အတူ လူဆယ့်နှစ်ယောက်လောက်က လှမ်းလျှောက်၍ ထွက်လာခဲ့၏။ သည်လူများကြား၌ အသက်အရွယ်မျိုးစုံ ပါဝင်ကြကာ သူတို့အားလုံးက ယောက်ျားသားများ ဖြစ်နေ၏။ သူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားသည့်ပေါ်တွင်လည်း အစိမ်းရောင်အရည်များ ပေကျံကာ နေသည်။
ချူယောင်ဟွာက လမ်းလျှောက်ထွက်လာပြီးနောက် ဝမ်လင်းနှင့် ခြေဆယ်လှမ်းအကွာတွင် ရပ်ကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ သူက ကြိတ်၍ သက်ပြင်းချသည်။ထို့နောက် သူက ဝမ်လင်းကို လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်၏။ “ဒီအဘိုးအို ချူယောင်ဟွာက သင့်ကို ကောင်းကင်ဘုံသား တစ်ယောက်ဆိုတာ မသိခဲ့ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက ငါ့အမှားပါ။ ငါက ဒီအတွက်လည်း တာဝန်ခံပါ့မယ်။ ငါက ကောင်းကင်ဘုံသားကို တောင်းပန်လိုတာက ဒီအစီအရင်ကိုမဖျက်စီးပစ်ဖို့ပါ။ မဟုတ်ရင် ငါတို့ရွာက နတ်ဆိုးစိတ်ဝိညာဉ်တွေရဲ့ ကျူးကျော်တာ ခံရပြီး သူတို့အစာ ဖြစ်သွားရပါလိမ့်မယ်…”
ချူယောင်ဟွာ နောက်ရှိ လူဆယ့်နှစ်ယောက်ကလည်း ဝမ်လင်းကို ကြောက်ကြောက်လန့်လန့် ကြည့်နေကြ၏။
ဝမ်လင်းက လူတိုင်းကို ကြည့်လိုက်ပြီးနောက် သူ့ညာလက်ကို မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူက လေထဲသို့ လက်ညွှန်ရာ မရေမတွက်နိုင်သော လှိုင်းတွန့်များက ပေါ်ထွက်လာပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွား၏။
ထို လှိုင်းတွန့်များ မရှိသည့်အခါ အစီအရင်က ချက်ခြင်း စတင် ပြန်ကောင်းမွန်လာခဲ့သည်။
ချူယောင်ဟွာက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသည်။ ခု ဝမ်လင်းအပေါ်သူ့အကြည့်ထဲ၌ ရှုပ်ထွေးမှုအပြင် လေးစားမှုတို့ပါ ရောနှောနေသည်။
ချူယောင်ဟွာက လျင်မြန်စွာ ပြောလိုက်၏။ “ကောင်းကင်ဘုံသား…အချိန်နောက်ကျနေပြီ။ နတ်ဆိုးစိတ်ဝိညာဉ်တွေက ညဆိုရင် ရောက်လာတော့မှာ။ ဒါ့ကြောင့် ငါတို့နဲ့ တောင်ကြားထဲဝင်ပြီး စကားပြောကြတာပေါ့…”
ထို့နောက် သူက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်၍ သွေးစက်တစ်စက်ကို ညှစ်ထုတ်ကာ သူ့ညာဘက်ရှိ တောင်နံ့ရံသို့ ဖိချ၏။
ချက်ခြင်းပင် တောင်က စတင်တုန်ခါမြည်ဟီးလာခဲ့သည်။ သည်မြည်ဟီးသံက ပိုကျယ်လောင်လာနေရင်း တောင်အငူစွန်းကလည်း တွန့်ကြေသွား၏။
ထို့နောက် ချူယောင်ဟွာတို့ အုပ်စု ဖြတ်ကျော်လာသည့် တောင်ကြားထဲသို့ တိုက်ရိုက် ဦးတည်ထားသည့် ဥမင်လမ်းကြောင်းက ဝမ်လင်းညာဘက်တွင် ပေါ်လာခဲ့သည်။
ချူယောင်ဟွာက လေးစားစွာ ပြောလိုက်၏။ “ဒီလမ်းပါ…ကောင်းကင်ဘုံသား…”
ဝမ်လင်းက စကားပြောခြင်းဖြင့် အချိန်မဖြုန်းတော့ချေ။ အမှန်တကယ်တော့ သူ့တွင် မေးဖို့လိုအပ်နေသည့် မေးခွန်းများစွာ ရှိနေ၏။ ထို့နောက် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်လေသည်။
တောင်ကြားထဲ၌ အမှောင်မိုက်ဆုံးည ဆိုလျှင်ပင် မျှော်လင့်ချက်ရှိသည်ဆိုသော ခံစားချက်ကို ပေးစွမ်းနေ၏။ သည်နေရာက ကျင့်ကြံသူများ နေထိုင်သည့်နေရာနှင့် ဆင်တူသည်။ သို့ရာတွင် သည်တောင်ကြားထဲ၌ အိမ်များစွာသာ ရှိ၍ ကျန်သည့် ကျင့်ကြံသူများ၊ကျောက်စိမ်းပြားများနှင့် လက်နက်ရတနာများစွာ လုံးဝ ရှိမနေချေ။
တောင်ကြားထဲရှိ ပတ်ဝန်းကျင်က အစိမ်းရောင် ဆန်လှကာ သစ်ရွက်များနှင့်သာ ပြည့်နေသည်။ နေက ထွန်းလင်းသော်လည်း တောင်ကြားဧရိယာတစ်ခုလုံးက အစိမ်းရောင်ကို ပေးစွမ်းနေဆဲပင်။
ဝမ်လင်း အကြည့်က အိမ်များကို ဖြတ်ကျော်သွားပြီးနောက် အိမ်ထဲ၌ ပုန်းနေသည့်လူများကို တွေ့မြင်သွားသည်။
အိမ်တိုင်းလိုလိုပင် ပုန်းနေသည့်လူများ ရှိနေ၏။ သူတို့က မိန်းမများနှင့် ကလေးများပင်။ သူတို့က ယောက်ျားသားများကဲ့သို့ အပေါ်ပိုင်း ဗလာကျင်းနေခြင်းတော့ မရှိချေ။
ကလေးများကတော့ သူတို့အမေအလစ်တွင် ပြတင်းပေါက်ကနေ အပြင်ကို ချောင်းချောင်းကြည့်ကြ၏။ သူတို့မျက်လုံးများက ကြည်လင်ရှင်းလင်းနေကာ သိချင်စိတ်တို့နှင့် ပြည့်နေ၏။
ဝမ်လင်းက ထိုအရာကို မြင်သည့်အခါ သူ့ခြေလှမ်းက ရုတ်တရပ် ရပ်တန့်သွားသည်။
သူ့ရှေ့ရှိ အရာအားလုံးက သူအရင်တုန်းက မြင်ခဲ့ဖူးသည့်အရာများနှင့် ခြားနားလွန်းနေသည်။ သူက ကောင်းမြတ်ခြင်း ၊ဆိုးယုတ်ခြင်းကို ဂရုမစိုက်ဘဲ သူ့နှလုံးသားစိတ်ဆန္ဒတိုင်း နေထိုင်ခဲ့သူ ဖြစ်သော်လည်း ခုသူက အရှက်တရားကြောင့် သက်ပြင်းချမိသွားသည်။
သူ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက အစီအရင်ကိုချိုးဖျက်ရန် များစွာ အားထုတ်ခဲ့ရသည်။ထို့ကြောင့် သူက သည်တောင်ကြားက ခုလိုမျိုး ရွာလေးတစ်ရွာသာ ဖြစ်နေလိမ့်မည်လို့ လုံးဝ မျှော်လင့်ထားမိခြင်း မရှိပေ။
အဘိုးအို ချူယောင်ဟွာကလွဲ၍ လူတိုင်းက သေမျိုးများသာ ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်း နတ်ဘုရားအာရုံက တစ်ရွာလုံးကို ဖြတ်သန်းသွား၏။
ချူယောင်ဟွာနှင့် သူ့နောက်ရှိ လူများက မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က ဝမ်လင်းရပ်တန့်လိုက်သည်ကို မြင်သည့်အခါ သူတို့နှလုံးသားက တုန်ယင်သွားကြ၏။အချို့ မျိုးနွယ်စုဝင် ရွာသားများဆိုလျှင် သူတို့အောက်နှုတ်ခမ်းကို ကိုက်၍ လက်သီးကျစ်ကျစ် ဆုပ်ထားကြသည်။
သူတို့အမြင်၌ သည်နေရာက သူတို့အိမ်ပင်။ သူတို့အိမ်အတွက် သူတို့အသက်အပါအဝင် အရာအားလုံးကို ပေးစပ်ရဲပေသည်။
ချူယောင်ဟွာက ဝမ်လင်းနားသို့ ရောက်လာကာ ခါးသီးစွာ ပြောလိုက်၏။ “ကောင်းကင်ဘုံသား…သင်…”
ဝမ်လင်းက လှည့်ကြည့်လာသည်။ သူ့အကြည့်က ချူယောင်ဟွာ နောက်ရှိ လူများထံသို့ပါ ရောက်ရှိသွာသည်။ ဝမ်လင်း စိတ်အင်အားဖြင့် ဆိုလျှင် သူက သူတို့မည်သို့တွေးနေသည်ကို ချက်ခြင်း ပြောနိုင်ပေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ထိုလူများထံသို့ လက်သီးနှစ်ဖက်စုပ်၍ ပြောလိုက်သည်။ “ငါက သင်တို့ကို နှောက်ယှက်မိခဲ့ပြီ။ ဒါ့ကြောင့် ငါက တောင်ကြားထဲ မဝင်သင့်ဘူး…”
ထိုသို့ပြောပြီးနောက် သူက အနည်းငယ်စဉ်းစားကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ကျောက်စိမ်းပုလင်းသုံးခု ပေါ်လာ၏။ ထို့နောက် သူက ထိုပုလင်းများကို ရှေ့သို့ ပစ်လိုက်ရာ မြေပေါ်သို့ ကျသွားသည်။
“ဒီကျောက်စိမ်းပုလင်းတွေထဲမှာ ဆေးလုံးတွေ အများကြီး ပါတယ်။ ဒီဆေးတွေက လူတစ်ယောက် ပြန်ကောင်းမွန်လာဖို့ ကူညီပေးနိုင်တယ်။ ဒါက မင်းတို့ကို နှောက်ယှက်မိတဲ့အတွက် ငါ့ လက်ဆောင်ပါ…” ဝမ်လင်းက သက်ပြင်းချကာ ခေါင်းယမ်း၍ တောင်ကြားထဲကနေ ပြန်ထွက်ခွာရန် လျှောက်လှမ်းသွားသည်။
ချူယောင်ဟွာမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက ရှေ့သို့ လျှောက်သွားပြီး မြေပေါ်ရှိ ကျောက်စိမ်းပုလင်းများကို ယူလိုက်သည်။ သူက ပုလင်းတစ်ခုကို ဖွင့်ကြည့်လိုက်ပြီးနောက် အနံ့ခံကြည့်လိုက်ရာ သူ့အသွင်က ပြောင်းလဲသွား၏။ထို့နောက် သူက ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။
သူက ပြန်လှည့်၍ သူ့ရွာသားများကို နောက်ထပ် ဘာသာစကားတစ်ခုနှင့် ပြောဆိုလိုက်သည်။ သူတို့အားလုံးက ခေါင်းတစ်ငြိမ့်ငြိမ့် ဖြစ်သွားကာ အချို့ဆိုလျှင် ဝမ်လင်းကို အမြင်ကောင်းရှိဟန်ဖြင့် ပြုံးကြည့်နေကြတော့သည်။
ချူယောင်ဟွာက စကားပြောဆိုပြီးသည့်အခါ သူတို့ဆယ်နှစ်ယောက်ကလည်း လူခွဲကာ ဆိုင်ရာအိမ်များသို့ ပြန်သွားကြတော့၏။ သိပ်မကြာခင်တွင် ထိုအိမ်များထဲကနေ ရွှင်ပျသောအသံများ ထွက်ပေါ်လာကြလေ၏။
တောင်ကြားထဲ၌ အိမ်ထဲကနေ ကလေးများက ကစားရန် ထွက်လာကြကာ အမျိုးသမီးများသည်လည်း လမ်းလျောက်ထွက်လာကြသည်။
ချက်ခြင်းပင် တောင်ကြားတစ်ခုလုံးက ချောက်ကပ်နေရာကနေ ခုလိုမျိုး အသက်ဝင်လာခဲ့တော့၏။
“ကောင်းကင်ဘုံသား…စောင့်ပါဦး…စောင့်ပါဦး…” ချူယောင်ဟွာက အလောတကြီး ပြောလိုက်၏။
ဝမ်လင်းက ဘာမှ ပြန်မပြောတော့ဘဲ ရှေ့ဆက်လျှောက်ကာ တောင်ကြားထဲကနေ ထွက်သွားရန် ဟန်ပြင်သည်။ သူက အရှေ့ဘက်သို့ ဆက်လက်ပျံသန်းသွားရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ သူက အရှေ့ဘက် ကီလိုမီတာ (၁၅)သန်းအကွာတွင် ရှိသည့် ရှေးဟောင်းနတ်ဆိုးမြို့သည် မည်သို့ဖြစ်သည်ကို အမှန်ပင် သိချင်နေမိသည်။
သည်တောင်ကြားထဲရှိ ရွာသားများကိုတော့ ဝမ်လင်းက မေးမြန်းချင်စိတ် မရှိတော့ချေ။ ကလေးများ၏ အပြစ်ကင်းစင်သည့် မျက်လုံးများ၊ အမျိုးသမီးများ၏ ကြောက်ရွှံ့နေသည့်အကြည်က ဝမ်လင်းအား တော်တော်များများကို မှတ်မိအောင် လုပ်ပေးလိုက်သလို ဖြစ်သွားခဲ့သည် မဟုတ်လား။
ချူယောင်ဟွာက ဝမ်လင်းအနီးသို့ ကပ်လာဝံ့ခြင်း မရှိဘဲ သူက အဝေးကနေ လှမ်းအော်လိုက်၏။ “ကောင်းကင်ဘုံသား…ဒီညက နတ်ဆိုးစိတ်ဝိညာဉ်တွေရဲ့ ညဖြစ်တယ်။ သင် ဘယ်လောက်ပဲ စွမ်းအားရှိရှိ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အများကြီးကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ စွမ်းအင် ရှိမှာ မဟုတ်ဘူး။ ခု သင်က ဒီမှာပဲ နေပါ့လား။ သင်က ထွက်သွားချင်တယ်ဆိုရင်တောင် မနက်ဖြန်မှ ထွက်သွားလည်း နောက်မကျသေးပါဘူး…”
သည်တစ်ကြိမ်က ဝမ်လင်း နတ်ဆိုးစိတ်ဝိညာဉ်များ၏ည ဆိုသည့်စကားကို ချူယောင်ဟွာထံကနေ ဒုတိယကြိမ်မြောက် ကြားရခြင်း ဖြစ်သည်။ သူက ရပ်တန့်ကာ ချူယောင်ဟွာကို လှည့်ကြည့်၏။
“နတ်ဆိုးစိတ်ဝိညာဉ်များရဲ့ည ဆိုတာ ဘာကိုပြောတာလဲ…”
ချူယောင်ဟွာက လျင်မြန်စွာ ပြန်ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…ဒီအဘိုးအိုက အဲ့အကြောင်းကို အသေးစိတ်ပြောပြနိုင်ပါတယ်။ ငါတို့က အိမ်ထဲသွားပြီး ပြောကြရင်ကော…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ချူယောင်ဟွာအိမ်က ရွာ၏ မြောက်ဘက်အကျဆုံးထောင့်တွင် ရှိသည်။ သူ့အိမ်နားတွင် အခြားအိမ်များ ရှိမနေပေ။
သူ့အိမ်တွင် သစ်သားအိပ်ယာတစ်ခု၊ သစ်သားစာပွဲတစ်ခုနှင့် သစ်သားကုလားထိုင်များ ရှိလေ၏။ သည့်အပြင် အခန်းထဲ၌ ပြန့်ကျဲနေသည့် အခြားအရာများလည်း ရှိသေးသည်။ နံရံပေါ်တွင်တော့ အလှဆင်ထားမှုအချို့ ရှိ၏။ နံရံထောင့်တွင် ပန်းချီကားတစ်ချပ်လည်း ရှိ၏။
အခန်းထဲ၌ မတ်တပ်ရပ်နေရင်း ဝမ်လင်းအကြည့်က နံရံပေါ်ရှိ ပန်းချီကားပေါ်သို့ ကျရောက်သွား၏။ သူက တိတ်ဆိတ်စွာ စဉ်းစားလို့နေသည်။
သည်ပန်းချီကားက အဝါရောင်သို့ ပြောင်းလဲနေပြီ ဖြစ်ကာ ထောင့်များပင် ပျက်စီးနေခဲပြီ ဖြစ်၏။
ပန်းချီကားပေါ်ရှိ လူက အသက်လေးဆယ် ပတ်လည်ခန့် ရှိမည်။ သူက အကွာအဝေးတစ်ခုကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရ၏။ သူ့လက်ကလည်း သူ့ရင်ဘက်ရှေ့တွင် တင်ထားကာ ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်နေစေသည်။
ထိုလူ့ အကြည့်၏ ဦးတည်ရာအတိုင်း လိုက်ကြည့်ပါက ကောင်းကင်ကြီး တစ်ခု ရှိနေသည်။ လေထဲ၌ အနက်ရောင်တိမ်ထု တစ်ခု ရှိနေကာ ယင်းထံကနေ ပုံရိပ်ယောင်များလည်း ထွက်ပေါ်နေဟန် ရ၏။
သို့ရာတွင် သည်ပန်းချီကားက အိုဟောင်းလွန်းနေ၏။ ထို့ကြောင့် တိမ်နက်ထု အတွင်းရှိ အရာများကို ရှင်းလင်းစွာ မြင်နိုင်ရန်မှာ မဖြစ်နိုင်တော့ချေ။
ချူယောင်ဟွာက ဝမ်လင်းဘေးနားတွင် လေးစားစွာ မတ်တပ်ရပ်နေကာ ဝမ်လင်းနှင့်အတူ ပန်းချီကားကို လိုက်ကြည့်၏။ သူ့မျက်နှာပေါ်တွင် လေးစားမှုဟန်ပန်တစ်ခု အလိုလို ဖြစ်ပေါ်သွားလေ၏။
သိပ်မကြာခင်တွင် ဝမ်လင်းက ပန်းချီကားကို ကြည့်နေရင်း ဖြည်းညင်းစွာ မေးလိုက်သည်။ “ဒီတောင်ကြားပတ်လည်မှာ ရှိတဲ့ အစီအရင်က ဘယ်လောက် ကြာမြင့်ခဲ့ပြီလဲ…”
ချူယောင်ဟွာက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီအစီအရင်က အရမ်းကို ကြာမြင့်နေခဲ့ပြီ။ ဒါက ဘယ်အချိန်ထဲက ရှိနေခဲ့လဲ ဆိုတာ ဘယ်သူမှ မမှတ်မိတော့ဘူး။ ငါ မှတ်မိသလောက်ဆိုရင် မရေမတွက်နိုင်သော နှစ်များစွာက ဟောင်လုံလို့ခေါ်တဲ့ လူတစ်ယောက်က ငါတို့ရဲ့ဘိုးဘေးတွေကို ခေါ်ပြီး ဒီနေရာမှာ အခြေချခဲ့တာပဲ…။ပြောကြတာကတော့ အဲ့မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ဒီအစီအရင်က ရှိနေခဲ့တာတဲ့…”
“အဲ့တာက ဒီလူလား…” ဝမ်လင်းအကြည့်က ပန်းချီကားထဲက လူထံ၌သာ ရှိနေဆဲပင်။
“ဟုတ်ပါတယ်…သူက ကောင်းကင်ဘုံသား ဟောင်လုံပါ…” ချူယောင်ဟွာမျက်လုံးထဲရှိ လေးစားမှုက ပိုမို အားကောင်းလာခဲ့သည်။
“ဟောင်လုံ…သူ့ကို ဟောင်လုံလို့ ခေါ်တာပေါ့…” ဝမ်လင်း မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းသဲ့သဲ့ချကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ပွတ်သပ်လိုက်၏။
“ဟောင်လုံ…ဒါက ဘယ်လို ဖြစ်ရတာလဲ…” ဝမ်လင်းက ချူယောင်ဟွာ၏ တည်ရှိမှုကို မေ့သလိုပင် ဖြစ်နေကာ သူ့အကြည့်က ပန်းချီကားပေါ်၌သာ ရှိလို့နေ၏။
ပန်းချီကားပေါ်ရှိ အမျိုးသားက ကြည့်ကောင်းလှကာ ကောင်းကင်ဘုံအော်ရာနှင့် ပြည့်နေ၏။ လူတစ်ယောက်ကသာ သူ့ကို ကောင်းကင်ဘုံသားဟု ပြောပါက လူအများက ထိုအရာကို ယုံကြည်ပေလိမ့်မည်။
“ဟောင်လုံ…” ဝမ်လင်းမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေ၏။ သည်လိုအကြည့်မျိုးက ဝမ်လင်းထံ၌ ဖြစ်တောင့်ဖြစ်ခဲပင်။
ဝမ်လင်းနှလုံးသားက အမြဲသန်မာ၏။ သို့သော် သူက အခန်းထဲ ဝင်လာပြီး ပန်းချီကားကို တွေ့လိုက်သည့်အခိုက်၌ သူ့မူလစိတ်ဝိညာဉ်ပင် တုန်ခါသွားခဲ့ရသည်။
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည်။ “သူ့နာမည်က ဟောင်လုံမှန်း သင် ဘယ်လိုသိလဲ…”
ချူယောင်ဟွာက သည်မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက်မှ သူက မေးလိုက်၏။ “သင်…သင်က ကောင်းကင်ဘုံသား ဟောင်လုံကို သိလို့လား…”
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။
ချူယောင်ဟွာက အလျင်အမြန် ထပ်ပြောလိုက်သည်။ “ငါသိတဲ့အရာအားလုံးက ဘိုးဘေးဆီကနေ သိခဲ့ရတာ။ ဒီလိုနည်းနဲ့ပဲ ငါက ဟောင်လုံဆိုတဲ့နာမည်ကို ကြားသိခဲ့တာပဲ…”
ဝမ်လင်းက ပန်းချီကားကို ကြည့်နေရင်း စဉ်းစားကာနေသည်။ သူ့အသွင်ကလည်း အတိတ်ကို ပြန်တမ်းတသွားသည့်ဟန် ဖြစ်ပေါ်နေ၏။ သူ့စိတ်က ခု အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်၊ အာကာသဟင်းလင်းပြင်ကို ထွင်းဖောက်၊ ကောင်းကင်ကို ထွင်းဖောက်ကာ သူ့ မွေးရပ်မြေ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ရောက်ရှိသွား၏။
သူ့စိတ်ထဲ၌ လွန်ခဲ့သော နှစ်ရာချီကို ပြန်ရောက်နေခဲ့၏။ အတိတ်တုန်းက သူက ရွာလေးကနေ ထွက်ခွာလာခဲ့သော လူငယ်လေး တစ်ယောက်၊ တန်ခိုးရှင်များက သူ့ကို တပည့်အဖြစ်လက်မခံခဲ့သည့် လူငယ်တစ်ယောက်၊ ထိုအတွက် တစ်ရွာလုံးက ဝိုင်းဝန်းရယ်မောခြင်းခံခဲ့ရသည့် လူငယ်တစ်ယောက် ဖြစ်ခဲ့ပေသည်။
ထို့နောက်မှာ ကံကြမ္မာအလှည့်အပြောင်းများစွာ ကြုံခဲ့ရပြီးနောက် သည်လူငယ်လေးကို ကလန်တစ်ခုက လက်ခံခဲ့ပေသည်။ သည်ကလန်ကိုတော့ ဟုန်ယွီကလန်ဟု ခေါ်တွင်ခဲ့၏။