လှံရှည်က အသံအတားအဆီးကို ဖြတ်ကျော်ကာ အစိမ်းရောင်ပုံရိပ်ယောင်ထံသို့ တန်းမတ်စွာ ဝင်ရောက်သွား၏။ အစိမ်းရောင်ပုံရိပ်ယောင်၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ရုတ်တရပ် ပေါ်လာခဲ့သည်။ ၎င်း၏ လက်ကလည်း ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ ၎င်းက တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ပါ ဟလာခဲ့သည်။
သည်ဧရိယာကို ဖုံးလွှမ်းနေသည့် မြက်များ၊ပန်းများထံကနေ အစိမ်းရောင်အလင်းများစွာသည် ရုတ်တရပ် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်စိဖြင့် မြင်နိုင်သည့်အရာအားလုံးက သည်အစိမ်းရောက်တောက်တောက်ကြီး ဖြစ်ကုန်သည်။
သည်အရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်ခဲ့ခြင်းပင်။ ဝမ်လင်းက သည်ပုံရိပ်သည် ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ချိပ်တံဆိပ်ကို ပြုလုပ်လိုက်သည်ကို တွေ့မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။ သူက သူ ပစ်လွှတ်လိုက်သော လှံရှည်ကို ကြည့်ပင်မကြည့်ဘဲ နောက်ဘက် ပေများစွာအကွာသို့ ချက်ခြင်း ဆုတ်လိုက်၏။
ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း လှံရှည်ကတော့ အလင်းထက်မြန်သော နှုန်းဖြင့် အစိမ်းရောင်ပုံရိပ်ထံသို့ တိုးဝင်သွားသည်။
ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအခါ မျိုးစုံသောအတားအဆီးပုံရိပ်များက သူ့ခေါင်းထက်၌ ပေါ်လာခဲ့၏။
သည်အတားအဆီးပုံရိပ်များက ဝမ်လင်းစိတ်ထဲ၌ ထူးဆန်းစွာ ဖျပ်ခနဲ လင်းလက်နေကာ အတူစုစည်းကြသည်။ ထို့နောက် ၎င်းတို့က ရုတ်တရပ် ပြန်ကွဲထွက်သွားကာ မတူညီသောနည်းလမ်းများဖြင့် စတင် ချိတ်ဆက်လေ၏။
ထို ပြန်ကွာသွားလိုက်၊ ပြန်ချိတ်ဆက်လိုက် ဖြစ်စဉ်က စက်ဝိုင်းတစ်ခုကဲ့သို့ ဆက်လက်၍ ဖြစ်နေသည်။
သည်အတားအဆီး နည်းလမ်းက ဝမ်လင်း ဆင်ခြင်ကောက်ချက် ထုတ်ထားခြင်း ဖြစ်သည်။
သည် ကောက်ချက်ကို သူက ရှေးဟောင်းအတားအဆီးအစီအရင်ကို စတင်တွေ့မြင်ကတည်းက မြေပြင်တွင် ထိုင်ချကာ လေ့လာနေခဲ့ခြင်းမှ ရရှိခဲ့ခြင်းဖြစ်၏။ ဝမ်လင်းက သာမန်အတားအဆီးများကို လေ့လာခဲ့ရခြင်း မဟုတ်သော်လည်း သူက ရှေးဟောင်းနတ်ဘုရားနယ်မြေမှ ရှေးဟောင်းအတားအဆီးများနှင့် ပတ်သတ်၍ အတွေ့အကြုံရှိခဲ့သည့်သူ မဟုတ်လား။ သည်နည်းစနစ်များက အလွန်ဟောင်းနွမ်းနေပြီ ဖြစ်ကာ ရှေးဟောင်းကျင့်ကြံသူများပင် ၎င်းတို့ကို အသုံးပြုရုံသာ အသုံးပြုနိုင်၍ ဖန်တီးနိုင်ခြင်း မရှိချေ။
“(၅၇) ခါ ရှိပြီ…ဆက်ပြီး ဖြစ်နေတုန်းပဲ…” ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။
အတားအဆီးလှံရှည်ကလည်း အစိမ်းရောင်ပုံရိပ်ထံသို့ ဆက်ဝင်သွားနေသည်။ ဝမ်လင်းက နောက်သို့ ဆယ့်နှစ်ပေခန့် ဆုတ်ပြီးသည့်အခါ လှံရှည်က အစိမ်းရောင်ပုံရိပ်၏ တစ်ပေအတွင်းသို့ ရောက်ရှိသွား၏။
၎င်းလှံရှည်က အလွန်မြန်ဆန်လှ၏။ ထို့ကြောင့် ၎င်းက အသံအတားဆီးကို ချိုးဖျက်သွားခဲ့သည်။ လှံရှည်မှ ဖြစ်ပေါ်စေသည့် လေပြင်းက ယင်းလှံထက်ပင် ပိုမြန်နေသေး၏။ထို့ကြောင့် အစိမ်းရောင်ပုံရိပ်နှင့် လေပြင်းတို့သည် အရင် ထိတိုက်မိသွား၏။
ထိုအခိုက်မှာပင် အစိမ်းရောင်ပုံရိပ်ယောင်က လေပြင်းအောက်၌ ပြိုကျလို့သွား၏။
သို့ရာတွင် ၎င်းက ပြိုကျခါနီးအခိုက်မှာပင် ၎င်း၏ မှိန်ဖျော့နေသော မျက်လုံးနေရာမှ အစိမ်းရောင်သလင်းကျောက်အလင်းက တောက်ပလာခဲ့၏။
ထိုအခိုက်၌ တောင်ကြားပတ်လည်ရှိ ကီလိုမီတာထောင်ချီအတွင်း အစိမ်းရောင်အလင်းများက တောက်ပသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်လင်းရှေ့၌ ပြောင်းလဲမှု တစ်ခု ဖြစ်သွားလေသည်။
ဝမ်လင်း စိတ်ထဲ၌ ဆက်လက် တွက်ချက်နေကာ အတားအဆီးများက ပြီးပြည့်စုံလာခဲ့ပြီ ဖြစ်သော်လည်း သူ့မျက်လုံးကတော့ တောင်ကြားကို ကာရံထားသည့် ရှေးဟောင်းအစီအရင်ထံသို့သာ စူးစိုက်ကြည့်နေသည်။
ထိုအချိန်မှာပင် ဝမ်လင်းက အစီအရင်ပတ်လည်ရှိ ပေတစ်သောင်းသည် မရေမတွက်နိုင်သောအစိမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ သည်တောင်ကြားပတ်လည် ပေတစ်သောင်း ဧရိယာတစ်ခုလုံးက ကြီးမားသည့် အစိမ်းရောင်လှောင်ချိုင့် တစ်ခုလို ဖြစ်သွားသည်။
ဝမ်လင်းက ထို လှောင်ချိုင့်ထဲ၌ ကျရောက်နေ၏။
ထို အစိမ်းရောင်လှောင်ချိုင့်ထဲ၌ အစိမ်းရောင်များ တဖျပ်ဖျပ် လင်းလက်နေသည်။ တစ်ချက်လင်းလက်သွားတိုင်း လှံရှည်ထံကနေ ဘန်းကနေ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်နေ၏။ ၎င်းလှံရှည်က အက်ကွဲလာကာ အလယ်ကနေ ပိုင်းပြတ်သွားလေ၏။
အတားအဆီးလှံရှည်က ဖျက်စီးခံလိုက်ရသော်လည်း ဝမ်လင်းက ဂရုစိုက်ဟန် မရချေ။ တကယ်တော့ ထိုလှံက အတားအဆီးများနှင့် ပြုလုပ်ထားခြင်း မဟုတ်လား။ ၎င်းလှံရှည်က အစီအရင်ကို မချိုးဖျက်နိုင်သည့်အတွက် ဝမ်လင်းက အံ့အားသင့်မိခြင်း မရှိချေ။
ဝမ်လင်းက ထိုလှံရှည်ကို ပစ်လွှတ်တိုက်ခိုက်ရသည့် အကြောင်းရင်းက သူ့စိတ်ထဲရှိ တွက်ချက်မှုကို ပြီးပြီးစုံလုနီးပါး ဖြစ်ချင်သောကြောင့်ပင်။ ထိုသို့ ဖြစ်လာလျှင် သူက ကြိုက်သည့်အချိန် ထိုအစီအရင်ကို ချိုးဖျက်ပစ်နိုင်ပေလိမ့်မည်။
အတားအဆီးလှံက ပျက်စီးသွားကာ သူသည်လည်း အစိမ်းရောင်လှောင်ချိုင့်ထဲ၌ ပိတ်လှောင်ထားခံနေရ၏။သို့သော် ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိချေ။
ဝမ်လင်း စိတ်ထဲ၌ ဆင်ခြင်ကောက်ချက်ချကာ အစီအရင်ကို ဖျက်စီးရန်အတွက် အဖြေရှာနေခဲ့သည်။
ချူယောင်ဟွာ၏ အေးစက်စက် ရယ်သံက တောင်ကြားထဲကနေ ထွက်ပေါ်လာသည်။
“ပြင်ပ ကျင့်ကြံသူ…ငါ့မျိုးနွယ်စုရဲ့ အစီအရင်က ဘယ်လိုလဲ…။ မင်း ခုထွက်သွားရင် သိပ်နောက်မကျသေးဘူး။ လက်တစ်ဖက်နဲ့ ခြေတစ်ဖက် ဖျက်၊ ပြီးရင် အစီအရင် သုံးကြိမ်သုံးခါ စုပ်ယူဖို့အတွက် မင်းရဲ့ မူလစိတ်ဝိညာဉ်ကို ထုတ်ဖော်ပါ။ ဒါဆိုရင် ငါမင်းကို သွားခွင့်ပေးမယ်…”
ဝမ်လင်းက ခေါင်းမော့ကာ တောင်ကြားထဲသို့ ကြည့်လိုက်၏။ ရုတ်တရပ် သူ့မျက်လုံးထဲ၌ အရိပ်သင်္ကေတများ ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် သည်အရိပ်များက သူ့မျက်လုံးထဲ၌ လျင်မြန်စွာ စုဝေးသွားသည်။
“(၈၃) ခုမြောက်၊ ဒါက ဖြစ်စဉ်ရဲ့ အကန့်အသတ်ပဲ။ ဒါပေမဲ့ ဒါက ဒီအစီအရင်ကို ချိုးဖျက်ပစ်ဖို့ လုံလောက်သင့်တယ်…” ထိုအခိုက်တွင် ဝမ်လင်း၏ ဆင်ခြင်ကောက်ချက်ချမှုက ထိုသို့ အဖြေတစ်ခုအဖြစ် ရရှိသွားတော့သည်။
ဝမ်လင်းက တောင်ကြားထဲသို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ “ရိုင်းစိုင်းလိုက်တဲ့ကောင်… မင်းကများ ငါ့ကို ဒီလို မောက်မာတဲ့ စကား ပြောဝံ့တယ်ပေါ့လေ…”
ချူယောင်ဟွာ၏ ရူးသွပ်ဖွယ် ရယ်မောသံက တောင်ကြားအတွင်းကနေ ပျံ့နှံ့လာသည်။ “ဒီလိုလား။ ဒီအဘိုးအိုက ဒီနေရာမှာ ဘယ်သူက ရိုင်းစိုင်းတာလဲ ဆိုတာ မင်းကို ပြရမှာပေါ့။ အစိမ်းရောင် ပုံရိပ် သူ့ကို သတ်…”
သူက ထိုသို့ပြောလိုက်ပြီးနောက် အစိမ်းရောင်လှောင်ချိုင့်က လျင်မြန်စွာ ပြန်ကျုံ့လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ဝမ်လင်းနှင့် ပေဒါဇင်ချီအတွင်းထိ ကျုံ့လာနေ၏။
“ပြင်ပကျင့်ကြံသူ…သင်က ငါ့ တောင်ကြားအတွက် ဒုတိယမြောက် နတ်ဆိုးအရိပ် ဖြစ်လာရလိမ့်မယ်…” ချူယောင်ဟွာအသံက သွေးစာမှုတို့နှင့် ပြည့်နေ၏။
ဝမ်လင်းက လှုပ်ရှားခြင်း မပြုချေ။ သို့သော် ထိုအခိုက်၌ သူ့မျက်လုံးကနေ ဖြတ်၍ သင်္ကေတများက တဖျပ်ဖျပ် ထွက်ပေါ်လာသည်။ သင်္ကေတတစ်ခု ဖျပ်ခနဲ လင်းလက်သွားတိုင်း တစ္ဆေအလင်းတန်းတစ်ခုက တောက်ပသွား၏။
အတားအဆီးသင်္ကေတများက သူ့မျက်လုံးကနေ ပျံသန်းထွက်လာကာ သူ့ပတ်ဝန်းကျင်သို့ ပိတ်လှောင်၏။
ပထမဆုံးသင်္ကေတတစ်ခုက ဝမ်လင်းမျက်လုံးထဲကနေ ပျံသန်းထွက်လာရင်း တစ္ဆေအလင်းတန်းကို ထုတ်လွှတ်သည်။၎င်းက လေထဲသို့ ကျရောက်သည့်အခါ ၎င်းပတ်လည်၌ လှိုင်းတွန့်များ ပေါ်လာ၏။ထို့နောက် ၎င်းသင်္ကေတက သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွားသည်။
အစိမ်းရောင်လှောင်ချိုင့်ကလည်း နီးကပ်လာနေကာ ၎င်းဖြတ်ကျော်လာသည့် လမ်းတစ်လျှောက်ရှိ သက်ရှိများအားလုံးသည် ဝါးမြိုခြင်း ခံလိုက်ရ၏။ ၎င်းက အလယ်ထိကျုံ့လာပြီး သေးသထက်သေးလာသလို အော်ရာကလည်း ပိုမိုအားကောင်းမှုကို ပေးစွမ်းလာ၏။
နောက်ထပ် ဖျပ်ခနဲလင်းလက်သွားကာ အစိမ်းရောင်အလင်းက ဝမ်းလင်းနှင့် ပေသုံးဆယ် အကွာသာ လိုတော့သည်။
သို့ရာတွင် ထိုအခိုက်၌ ဝမ်လင်းမျက်လုံးထဲ၌လည်း ပထမဆုံးပြီးပြည့်စုံသည့် အတားအဆီးသင်္ကေတတစ်ခု ဖြစ်လာ၏။ သည်သင်္ကေတက လေဟာနယ်ထဲသို့ မြင့်တက်သွားကာ လှိုင်းတွန့်များကဲ့သို့ ပျံ့နှံ့သွားသည်။ သည်လှိုင်းများက ချက်ခြင်းပင် တိုးဝင်လာသည့် အစိမ်းရောင်လှောင်ချိုင့်နှင့် ထိတိုက်မိသွား၏။
ထိုအခါ ယင်းလှောင်ချိုင့်ထံမှ တစီစီအသံများ ထွက်ပေါ်လာ၏။ ၎င်း၏ ကျုံ့လာသည့် အရှိန်သည်လည်း ခဏတာ ရပ်တန့်သွားသည်။
ဝမ်လင်းမျက်လုံးကလည်း ဖျပ်ခနဲ တစ်ဖန်လင်းလက်သွားကာ ပြီးပြည့်စုံသည့် အတားအဆီးသင်္ကေတ ဆယ်ခု ပေါ်လာခဲ့၏။ ထို့နောက် ၎င်းတို့ကလည်း လေဟာနယ်ထဲသို့ မြင့်တက် ပျောက်ကွယ်သွားကာ လှိုင်းတွန့်များအဖြစ် စတင် ပျံ့နှံ့သွား၏။
ခဏတာ ရပ်တန့်နေသည့် အစိမ်းရောင်အလင်း လှောင်ချိုင့်ထံကနေ ထွက်ပေါ်လာသည့် တစီစီအသံများက ပိုကျယ်လောင်လာခဲ့သည်။ သည်တစ်ကြိမ်၌ လှောင်ချိုင့်တစ်လျှောက်တွင် အက်ကွဲကြောင်းများပင် ဖြည်းဖြည်းချင်း ပေါ်လာခဲ့လေ၏။
“အတားအဆီးသင်္ကေတ သုံးဆယ်…” ဝမ်လင်းမျက်လုံးက ဖျပ်ခနဲ လင်းလက်သွားပြန်သည်။ သည်တစ်ကြိမ်၌ အတားအဆီးသင်္ကေတ သုံးဆယ်က ပေါ်လာကာ လေဟာနယ်ထဲသို့ မြင့်တက်ပျောက်ကွယ်သွား၏။
ဝမ်လင်းနှင့် ပေသုံးဆယ်အတွင်း၌ ရှိနေသည့် အစိမ်းရောင်လှောင်ချိုင့်က ချက်ခြင်း ပြိုကျသွား၏။ ၎င်းက မရေမတွက်နိုင်သော အလင်းစက်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ အလွန်ထူးဆန်းလှ၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက တောင်ကြားထဲသို့ ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲကနေ ထူးဆန်းသော သင်္ကေတများက ဆက်လက် တဖျပ်ဖျပ် လင်းလက်နေသည်။
သည်တစ်ကြိမ်၌ အတားအဆီး သင်္ကေတ အခုလေးဆယ်ကျော်က တစ်ခုပြီး တစ်ခု ပေါ်ထွက်လာ၏။
ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ရှေ့သို့ လက်ညွှန်သည်။ အတားအဆီးသင်္ကေတအားလုံးက တုန်ခါသွားပြီးနောက် တောင်ကြားထံသို့ တိုးဝင်သွားလေသည်။
သည်အတားအဆီးသင်္ကေတများက လေဟာနယ်ထဲသို့ တစ်ခုပြီးတစ်ခု မြင့်တက်ပျောက်ကွယ်ကာ လှိုင်းတွန့်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။
အစကနေ အဆုံးထိ စုစုပေါင်း သင်္ကေတပေါင်း (၈၃) ခု ရှိသည်။ သည်အရာက ဝမ်လင်း ထိုတောင်ကြားအစီအရင်ကို ဖျက်စီးနိုင်ရန် ထုတ်လွှတ်ထားသည့် အတားအဆီး သင်္ကေတများပင် ဖြစ်ချေသည်။
တောင်ကြားပတ်လည်၌ ပိုများသည့် အစိမ်းရောင်အလင်းများ ပေါ်လာခဲ့သည်။
သို့ရာတွင် သည်အစိမ်းရောင်အလင်း ပေါ်လာသည့်အခိုက်တွင် မရေမတွက်နိုင်သောအတားအဆီး သင်္ကေတများက ၎င်းပတ်လည်၌ တဖျပ်ဖျပ် ဝန်းရံသွားသည်။ တစ်ချက် ဖျပ်ခနဲလင်းသွားတိုင်း အစိမ်းရောင်အလင်းက မှိန်ဖျော့ကာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ခြေထောက်မြှောက်လိုက်ကာ တောင်ကြားထဲသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားတော့သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တောင်ကြားအတွင်း၌ အစိမ်းရောင်အလင်းများက ပိုမို ပေါ်ထွက်လာသည်။ သည်အစိမ်းရောင်အလင်းများက စုဝေးကာ ကြီးမားသည့် တိုင်လုံးကြီးအသွင် ဖြစ်ပေါ်ပြီး ဝမ်လင်းထံသို့ ရိုက်ချလာသည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက အရှိန်လျော့ခြင်းပင် မပြုဘဲ နောက်တစ်လှမ်း ထပ်လှမ်းလိုက်၏။
အစိမ်းရောင်အလင်းတိုင်လုံးက ဝမ်လင်းထံသို့ ရိုက်ချလာ၏။သို့သော် ၎င်းက ဝမ်လင်းနှင့် ခြေဆယ်လှမ်းအကွာသို့ ရောက်လာသည့်အခါတွင် အတားအဆီးသင်္ကေတများစွာက ရုတ်တရပ် ဝမ်လင်းနှင့် ထိုအလင်းတိုင်လုံးကြားတွင် ပေါ်လာခဲ့လေ၏။
အစိမ်းရောင်အလင်းတိုင်လုံးက ရုတ်တရပ် မှိန်ဖျော့ကာ စတင်ပျက်စီးလာ၏။ ဝမ်လင်းကတော့ သူ့အရှိန်ကို မြင့်တင်ခြင်း မပြုဘဲ တစ်လှမ်းချင်းသာ ဆက်လှမ်းလာခဲ့သည်။
ဝမ်လင်းက ရှေ့သို့ တိုးလာရင်း အစိမ်းရောင်အလင်းတိုင်လုံးက နောက်သို့ မြန်ဆန်စွာ ဆုတ်၏။ ၎င်းက နောက်သို့ ဆုတ်နေရင်းဖြင့် ဆက်လက်ပျက်စီးကာ နေသည်။
ဝမ်လင်းက တောင်ကြားနှင့် ခြေဆယ်လှမ်းအကွာသို့ ရောက်လာသည့်အချိန်တွင် အစိမ်းရောင်အလင်းတိုင်လုံးက လုံးဝ ပြိုကျပျက်စီးသွားတော့၏။ တစ်ပြိုင်နက်တည်းမှာပင် တောင်ကြားကလည်း ရုတ်တရပ် တုန်ခါလာ၏။ ကြည့်ရသည်မှာ ၎င်းတောင်ကြားကို ဝန်းရံထားသည့် အကာအကွယ်အားက လျင်မြန်စွာ ပျောက်ကွယ်သွားသည့်အလားပင်။
“ကောင်းကင်ဘုံသား…ခွင့်လွှတ်ပေးပါ…သနားညှာတာပါ…၊ ချူယောင်ဟွာက အမှားကို ဝန်ခံပါတယ်…”
ချူယောင်ဟွာအသံက တောင်ကြားထဲကနေ ချက်ခြင်း ထွက်ပေါ်လာလေ၏။