Switch Mode

အပိုင်း (၅၆၇):

တောင်ကြား

“ဒါပေမဲ့ ဘယ်အရာကမှ ငါ မြင်လိုက်တဲ့ တုန်ကင်နဲ့ နှိုင်းယှဉ်လို့မရဘူး။ ရှေ့ဖြစ်ဟောသူနဲ့ လင်းထျန်ဟူတို့ အသွင်ကိုတေင် ပြောင်းလဲသွားစေခဲ့တဲ့ တုန်ကင်က ဘာများ ဖြစ်နေမလဲ…။အာ ထျန်ယွမ်ဂြိုဟ်က လျှို့ဝှက်ချက်တွေ များလွန်းတယ်။ ငါက ဒါတွေကို ခု မခန့်မှန်းနိုင်သေးဘူး…”

ဝမ်လင်းက သက်ပြင်းချကာ တိတ်ဆိတ်သွား၏။

“ထားလိုက်ပါတော့။ ငါက ဒီအရာတွေကို တစ်ချိန်မှာတော့ သိလာမှာပေါ့။ ခုတော့ ငါ့မူလခန္ဓာကိုယ်က အပျက်အစီးဂြိုဟ်တစ်ခုပေါ်မှာ ကောင်းကောင်း ပုန်းကွယ်နေတယ်။ ငါက ဒါကိုတော့ မထုတ်ဖော်သင့်ဘူး။ အတိတ်တုန်းက ဟင်္သာပြဒါးအုတ်ဂူထဲမှာ တာ့ဆန်က ငါ့ကို အမှတ်အသားထားခဲ့ပေမဲ့ ငါ့မူလခန္ဓာကိုယ်အကြောင်းကိုတော့ သူမသိသေးဘူး။ ငါက နောက်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ဒီလာမယ့်နှစ်ငါးရာမှာ သန်မာအောင် လုပ်ရမယ်…”

ဝမ်လင်းက သူ့စိတ်ကိုယ်သူ ရှင်းလင်းလိုက်သည်။ သူက တွေးနေရင်းဖြင့်ပင် မရေမတွက်နိုင်သော ကီလိုမီတာများစွာကို ပျံသန်းလာခဲ့ပြီး ဖြစ်နေ၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့သေးချေ။

သည်မြေရိုင်းနေရာက တကယ့်ကို တိတ်ဆိတ်လွန်းနေ၏။ ဝမ်လင်း နတ်ဘုရားအာရုံဖြန့်ကျက်မှုဖြင့်ပင် မည်သည့်သက်ရှိကိုမှ မတွေ့ရသေးချေ။

ဝမ်လင်းက ပုံမှန်အတိုင်း ဆက်လက်၍သာ ပျံသန်းနေခဲ့သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ဆယ်ရက်ကြာပြီးနောက် ဝမ်လင်းက ပျံသန်းနေရင်း သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွားသည်။ သူက အကွာအဝေးတစ်ခုသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက်သူက သူ့လှည့်ကြည့်လိုက်သော နေရာသို့ ပိုမိုမြန်ဆန်စွာ ပျံသန်းသွားလေ၏။

သည်မြေရိုင်းနေရာ၏ အပြင်ဘက်တွင် အုပ်ဆိုင်းဆိုင်း သစ်တောတစ်ခု ရှိနေသည်။

ခုချိန်၌ လူတစ်ယောက်က ယင်းသစ်တောအုပ်ထဲရှိ မြေပြင်တွင် လှဲလျောင်းနေသည်။ သည်လူ့၏ အပေါ်ပိုင်းက အင်္ကျီများ မရှိတော့ပေ။ ထို အင်္ကျီဗလာဖြစ်နေသည့် အပိုင်းတွင် အစိမ်းရောင်အရည်များ ပေကျံနေ၏။

သူက လှုပ်ရှားမှုကင်းမဲ့စွာ လှဲလျောင်းနေခြင်းဖြစ်ကာ အသက်ပင် မနည်းရှူနေရ၏။ သိပ်မကြာခင်တွင် သူက သေဆုံးသွားတော့မည့်အလားပင်။ သာမန်လူတစ်ယောက်က ထိုလူ့ကို သတိပြုမိရန် မဖြစ်နိုင်လုနီးပါးပင်။

ထို့နောက် သစ်တောအုပ်ထဲကနေ အသံတစ်ခု ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် နွားငယ်အရွယ်ခန့် ရှိသည့် ကြမ်းကြုတ်သည့်ပါးစပ်နှင့် သားရိုင်းတစ်ကောင် ထွက်ပေါ်လာသည်။

သည်သားရိုင်းက ဝက်လိုမျိုးအသွင် ရှိနေ၏။သို့သော် ၎င်းထံ၌ ကြမ်းကြုတ်မှုနှင့် အန္တရာယ်ပေးနိုင်သော အသွင် တို့ ရှိနေသည်။ ၎င်းသားရိုင်းခန္ဓာကိုယ်၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ ရှိမနေချေ။

သည်သားရိုင်းက ဟိန်းသံပြုကာ သစ်တောထဲကနေ ခုန်ထွက်လာ၏။ သို့ရာတွင် ၎င်းခုန်ထွက်လာသည်နှင့် မြေပေါ်တွင် လှဲလျောင်းနေသည့်လူကလည်း ခုန်ထလာခဲ့သည်။ ခုချိန်၌ သူ့လက်ထဲတွင် အနက်ရောင်လှံတစ်ချောင်း ရှိနေသည်။

သည်လူက လျင်မြန်လှသည်။ သားရိုင်း လှုပ်ရှားထွက်ပေါ်လာသည်နှင့် သူ့လက်ထဲက လှံကလည်း ထိုးစိုက်ပြီးသားပင်။ သားရိုင်းက ထိုနေရာတွင် လူတစ်ယောက်ယောက် ရှိနေမည်ဟု မျှော်လင့်ထားမိခြင်း မရှိပေ။ သို့သော် ၎င်းက မှင်သက်သွားရမည့်အစား ဒေါသထွက်သွားကာ လှံထံသို့ တိုးဝင်သွား၏။

အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခြင်းနှင့်အတူ လှံက ပျက်စီးသွားသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အစိမ်းရောင်အရည်များနှင့် လူ၏ ခန္ဓာကိုယ်ကလည်း လေထဲတွင် တွန့်လိမ်ကာ လှံသွားကို ဖမ်းယူလိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ သားရိုင်း၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက သားရိုင်းအမွှေးကို ဆွဲကိုင်ကာ သားရိုင်းလည်းပင်ကို ထိုလှံသွားဖြင့် တိုက်ရိုက် ထိုးစိုက်ချသည်။

သားရိုင်းက နာကျင်စွာ ခံစားလိုက်ရ၏။ထို့နောက် ၎င်းက ကြောက်လန့်ဖွယ်ဟိန်းဟောက်ကာ စတင် ရုန်းကန်သည်။ ၎င်းက ထိုလူ့ကို ကျောပေါ်တွင် သယ်ရင်း လျှောက်ပြေးလွှားနေ၏။

ဝမ်လင်းပုံရိပ်က လေထဲ၌ ပေါ်လာခဲ့သည်။ သူက သူ့အောက်ရှိ ထိုလူနှင့်သားရိုင်းတို့ကို ထူဆန်းသောအကြည့်ဖြင့် စူးစိုက်ကြည့်နေ၏။

သည်လူနှင့်သားရိုင်းတို့က ဆယ်ရက်ကြာပြီးနောက် သူပထမဆုံးတွေ့သည့် သက်ရှိများ ဖြစ်နေသည်။

သားရိုင်းမျက်လုံးက နီရဲနေကာ အဆက်မပြတ်ဟိန်းဟောက်နေ၏။ ၎င်း၏ ကျောပေါ်ရှိ လူကတော့ တည်ငြိမ်စွာ ကြည့်လို့နေဆဲပင်။ သူ့လက်က သားရိုင်းအမွှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သားရိုင်းကျောပေါ်၌ ဟန်ချက်ညီအောင် ပြုပြင်နေသည်။ သူ့ဘယ်လက်တွင်တော့ လှံသွားကို ကိုင်ထားကာ သားရိုင်းလည်ပင်းကို ထိုးစိုက်ထား၏။

သိပ်မကြာခင်တွင် သားရိုင်းမျက်လုံးများက ဖြည်းဖြည်းချင်း မှိန်ဖျော့လာကာ ၎င်း၏ လည်ပင်းမှလည်း သွေးများစီးကျလာ၏။ သို့သော် ထိုသွေးများက အနီရောင်မဟုတ်တော့ဘဲ တစ္ဆေအလင်းကို ပေးစွမ်းနေသည်။ နောက်ဆုံးတွင် သားရိုင်းက မြေပေါ်သို့ လဲကျသွားကာ လှုပ်ရှားခြင်း မပြုတော့ချေ။

သားရိုင်းပေါ်ရှိလူက စိတ်သက်သာရာရသွားကာ သူ့လှံသွားကို ပြန်ဆွဲနှုတ်လိုက်၏။ သို့ရာတွင် သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားကာ သူ့နောက်ရှိ ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ဝမ်လင်းက ထိုလူကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သည်လူက မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မရှိဘဲ သူ့နားပတ်လည်တွင် လူတစ်ယောက်ရှိနေသည်ကို သတိပြုမိနိုင်သည့် စိတ်ဝိညာဉ်တော့ ရှိလို့နေသည်။ထိုအရာက ဝမ်လင်းကို တုန်လှုပ်သွားစေ၏။

အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်းက လေထဲ၌ ပေါ်လာကာ ထိုလူကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

ထိုလူက ဝမ်လင်းပေါ်လာသည်ကို တွေ့လိုက်သည့်အခါ တုန်လှုပ်သွား၏။ သူ့မျက်လုံးထဲကနေလည်း ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်သွားသည်။ တစ်စက္ကန့်လောက် ကြာမြင့်ပြီးနောက် သူက သားရိုင်းပေါ်ကနေ ခုန်ဆင်းကာ လှံသွားကို လက်ဖြင့် ကိုင်ထား၏။ သူက ဝမ်လင်းကို ကြည့်၍ ကျောချမ်းဖွယ်အသံနှင့် ပြောလိုက်သည်။ “ဒီသားရိုင်းက ငါ့ဟာ…”

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ပြောလိုက်၏။ “ငါက မင်းရှိကနေ လုယူဖို့ လာတာ မဟုတ်ဘူး…”

ထိုလူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ခဏအကြာတွင် ခေါင်းညိတ်ပြ၏။ ထို့နောက် သူက မြေပေါ်သို့ ဒူးထောက်ချကာ သားရိုင်းကို ခက်ခက်ခဲခဲ မကာ တောထဲသို့ ဆွဲယူသွားတော့၏။ သူက သားရဲကို ဆွဲယူနေရင်း ဝမ်လင်းကို သတိထားကာ ကြည့်လို့နေ၏။

ဝမ်လင်းက ထိုလူ အဝေးသို့ ရောက်သွားသည့်အထိ လှုပ်ရှားခြင်း မပြုချေ။ ဝမ်လင်းအမြင်၌ သည်လူက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေ၏။

သားရိုင်းကို ဆွဲသွားသည့် လူက အဝေးသို့ ရောက်ရှိသွား၏။ သူက ဝမ်လင်း သူ့နောက်သို့ လိုက်ပါမလာသည်ကို မြင်မှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက သားရိုင်းကို အမွေးကနေ ကိုင်ကာ ဆက်၍ ဆွဲယူသွားသည်။

သူက တောင်ကြားထဲသို့ ဝင်လာသည့်အခါ ဖျော့တော့သော လှိုင်းတွန့်လေးတစ်ခု ဖြစ်ပေါ်သွား၏။ထိုလှိုင်းတွန့်က အလွန်ဖျော့တော့ကာ လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားသည်။

သူက တောင်ကြားထဲသို့ ဝင်သွားသည့်အခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်က လေဟာနယ်ထဲကနေ ပေါ်လာခဲ့သည်။ သူ့မျက်လုံးက လက်ခနဲဖြစ်သွားကာ သူ့ပတ်လည်ကို ထူးဆန်းစွာ ကြည့်၏။

“တစ်ယောက်ယောက်က ဒီနေရာမှာ ဧရာမအစီအရင်တစ်ခုထားဖို့ တော်တော်လေး အားစိုက်ထားရမှာပဲ။ ဒီအစီအရင်က သက်ရှိအားလုံးရဲ့ တည်ရှိမှုကို ဖုံးကွယ်ပေးထားတယ်။ ဒါ့ကြောင့် လူတစ်ယောက်က နီးကပ်လာခြင်းမရှိရင် ဒီနေရာရဲ့ တည်ရှိမှုကို သတိပြုမိဖို့ မဖြစ်နိုင်ဘူး။ အစီအရင်ပေါ်က အမှတ်အသားတွေကို ကြည့်ရသလောက် ဒီအစီအရင်က နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြာနေခဲ့လောက်ပြီ။ ဒီအစီအရင်ချမှတ်တဲ့ နည်းက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးရဲ့ နည်းနဲ့ မတူဘူး။ ဒါ့ကြောင့် ဒီဟာက ရှေးဟောင်းကျင့်ကြံသူတွေ ချမှတ်ထားခဲ့တာများ ဖြစ်နိုင်နေမလား…”

ဝမ်လင်းမျက်လုံးက တောက်ပနေ၏။ သူက တောင်ကြားထဲသို့ အလျင်စလို မဝင်သေးချေ။ ထို့ကြောင့် သူက တောင်ကြားအပြင်ကနေ အခြေအနေကို သုံးသပ်နေခြင်း ဖြစ်သည်။

“ဒီနေရာက စိတ်ဝင်စားစရာပဲ။ ဒီအရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က ငါ ရတနာတွေ ရှာခဲ့ဖူးတဲ့ အခြားနေရာတွေနဲ့ လုံးဝ မတူဘူး…”

ဝမ်လင်းအကြည့်က ထူးဆန်းသောအလင်း ဖြစ်ပေါ်လာကာ သူက တောင်ကြားကို ကာကွယ်ထားသည့် အစီအရင်ကို ကြည့်လိုက်၏။

ခဏကြာ လေ့လာပြီးနောက် သူက လေထဲသို့ လက်ညွှန်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်အလင်းတန်းတစ်ခုက သူ့လက်ချောင်းထဲကနေ ထွက်ပေါ်လာကာ တောင်ကြားထဲသို့ တိုးဝင်သွား၏။

သို့ရာတွင် စိတ်ဝိညာဉ်စွမ်းအင်အလင်းတန်းက တောင်ကြားထဲသို့ ဝင်သွားသည့်အခိုက်တွင် တောင်ကြားပတ်လည်ရှိ အစီအရင်က တုန်ခါသွား၏။ ထိုအစီအရင်ထံကနေ အစိမ်းရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဝါးမြိုသွား၏။

သိပ်မကြာခင်တွင် တောင်ကြားအတွင်းမှ ရုတ်တရပ် ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့တော့သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေ၏။

တောင်ကြားအတွင်းကနေ တောက်ပသောအလင်းရောင်များ တဖျပ်ဖျပ် ထွက်ပေါ်လာ၏။ ထို့နောက်လူသုံးယောက်လည်း လှမ်းလျှောက်ကာ ထွက်ပေါ်လာတော့သည်။

သည်လူသုံးယောက်လုံးက အပေါ်ပိုင်းဗလာကျင်းနှင့် ရှိနေကာ အစိမ်းရောင်အရည်များက ၎င်းတို့၏ ကိုယ်ပေါ်၌ ရှိနေသည်။ သူတို့က လက်ထဲ၌ လက်နက်များ ကိုင်ထားကြ၏။သူတို့က တောင်ကြားထဲကနေ ထွက်လာပြိးနောက် အလွန်သတိထားသည့် ဟန်ပန်များ ဖြစ်သွားကြသည်။

သိပ်မကြာခင်တွင် သူတို့သုံးယောက်လုံးက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သွားကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ တောင်ကြားထဲသို့ ပြန်ဝင်သွားကြသည်။

သူတို့က တောင်ကြားထဲသို့ ပြန်ဝင်ရောက် ပျောက်ကွယ်သွားချိန်၌ ဝမ်လင်း ခန္ဓာကိုယ်က အစိမ်းရောင်အခိုးငွေ့အသွင်သို့ ပြောင်း၍ သူတို့နောက်ကနေ လိုက်ပါသွားခဲ့သည်။သို့ရာတွင် သူက အစီအရင်နှင့် ထိလိုက်မိသည်နှင့် ၎င်းက တစ်ဖန် အသက်ပြန်ဝင်လာကာ အစိမ်းရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်၏။ သူက နောက်သို့ ဆုတ်လိုက်ပြီးသည့်အခါ အစိမ်းရောင်အလင်းကလည်း ပြန်ပျောက်ကွယ်သွားတော့သည်။

“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးက အေးစက်လာ၏။

အစီအရင်၏ ရည်ရွယ်ချက်က တောင်ကြားထဲရှိ အရာအားလုံးကို ကာကွယ်ရန်နှင့် အခြားလူများကို အထဲသို့ ဝင်မလာရန် ဖြစ်နေသည်။ လူတစ်ယောက်က ၎င်းကို ချိုးဖျက်ရန် ကြိုးစားပါက အစီအရင်က အသက်ဝင်လာကာ ထိုကျူးကျော်သူကို ၎င်း၏စွမ်းအားကို အသုံးပြု၍ သတ်ပစ်မည် ဖြစ်သည်။

သည်အစီအရင်က ကတ်သီးကတ်သတ် နိုင်လွန်း၏။ ၎င်းကို ခဏကြာလေ့လာပြီးနောက် ဝမ်လင်းက သည်အစီအရင်သည် အချိန်တိုအတွင်း ချိုးဖျက်လို့ မရနိုင်ကြောင်း သိလိုက်၏။ သူ့အကြည့်က နက်မှောင်သွားကာ သူက အစီအရင်ပြင်ပ၌ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်တော့သည်။

သူက သူ့ကိုယ်သူ ဖော်ပြလိုက်သည့်အခါ ဝမ်လင်းသည် တောင်ကြားထဲရှိ လူအများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။ အလင်းများ ဖျပ်ခနဲ ဖြစ်ပေါ်လာကာ လူလေးယောက် ထွက်ပေါ်လာ၏။

သည်လေးယောက်တွင် သုံးယောက်က စောနက လူသုံးယောက်ပင်။ လေးယောက်မြောက် လူကတော့ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတို့နှင့် ပြည့်နေ၏။ သူက အနက်ရောင်တုတ်ချောင်းလက်နက်တစ်ခုကို ကိုင်ဆောင်ထားကာ ယင်းလက်နက်က တစ္ဆေအလင်းတောက်ပမှုကို ပေးစွမ်းနေသည်။

သူက လမ်းလျှောက်ထွက်လာသည့်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ သူ့လက်နက်ကို ဝမ်လင်းထံသို့ လှမ်းပစ်လိုက်၏။ထို့နောက် သူက ရက်စက်သောအပြုံးတစ်ခုကို ဆင်မြန်းကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။

သူ့နောက်ရှိ လူသုံးယောက်ကလည်း မာန်သွင်းကာ ဝမ်လင်းထံသို့ သူတို့လက်နက်များနှင့်အတူ တိုးဝင်လာကြသည်။

ဝမ်လင်းမျက်လုံးက တည်ငြိမ်နေဆဲပင်။ အကြည့်တစ်ချက်ဖြင့်ပင် သူ့ထံသို့ တိုးဝင်လာနေသည့် တိုင်လုံးလက်နက်က ချက်ခြင်း ပြိုကျသွား၏။

ရက်စက်စွာ ပြုံးနေသည့် လူက မှင်တက်သွားလေ၏။ သူက ပျက်စီးသွားသည့် သူ့လက်နက်ကို စူးစိုက်ကြည့်ကာ ပါးစပ်ကို အကျယ်ကြီး ဟလိုက်၏။ သို့သော် သူက စကားတစ်ခွန်းမှ မဆိုနိုင်ပေ။ သူ့နောက်က သုံးယောက်ကလည်း ရပ်တန့်သွား၏။

ဝမ်လင်းက သူတို့နှင့် အချိန်မရွေးလိုတော့ပေ။ ထို့နောက် သူက ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူတို့က ချက်ခြင်း ကြောက်လန့်တကြားအော်ဟစ်ကာ သူတို့လေးယောက်လုံးအား ထူးဆန်းသောအားတစ်ခုက ဖမ်းဆီးသွား၏။ ဝမ်လင်းက သူတို့ကို ဘေးသို့ ပစ်လွှတ်ကာ ချုပ်နှောင်ထားလိုက်ရာ သူတို့က လှုပ်ပင် မလှုပ်ဝံ့ချေ။

ပုံမှန်အားဖြင့် ဝမ်လင်းက မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ မရှိသည့် လူများနှင့် သူ့ကိုယ်သူနိမ့်ချကာ ရင်ဆိုင်မည် မဟုတ်ပေ။ သို့သော် သည်နေရာက အလွန်ထူးဆန်းနေ၏။ ခုလိုတောင်ကြားလေးတစ်ခုကပင် ရှေးဟောင်းအစီအရင်နှင့် ကာကွယ်ထားသည် မဟုတ်လား။ သူက ထိုတောင်ကြားထဲတွင် နေထိုင်သည့်လူများထံကနေ သဲလွန်စရအောင် ရှာရမည် ဖြစ်၏။

သူက ထိုလေးယောက်ကို လွယ်ကူစွာ ဖမ်းဆီးပြီးနောက် ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေကာ သူက ဆက်လက်၍ ကျင့်ကြံလို့နေ၏။

သိပ်မကြာခင်မှာပင် နောက်ထပ် ဒေါသတကြီးအသံတစ်ခုက တောင်ကြားအတွင်းကနေ ပျံ့နှံ့လာခဲ့သည်။ တောင်ကြားအတွင်း၌လည်း အလင်းများတဖျပ်ဖျပ် ဖြစ်သွား၏။ သည်တစ်ကြိမ်၌ လူနှစ်ယောက် လှမ်းလျောက်ကာ ထွက်လာခဲ့သည်။

Comment

  1. naylinn.ygnmyanmar says:

    အပိုင်းတွေကိုဘယ်လိုsaveရမလဲ?

Leave a Reply

Options

not work with dark mode
Reset