ဓားသူတော်စင် လင်းထျန်ဟူ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အရှေ့ပင်လယ်ကို လက်ညွှန်လိုက်သည်။ သူ့နောက်ကျောရှိ ပုံရိပ်ယောင်ဓားလေးလက်က တုန်ခါလာကာ အရှေ့ပင်လယ်ထံသို့ ထိုးတက်သွားသည်။
သည်ဓားလေးလက်က ရူးသွပ်ဖွယ် လှည့်ပတ်ကာ ပင်လယ်ဗဟို၌ ဝဲကတော့ တစ်ခုကို ဖြစ်ပေါ်စေသည်။ သည်ဓားလေးလက်က နေရာလေးခုကို ဖန်တီး၏။ ထို့နောက် မညီညာသည့် ဝင်ပေါက်တစ်ခုကို ဆွဲဖွင့်ပစ်လိုက်ကြသည်။
ထိုဝင်ပေါက်ထဲကနေ အစိမ်းနှင့်အနီရောင် လှိုင်းများ ထွက်ပေါ်လာ၏။
သည်ဝင်ပေါက်က အထဲ၌ မည်သည့်အရာမျှ ရှိမနေသည့်ဟန်ပင်။ သို့သော် အနီးကပ်ကြည့်ပါက အထဲ၌ ပို၍ နက်နေသေည်ကို တွေ့ရပေမည်။
“အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဝင်ပေါက်က ခု ပွင့်သွားပြီ။ အထဲကို ဝင်ချင်တဲ့လူမှန်သမျှ မြန်မြန်လုပ်ကြ…” ဓားသူတော်စင် လင်ထျန်ဟူက စကားအနည်းငယ်သာ ပြောလိုက်သော်လည်း ယင်စကားလုံးများထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပါဝင်နေခဲ့သည်။
သူက ထိုသို့ပြောလိုက်ပြီးနောက် ဓားဆယ့်နှစ်လက်က ထက်ရှသောအလင်းတန်း ဆယ့်နှစ်ခု အဖြစ်သို့ ပြောင်းကာ ဝင်ပေါက်ထံသို့ တန်းမတ်စွာ တိုးဝင်သွားကြ၏။
လူဆယ့်နှစ်ယောက်လုံးက ဝင်ပေါက်ထဲသို့ ဝင်သွားကြ၏။ နောက်ဆုံးတစ်ယောက်က လှမ်းဝင်ခါနီးတွင် ဓားသူတော်စင် မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူ့လက်ချောင်းက ဖျပ်ခနဲ လင်းလက်သွားကာ သူက နောက်ဆုံးတပည့်ထံသို့ ဓားစွမ်းအင်တန်းကို ပို့လွှတ်လိုက်၏။
“မင်းတို့နှစ်ယောက်ရဲ့ အသက်ကယ်မန္တာန်တွေကို အသုံးပြုနိုင်ဖို့အတွက် ဒါက ငါ့ဆီက ဓားစွမ်းအင်တန်းပဲ…” လင်းထျန်ဟူက ထိုသို့ပြောလိုက်သည့်အခိုက်တွင် ဓားစွမ်းအင်တန်းကို နောက်ဆုံးတပည့်က ရိုသေစွာ လက်ခံလိုက်၏။ သူက ဓားသူတော်စင်ကို ဦးညွတ်ကာ အထဲသို့ လျှောက်လှမ်းသွားတော့သည်။
ဓားသူတော်စင်နောက်တွင် ရှိနေသည့် လောဘကြီးသည်လည်း ပျောက်ကွယ်သွားခဲ့၏။ သူက နောက်ဆုံးဓားစွမ်းအင်အဖြစ်သို့ ပြောင်းကာ ဓားဆယ့်နှစ်လက်နှင့်အတူ အရှေ့ပင်လယ် ဝင်ပေါက်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
ရှေ့ဖြစ်ဟောသူမျက်လုံးများက တည်ငြိမ်နေကာ သူက လင်းထျန်ဟူထံသို့ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ထို့နောက် သူက ပြောလိုက်၏။ “ကောင်းကင်ကံကြမ္မာကလန်ရဲ့ တပည့်တွေ ဝင်ကြတော့…”
ဝမ်လင်းအပါအဝင် တပည့်ဆယ်ယောက်တို့သည့် တုံ့ပြန်လိုက်ကြ၏။ သူတို့က ချက်ခြင်းပင် ဝင်ပေါက်ရှိရာသို့ ပျံသန်းသွားကြသည်။
သို့ရာတွင် ဝမ်လင်းက သူ့အရှိန်ကို နည်းနည်းလျော့ချကာ ရှေ့က ဦးဆောင်သွားခြင်း မပြုချေ။ သူက အခြားလူများကို အရင်သွားခိုင်းပြီးမှ အထဲသို့ လှမ်းလျှောက်ဝင်သွား၏။
တာ့လော့ဓားကလန်နှင့် ကောင်းကင်ကံကြမ္မာကလန်တို့၏ တပည့်များက ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်ကာ အခြားကျော်ကြားသည့်ကလန်များနှင့် မွန်းစတားအိုကြီးများ၏ တပည့်များသည်လည်း ဝင်ပေါက်သို့ ပျံသန်းသွားကြလေ၏။
သွေးနီကျောက်ပြားပေါ်တွင် ထိုင်နေသည် ယောင်ရှင်းရွှယ်ကလည်း အနည်းငယ်စဉ်းစားပြီးနောက် ဝင်ပေါက်ထံသို့ တိုးဝင်သွားလေ၏။
နာရီဝက်လောက်အထိ လူအများက ဆက်လက်ဝင်ရောက်နေကြသည်။ ဝင်ရောက်သွားသည့်လူရာချီတွင် အချို့ကျော်ကြားသော မွန်းစတားများ၏ တပည့်များလည်း ပါရှိကြ၏။
နာရီဝက်ခန့်ကြာပြီးနောက် ဓားသူတော်စင်လင်းထျန်ဟူက သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ဝင်ပေါက်ကို ဖွင့်လှစ်စေသည့် ဝဲကတော့လေးခုက တုန်ခါသွား၏။ ထို့နောက် ၎င်းဝဲကတော့တို့က လှည့်ပတ်နေရာကနေ ရပ်တန့်ကာ ဓားစွမ်းအင်အလင်းတန်းလေးခုအဖြစ်သို့ ပြန်ပြောင်း၍ လင်းထျန်ဟူ ထံသို့ ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့က လင်းထျန်ဟူ နောက်ကျော်၌ ပုံရိပ်ယောင်ဓားလေးလက် အဖြစ် ပြန်ရောက်ရှိသွားကြ၏။
ဓားလေးလက် ပျောက်ကွယ်သွားသည့်အခါ မျက်စိတစ်မှိတ်အတွင်း၌ ဝင်ပေါက်ကလည်း ပျောက်ကွယ်လို့သွား၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း နေရာအနှံ့ပြန့်ကျဲလို့သွား၏။ သိပ်မကြာခင်တွင် လက်တစ်ဖက်စာလောက်သာ ရှိသည့် ကျင့်ကြံသူအချို့သာ အရှေ့ဘက်နတ်ဆိုး စိတ်ဝိညာဉ်ပင်လယ် အပြင်ဘက်၌ ကျန်ရစ်ခဲ့တော့၏။
သည်လူများအားလုံးက ကျော်ကြားလှသည့် မွန်းစတားအိုကြီးများဖြစ်ကာ မြင့်မားသည့်ကျင့်ကြံခြင်းအဆင့်များလည်း ပိုင်ဆိုင်ထားကြ၏။ သူတို့အားလုံးက တစ်ယောက်နှင့် တစ်ယောက် သိနေကြ၏။ သူတို့ထွက်မသွားသည့် တစ်ခုတည်းသော ကြောင်းကတော့ နောက်ဆုံးအနီရောင်အလင်းတန်းထဲရှိ ပစ္စည်းကြောင့်ပင်။
သည်ကိစ္စက ထျန်ယွမ်ဂြို၏ ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခုနှင့် ပတ်သတ်လို့နေသည်။ သည်နေရာရှိ လူတိုင်းက တိတ်ဆိတ်နေကာ မည်သည့်စကားမျှ မဆိုချေ။
ဓားသူတော်စင် လင်းထျန်ဟူ မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ရှေ့ဖြစ်ဟောသူကို ကြည့်၍ အော်ပြောလိုက်၏။ “ရှေ့ဖြစ်ဟောသူ…ဒီနောက်ဆုံးအနီရောင်အလင်းတန်းထဲမှာ ရှိတဲ့ဟာက တုန်ကင် တစ်ခုပဲ…”
ရှေ့ဖြစ်ဟောသူက လင်းထျန်ဟူထံသို့ တည်ငြိမ်စွာ ကြည့်လိုက်၏။ထို့နောက် အခြား မိတ်ဆွေများကိုပါ ကြည့်လိုက်သည်။သည့်နောက် သူက ပြုံး၍ ပြောလိုက်၏။ “ဒါမှန်တယ်။ ဒါက တုန်ကင်တစ်ခုပဲ။ ဒါက တတိယမြောက် တစ်ခုလည်း ဖြစ်တယ်။ ဒီတစ်ကြိမ် အရှေ့ပင်လယ်ပွင့်တာက ငါတို့ စောင့်စားနေတဲ့ တုန်ကင်ကို ယူဆောင်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ ခု ဒီတုန်ကင်က အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ထဲမှာ ရှိနေတဲ့အတွက် ငါတို့ စိုးရိမ်စရာ မလိုပါဘူး။ အရှေ့ပင်လယ်က နှစ်ငါးထောင်ကြာမှ တစ်ကြိမ် ပွင့်တာ။ တပည့်တွေရဲ့ သူတို့ကိုယ် သူတို့ စမ်းသပ်မှုကလည်း အထဲမှာ နှစ်ငါးရာလောက် ကြာလိမ့်မယ်။ ဒါ့ကြောင့် ငါတို့က ဒီနေရာမှာ နောက်နှစ်နှစ်ရာ ကြာရင် ပြန်တွေ့ကြမယ်။ လူတိုင်းက အရင်တုန်းက ဘာဖြစ်ခဲ့လဲ ဆိုတာ ကြားဖူးကြမှာပါ။ ဒါ့ကြောင့် လူတိုင်းက ကောင်းကောင်းကြိုပြင်ဆင်ထားလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ငါက ဒီနှစ်နှစ်ရာက လူတိုင်း ပြည့်ပြည့်ဝဝ ကြိုပြင်ဆင်ထားဖို့ လုံလောက်မယ်လို့ ထင်တယ်…”
ရှေ့ဖြစ်ဟောသူက ထိုသို့ပြောဆိုပြီးနောက် လူတိုင်းကို နှုတ်ဆက်ကာ လေဟာနယ်ထဲသို့ ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားလေတော့သည်။
ဓားသူတော်စင်လင်းထျန်ဟူက နှာခေါင်းရှုံ၏။ သူက အရှေ့ပင်လယ်ရှိရာသို့ လည့်ကာ အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ထို့နောက် သူသည်လည်း ဓားစွမ်းအင်အသွင်သို့ပြောင်း၍ ပျောက်ကွယ်လို့သွားသည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ကျန်နေသေးသည့် မွန်းစတားအိုကြီးမားကလည်း အတွေးမျိုးစုံဖြင့် ရှိလို့နေသည်။ သူတို့က သုံးယောက်၊ငါးယောက် အုပ်စုဖွဲ့ကာ ထွက်သွားကြတော့၏။
အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အပြင်ဘက်သည် တစ်ဖန်ပြန်လည် အေးချမ်းသွား၏။ သည်ပင်လယ်ထဲ၌ မြောလွင့်နေသည့် ပစ္စည်းများကလည်း ဖြည်းညင်းစွာ လှုပ်ရှားနေကာ ထူးဆန်းသော အော်ရာကို ပေးစွမ်းနေသည်။
ပင်လယ်ထဲ၌လည်း အနီနှင့်အစိမ်းတို့က ဆက်လက်၍ တဖျပ်ဖျပ် လင်းနေဆဲပင်။
ဓားသူတော်စင်လင်းထျန်ဟူက ဓားစွမ်းအင်အဖြစ် ပြောင်းကာ လေဟာနယ်ကို ဖြတ်သန်းလာ၏။ တာ့လော့ဓားကလန်၏ တည်နေရာက ထျန်ယွမ်ဂြိုဟ် သို့မဟုတ် ၎င်းဂြိုဟ်ကို ပတ်နေသည့် ဂြိုဟ်ငါးခုပေါ်တွင် မတည်ရှိချေ။ သို့သော် လင်းထျန်ဟူက ထျန်ယွမ်ဂြိုဟ်ဘေးတွင် ဂြိုဟ်ကြီးတစ်ခုကို ဆွဲယူထားလေ၏။
သည်ဂြိုဟ်က ထျန်ယွမ်ဂြိုဟ်ကို မယှဉ်နိုင်သော်လည်း အခြားဂြိုဟ်ငယ်ငါးခုထက်တော့ များစွာ ကြီးမား၏။ သည်ဂြိဟ်တွင်လည်း သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များရှိနေကာ ကျင့်ကြံသူများအတွက် သင့်တော်လှသည့်နေရာပင်။
တာ့လော့ဓားကလန်က ထိုဂြိုဟ်ပေါ်တွင် ရှိလို့နေ၏။
သည်ဂြိုဟ်ကို လင်းထျန်ဟူက တာ့လော့ ဟု နာမည်ပေးထားလေ၏။
လင်းထျန်ဟူက ဂြိုဟ်၏ လေထုကို ဖြတ်သန်းကာ မြန်ဆန်စွာ ရွှေ့လျားနေ၏။ သူက ဂြိုဟ်၏ အရှေ့ဘက်ခြမ်း တံခါးပိတ်ကျင့်ကြံသည့်နေရာသို့ တန်းမတ်စွာ သွားနေ၏။
“ငါက ဒီနှစ်နှစ်ရာလုံး ကောင်းကင်ဘုံဓားကို သန့်စင်မွန်းမံရမယ်။ ငါက နတ်ဆိုးသားရဲ စိတ်ဝိဉာဉ်ကိုးခုကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ပြီး ကောင်းကင်ဘုံဓားကို နတ်ဆိုးဓားအဖြစ် မွန်းမံ ပစ်ရမယ်။ အဲ့အချိန်ကြရင် ဟို တုန်ကင်ကို ရနိုင်တဲ့ ငါ့ အခွင့်ရေးကလည်း အများကြီး မြင့်လာလိမ့်မယ်…” ဓားသူတော်စင်လင်းထျန်ဟူ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သူ့ကိုယ်ပိုင်အဆောက်အဦထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ရှေ့ဖြစ်ဟောသူကတော့ ထျန်ယွမ်ဂြိုဟ်သို့ ပြန်ရောက်လာသည့်အခါတွင် သူက ချက်ခြင်းပင် တောင်သုံးခုထိပ်ရှိ ခုနစ်ရောင်စုံ မျှော်စင်ထက်သို့ တန်းသွား၏။ သူက ထိုမျှော်စင်ထဲ၌ ထိုင်ချလိုက်၏။ အနက်ရောင်သားရဲအရိုးများက သူ့အား ဝန်းပတ်သွားကြ၏။
သည်သားရဲအရိုးများက အလွန်အမင်း ချောမွတ် တောက်ပ၏။ ၎င်းတို့က မကောင်းဆိုးဝါးအော်ရာကို ပေးစွမ်းနေသည်။
“ငါ့တပည့် ဝမ်လင်းက ငါ့အတွက် ကံကောင်းစေတဲ့လူပဲ။သူက ငါ့အတွက် ဘယ်လောက် ကံကောင်းစေမလဲတော့ ငါမသိဘူး…” ရှေ့ဖြစ်ဟောသူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အရိုးများအားလုံးက သူ့လက်ထဲသို့ ရောက်ရှိသွားကြ၏။ထို့နောက် ၎င်းအရိုးများက ကြမ်းပြင်တွင် ပြန့်ကျဲသွာကြသည်။
ရှေ့ဖြစ်ဟောသူ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ထိုအရိုးများကို သေချာကြည့်ရှုနေရင်း တဖြည်းဖြည်း ပြုံးလာခဲ့တော့သည်။
အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၏ ဝင်ပေါက်အထဲသည် လုံးဝ ကဗြောင်းကဗျန် ဖြစ်လို့နေ၏။ သည်နေရာက ကိုယ်ပိုင်နယ်မြေတစ်ခုဟူ၍ပင် ပြော၍ ရသည်။
ဖြစ်နိုင်သည်က သည်နေရာရှိ လူအများက ခုနေရာသည် အလွန်ကြီးမားသည့်နေရာ ဖြစ်ကြောင်း သိထားနိုင်လောက်၏။ သို့သော် ဝမ်လင်းကတော့ ထိုသို့ သိရှိထားခြင်း မရှိချေ။ သူက ဝင်ပေါက်ကနေ ကျော်လာသည့်အခါ ရေထဲတွင် လမ်းလျှောက်ကာ ပင်လယ်ရေအနက်ပိုင်းသို့ ဝင်ရောက်နေသလို ခံစားလိုက်ရ၏။ သူ့ရှေ့တွင် ကြီးမားသည့် ရေပြင်ကြီးသာ ရှိနေ၏။
သည်နေရာတွင် ကောင်းကင်၊မြေကြီးနှင့် ပင်လယ်တို့ ရှိသည်။သို့သော် သည်နေရာက ကျင့်ကြံခြင်းဂြိုဟ်တစ်ခုတော့ မဟုတ်ချေ။
ခုလက်ရှိ ဝမ်လင်း ရှိနေသောနေရာတွင် မည်သူမျှ ရှိမနေပေ။ သူ့ပတ်လည်၌ ရှိနေသည့် တစ်ခုတည်းသောအရာဆို၍ ရေပြင်ကြီးသာ။ ကောင်းကင်ကံကြမ္မာကလန်၏ အခြားတပည့်ကိုးယောက်လည်း ဝင်ပေါက်ထဲသို့ ဝင်လာကတည်းက ကွဲသွားကြ၏။ ခုချိန်၌ သူတို့ မည်သည့်နေရာသို့ ရောက်နေမှန်းလည်း မသိနိုင်ချေ။
“အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က ငါရောက်ဖူးတဲ့ နေရာတွေနဲ့ လုံးဝ မတူပါ့လား။ ဒီနေရာက ရတနာတွေများစွာ ရှိနေတဲ့ နေရာထက် သေမျိုးကမ္ဘာတစ်ခုနဲ့တောင် ပိုတူနေသေးတယ်…”
ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေ၏။ ထို့နောက် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ပျံတက်သွား၏။
“အခြားဝင်လာတဲ့လူတွေလည်း ငါ့လို့ပဲ ခွဲထုတ်ခံရပြီး ဒီပင်လယ်မှာ ကိုယ့်ဟာကိုယ် ရှင်သန်အောင် လုပ်ရမယ် ထင်တယ်။ ရှုယွမ်ဖန် ငါ့ကို တစ်ခါပြောဖူးတာကတော့ ဒီနတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ခရီးစဉ်က နှစ်ငါးရာလောက် ကြာတယ်တဲ့။ ဆိုလိုတာက ငါဟာ ဒီနေရာမှာ နှစ်ငါးရာလောက် နေထိုင်ရမယ့် သဘောပဲ…”
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ရှေ့သို့ ပျံသန်းနေရင်း စဉ်စားနေသည်။
“သေမျိုးတွေ အတွက်တော့ နှစ်ပေါင်းငါးရာက မျိုးဆက်များစွာ ပြောင်းလဲကုန်ကြပြီ။ ဒါပေမဲ့ ကျင့်ကြံသူတွေ အတွက်တော့ လက်ဖျစ်တစ်တွတ်လောက်ပဲ ကြာတယ်။ ဒါပေမဲ့ နှစ်ပေါင်းငါးရာအတွင်းမှာ ငါက အရာအများကြီး လုပ်နိုင်တယ်…”
“ငါက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို အဓိကပြည့်စုံတဲ့ အဆင့်ရောက်အောင် လုပ်ရမယ်။ ဒါက ငါ့အတွက် နံပါတ်တစ် ဦးစားပေးပဲ။ တာ့ဆန်ကလွတ်လာမယ်ဆိုရင်တောင် သူက ငါ့ကို ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ခန့်မှန်း နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒါက ငါ့အတွက် နှစ်ပေါင်း ငါးရာ အပိုပေးလိုက်သလိုပဲ…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြုံးယောင်သမ်းလာခဲ့၏။
အစောပိုင်းတုန်းက ဝမ်လင်းသည် ရှုယွမ်ဖန်ထံကနေ သည်ပင်လယ်ထဲ၌ နှစ်ပေါင်းငါးရာ နေထိုင်ရမည်ဟူ၍ ကြားသိခဲ့ရပေသည်။ သူက ထိုအရာကို ကြားပြီးနောက် သည်အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်ရန် လုံးဝ ဆုံးဖြတ်ခဲ့ပေသည်။
ဝမ်လင်း အကြောက်လန့်ဆုံးလူက ရှေးဟောင်းနတ်ဘုရားနယ်မြေမှ တာ့ဆန်ဟု ပြော၍ ရ၏။ ထိုလူက အတားအဆီးကိုချိုးဖျက်လာနိုင်သည်နှင့် အရင်ဆုံးလုပ်မည့်အရာက ဝမ်လင်းကို လာရှာခြင်း ဖြစ်သည်။ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် တာ့ဆန်ကို ယှဉ်နိုင်ရန် အလွန်ခက်ခဲလွန်းလှသည် မဟုတ်လား။
ထို့ကြောင့်လည်း ဝမ်လင်းက အသက်ဓာတ်အားများကို အသက်ဓာတ်ချိပ်တံဆိပ်များ အဖြစ်သို့ ပြောင်းလဲသည့် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို ကျင့်ကြံနေခြင်းပင်။ သူက သူသည် တာ့ဆန်ကို မနိုင်ကြောင်းသိပေ၏။ ထို့ကြောင့် သူက အသက်ကယ်မန္တာန်တစ်ခုကို သင်ယူလိုနေခြင်းပင်။
ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်က အဓိကအဆင့် အောင်မြင်သွားပါက သူတာ့ဆန်ကို ခုခံနိုင်မည့် အသက်ဓာတ်ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည်။ သည်အရာက သူ့အတွက် နံပါတ်တစ်ဦးစားပေး ဖြစ်လေ၏။
“ငါက နှစ်ပေါင်းငါးရာ ကျင့်ကြံပြီးတဲ့နောက်မှာ ငါ့ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်ကိုများ ရောက်နေမလဲ သိချင်မိတယ်…”
ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်း တစ်ခုကို ထုတ်လွှတ်နေကာ သူက စိတ်ထဲ၌ တွေးနေမိသည်။
“စီနီယာကျောက်ရီနဲ့ ပတ်သတ်တဲ့ ကိစ္စလည်း ရှိသေးတယ်။ ဒါက ဒီနေရာကို ငါလာရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုပဲ။ စေတီထဲမှာ ရှိနေတဲ့ စီနီယာကျောက်ရီရဲ့ နယ်ပယ်နဲ့ဆိုရင် ငါက ဓားသူတော်စင် စီနီယာကျောက်ရီကို ချိပ်ပိတ်ထားတဲ့ နေရာကို ရှာဖို့ သိပ်ခက်မှာ မဟုတ်ဘူး။ ငါက စီနီယာကျောက်ရီကို ကယ်တင်နိုင်ရင် ငါက သူ့အကူအညီနဲ့ ကောင်းကင်ဘုံဓားတွေနဲ့ဆိုရင် ငါ့ တိုက်ခိုက်မှုစွမ်းအားကလည်း အချိန်တိုအတိုး မြင့်မားလာမှာပဲ…”
“ဒါ့အပြင်ငါက အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အပြင်မှာတုန်းက ဓားကြီးတစ်လက်ကိုလည်း တွေ့ခဲ့သေးတယ်။ ဒီဓားက အတိတ်တုန်းက ငါတွေ့ခဲ့တဲ့ ချမ်းသာခြင်းဓားနဲ့ တစ်ပုံစံတည်းပဲ…”
ဝမ်လင်းမျက်လုံးထဲရှိ အလင်းက ပိုသိပ်သည်းလာခဲ့လေ၏။