သည်တုန်ခါမှုက အချိန်သိပ်မကြာလိုက်ချေ။ သို့သော် သက်ရောက်မှုကတော့ စိတ်ကူးထားသည်ထက် ပို၏။ ခုချိန်တွင် ပိုင်ရှင် မရှိသည့် ပစ္စည်းများလုံးက ပြင်းထန်စွာ တုန်ခါနေကြ၏။
သည်ကျင့်ကြံခြင်း ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများက သည်အနီရောင်အလင်းသည် မည်သည့်နေရာက လာရောက်မှန်း မသိကြချေ။
အလွန်နည်းပါးသည့် အားကောင်းလှသော ကျင့်ကြံသူအချို့သာ သည်အနီရောင်အလင်းတန်းသည် ထျန်ယွမ်ဂြိုဟ် အရှေ့ဘက် နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ပွင့်ခြင်းကနေ ထွက်ပေါ်လာကြောင်းကို သိကြလေ၏။
အနီရောင်အလင်းက နေရာတိုင်းသို့ ပျံ့နှံ့ကာ သွားခဲ့၏။ သို့သော် သည်အရာက ဒီရေလှိုင်း၏ အဆုံးသပ် မဟုတ်သေးချေ။ ခုမှ စတင်ခြင်းသာ ဖြစ်၏။
အနီရောင်အလင်းက ခဏတာတုန့်ဆိုင်သွားပြီးနောက် ပြင်းထန်စွာ တဖျပ်ဖျပ်တောက်ပသွားခဲ့သည်။ သည် တစ်ကြိမ်၌ ၎င်းက ပျံ့နှံခြင်း မရှိတော့ဘဲ တူညီသောအမြန်နှုန်းဖြင့် သည်အလင်းက ပြန်ဆုတ်လာခဲ့သည်။
အနီရောင်အလင်းတစ်ခုတည်း ပြန်ဆုတ်လာခြင်းက ကိစ္စကြီးတစ်ခုတော့ မဟုတ်ချေ။ သို့သော် ၎င်းအလင်းနှင့်အတူ ပိုင်ရှင်မဲ့နေသည့် မရေမတွက်နိုင်သောရတနာများ၊စိတ်ဝိဉာဉ်ကျောက်တုံးများ၊ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် အခြားအရာများစွာတို့ပါ အတူပါလာခဲ့သည် မဟုတ်လား။
အချို့ထူးဆန်းသော သားရဲများနှင့် အာကာသဟင်းလင်းပြင်တွင် နေထိုင်သည့် သက်ရှိပုံစံအချို့ပင် သည်အလင်းနှင့်အတူ ဆွဲယူခြင်းကို ခံရလေသည်။
သည်အခိုက်မှာပင် အနီရောင်အလင်းက ကြယ်များ၊အာကာသဟင်းလင်းပြင် နှင့် ဂြိဟ်များကို ဖြတ်သန်းကာ ပြန်လာနေသည်။ အသက်သုံးကြိမ် ရှုစာ ပြီးနောက် အရှေ့ဘက်နတ်ဆိုးစိတ်ဝိဉာဉ်ပင်လယ် အပြင်ဘက်ရှိ ကျင့်ကြံသူများအားလုံးက အနီရောင်တုန်ခါလှိုင်းများက တရကြမ်း ပြန်ရောက်လာသည်ကို တွေ့မြင်လိုက်ရတော့သည်။
သည်တုန်ခါလှိုင်းက အရှေ့ဘက်ပင်လယ်ထဲသို့ လှည့်ပတ်ကာ နီးကပ်လာနေ၏။
ဝမ်လင်း မျက်လုံးသူငယ်အိမ်ပင် ရုတ်တရပ် ကြုတ်သွားမိသည်။ သူ့မျက်လုံးထဲကနေ တုန်လှုပ်မှုတို့ ဖြစ်ပေါ်နေ၏။ သည် ဒီရေ ( အနီရောင်အလင်းတန်း) ပျံ့နှံ့သည့် မြင်ကွင်းကို သူက အစစ်အမှန် မဟုတ်သလိုပင် ခံစားနေရ၏။ သူက သည်ဒီရေပြန်ရောက်လာသည်ကို တွေ့မြင်လိုက်သည့်အခါ အသက်ဝဝမရှူသွင်းမိဘဲ မနေနိုင် ဖြစ်ရသည်။
အမှန်တော့ ဝမ်လင်းသာမက သည် ဒီရေအလင်းတန်းကို ပထမဆုံးတွေ့မြင်သည့် လူတိုင်းသည် ဝမ်လင်းတုန်လှုပ်သလို ခံစားမိကြသည်သာ ဖြစ်၏။
ခဏတွင် အနီရောင်အလင်းက အကွာအဝေးတစ်ခုတွင် ရှိနေဟန် ရကာ နောက်တစ်ခဏတွင်တော့ ၎င်းက ထိုကျင့်ကြံသူများကို ဖြတ်ကျော်လို့သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းပြား၊စိတ်ဝိညာဉ်ကျောက်တုံး၊ရတနာများနှင့် အခြားပစ္စည်းမျိုးစုံတို့သည် အနီရောင်အလင်းနှင့်အတူ အံ့မခန်းနှုန်းဖြင့် လိုက်ပါကာ ကျင့်ကြံသူများကို ဖြတ်ကျော်သွားကြ၏။
သည်အနီရောင်အလင်းထဲ၌ အလောင်းအချို့၊ သားရဲကြီးများနှင့် ကြီးမားသည့် ရတနာများပင် ပါ၏။ သို့ရာတွင် သည်အရာများအားလုံးကို အနီရောင်အလင်းက ဝန်းပတ်ထားရာ ၎င်းတို့အား ပုံရိပ်ယောင်လို ဖြစ်စေ၏။ ထို့ကြေင့် သည်အရာများက ကျင့်ကြံသူများကို ဖြတ်ကျော်သွားသည့်အခါ မည်သည့်အတားအဆီးမှ ရှိမနေခြင်းပင်။
ဝမ်လင်းက အာဏာတက်ခြင်းအဆင့်နှင့် ညီမျှသည့် ဦးချိုတစ်ချောင်းသာ ရှိသော သားရဲကြီးတစ်ကောင်က သူ့ခန္ဓာကိုယ်သို့ အံ့မခန်းနှုန်းဖြင့် ဖြတ်သွားသည်ကို သူကိုယ်တိုင် တွေ့မြင်လိုက်ရသည်။သူ့တွင် ထိုသားရဲကို ရှောင်ရန် အချိန်မရချေ။
ယင်းသားရဲက သူ့ကို ဖြတ်ကျော်သွားသည့်အခိုက်တွင် ဝမ်လင်းက အသက်ဝဝသာ ရှူသွင်းမိလိုက်သည်။သူက ရုတ်တရပ် လှည့်၍ ဖြတ်ကျော်သွားသည့် အနီရောင်အလင်းကို သေချာကြည့်လိုက်ရာ သူသိသော ရတနာများစွာကို ထို အလင်းထဲ၌ တွေ့မြင်လိုက်ရ၏။
“ကောင်းကင်သတ္တုမြေကြီး…၊ ရောနှောအရည်…၊ မှင်ကျောက်တုံး၊ လင်းရှီဦးချို…”
ဝမ်လင်းက ဖျပ်ခနဲ ကြည့်လိုက်ရတာတောင်မှ သည်လို ရတနာများကို တွေ့မြင်လိုက်ရသဖြင့် သူ့နှလုံးသားက ခုန်ပေါက်နေပေတော့သည်။ သည်အရာများအားလုံးက ရှေးဟောင်းနတ်ဘုရားများ၏ ရတနာများ သန့်စင်ရာ၌ အသုံးဝင်သည့် ပစ္စည်းများ ဖြစ်နေသည် မဟုတ်လော။
“ဒါ…ဒါက…ဒါက…” ဝမ်လင်း မျက်လုံးက အကွာအဝေးတစ်ခုရှိ အနီရောင်အလင်းတန်းကို စူးစိုက်ကြည့်ကာ အလေးအနက် ဖြစ်လာ၏။ ထိုအနီရောင်အလင်းထဲ၌ ဓားကြီးတစ်လက် ရှိလို့နေသည်။
ထိုဓားက အပေါ်ကနေ ရွှေဖြင့် အုပ်ထားသလိုမျိုး ဖြစ်နေသည်။သို့ရာတွင် ဓားပေါ်ရှိ အချို့နေရာများက ပျက်စီးနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားက အနီရောင်အလင်းများကြား၌ ပျောက်ကွယ်ကာသွား၏။
ဝမ်လင်းမျက်လုံးက ရုတ်တရပ် တောက်ပသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ သူတို့က အနီရောင်အလင်းထဲ၌ မြင်လိုက်ရသည့် ရတနာများကို ကြည့်ကာ ကိုယ်ပိုင် အစီအစည်များ ချမှတ်လိုက်ကြ၏။
သည်အနီရောင်အလင်း (ဒီရေ) ကအဆုံးသပ်ဟန် ဖြစ်လာ၏။သို့သော် ထိုအခိုက်၌ နောက်ထပ် အနီရောင်အလင်းတစ်ခုက အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာခဲ့၏။
သည်အလင်းတန်းက သာမန်ထက် လွန်ကဲနေ၏။ ၎င်းက မျက်စိတစ်မှိတ်အတွင်း နီးကပ်လာသည်။
သည်အနီရောင်အလင်း နီးကပ်လာသည့်အခါ ရှေ့ဖြစ်ဟောသူ၏ တည်ငြိမ်နေသောမျက်နှာပင် ရုတ်တရပ် ပြောင်းလဲလို့သွားသည်။
သူ့မျက်လုံးများက တိုးဝင်လာနေသော အနီရောင်လင်းကို စူးစိုက်ကြည့်နေသည်။
ဓားသူတော်စင်လင်းထျန်ဟူ မျက်လုံးသည်လည်း တောက်ပလာခဲ့၏။ သူသည်လည်း ထိုအနီရောင်အလင်းကို စူးစိုက်ကြည့်နေသည်။
သည်အခိုက်တွင် သူတို့နှစ်ယောက်သာမက အခြား ရှေးဟောင်းပုံရိပ်များသည်လည်း ထွက်ပေါ်လာကြသည်။
သည်ပုံရိပ်များက ထျန်ယွမ်ဂြိုဟ်၏ ကျော်ကြားလှသော မွန်းစတားအိုကြီးများပင်။ သူတို့၏ မူလရည်ရွယ်ချက်က သည်နေရာသို့ လူငယ်မျိုးဆက်ကို ခေါ်လာရန် ဖြစ်၏။ သို့သော် သူတို့က နောက်ဆုံးအနီရောင်အလင်းကို တွေ့မြင်လိုက်သည့်အခါ အထူးသဖြင် ထိုအလင်းထဲရှိ အရာကို တွေ့မြင်လိုက်သည့်အခါ သူတို့အားလုံးက နှစ်ထောင်ပေါင်းများစွာ ပြန်ငယ်သွားသလို ထိုးထွက်လာကြခြင်း ဖြစ်သည်။
သည်တုန်လှုပ်ဖွယ်မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အကြည့်ကို စွဲဆောင်သွားသည်။ ဝမ်လင်းသည်လည်း တိုးဝင်လာနေသည့် အနီရောင်အလင်းတန်းကို စူးစိုက်ကြည့်ကာ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။
သည်အနီရောင်အလင်းတန်းက အလွန်မြန်ဆန်သဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူများကို ဖြတ်ကျော်ကာ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ် ပင်လယ်ထဲသို့ တန်းမတ်စွာ တိုးဝင်ကာသွားသည်။
သည်အလင်းတန်းက မြန်လွန်းလှသည့်အပြင် နတ်ဘုရားအာရုံဖြင့်ပင် ၎င်းအထဲကို ကြည့်လို့မရအောင် ပိတ်ဆို့ထားသေး၏။ထို့အတွက်ကြောင့် ထိုအလင်းထဲရှိ အရာကို တိကျစွာ တွေ့မြင်နိုင်ရန် မဖြစ်နိုင်တော့ချေ။ ထိုအရာက ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့၏ အသွင်ကိုပင် ပြောင်းလဲသွားစေ၏။
ဝမ်လင်း နတ်ဘုရားအာရုံက ထိုအနီရောင်အလင်းကို ထိမိလိုက်သည့်အခါ ဝင်္ကပါထဲသို့ ပိတ်လှောင်ခံလိုက်ရသလို ဖြစ်သွားကာ ပျက်စီးသွားခဲ့သည်။ သူက ချက်ခြင်းလက်လျော့ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်သာ မဟုတ်ရင် ဒဏ်ရာပင် ရသွားနိုင်၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာက ဖြူရောသွားကြ၏။ အချို့ဆိုလျှင် သွေးအန်ထုတ်လိုက်ရကာ အားနည်းသွားဟန် ရလေ၏။ ထိုသူတို့က သူတို့နတ်ဘုရားအာရုံကို ပြန်ဆုတ်ရန် လုံလောက်အောင် မမြန်ခဲ့သည်မှာ ရှင်းလင်းနေ၏။ထို့ကြောင့် သူတို့က အနီရောင်အလင်းကြောင့် ဒဏ်ရာရသွားခဲ့ခြင်းပင်။
“ဒါကို စစ်ဆေးဖို့အတွက် နတ်ဘုရားအာရုံကို အသုံးမပြုနဲ့။ ဒါက မင်းတို့ ဂျူနီယာတွေ မြင်နိုင်တဲ့ အရာ မဟုတ်ဘူး…” ထိုအခိုက်တွင် မွန်းစတားအိုကြီးများကြားမှ ပိန်ပါးသည့်အဘိုးအိုတစ်ယောက်၏ အသံက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားခဲ့တော့သည်။
အနီရောင်အလင်းတန်းက လူတိုင်းကို ဖြတ်ကျော်သွားကာ အရှေ့ဘက်ပင်လယ်ထဲသို့ ဝင်ရန် ဟန်ပြင်လိုက်၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့မျက်ခုံးနှစ်ခုကြားတွင် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းသုံးခု ထွက်ပေါ်လာ၏။ သည်အမျှင်တန်းသုံးခုက တက်တူးသုံးခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်းနှဖူးထက်၌ လျင်မြန်စွာ တဖျပ်ဖျပ် လင်းလက်သွားသည်။
တစ်ပြိုင်နက်တည်းမှာပင် သည်တက်တူးသုံးခုက အရည်ပျော်သွားတော့မလို ဖြစ်လာကာ သူ့မျက်လုံးပတ်လည်၌ အကာတစ်ခုလို ဖြစ်ပေါ်သွား၏။
ထိုအကာ ဖြစ်ပေါ်လာသည်နှင့် ဝမ်လင်းမျက်လုံးက တောက်ပသွားကာ ထိုအလင်းက သူ့မျက်လုံး၏ တစ်လက်မအကွာထိ ချဲ့ထွက်သွားလေ၏။
သူ့အကြည့်က ကောင်းကင်နှင့်မြေကြီးကိုပင် ထွင်းဖောက်မြင်နိုင်သည့်အလား ထင်မှတ်လာရသည်။ သူ့အကြည့်က လေဟာနယ်ကို ဖြတ်၍ ပျောက်ကွယ်တော့မည့် အနီရောင်အလင်းကို လှမ်းမြင်လိုက်ရကာ ၎င်းအလင်းထဲသို့ ထွင်းဖောက်သွား၏။
သူက ထိုအနီရောင်အလင်းထဲ၌ မည်သည့်အရာ ရှိနေသည်ကို မြင်ချင်နေမိသည် မဟုတ်လား။
ဝမ်လင်း အကြည့်က ထိုအနီရောင်အလင်းကို ထွင်းဖောက်ကာ အထဲသို့ ရောက်သွား၏။ သို့သော် သူက အနီရောင်အလင်းတစ်ခုကိုသာ တွေ့မြင်ရသည်။ ထိုအခိုက်၌ ထူးဆန်းသောအားတစ်ခုက သူ့ကို တိုက်ခိုက်လာရာ သူ့ခန္ဓာကိုယ်၌ နာကျင်မှုကို ခံစားလိုက်ရသည်။
ဝမ်လင်းမျက်လုံးက ရုတ်တရပ် နီရဲလာကာ မျက်ရည်များပင် ကျဆင်းလာ၏။ ထိုမျက်ရည်များက သွေးများနှင့် ရောနှောနေခဲ့သည်။
ဝမ်လင်းက အံကြိတ်ကာ မာန်သွင်း၏။ သူ့မျက်လုံပတ်လည်ရှိ အကာအကွယ်က မီးခိုးရောင်အမျှင်တန်းများကို ထုတ်လွှတ်လာသည်။ သို့ရတွင် ထိုမီးခိုးရောင်အမျှင်တန်းက ပျံ့နှံ့သွားခြင်း မရှိဘဲ ဝမ်လင်းမျက်လုံးထဲသို့သာ ဝင်ရောက်၏။
မျက်စိတစ်မှိတ်အတွင်း ဝမ်လင်း၏ သွေးနီရောင်မျက်လုံးများထဲ၌ မီးခိုးရောင်အရိပ်အငွေ့များပါ ရှိလာသည်။
ရလဒ်အနေဖြင့် အနီရောင်အလင်းထဲရှိ သူ့အကြည့်က ပျောက်ကွယ်သွားတော့ဟန် ဖြစ်နေရာကနေ ပြန်၍ တောက်ပသွားခဲ့ကာ အနီရောင်အလင်းလွှာကို ဖြတ်၍ အထဲရှိ ထူးဆန်းသောအားနှင့် ထိတိုက်မိသည်။
နောက်ဆုံးတွင် အနီရောင်အလင်းက အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပျောက်ကွယ်သွားချင်းချင်း၌ ဝမ်လင်းအကြည့်ကလည်း ထိုအနီရောင်အလင်းလွှာကို ဖြတ်ကာ ရှေ့ဖြစ်ဟောသူနှင့်အခြားမွန်းစတားအိုကြီးများ၏ အသွင်ကို ပြောင်းလဲစေခဲ့သည့် အရာကို တွေ့မြင်လိုက်ရလေသည်။
ထိုအရာကတော့ တုန်ကင် တစ်ခုပင်။
ထိုတုန်ကင်ပေါ်၌ ရွှေရောင်သင်္ကေတများ ရေးထွင်းထား၏။
သူက ထိုတုန်ကင်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်သည့်အခါ သူပါးစပ်ထောင့်ကနေ သွေးများ စီးကျလာ၏။ နှလုံးကွဲမတက် နာကျင်မှုုကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ ဝမ်လင်းက သူ့မျက်လုံးကို ပြန်မှိတ်လိုက်သည်။
သူက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ထို အနီရောင်အလင်းက အရှေ့ပင်လယ်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သည်အချိန်တွင် ဝမ်လင်းမျက်လုံးများက လုံးဝ နီရဲနေ၏။သို့သော် မီးခိုးရောင်အမျှင်တန်းကလည်း သူ့မျက်လုံးထဲ၌ လှုပ်ရှားနေခဲ့ကာ သူ့အကြည့်က နတ်ဆိုးဆန်သောခံစားမှုကို ပေးစွမ်းလေ၏။
အကွာအဝေးတစ်ခုရှိ သွေးနီကျောက်ပြားပေါ်၌ ထိုင်နေသည့် ယောင်ရှင်းရွှယ်က ဝမ်လင်းကို မတော်တဆ ကြည့်မိသွားသည်။ သူမက ဝမ်လင်းအကြည့်ကို တွေ့မြင်လိုက်သည့်အခါ သူမခန္ဓာကိုယ်က အလိုလို တုန်ယင်သွားခဲ့ကာ မျက်နှာသည်လည်း ဖြူရောသွား၏။ သူမက ချက်ခြင်းပင် ခေါင်းငုံ့လိုက်ရ၏။ သူမ နှလုံးသားကလည်း ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။
“ဒီအကြည့်…။ ခု အဖေက ငါ့ကို ဒီလူနဲ့ ပတ်သတ်ပြီး ဘာလို့ အာရုံစိုက်ခိုင်းခဲ့လည်း သိပြီ…”