အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်၏ ဒီရေလှိုင်းက စတင်လာခဲ့သည်။ပင်လယ်က ပိုမိုမြန်ဆန်စွာ လှုပ်ခတ်လာကာ တုန်ခါသံများကလည်း ပိုကျယ်လောင်လာခဲ့၏။ အဆုံးသပ်၌ တုန်ခါမှုများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ကောင်းကင်ထက်တိုင် ချဲ့ထွက်လာသည်ဟု ထင်မှတ်ရလေ၏။ သိပ်မကြာခင်တွင် သည်ဧရိယာတစ်ခုလုံး၌ ကျယ်လောင်သော တုန်ခါမှုတစ်ခုသာ ရှိတော့သည်။
မြောလွင့်အရာများ၏ ပင်လယ်တစ်ခုလုံးက ဆူဝေနေတော့သည်။
တုန်ခါသံများက သည်ဧရိယာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။ သည်အသံက အလွန်ကျယ်လောင်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နားထဲ၌ ပဲ့တင်ထပ်လို့နေတော့သည်။
ဝမ်လင်းက သည်မြောလွင့်နေသောပစ္စည်း ပင်လယ်ကြီးကို ကြည့်ကာ သူ့မျက်လုံးက အလေးအနက်ဖြစ်လာခဲ့သည်။
သူက ပထမဆုံးအကြိမ်အဖြစ် သည်လိုနေရာမျိုးကို မြင်ဖူးခြင်း ဖြစ်သည်။ သည့်အတွက် အရာအားလုံးက သူ့အတွက် စိမ်းလို့နေ၏။ သည်နေရာနှင့် သူသိသမျှ အားလုံးကလည်း အခြားလူများနှင့် ရှုယွမ်ရှန်တို့ထံကသာ ကြားဖူးခဲ့ခြင်းပင်။
သည်လို ဒီရေလှိုင််းက အရင်တုန်းက သူ ကြားဖူးရုံသာ ရှိကာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
“ငါက ဒီနှစ်ငါးထောင်ကြာမှ တစ်ကြိမ် ဖြစ်ပေါ်တဲ့ ဒီရေလှိုင်းကို သေချာ လေ့လာကြည့်ရမယ်။ ဒီဟာက ဘယ်လောက်များ ထူးဆန်းနေမလဲ…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။
သည်အခိုက်တွင် လူတိုင်းအကြည့်က မြောလွင့်နေသောပစ္စည်း ပင်လယ်ပေါ်သို့ ကျရောက်နေကြသည်။ တုန်ခါသံများကလည်း ကျယ်လောင်သထက် ကျယ်လောင်လာကာ နောက်ဆုံးတွင် ထိုပင်လယ်ထဲကနေ စူးရှသောအသံတစ်ခု ထွက်ပေါ်လာ၏။
သည်အသံထွက်ပေါ်လာသည်နှင့် မြောလွင့်နေသည့်ပစ္စည်းများက တုန်ခါလာကာ ထူးဆန်းသောအားတစ်ခုကြောင့် စတင် လှည့်ပတ်လာလေသည်။
သည်လှည့်ပတ်မှုက ကြောက်မက်ဖွယ်ပင်။ အချို့အားနည်းသည့် ကျင့်ကြံသူများဆိုလျှင် ထိုလှည့်ပတ်လာသည့် ပင်လယ်ထဲသို့ အလိုလို မြောလွင့်လာကြသည်။ သူတို့ဘေးရှိ လူများကသာ ပြန်ဆွဲထားခြင်းကြောင့်သာ မဟုတ်လျှင် ထိုလူများက ပင်လယ်နှင့် ပေါင်းစပ်သွားမည် ဖြစ်၏။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေသည်။ သူ့တာအိုနှလုံးသာက ခိုင်ကျဉ်လှသည် မဟုတ်လား။ ထို့ကြောင့် သူက သည်လို လှည့်ပတ်မှုကြောင့် ဆွဲငင်ခြင်း ခံရမည် မဟုတ်ချေ။
အရှေ့ဘက်ပင်လယ် လှည့်ပတ်နေစဉ်မှာပင် စောနက စူးရှသည့်အသံက ပိုမို ကျယ်လောင်လာလေ၏။ သည်အသံက တုန်ခါသံများကိုပင် ဖိနှိပ်သွားခဲ့သည်။နောက်ဆုံးတွင် အစိမ်းရောင်အခိုးငွေ့တစ်ခုက အရှေ့ပင်လယ်အတွင်းဘက်ရှိ မြောလွင့်နေသည့် ပစ္စည်းများထံကနေ ထွက်ပေါ်လာခဲ့သည်။
ထို အခိုးငွေ့ ထွက်ပေါ်လာသည်နှင့် ၎င်းက စတင်ပျံ့နှံ့လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်လယ်အပြင်ဘက်သည် အစိမ်းရောင်အခိုးငွေ့ဖြင့် ဝန်းရံကာသွားသည်။
သို့ရာတွင် ထိုအစိမ်းရောင်အခိုးငွေ့က ချက်ခြင်း ဆူပွက်လာကာ ဗဟိုတွင် စုဝေးလာ၏။ အဘက်ဘက်မှ ပြင်းထန်သောအားတစ်ခုဖြင့် ဖိနှိပ်လိုက်သကဲ့သို့ ထိုအစိမ်းရောင်အခိုးငွေ့နှင့် မြောလွင့်နေသည့် ပစ္စည်းများက ချက်ခြင်းပင် ဗဟို၌ စုဝေးသွား၏။
အစိမ်းရောင်အခိုးငွေ့များနှင့် မြောလွင့်နေသော ပစ္စည်းများ စုဝေးက ထူးဆန်းသော ရေတိုင်လုံးကြီးတစ်ခု ဖြစ်ပေါ်၏။
သည်ရေတိုင်လုံးကြီးက အသေမဟုတ်ဘဲ ဆက်လက်၍ ကြီးထွားလာနေသည်။ ၎င်းက ပိုကျယ်ပြောရှည်လျားလာကာ ပေတစ်ထောင်ကျော် ရှိလာ၏။
ဓားသူတော်စင် လင်းထျန်ဟူ မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက စတင်ပြီ…”
“ဒီတစ်ကြိမ် ဒီနေရာမှာ ဘာကိုများ စွဲငင်မလဲ ငါ သိချင်မိတယ်…” ရှေ့ဖြစ်ဟောသူ၏ တည်ငြိမ်နေသော မျက်လုံးထဲ၌လည်း ရောင်စုံခုနစ်ခု ဖျပ်ခနဲ တောက်ပသွား၏။
ထိုအချိန်မှာပင် အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ပွင့်ခြင်းကို မြင်တွေ့ခဲ့ဖူးသည့် ကျင့်ကြံသူအားလုံးက ထို ရေအပေါက်ကြီး ပေါ်သို့သာ ကျရောက်နေတော့သည်။
သည်အစိမ်းရောင် တိုင်လုံးက နတ်ဘုရားအာရုံ အကျယ်အဝန်းရောက်သည့် အထိ ဆက်လက် ရှည်လျား လာခဲ့သည်။
သည်အခိုက်မှာပင် ဝမ်လင်းက တုန်လှုပ်ဟန် ဖြစ်ပေါ်လာ၏။ အစိမ်းရောင်တိုင်လုံးက ဆက်လက်ကြီးထွားစဉ်၌ ကောင်းကင်ဘုံခွန်အားနှင့်တူသည့် ဖိအာတစ်ခုက ၎င်းထံကနေ ဖြည်းဖြည်းချင်း စတင် ပျံ့နှံ့လာခဲ့သည်။
သည်ကောင်းကင်ဘုံခွန်အား အမျှင်တန်းကပင် ဝမ်လင်းကို သူ့အပေါ်၌ တောင်များ သောင်းနှင့်ချီ ဖိထားသလို ခံစားရစေသည်။ သူ့ခန္ဓာကိုယ်ထံကနေ အက်ကွဲသံများပင် ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်က အချိန်မရွေး ပျက်စီးသွားတော့မည့်အလားပင်။
“အရမ်း အားကောင်းလွန်းတယ်…” ဝမ်လင်းမျက်လုံးထဲကနေ အညံမခံသည့်အကြည့်တို့ ထွက်ပေါ်လာ၏။ သူ့မျက်ခုံးနှစ်ခုကြားကနေ မီးခိုးရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာကာ တက်တူးအမှတ်အသားအဖြစ်သို့ ပြောင်း၍ သူ့ခန္ဓာကိုယ်အား လျင်မြန်စွာ ဖုံးအုပ်ကာ သွားသည်။
သည့်အတွက်ကြောင့် သူက သည်ဖိအားကို တောင့်ခံနိုင်သွား၏။
ဝမ်လင်းက ခုလိုဖြစ်နေစဉ်တွင် ပတ်ဝန်းကျင်ရှိ များစွာသော ကျင့်ကြံသူများ၏ အခြေအနေက ပိုဆိုးနေ၏။ သူတို့မျက်နှာများက အလွန်အမင်း ဖြူရောကာ နောက်သို့ အတင်းဆုတ်နေရသည်။ သူတို့အကြီးအကဲနှင့် ဆရာများက သူတို့အတွက် ဖိအားကို တောင့်ခံပေးထားခြင်းကြောင့်သာ မဟုတ်လျှင် လူများစွာက ပျက်စီး သေဆုံးသွားရပေလိမ့်မည်။
ထိုအခိုက်တွင် သည်လိုမြင်ကွင်း အဖြစ်အပျက်က ကျင့်ကြံသူများစွာအတွက် သူတို့ ဘဝတွင် မေ့ပစ်နိုင်တော့မည် မဟုတ်ချေ။
အစိမ်းရောင်တိုင်လုံးကြီးက ရုတ်တရပ် ပြိုကျလာကာ အနီရောင်အလင်းတန်းများက ၎င်းထံကနေ ဆက်တိက်ထွက်ပေါ်လာနေ၏။ ထိုအနီရောင်အလင်းတန်းများ ရူးသွယ်ဖွယ် ပျံ့နှံ့ကာ ၎င်းအလင်းတန်းတို့က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကိုပင် ဖြတ်ကျော်ကာ ဟင်းလင်းပြင်အနက်ပိုင်းသို့ သွားရောက်ကြလေ၏။
အစိမ်းရောင်တိုင်လုံးကြီးက ဆက်လက်ပြိုကျနေစဉ် အနီရောင်အလင်းများကလည်း ပိုပို ထွက်ပေါ်လာ၏။ အနီရောင်အလင်းက အံ့မခန်း အမြန်နှုန်းဖြင့် ပျံ့နှံ့လို့နေသည်။
သည်အချိန်၌ ထျန်ယွမ်ဂြိုဟ်ပေါ်၏ တားမြစ်ဧရိယာများထဲက တစ်ခု ဖြစ်သည့် အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်သည် အစိမ်းနှင့်အနီအလင်းများဖြင့် ဖုံးအုပ်ကာ နေတော့သည်။
အစိမ်းရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်ကာ အနီရောင်အလင်းက အစားထိုးလာခဲ့၏။ သည်အနီရောင်က သွေးရောင်မဟုတ်ဘဲ နေမင်း၏ တောက်ပသော အရောင်နှင့် ပိုဆင်တူ၏။
သည်အနီရောင်အလင်းက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လေသည်။
ထိုအနီရောင်အလင်းက မည်မျှအကွာအဝေးထိ ပျံ့နှံ့မည်ကို လူအနည်းငယ်လောက်သာ သိ၏။
ထျန်ယွမ်ဂြိုဟ်နှင့် အဝေးရှိ အပျက်အစီးဂြိုဟ်အချို့ပေါ်တွင် သည်အနီရောင်အလင်းက ဖုံးအုပ်နေ၏။ အလွန်ဝေးကွာလှသည့် ဟင်္သာပြဒါးဂြိုဟ်ပင် ထိုအလင်း၏ သက်ရောက်မှုကို ခံရ၏။ ခုလက်ရှိတွင် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ကျောက်ဝူထိုင်က ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံး နီရဲနေသည်ကို တွေ့လိုက်ရ၏။
ပိုဝေးသော နေရာရှိ ဂြိုဟ်များပင် ထိုအနီရောင်အလင်း၏ ဖုံးလွှမ်းခြင်းကို ခံရပေသည်။
အရှေ့ပင်လယ်ကနေ နှစ်ငါးထောင်တိုင်း တစ်ကြိမ် ပျံ့နှံ့လာသည် ထိုအနီရောင်အလင်းသ်ည မည်မျှ အကွာအဝေးထိ ရောက်မည်ကို တိကျရှင်းလင်းစွာ တွက်ချက်၍ မရချေ။
သည်အချိန်မှာပင် အနီရောင်အလင်းက အကန့်အသန်ကို ရောက်သွားကာ ပျံ့နှံ့နေရာကနေ ရပ်တန့်သွား၏။ သို့ရာတွင် ထိုအလင်း ဖြတ်သန်းသွားခဲ့သည့် နေရာတိုင်းတွင် ကောင်းကင်ကို တုန်လှုပ်စေနိုင်လောက်သည့် အဖြစ်အပျက် ဖြစ်ပွားနေ၏။
ထိုအလင်း ဖြတ်သွားခဲ့သည့် ကြယ်များ၊ဂြိုဟ်များ နှင့် အာကာသ ဟင်းလင်းပြင် တို့ကြားရှိ ရတနာများ၊ ကျောက်စိမ်းပြား၊ စိတ်ဝိညာဉ်ကျောက်တုံး၊ ကောင်းကင်ဘုံ ကျောက်စိမ်းပြား၊ အလောင်းများ၊ ရှေးဟောင်းဓားများ၊ ကောင်းကင်ဘုံမန္တာန်၊ ရှေးဟောင်းကျင့်ကြံခြင်း ရတနာများနှင့် အမျိုးမျိုးသောအရာများအားလုံးက မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ထိုအနီရောင်အလင်း ရောက်သည့်နေရာ ဖြစ်နေသ၍ ၎င်းတို့က ပိုင်ရှင်မရှိရင် စတင်တုန်ခါလာကြတော့၏။