ရှုယွမ်ရှန်က ထိုသို့ ပြောဆိုပြီးသည့်နောက် ခရမ်းရောင်အလင်းတန်းတစ်ခုက တဟုန်ထိုး ပျံသန်းလာတော့သည်။ ၎င်းအလင်းတန်းက နီးကပ်လာပြီး မြေပေါ်သို့ ကျဆင်းလာသည့်အခါ ဝမ်လင်းအသွင် ထွက်ပေါ်လာ၏။
ဝမ်လင်းက ပြုံး၍ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “ငါက ဒီကိုလာတဲ့ လမ်းမှာ နည်းနည်း နှောင်နှေးစရာလေး ကြုံခဲ့လို့ပါ။ အကို ရှုက ငါ့ကို စောင့်နေလိမ့်မယ်လို့ မထင်ထားမိဘူး…”
ရှုယွမ်ရှန်က ရယ်မောကာ ပြောလိုက်သည်။ “ ပြဿနာ မရှိပါဘူး။ ငါက မနေ့ကတည်းက အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို သွားဖို့ ကြံထားတာ။ ဒါပေမဲ့ အကိုဝမ်လည်း ရှေ့ဖြစ်ဟောသူ ရွေးချယ်ထားတဲ့ တစ်ယောက်ဆိုတာ ကြားခဲ့ရတော့ အကိုဝမ်ကို ရက်အနည်းငယ် စောင့်နေဖို့ ဆုံးဖြတ်လိုက်တာပဲ။ ငါတို့ အတူ သွားလို့ရတာပေါ့။ ငါက အလျင်မလိုပါဘူး…”
ဝမ်လင်းက သူ့ကို နွေးထွေးစွာ ပြုံးပြကာ ပြော၏။ “ဒီအတွက့် ကျေးဇူးတင်ပါတယ်…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းက ရှုယွမ်ရှန် ဘေးနားရှိ လူများကို ကြည့်လိုက်သည်။
ရှုယွမ်ရှန်က ရယ်မောလိုက်၏။ “ဒီသုံးယောက်ကတော့ ရွှမ်ယွမ်ကလန်ရဲ့ အကြီးအကဲ သုံးယောက်ပဲ။ သူတို့က လမ်းမှာ ငါ့ကို စောင့်ရှောက်ကြမှာ။ ငါ့ကျင့်ကြံမှုအဆင့်က အကိုဝမ်ကို မယှဉ်နိုင်ဘူးလေ။ အာ…အဖေအမိန့်ကြောင့်သာ မဟုတ်ရင် ငါက နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို မသွားချင်ဘူး…”
ဝမ်လင်းက ပြုံးလိုက်၏။ “အကိုရှုက ရယ်စရာ ပြောတက်သားပဲ…”
ပန်းရောင် ဝတ်စုံနှင့် မိန်းကလေးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူမ အကြည့်ထဲ၌ အံ့အားသင့်ဟန် တို့ပါဝင်နေသည်။
ရှုယွမ်ရှန်က မိန်းကလေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အကိုဝမ်…ဒါက ငါ့ညီမလေး ရှုယွမ်နန်…” ထိုသို့ပြောပြီးနောက် သူက သူမကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။ “ဒါက ရှေ့ဖြစ်ဟောသူရဲ့ ပင်မတပည့် ဝမ်လင်း…။ နင်က ဘာလို့ သူ့ကို မနှုတ်ဆက်ရတာလဲ…”
ရှုယွမ်နန်က သူမ နှာခေါင်းကို ပွတ်ကာ ဝမ်လင်းကို နှုတ်ဆက်၏။ သူမ အသံလေးက တေးဆိုငှက်အလားပင်။ “ယွမ်နန်က စီနီယာအကိုဝမ်ကို နှုတ်ဆက်ပါတယ်…”
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်သည်။ သူက သူမကို နောက်ထပ် မကြည့တော့ဘဲ သူ့အကြည့်က တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ပေါ်သို့ ကျရောက်သွားသည်။
ရှုယွမ်ရှန်က လူတော်တစ်ယောက်ပင်။ သူက ဝမ်လင်းအတွေးကို သိနေခဲ့၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “အကိုဝမ်…နည်းနည်း နောက်ကျနေပြီ။ ဒီတော့ ငါတို့ သွားကြမလား…”
ဝမ်လင်းက ခေါင်းညိတ်ပြ၏။ထို့နောက် သူတို့နှစ်ယောက်က ပုခုံးချင်းယှဉ်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အလယ်သို့ လှမ်းလျှောက်သွားကြတော့သည်။
ရှုယွမ်ရှန်က လမ်းလျှောက်နေရင်း သူက ခေါင်းမလှည့်ဘဲ ဖြည်းညင်းစွာ ပြောလိုက်၏။ “ရွှမ်ယီ…ပြန်လာခဲ့တော့…”
ရွှမ်ယီက စကားတစ်ခွန်းမှ မပြောဘဲ အခြားအကြီးအကဲ နှစ်ယောက်နှင့်အတူ အစီအရင်ထံသို့ လှမ်းလျောက်သွားလိုက်၏။ အစီအရင်ပြင်ပ၌ ကျန်နေခဲ့သည်သူ ဟူ၍ ပန်းရောင်မိန်းကလေးသာ ရှိသည်။ သူမက ရှုယွမ်ရှန်ကို လှမ်း၍ အော်ပြောလိုက်၏။ “အကိုကြီး…ငါ့ကို လိုက်ခွင့်ပြုပါ…”
ရှုယွမ်ရှန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်၏။ “မရဘူး…”
“အစီအရင်ကို အသက်သွင်းတော့…”
သူ့အသံ ဆုံးသည်နှင့် အစီအရင်ပြင်ပတွင် ရှိနေသည့် တပည့်ရာချီက မျက်လုံးဖွင့်လာကာ သူတို့ စိတ်ဝိညာဉ်စွမ်းအင်များကို စတင် အသုံးပြုလိုက်ကြ၏။ ထိုအခါ များစွာသော စိတ်ဝိညာဉ်များက အစီအရင်ထဲသို့ ဝင်ရောက်လို့သွားတော့သည်။
သည်အစီအရင်က သာမန်တည်နေရာ ရွှေ့ပြောင်းနိုင်သည့် အစီအရင်မျိုးမဟုတ်ဘဲ အာကာသဟင်းလင်းပြင်ထဲသို့ပါ ပို့ဆောင်ပေးနိုင်သည့် အရာမျိုး ဖြစ်သည်။ သည်အစီအရင်ကို အသက်သွင်းရန် ကုန်ကျသည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများက လွန်စွာ များပြား၏။
အစီအရင်ထံကနေ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာကာ ပြင်းထန်သောအားများက ပျံ့နှံ့လာခဲ့၏။
ထို တပည့်ရာချီ၏ မျက်နှာများပင် ဖြူရောသွားကြ၏။ သို့သော် မည်သူကမျှ တစ်လက်မပင် လှုပ်ရှားခြင်း မရှိချေ။
သိပ်မကြာခင်တွင် ပေရာချီ ရှိသည့် သက်တံတစ်ခုက ရုတ်တရပ် အထက်သို့ ထိုးတက်လာကာ ကောင်းကင်ထက်သို့ ထွင်းဖောက်သွား၏။ အလင်းအဝန်းများကလည်း ကောင်းကင်ထက်၌ ပျံ့နှံ့လာကာ သည်ဂြိုဟ်၏ ကောင်းကင်အနှံ့တွင် သည် တုန်ခါလှိုင်း အလင်းအဝန်းများဖြင့် ဖုံးလွှမ်းသွား၏။
သည်တုန်ခါမှုက ခဏအကြာတွင် ပြန်ပျောက်ကွယ်သွားတော့၏။
သည်သက်တံက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် အစီအရင်ဘေးရှိ မိန်းကလေးက ဂုဏ်ယူဟန်အသွင် ဖြစ်ပေါ်လာ၏။ သူမက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။
“ဟက်…အကိုကြီး…နင်က ငါ့ကို ထားခဲ့ချင်ပေမဲ့ ငါက နင်တို့နောက်ကို တိတ်တိတ်လေး လိုက်လာရုံပေါ့။ ငါက အဖေ့ဆီကနေ တည်နေရာထောင်ချီ ရွှေ့ပြောင်းခြင်း ကျောက်စိမ်းပြားကို ခိုးယူထားခဲ့တယ်။ ဒါနဲ့ဆိုရင် ငါက နောက်ကနေ လိုက်နိုင်ပြီ။ ငါက အရှေ့ဘက်ပင်လယ်မှာ ရတနာအချို့ကိုတောင် ရှာတွေ့ချင် တွေ့နိုင်သေးတယ်…”
ကျောက်စိမ်းပြားက သူမ လက်ထဲ၌ ပေါ်လာသည့်အခိုက်တွင် အဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာပြီး ထိုမိန်းကလေးကို ချက်ခြင်း ဝန်းရံသွားတော့၏။ အဖြူအလင်းတစ်ချက်တောက်ပမှုနှင့်အတူ သူမခန္ဓာကိုယ်ကလည်း အဖြူအလင်းအဖြစ်သို့ ပြောင်းကာ သက်တံနှင့် ပေါင်းစပ်သွား၏။
ထျန်ယွမ်ဂြိုဟ် အရှေ့ဘက်၊ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဝင်ပေါက် တည်ရှိသော နေရာ။
၎င်းပင်လယ် ဝင်ပေါက်က ပွင့်ရန် သုံးရက်သာ ကျန်တော့၏။
သည်နားပတ်လည်ရှိ ကျင့်ကြံသူများ၏ ပမာဏကလည်း ကြောက်ဖို့ကောင်းလောက်အောင် တိုးလာခဲ့သည်။ သည်နေရာ၌ အနည်းဆုံး လူတစ်သောင်းလောက် ရှိပေမည်။ သို့ရာတွင် သည်လူများအားလုံးက အထဲသို့ ဝင်ရောက်ကြမည် မဟုတ်ချေ။ တကယ်တော့ သည်နေရာရှိ လူအများစုက ဒီရေလှိုင်းကို ကြည့်ရန် လာရောက်နေကြခြင်းပင်။
တကယ်တော့ သည်အရာက နှစ်ငါးထောင်ကြာမှ တစ်ကြိမ် ဖွင့်လှစ်ခြင်းပင်။ အချို့ကျင့်ကြံသူများအတွက်ဆိုလျှင် သူတို့တစ်ဘလုံးစာနှင့်ပင် ညီမျှပေ၏။
လူတစ်ယောက်က ယင်ယန်အဆင့်ကို ခြေချနိုင်ခြင်းမရှိဘဲ ပထမအဆင့်ကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ နှစ်ပေါင်း ငါးထောင်ကြာ အသက်မရှင်နိုင်ချေ။
ပြင်ပ၌ တွေ့ရခဲသည့် မွန်းစတားအိုကြီးများပင် သည်အရှေ့ပင်လယ်သို့ ရောက်ရှိလာခဲ့ကြ၏။ အချို့က သူတို့ကိုယ်တိုင်လာရောက်ကာ အချို့ကတော့ သူတို့တပည့်များနှင့်အတူ လာရောက်ကြခြင်းပင်။
ကံကောင်းစွာဖြင့် သည်မွန်းစတားအိုကြီးများက တစ်ယောက်နှင့်တစ်ယောက် သိကြ၏။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် နှောက်ယှက်ကြခြင်း မပြုချေ။ ဥပမာအနေဖြင့် သွေးဘိုးဘေးသမီး ဖြစ်သူ ယောင်ရှင်းရွှယ်ပင်။ မည်သူကမျှ သူမနှင့် ပေတစ်ထောင်ပတ်လည်သို့ ခြေချခြင်း မပြုကြချေ။
သည်နေ့တွင် ဝင်ပေါက်ပွင့်ရန် နှစ်ရက်သာ ကျန်တော့၏။
လေဟာနယ်ထြ၌ အလင်းစက်များစွာ ပေါ်လာခဲ့သည်။ သည်အလင်းစက်များက အားကောင်းသော မုန်တိုင်းတစ်ခု ရောက်လာသကဲ့သို့ ပြင်းထန်သော ဖိအားကို ဖန်တီးလို့နေသည်။
ထိုအခိုက်တွင် ကျော်ကြားလှသော မွန်းစတားအိုကြီးများမှ လွဲ၍ အခြားကျင့်ကြံသူများအားလုံး၏ အသွင်က ပြောင်းလဲသွားကြသည်။ သွေးဘိုးဘေးသမီး ဖြစ်သူ ယောင်ရှင်းရွှယ်ပင် မျက်လုံးဖွင့်လာခဲ့လေ၏။
ယောင်ရှင်းရွှယ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဓားသူတော်စင်…”
အကွာအဝေးတစ်ခုမှ လာနေသော ရွှေရောင်အလင်းစက်များက ရှေးဟောင်းဓားများ အဖြစ်သို့ ပြောင်းလဲသွားကြ၏။ ထို့နောက် ဓားစွမ်းအင်တန်းများကပါ ရုတ်တရပ် နီးကပ်လာကာ အားကောင်းသော ဖိအားကို ဖြစ်စေ၏။ သူတို့က နီးကပ်လာသည်နှင့် အရှေ့ပင်လယ် ပတ်လည်ရှိ ကျင့်ကြံသူအားလုံးက လမ်းရှင်းပေးလိုက်ကြသည်။
သည်မြင်ကွင်းက အခြားမွန်းစတားအိုကြီးများ ရောက်လာသည်ထက် ပိုမို ကြီးကျယ်နေသေး၏။
သည်ဓားစွမ်းအင်များစွာ ကြား၌ ချီလင်သားရဲကြီး တစ်ကောင်ရှိနေသည်။ လင်းထျန်ဟူက ထို ချီလင်သားရဲဦးခေါင်းထက်၌ ထိုင်နေကာ သူ့မျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။
သူ့နောက်ရှိ ပုံရိပ်ယောင်ဓားလေးလက်က သူ့ကို ပို၍ ကြမ်းကြုတ်အောင် ပြုလုပ်ပေးနေသည်။
ဓားသူတော်စင် လင်းထျန်ဟူ နောက်၌ လူဆယ့်နှစ်ယောက် ရှိနေ၏။
သည် ဆယ့်နှစ်ယောက်လုံး၏ ကျောဘက်တွင် ရှေးဟောင်းဓားတစ်လက်စီ လွဲပိုးထားကြသည်။ ထိုဓားတစ်လက်ချင်းစီကနေလည်း မျာစွာသော သားရဲ ပုံရိပ်ယောင်များ ထွက်ပေါ်လျက် ရှိနေ၏။
“ဓားဆယ့်နှစ်လက်…” အချို့လူများက သည်လူဆယ့်နှစ်ယောက်ကို သိရှိကြ၏။
ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ လူတိုင်းသည် ဓားသူတော်စင်က ရှေ့ဖြစ်ဟောသူ နှင့် အမြဲ ပြိုင်ဆိုင်နေသူ ဖြစ်ကြောင်း သိကြသည်။ ထိုပြိုင်ဆိုင်မှုက နှစ်ပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်သလို ဆက်လက်၍ ဖြစ်နေဦးမည်သာ။
ရှေ့ဖြစ်ဟောသူ ဓားသူတော်စင်ထက် ခေါင်းတစ်လုံးသာ ခဲ့ပြီး ဖြစ်၏။ သို့သော် ဓားသူတော်စင်က ဘယ်တော့မှ စိတ်ဓာတ်ကျသွားခြင်း မရှိသလို ထိုယှဉ်ပြိုင်မှုကို ရပ်တန့်ခြင်းလည်း မရှိချေ။
ရှေ့ဖြစ်ဟောသူက ကောင်းကင်ကံကြမ္မာ တပည့်ခုနှစ်ယောက် ရှိသည်။ သူကလည်း တာ့လော့ဓားကလန်၏ ဓားဆယ့်နှစ်လက်ကို ဖန်တီးခဲ့ပေသည်။
သည် တပည့်ခုနှစ်ယောက်က ကောင်းကင်ဘုံမန္တာန်များကို အမွေအနှစ် ရရှိထားသလို ဓားဆယ့်နှစ်လက်ကလည်း သူတို့ကို ကာကွယ်ပေးနိုင်ရန် နတ်ဆိုးသားရဲစိတ်ဝိညာဉ်များ ပိုင်ဆိုင်ထား၏။
ဓားသူတော်စင် ရောက်လာသည့်အခိုက်တွင် ကီလိုမီတာ ငါးဆယက် ရှင်းလင်းသွား၏။ ထို ကီလိုမီတာ ငါးဆယ်အတွင်း ဓားသူတော်စင်နှင့် သူ့တပည့် ဓားဆယ့်နှစ်လက်တို့သာ ရှိကြ၏။
လင်းထျန်ဟူ အသွင်က သုန်မှုန်နေ၏။ သူက မူလတုန်းက သည်နေရာသို့ စောမလာရန် လုပ်ထားခြင်းပင်။ သို့သော် သည်ခရီးက သူ့အတွက် အလွန်အရေးကြီးလို့ နေ၏။ သူက မြောလွင့်နေသောပစ္စည်းများ၏ ပင်လယ်ကို ကြည့်ကာ အတိတ်ကိုအမှတ်ရနေသည့်ဟန် ဖြစ်ပေါ်သွား၏။
အတိတ်တုန်းက သူက ကောင်းကင်ဘုံနယ်မြေကနေ ပြန်လာသည့်အချိန် ဓားစိတ်ဝိညာဉ်တစ်ခုက သူ့နောက်သို့ လိုက်ပါခဲ့၏။ သူ့ကို တုံလှုပ်မှု အဖြစ်စေဆုံးက သည်ဓားစိတ်ဝိညာဉ်၏ စွမ်းအားပင်။ အဆုံးသပ်၌ သူက ၎င်းကို သည်နေရာသို့ လှည့်ဖျားကာ အထူးမန္တာန်တစ်ခုကို အသုံးပြု၍ သည်အရှေ့ပင်လယ်ထဲ၌ ချုပ်နှောင်ထားနိုင်ခဲ့သည်။
သည်တစ်ကြိမ် သူက ဒီရေလှိုင်း၏ စွမ်းအားကို ငှားရမ်းကာ ထိုဓားစိတ်ဝိညာဉ်ကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အနက်ပိုင်းသို့ တွန်းပို့ရန် ဖြစ်သည်။ ထို့မှသာ ၎င်းက ဘယ်တော့မှ ပြန်မလာနိုင်မှာ ဖြစ်၏။
“ဒီဓားစိတ်ဝိညာဉ်က အမျိုးသမီးကောင်းကင်ဘုံ ဗိုလ်ချုပ် နဲ့ ဆက်နွှယ်နေတယ်။ ဒါက အလွန်စွမ်းအားကောင်းပေမဲ့ ငါ့ စကားကို နားမထောင်ဘူး။ ငါ့ စကားကို နားမထောင်ရင် ဘယ်သူ့မှလည်း ဒီစိတ်ဝိညာဉ်ကို မပိုင်ဆိုင်စေရဘူး။ အထူးသဖြင့် သူခိုးအိုကြီး ရှေ့ဖြစ်ဟောသူပဲ…”
လင်းထျန်ဟူက နှာခေါင်းရှုံ့လိုက်၏။ သူ့အသွင်ကလည်း သုန်မှုန်နေဆဲသာ။
လင်းထျန်ဟူက တွေးတောစဉ်းစားနေရင်း သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွား၏။ သူက လေဟာနယ်ထဲသို့ ကြည့်ကာ ထူးဆန်းသောအလင်းကို ထုတ်လွှတ်လာသည်။
လေဟာနယ်ထဲ၌ အေးစက်သော တိမ်ထုတစ်ခုက ရုတ်တရပ် ပေါ်လာခဲ့သည်။ သည်တိမ်ထုက အစိမ်းရင့်ရောင် ရှိကာ အရိုးခေါင်းများနှင့် ပြည့်နေ၏။
အချို့အရိုးခေါင်းများပေါ်၌ တောက်ပမှုအချို့ပင် ရှိလို့နေသေးသည်။
သည်အရိုးခေါင်းများထဲ၌ တစ်ခုက အလွန်ပင် ကြီးလှ၏။ သည်တစ်ခုက ရှေးဦးသားရဲတစ်ကောင်၏ ဦးခေါင်းခွံ ဖြစ်သည်မှာ ရှင်းလင်းနေပေသည်။ ထိုအရိုးခေါင်းပေါ်၌ သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်နေ၏။
ထိုလူက သေဆုံးခြင်းအော်ရာ တစ်ခု ဝန်းရံကာနေသည်။
သူက တိုက်ရိုက် တိုးဝင်လာနေပြီး မည်သူ့မျှ မဝင်ရဲသည့် ဓားသူတော်စင်လင်းထျန်ဟူ ရှိသည့် ကီလိုမီတာ ငါးဆယ် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုသက်လတ်ပိုင်းလူကြီးက ကျောချမ်းဖွယ်ရယ်မောကာ ပြောလိုက်သည်။ “မိတ်ဆွေဟောင်းကြီး လင်းထျန်…”
ဓားသူတော်စင်လင်းထျန်ဟူက ပြုံး၍ ပြောလိုက်၏။ “လောဘကြီး…”
သည် လောဘကြီးက သူ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်ရန် ရှေးဟောင်းကျင့်ကြံသူများကို ဝါးမြိုလိုနေသည့် ဟင်္သာပြဒါးဂြိုဟ်ပေါ်က တစ်ယောက်ပင်။ သူက နတ်ဘုရားပြစ်ဒဏ်ထွက်ပေါ်လာသည့်နေရာကို ရှာတွေ့ချင်နေသူလည်း ဖြစ်၏။
သည်လူက စစ်ထူနန်စီကနေ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို ခိုးယူရန် ကြိုးစားခဲ့သည့် သူများထဲက တစ်ယောက်လည်း ဖြစ်နေသည်။
စစ်ထူနန်ကို ရှောင်လွှဲချင်သဖြင့် သူက သူ့မိတ်ဆွေဟောင်း ဓားသူတော်စင်လင်းထျန်ဟူထံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“မင်းက ဘယ်လိုလုပ် ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့ရတာလဲ…” ဓားသူတော်စင်လင်းထျန်ဟူက ချက်ခြင်းပင် လောဘကြီး၏ ဒဏ်ရာများက လုံးဝ ပြန်မကောင်းသေးသည်ကို သိလိုက်၏။
လောဘကြီး၏ မျက်လုံးများထဲကနေ တစ္ဆေဆန်သည့် အလင်းတစ်ခု ထုတ်လွှတ်သွားကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီဇာတ်လမ်းက ရှည်လျားတယ်။ ငါက မင်းကို ရှာဖို့ တာ့လော့ဓားကလန်ကို သွားခဲ့သေးတယ်။ ငါက မင်း ဒီနေရာမှာ ရှိတယ်ဆိုတာ ကြားတာနဲ့ ချက်ခြင်းလိုက်လာခဲ့တဦ။ ငါက မင်းကို အခွင့်ရေးကောင်းကြီးတစ်ခု ပေးချင်တယ်။ မင်းနဲ့ငါသာ ပူးပေါင်းမယ်ဆိုရင် မင်းက အဘိုးကြီး ရှေ့ဖြစ်ဟောသူ ထက် ခေါင်းတစ်လုံးသာတဲ့လူ ဖြစ်လာနိုင်လိမ့်မယ်…”