ထျန်ယွမ်ဂြိုဟ်အနီးပတ်လည်တွင် ထူးဆန်းသော နေရာတစ်ခု ရှိသည်။
အကွာအဝေးတစ်ခုမှ ကြည့်လျှင် သည်နေရာက မြောလွင့်နေသောအရာများစွာ စုဝေးနေကာ အဆုံးမရှိပင်လယ်တစ်ခုအလား ထင်မှတ်ရမည် ဖြစ်သည်။
ထိုနေရာ၌ အစိမ်းနှင့်အနီ အရောင်နှစ်မျိုး ရှိနေ၏။ မြောလွင့်နေသောအရာများက သည်အရောင်နှစ်ရောင် ရှိလေ၏။
နှစ်ပေါင်းငါးထောင်ကြာတိုင်း သည်မြောလွင့်နေသောအရာများ ရှိသည့် ပင်လယ်ကြီးကနေ ထူးဆန်းသောအားတစ်ခုကို ထုတ်လွှတ်ကာ သည်စွမ်းအားက ပင်လယ်ထဲသို့ ထူးဆန်းသောအရာတော်တော်များများကို စုပ်ယူလေ့ ရှိ၏။
သည်ထူးဆန်းသောအရာများထဲတွင် အလောင်းများ၊ရတနာများပါဝင်ပေ၏။
သည်နေရာက စုပ်ယူခြင်းသာ ရှိကာ ပြန်လည် ထုတ်ပေးခြင်း မရှိသည့် ရတနာသင်္ချိုင်းကြီးတစ်ခုအလားပင်။ သင်က သည်ရတနာများကို လိုချင်လျှင် ယင်းပင်လယ်ထဲသို့ ဝင်ရောက်ရပေမည်။
သည်နေရာက မည်သို့ ဖြစ်ပေါ်နေသည်ကို မည်သူမျှ မသိကြချေ။
အချို့လူများကတော့ သည်နေရာက ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ယောက်၏ နန်းတော်တစ်ခု ဖြစ်နိုင်သည်ဟု ပြောကြပေ၏။ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ ပြိုကျပြီးနောက် သည်နေရာပါ ဖိသိပ်ခံရကာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းသွားခြင်းပင်။ သို့ရာတွင် ခုလူတိုင်းမြင်နေရသည့် အပျက်အစီးပုံကြီးက အားကောင်းလှသော မန္တာန်တစ်ခုဖြင့် ဖန်တီးထားသည့် နေရာတစ်ခုလိုသာ ဖြစ်နေ၏။
နောက်ထပ် ကောလာဟာလများလည်း ရှိသေး၏။ သည်နေရာက အခြား ဟင်းလင်းပြင်တစ်ခုနှင့် ချိတ်ဆက်ထားသည် ဟူ၍ပင်။
သည်လိုနှင့် သည်နေရာနှင့် ပတ်သတ်သော ကောလဟာလမျိုးစုံ ရှိလို့နေသည်။
သည် အစမသိရသည့် ပင်လယ်က ထျန်ယွမ်ဂြိုဟ်၏ အရှေ့ဘက်ခြမ်းတွင် ရှိသည်။ သည့်အတွက်ကြောင့် အချိန်အတန်ကြာကတည်းက သည်နေရာကို အရှေ့ဘက်ပင်လယ်ဟု ရည်ညွှန်းခဲ့ကြပေသည်။
အတိတ်တုန်းက ရှေ့ဖြစ်ဟောသူက သူ့ပထမဆုံးတာအိုကို ပြီးပြည့်စုံခဲ့သည့်အချိန်တွင် ဓားသူတော်စင် လင်းထျန်ဟူ အပါအဝင် သူ့မိတ်ဆွေများကို ဖိတ်ကြားခဲ့၏။ ထိုအချိန်တုန်းကတော့ ရှေ့ဖြစ်ဟောသူနှင့် လင်းထျန်ဟူ တို့၏ ဆက်ဆံရေးက ပျက်စီးခြင်း မရှိသေးချေ။ ထိုသို့ ရှေ့ဖြစ်ဟောသူက သူ့မိတ်ဆွေများကို ခေါ်ကာ သည်နေရာကို သုံးကြိမ်တိုင် စူးစမ်း ခဲ့ကြလေ၏။
ပထမနှစ်ကြိမ်တွင် သူတို့က လက်ဗလာသာ ပြန်လာခဲ့ရသည်။ တတိယအကြိမ်တွင်မူ သူတို့ထဲက တစ်ဝက်ကျော်ကသာ ပြန်လာနိုင်ခဲ့ကြတော့သည်။
သည်လို ဖြစ်ပျက်ပြီးနောက် ဓားသူတော်စင်လင်းထျန်ဟူနှင့် ရှေ့ဖြစ်ဟောသူ တို့၏ ဆက်ဆံရေးသည်လည်း ပျက်ပြားသွားခဲ့ကြသည်။ ထိုအချိန်မှစ၍ သူတို့က သည်တတိယအကြိမ် စုံစမ်းရှာဖွေမှုတွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို လုံးဝ မပြောခဲ့ကြတော့ချေ။
သို့ရာတွင် သည်လိုဖြစ်ပျက်ပြီးနောက် ရှေ့ဖြစ်ဟောသူက အကြောင်းအရာတစ်ခုကိုတော့ ပြောခဲ့၏။
“ဒီအထဲမှာ ရှေးဟောင်းနတ်ဆိုးသားရဲ တွေရှိတယ်။ ခုကစပြီး ဒီနေရာကို ငါတို့ ထျန်ယွမ်ဂြိုဟ်က ပိုင်တယ်။ ဒီရောကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်လို့ နာမည်ပေးတယ်….”
ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့အစည်း၏ တစ်စုံတစ်ယောက်ကပင် သည်အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို စစ်ဆေးကြည့်ရန် ရောက်လာခဲ့၏။ သို့ရာတွင် ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူနှင့် အခြားမွန်းစတားအိုကြီးများက ခွင့်မပြုခဲ့ချေ။
သူတို့က ထိုနေရာသို့ ဝင်ရောက်ရန် ပြင်ပကျင့်ကြံသူများကို လုံးဝ ခွင့်မပြုချေ။ သည်နေရာက ထျန်ယွမ်ဂြိုဟ်၏ တားမြစ်ခံနေရာတစ်ခုလို ဖြစ်လာခဲ့၏။
သည်လို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်လိုမျိုး ထူးဆန်းသည့်နေရာက များစွာ မရှိလှသော်လည်း အလွန့်အလွန်လည်း ရှားပါးနေခြင်းတော့ မဟုတ်ချေ။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းက သည်လိုနေရာတစ်ခုအတွက် ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများနှင့် ဆက်ဆံရေး မဆိုးရွားစေချင်ခဲ့ပေ။ အကြောင်းကတော့ သူတို့အတွက် သည်လိုနေရာတစ်ခုအတွက်ဖြင့် ထိုသို့ဖြစ်ပွားရန် ထိုက်တန်ခြင်း မရှိချေ။
အရှေ့ဘက်နတ်ဆိုးပင်လယ် စိတ်ဝိညာဉ်ပင်လယ် နှစ်ငါးထောင်ကြာလို့ တစ်ကြိမ်ပွင့်တိုင်း ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ကြီးမားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လေ၏။ ထိုပင်လယ်က ပွင့်လာသည့်အခိုက်တွင် ဒီရေလှိုင်းက လချီ၍ ကြာမြင့်လေသည်။
ထိုဒီရေလှိုင်းက နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်အတွင်းကနေ ထူးဆန်းသောအားတစ်ခုက ထိုဧရိယာအနှံ့သို့ ပြန့်နှံ့လာချိန်၌ ဖြစ်ပေါ်ခြင်းပင်။ ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူများက မရေမတွက်နိုင်သော ရတနာများ၊မန္တာန်များ၊ နတ်ဆိုးသားရဲနတ်ဆိုးအလောင်းများ နှင့် ထူးဆန်းသောအရာအားလုံးက ထို ဒီရေလှိုင်း၏ ဆွဲယူခြင်ခံရကာ နတ်ဆိုးစိတ်ဝိဉာဉ်ပင်လယ်ထဲသို့ နစ်မြုပ်သွားကြသည်ကို တွေ့မြင်နိုင်ကြပေသည်။
၎င်းပင်လယ်က ပွင့်သည့်အခါတိုင်းတွင် ထျန်ယွမ်ဂြိုဟ်ပတ်လည်ရှိ မွန်းစတားအိုကြီးများအားလုံးက သူတို့တပည့်များကို စေလွှတ်လေ့ ရှိကြသည်။ ၎င်းက အန္တရာယ်များလှသော်လည်း နှစ်ငါးထောင်တွင် တစ်ကြိမ်သာ ပွင့်ခြင်း မဟုတ်လား။ သည်လို အခွင့်ကောင်းနှင့်ကြုံတုန်း စွန့်စားကြည့်ကြသည်သာ ဖြစ်၏။
အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဂိတ်တံခါးပွင့်တိုင်း လူများစွာက ဝင်ရောက်သွားလေ့ ရှိ၏။ ထိုများထဲတွင် အားအနည်းဆုံးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ဖြစ်ကာ အသန်မာဆုံးလူများကတော့ ယင်ယန်အဆ့င်ကို ထိတွေ့မိသူများ ဖြစ်ကြသည်။
သည်အဆင့်က ခွင့်ပြုထားသည့် အမြင့်ဆုံး အဆင့်လည်း မည်သည်။ အကြောင်းကတော့ ထျန်ယွမ်ဂြိုဟ်က ထိုနေရာသို့ ဝင်ရောက်ရန် လိုအပ်ချက်ကို သေချာသတ်မှတ်ထားသောကြောင့် ဖြစ်သည်။ အာဏာတက်ခြင်းအဆင့်အထက် ကျင့်ကြံသူများကို အထဲသို့ ဝင်ရောင်ခွင့် မပြုကြချေ။
ခုချိန်တွင် အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ပွင့်ရန် ငါးရက်သာ လိုတော့၏။
သို့သော် မရေမတွက်နိုင်သော ကျင့်ကြံသူများက နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အပြင်ဘက်၌ ရောက်နှင့် နေကြပြီး ဖြစ်၏။ သည် ကျင့်ကြံသူများက အထဲသို့ ဝင်ရောင်လိုသည့် လူများပင်။ သူတို့အားလုံးက မတူညီသောအဝတ်အစားများ ဝတ်ဆင်ထားကြသော်လည်း သူတို့ကလန်တစ်ခုချင်းစီ၏ ပန်းတိုင်ကတော့ သိသာ ရှင်းလင်းပေ၏။ ကလန်တစ်ခုချင်းစီ၏ တပည့်များက တူရာအုပ်စုဖွဲ့လျက် ရှိနေကာ အလွန်သက်ဝင် လှုပ်ရှားလို့နေသည်။
အချိန်ကုန်လာသည်နှင့်အမျှ ပိုမိုများပြားသည့် ကျင့်ကြံသူများကလည်း အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ထံသို့ ပိုရောက်ရှိလာကြ၏။ မျက်နှာပြလေ့ မရှိသည့် အချို့မွန်းစတားများပင် သူတို့တပည့်များနှင့်အတူ ရောက်ရှိလာကြသည်။ သူတို့ထဲက တစ်ယောက်ပေါ်လာချိန်တိုင်း ကျင့်ကြံသူများကြား အော်ဟစ်သံများကို ဖြစ်ပေါ်သွားစေလေ၏။ ကျင့်ကြံသူအားလုံးကလည်း လမ်းဖယ်ပေးကြကာ ထိုမွန်းစတားများ၏ လမ်းကို ပိတ်ဆို့ခြင်း မပြုဝံ့ကြချေ။
သည်နေ့တွင် သည်အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အပြင်ဘက် ဧရိယာတစ်ခုလုံးတွင် အနီရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးလုနီးပါး ဖြစ်နေ၏။ တစ်ပြိုင်နက်တည်းမှာပင် ထူထဲသော သွေးနံ့က သည်ဧရိယာကို ဖြတ်သန်းကာ သွားသည်။ သည်အရာက ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးကမ္ဘာကြီးတစ်ခုအလား ထင်မှတ်စေ၏။
“သွေးဂြိုဟ်ရဲ့ ဘိုးဘေး…” အချို့ကျင့်ကြံသူများက ချက်ခြင်းပင် ထိုသွေးနံ့များထံမှ တဆင့် ထိုလူ့ကို ချက်ခြင်း သိရှိလိုက်ကြသည်။ သည်အခိုက်၌ လူတိုင်းက စကားစမြည် ပြောဆိုနေရာကနေ ရပ်တန့်သွားကြ၏။
ထိုသွေးနီရောင်အလင်းထဲကနေ သွေးနီကျောက်ပြားတစ်ခုက အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ရှိရာသို့ ဖြည်းဖြည်းချင်း မြောလွင့်လာနေ၏။ ထို ကျောက်ပြားကြီးထိပ်ပေါ်တွင် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမက အနီရောင် ဖီးနစ်မျက်လုံးရှိကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမအောက်ဘက်ရှိ သွေးနီကျောက်ပြားနှင့် တွဲစပ်ကြည့်လျှင် အလွန်မျက်စိဖမ်းစားနိုင်သည့် မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
သူမက ကြာပွင့်သဏ္ဌာန်ထိုင်နေသော်လည်း သူမ၏ ပိန်သွယ်သွယ် ပုံရိပ်ကိုတော့ မြင်နိုင်သည်သာ။ သူမက ပိန်ပါးကာ အနက်ရောင်ဆံပင်ရှိ၏။
သူမက သွေးနီကျောက်ပြားပေါ်တွင် ထိုင်နေရင်း ပျံသန်းလာနေ၏။ သူမကို တွေ့သည်လူတိုင်းက လမ်းဖယ်ပေးကာ နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်အပြင်ဘက် နေရာသို့ ရောက်ရှိအောင် ပြုလုပ်ပေးကြသည်။ သူမက နေရာလွတ် တစ်ခုတွင် ရပ်တန့်လိုက်၏။
လမ်း တစ်လျှောက်တွင် အမျိုးသမီးက စကားတစ်ခွန်းမှ မဆိုချေ။ သွေးနီကျောက်ပြားက ရပ်တန့်သွားသည့်အခါ သူမက မျက်လုံးမှိတ်၍ စတင် ကျင့်ကြံတော့သည်။
“သွေးဘိုးဘေးရဲ့ သမီး ယောင်ရှင်းရွှယ်…” အချို့ကျင့်ကြံသူများက သူမက မည်သူမည်ဝါမှန်း ချက်ခြင်း သိလိုက်ကြသည်။
သွေးဘိုးဘေး ယောင်ရှင်းဟိုင်က ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ကျော်ကြားသည့် မွန်းစတား တစ်ယောက်ပင်။ သည်လူ့ ကျင့်ကြံမှုအဆင်က အမှန်ပင် မြင့်မားလှသည်။ သူက ရှေ့ဖြစ်ဟောသူကို ခုနစ်ကြိမ်တိုင်တိုင် စိမ်ခေါ်ခဲ့သူလည်း ဖြစ်၏။ သူက ခုနစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့သော်လည်း သူ့ကျင့်ကြံမှုအဆင့်ကတော့ အကြိမ်တိုင်းတွင် ပိုမြင့်လာခဲ့သည်။ အထူးသဖြင့် ခုနစ်ကြိမ်မြောက်၌ သူက သူ့ကြောက်မက်ဖွယ် သွေးမန္တာန်များ၏ စွမ်းအားကို ပြသခဲ့ပေ၏။
သည်လူက ထျန်ယွမ်ဂြိုဟ် ပတ်လည်တွင် ကိုယ်ပိုင် ကျင့်ကြံခြင်းဂြိဟ်တစ်ခုကို ပိုင်ဆိုးထားသည်။ သူက ထိုဂြိုဟ်၏ ဒေသခံများကို ဖမ်းဆီးကာ သူ့ နတ်ဆိုးဆန်သည့် နည်းစနစ်များကို လေ့ကျင့်ရန် အထောက်အပံ့ ဖြစ်စေသည်။
သည် ယောင်ရှင်းဟိုင်က ဘယ်တော့မှ မိန်းကလေး တပည့်ကို လက်ခံခြင်း မရှိပေ။ ခု သည်မိန်းကလေးကတော့ သူ့ ချစ်သမီးသာ ဖြစ်၏။ သူက သူမကို သူ့နည်းစနစ်အားလုံးအား သင်ကြားပေးခဲ့ကာ သူမ၏ သွေးမျိုးဆက်ကိုပါ နိုးထလာနိုင်အောင် ကူညီပြောင်းလဲပေးခဲ့သေးသည်။
သည်အဖေနှင့်သမီးက အချိန်အများစုကို သွေးဂြိုဟ်ပေါ်၌သာ အချိန်ကုန်လေ့ ရှိသည်။ သူတို့က လူတိုင်းနှင့် ဘယ်တော့မှ မဆက်ဆံပေ။ သို့သော် သူတို့က ပို၍ တသီးတသန့် နေလေလေ လူအများကလည်း သူတို့ကို ပိုမနှောက်လိုလေ ဖြစ်၏။
ခုချိန်၌ ထျန်ယွမ်ဂြိုဟ်ကို ပတ်နေသည့် ဂြိုဟ်ငယ်ငါးခုထဲက တစ်ခုအပါအဝင် ဖြစ်သည့် မြေကမ္ဘာဂြိုဟ်ပေါ်တွင် ရွှမ်ယွမ်ကလန်မှ လူငယ်ကလန်ခေါင်းဆောင် ရှုယွမ်ရှန်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကြီး တစ်ခုနားတွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူ့အသွင်က တည်ငြိမ်ဟန် ရနေသော်လည်း သူက လက်ဝါးကို ယပ်တောင်ဖြင့် အဆက်မပြတ် ရိုက်ခတ်ကာ အကွာအဝေးတစ်ခုသို့ ငေးကြည့်နေ၏။
သူ့နောက်တွင်တော့ လူသုံးယောက် ရှိလို့နေသည်။
သည်သုံးယောက်လုံးက ဆံပင်များဖြူဖွေးနေသည့် အဘိုးအို သုံးယောက်ပင်။ သူတို့က ရိုးရှင်းစွာ ဝတ်စားထားကြသော်လည်း ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေ၏။
သည်တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပေရာချီဝေးသည့်နေရာတွင် ရွမ်ယွမ်ကလန်မှ တပည့်များ ထိုင်နေကြသည်။ သူတို့က အစီအရင်၏ ထောင့်ပေါင်းစုံတွင် ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေကြ၏။ သူတို့က အစီအရင်ကို အသက်ဝင်အောင် ပြုလုပ်ခိုင်းမည့် အမိန့်ကို စောင့်ဆိုင်းနေကြခြင်းပင်။
ရှုယွမ်ရှန်က သူ့လက်ကို ကျောက်စိမ်းယပ်တောင် ဖြင့် တဆပ်ဆပ် ခေါက်နေသော်လည်း သူ့မျက်နှာပေါ်တွင်တော့ တည်ငြိမ်နေဆဲသာ။
သိပ်မကြာခင်တွင် ပန်းရောင်အလင်းတန်းတစ်ခုက မိုးကုပ်စက်ဝိုင်းကနေ ပျံသန်းလာနေ၏။ ရှုယွမ်ရှန်က မျက်မှောင်ကြုတ်ကာ အကူအညီမဲ့ဟန် ဖြစ်ပေါ်သွား၏။ သူက သူ့ယပ်တောင်ကို ပြန်သိမ်းဆည်းကာ ထို ပန်းရောင်အလင်းကို ကြည့်၏။
သည်ပန်းရောင်အလင်းက အလွန်မြန်ဆန်၏။ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ သည်အလင်းက ရှုယွမ်ရှန်နှင့် ဆယ်ပေအကွာတွင် ကျရောက်သွားကာ အသက်နှစ်ဆယ်ခန့် မိန်းကလေးတစ်ယောက် အသွင် ထွက်ပေါ်လာတော့သည်။
သည်မိန်းကလေးက ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ အသားအရည်ကလည်း ချောမွတ် ကြည်လင်လှ၏။
ထိုမိန်းကလေးက ခပ်မြန်မြန်လေး ပြောလိုက်သည်။ “အကိုကြီး…နင်ငါ့ကို သွားခွင့် ပြုမယ်လို့ ကတိပေးထားတယ်လေ…”
ရှုယွမ်ရှန်က သူမကို ကြည့်ကာ အော်ပြောလိုက်သည်။ “အဓိပ္ပာယ် မရှိလိုက်တာ။ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က နင့်ကျင့်ကြံမှုအဆင့်နဲ့ သွားလို့ရတဲ့ နေရာမဟုတ်ဘူး။ အဖေက တံခါးပိတ်ကျင့်ကြံနေပေမဲ့ သူက နင့်ကို သွားခွင့် မပြုဖို့ အမိန့်ပေးထားပြီးပြီး။ ရွှမ်ယိ…သူမကို ကလန် ပြန်ခေါ်သွားချေ…”
အဘိုးအိုသုံးယောက်ထဲက တစ်ဘောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မိန်းကလေး ဘေးနားသို့ ရပ်လိုက်၏။ သူက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ “သခင်မလေး…ငါ ရွမ်ယိကို အခက် တွေ့အောင် မလုပ်ပါနဲ့…”
မိန်းကလေးက နှာခေါင်းရှုံ့လိုက်၏။ သူမက ရွမ်ယိ ထံသို့ ကြည့်ပင် မကြည့်ချေ။ သူမက ရှုယွမ်ရှန်ကို ကြည့်ကာ ပြောလိုက်သည်။ “အမေက သဘောတူတယ်…”
ရှုယွမ်ရှန်က စကားပြန်ပြောဟန် ပြင်ပြီးမှ သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွား၏။ သူက သည်မိန်းကလေးကို ဘာမှ ဆက်မပြောတော့ဘဲ မိုးကုပ်စက်ဝိုင်းထံသို့သာ ကြည့်နေ၏။ ထို့နောက်သူက ပြုံးလိုက်၏။
“အကိုဝမ်…ငါက မင်းကို ဒီမှာ စောင့်နေခဲ့တာ…”