ဝမ်လင်း ရောက်လာသည်ကို တွေ့မြင်လိုက်သည်အခါ အရပ်ပုပုအကြီးအကဲက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၏။
“ရောင်းရင်းကျင့်ကြံသူ ဝမ်လင်း…ပြဿနာတစ်ခုခု ရှိရင် ငါတို့ စကားနဲ့ ပြောကြရအောင်။ ဒီအဘိုးအိုက မင်းသိချင်တာအားလုံးကို တစ်ခွန်းမှ မလိမ်ဘဲ ပြောပြပေးပါ့မယ်…”
အရပ်ပုပုအဘိုးအိုက အကူအညီမဲ့လို့နေ၏။ သူ့ကျင့်ကြံမှုကလည်း အားနည်းနေပြီဖြစ်ကာ ရတနာများကလည်း ပျက်စီးလို့နေသည်။ ဝမ်လင်းက သူ့နောက်သို့ပင် ချက်ခြင်းလိုက်ပါခဲ့ခြင်း မရှိသည် မဟုတ်လား။ သူလုပ်တာဆို၍ ရတနာဓားနှင့်ဓားသွားတို့ကို သူ့ထံသို့ ပစ်လွှတ်ခဲ့ခြင်းသာ ရှိသည်။
သည်ဓားက အလွန်ခေါင်းမာလှသော်လည်း ဓားစွမ်းအင်ကတော့ အလွန်အားကောင်းလှခြင်း မရှိပေ။ သို့သော် သည်လိုခေါင်းမာမှုကပင် သူ့အတွက် ပြဿနာကြီးတစ်ခု ဖြစ်စေခဲ့၏။ သူက မည်မျှကြိုးစားသည်ဖြစ်စေ သည်ဓားအပေါ်၌ သက်ရောက်ခြင်း မရှိချေ။ သူက သူ့အသက်အတွက် ထွက်ပြေးနေရခြင်းကြောင့်သာ မဟုတ်လျှင် သူက သည်ဓားကို ဖမ်းယူကာ သေချာလေ့လာကြည့်မိပေလိမ့်မည်။
အရပ်ပုပုအဘိုးအိုကို အမှန်တကယ် အလျော့ပေးသွားစေသည့်အကြောင်းကတော့ သည်ဓားကြောင့်မဟုတ်ဘဲ လခြမ်းကွေးဓားသွားကြောင့် ဖြစ်၏။
သည်လခြမ်းကွေးဓားသွားက အသက်များစွာကို သတ်ဖြတ်သည့် ရှေးဦးစစ်နတ်ဘုရားအလား ထင်မှတ်ရသည်။ ၎င်း၏ အမြန်နှုန်းကလည်း အံ့မခန်းပင်။ တစ်ချိန်လုံးနီးပါး ယင်းဓားသွားက သူ့ခေါင်းနှင့် နီးကပ်လို့နေခဲ့၏။
သည့်အတွက်ကြောင့် အရပ်ပုပုအကြီးအကဲက မည်သို့ ထပ်ပြီး ပြေးဝံ့ပါတော့မည်နည်း။ သည်လိုနည်းဖြင့် ဓားနှင့်ဓားသွားတို့က သူ့ကို ညွှန်ထောက်ထားကာ ဝမ်လင်းရောက်လာသည့်အထိ စောင့်ဆိုင်းနေခဲ့တော့သည်။
သူ့နှလုံးသားထဲတွင် အလွန်ခါးသီးစွာ ခံစားနေရ၏။ သူက သည်နေရာကို ရှီဖန်နှင့်အတူ ရောက်လာခဲ့သည့်အတွက် အလွန်ပင် နောင်တရနေမိသည်။
သူက ရှီဖန် သေလား၊ရှင်လားပင် စိတ်မဝင်စားနိုင်တော့ချေ။ ခု သူအစိုးရိမ်ဆုံးက သူ့အသက်ပင် မဟုတ်လား။
ဝမ်လင်းက သည်အရပ်ပုပုအဘိုးအိုကို စူးစိုက်ကြည့်နေရင်း သူ့လက်ချောင်းပတ်လည်တွင် မီးခိုးရောင်အမျှင်တန်းများက ရွှေ့လျားလို့နေသည်။
အရပ်ပုပုအကြီးအကဲက မှင်သက်နေ၏။ သို့သော် သူက အလျင်အမြန်ပင် ပြောချလိုက်၏။ ဓားသူတော်စင် ပြန်လာတုန်းက ကြောက်မက်ဖွယ်ဓားစိတ်ဝိညာဉ်တစ်ခုက သူ့နောက်ကို လိုက်ပါလာခဲ့တယ်။ “၎င်းက ဓားသူတော်စင်နဲ့ ရက်ပေါင်းအတန်ကြာ တိုက်ပွဲ ဖြစ်ပြီးမှ ပျက်စီးသွားခဲ့တယ်။ ဓားသူတော်စင်က ဒီဓားစိတ်ဝိညာဉ်ရဲ့ သုံးပုံတစ်ပုံကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်မှာ ချိပ်ပိတ်ထားခဲ့တယ်…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အလျင်အမြန် မေးလိုက်၏။ “ဒီတော့ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ရဲ့ အံ့ဖွယ်ဖြစ်မှုက ဘာလဲ…”
အရပ်ပုပုအကြီးအကဲက နှောင့်နှေးဝံ့ခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ “အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က ဒီထျန်ယွမ်ဂြိုဟ်ရဲ့ တားမြစ်ထားနဲ့ နေရာသုံးခုထဲက တစ်ခုပဲ။ အဲ့နေရာမှာ ရှေးဟောင်း နတ်ဆိုးသားရဲများစွာလည်း ရှိတယ်။ နှစ်တစ်သောင်းကြာတိုင်း အဲ့ဧရိယာကို ဝင်ဖို့ ဝင်ပေါက်ထိန်းချုပ်မှုက ပိုင်ရှင် ပြောင်းလေ့ ရှိတယ်။ ဒီတစ်ကြိမ်က ငါတို့ တာ့လော့ဓားကလန် ပိုင်ဆိုင်ရမယ့် အခေါက်ပဲ။ ဒီဝင်ပေါက်က နှစ်ငါးထောင်ကြာတိုင်း တစ်ကြိမ် ပွင့်ပြီး ပွင့်တိုင်းလည်း ကလန်တိုင်းက ရှေးဟောင်း နတ်ဆိုးသားရဲတွေကို ဖမ်းဖို့ တပည့်တွေ လွှတ်ကြလေ့ ရှိတယ်…”
“ရှေးဟောင်း နတ်ဆိုးသားရဲတွေကို ဖမ်းဖို့က ဒုတိယဦးစားပေးပဲ ရှိသေးတယ်။ ဒီပင်လယ်ထဲကို ဝင်ရောက်တဲ့ အဓိကအကြောင်းကတော့ စမ်းသပ်မှု၊ သွေးလွှမ်းတဲ့ စမ်းသပ်မှုကြောင့်ပဲ။ လူတစ်ယောက်က အထဲကို ဝင်လိုက်တာနဲ့ အန္တရာယ်ကလည်း အလွန့်အလွန်မြင့်မား နေလိမ့်မယ်…”
“လူအနည်းငယ်ကသာ အဲ့အထဲကနေ ပြန်ထွက်လာနိုင်တယ်လို့ ပြောလို့ရတယ်။ သင် ပြန်ထွက်လာနိုင်မယ်ဆိုရင် အစစ်အမှန် အကျိုးအမြတ် ရတာကတော့ နတ်ဆိုးစိတ်ဝိညာဉ်အမွေအနှစ်ကို ရရှိနိုင်တာပဲ…”
ထိုအခိုက်၌ အရပ်ပုပုအကြီးအကဲ၏ မျက်လုံးထဲ၌ လောဘဖြင့် ပြည့်လို့သွားသည်။
“နတ်ဆိုး စိတ်ဝိညာဉ် အမွေအနှစ်…” ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။
“မှန်တယ်။ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အမွေအနှစ်က ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်တစ်ခုလုံးကို မြင့်တင်ပေးနိုင်တယ်။ လူတစ်ယောက်ကသာ တာအို ရှာဖွေနေစဉ်မှာ ဒီအမွေအနှစ်ကို လက်ခံရရှိရင် အဲ့နောက်မှာ သူ့အတွက် အန္တရာယ်ဖြစ်ဖို့ အခွင့်ကလည်း လျော့နည်းသွားပြီး အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ အခွင့် တအား မြင့်တက်သွားလိမ့်မယ်…”
“တကယ်တော့ လူတစ်ယောက် အာဏာတက်ခြင်း အဆင့်ကို ရောက်နေရင်လည်း သူတို့ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေဖို့ ကူညီပေးနိုင်ဦးမှာပဲ။ လူတစ်ယောက်က အာဏာတက်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နေရင် ပုံရိပ်ယောင် ယင်နဲ့ အထည်ဒြပ် ယန် အဆင်ကိုတောင် ခြေတစ်လှမ်း ရောက်သွားဖို့ ကူညီပေးနိုင်လောက်တယ်။ ပြီးတော့ နှစ်ထောင်ပေါင်းများစွာ ကြာရှည်ခံနိုင်တဲ့ ခန္ဓာကိုယ် တစ်ခုကိုလည်း ရရှိနိုင်ဦးမှာ…”
“ဒါ့ကြောင့် ထျန်ယွမ်ဂြိုဟ်အတွက် ကိစ္စကြီး တစ်ခု ဖြစ်တယ်။ လူတွေမှာ လောဘကြီးတဲ့လူတွေ အများကြီး။ ဒါပေမဲ့ ဒီအရှေ့ဘက်နတ်ဆိုးစိတ်ဝိဉာဉ်ပင်လယ်က အလွန်ပဲ အန္တရာယ် များလှတယ်။ မင်းက အကျိုးအမြတ်ရချင်ရင် ပြန်ပေးဖို့လည်း ဆန္ဒရှိရမှာပေါ့။ ဒီနေရာထဲကို ဝင်ရောက်တဲ့လူတိုင်းကလည်း သူတို့မျိုးဆက်ရဲ့ အတော်ဆုံး လူတွေပဲ ဖြစ်တယ်…”
“ပြောကြတာကတော့ ပြန်ထွက်လာနိုင်တဲ့ လူတစ်ယောက်အတွက် ကံကောင်းလွန်းရင် တစ်ခါမှ မရခဲ့ဖူးတဲ့ ဆုလဒ် ဖြစ်တဲ့ အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ကိုလည်း ရနိုင်တယ်တဲ့…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ အတွေးတစ်ချက်ဖြင့်ပင် ရှုလီကောကလည်း သတိပြုမိသွားကာ လခြမ်းကွေးဓားသွားသည်လည်း လက်ခနဲ ဖြစ်သွား၏။ချက်ခြင်းပင် လခြမ်းကွေးဓားသွားက သည်အရပ်ပုပုအကြီးအကဲ၏ ဦးခေါင်းထဲသို့ ထွင်းဖောက်လို့သွားတော့သည်။
အရပ်ပုပုအကြီးအကဲခန္ဓာကိုယ်က တုန်ခါသွားကာ သူ့ပါးစပ်ကလည်း သွေးများစီးကျလာ၏။ သူ့မျက်လုံးများကလည်း မှိန်ဖျော့လို့သွားကာ မြေပေါ်သို့ ပြိုလဲကျသွားတော့သည်။
ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လခြမ်းကွေးဓားသွားနှင့် ကောင်းကင်ဘုံဓားတို့သည် သူ့သိုလှောင်အိတ်ထဲသို့ ပြန်ဝင်ရောက်သွားကြ၏။ ထို့နောက် သူ့ခန္ဓာကိုယ်ကလည်း ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းထွက်သွားပြီး အမွှေးတိုင်သုံးတိုင်ထွန်းစာ ကြာချိန်ပြီးနောက် အရပ်ပုပုအကြီးအကဲ၏ မျက်လုံးက ရုတ်တရပ် ပြန်ဖွင့်လာခဲ့သည်။ သူ့မျက်ခုံးနှစ်ခုကားရှိ အပေါက်သည်လည်း ဖြည်းဖြည်းချင်း ပြန်ပိတ်လို့သွား၏။
သူက အသက်ဝဝရှုသွားလိုက်၏။ သူ့အသွင်က စိတ်ဓာတ်ကျနေသည့်ပုံပင်။ သူက လှည့်၍ လေဟာနယ်ထဲသို့ ကြမ်းကြုတ်စွာ ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်းက ငါ့ကို သတ်ချင်တာလား။ ကောင်းတယ်။ ဒါက အဲ့လောက် မလွယ်ဘူး။ ဒီအဘိုးအိုက စိတ်ဝိညာဉ်သုံးခု နည်းစနစ်ကို ကျင့်ကြံတယ်။ ဒါက ငါ့ကို သေခြင်းကနေ သုံးကြိမ် ရှင်သန်နိုင်တယ်။ ငါက ဒီနေရာမှာ ငါ့စိတ်ဝိညာဉ်တစ်ခုကို ဆုံးရှုံးရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဝမ်လင်း…ငါ တာ့လော့ဓားကလန်ကို ပြန်ရောက်တာနဲ့ မင်းကို သတ်ပြီး ဒီနေ့အတွက် ကလဲ့စားချေဖို့ နည်းလမ်းတစ်ခုက ရအောင် ရှာမယ်…”
သူ့မျက်လုံးများက အကွာအဝေးတစ်ခုသို့ ပျံသန်းနေရင်း အေးစက်လို့နေခဲ့သည်။
သူက ထိုသို့ ရွှေ့လျားလိုက်သည့်အခိုက်မှာပင် တောင်ကြားထဲရှိ သစ်တောတစ်ခုထံကနေ မီးခိုးရောင်အမျှင်တန်းနှစ်ခုက ပျံသန်းလာခဲ့၏။ သည်အမျှင်တန်းနှစ်ခုက အလွန်မြန်ဆန်လှသည်။ ၎င်းတို့က လျင်မြန်စွာပင် နီးကပ်လာခဲ့သည်။
အရပ်ပုပုအကြီးအကဲအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သည့်နောက် တုံ့ဆိုင်းခြင်းမရှိ သူက အော်ပြောလိုက်၏။ “ပြန့်ကျဲစမ်း…”
စကားတစ်ခွန်းဖြင့်ပင် သူ့ခန္ဓာကိုယ်ပတ်လည်၌ လှိုင်းတွန့်များ ဖြစ်ပေါ် ဝန်းရံသွားကာ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းနှစ်ခုကို တားဆီးပေး၏။
တစ်ပြိုင်နက်တည်းမှာပင် အရပ်ပုပုအကြီးအကဲက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ဝက်က လေဟာနယ်ထဲသို့ ရောက်သွားကာ သူက တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်၏။ သို့သော် သူက နောက်ကျသွားခဲ့ပေပြီ။
မီးခိုးရောင်အမျှင်တန်းနှစ်ခုက သည်လှိုင်းတွန့်များကို လစ်လျူရှုကာ ဖြတ်ကျော်သွား၏။ သည်မီးခိုးရောင်အမျှင်တန်းနှစ်ခုက အရပ်ပုပုအကြီးအကဲခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်လို့သွားသည်။
အဘိုးအိုမျက်နှာက ဖြူရောကာ သွားသည်။ သူက နာကျင်စွာ ပြုံးလိုက်၏။ သူက သည်မီးခိုးရောင်အမျှင်တန်းနှစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ ရူးသပ်စွာ လှည့်ပတ်နေသည်ကို ခံစားမိနေ၏။ တစ်ကြိမ်လှည့်ပတ်တိုင်းတွင် သူ့အသက်ဓာတ်အားအချို့က ဆုံးရှုံးသွားနေ၏။
ဝမ်လင်းက ဆက်လက်၍ မြေကမ္ဘာမြောက်ပိုင်း နတ်ဆိုးကုန်းမြေ၏ အနက်ပိုင်းသို့ ပျံသန်းသွားနေသည်။ သူ့ပတ်လည်ရှိ မီးခိုးရောင်အခိုးငွေ့ကလည်း ထူထဲလိုက် ပါးသွားလိုက် ဖြစ်လို့နေ၏။ မျက်စိဖမ်းအစားနိုင်ဆုံးကတော့ သည်မီးခိုးရောင်အခိုးငွေ့က သူ့လက်ချောင်းများ ကြားတွင် လှုပ်ရှားလို့နေခြင်း ဖြစ်၏။
သူက ပျံသန်းနေရင်းဖြင့် သူ့အသွင်က ရုတ်တရပ် ပြောင်းလဲလို့သွားသည်။ သူက သူ့နောက်သို့ လှည့်ကြည့်ကာ နှာခေါင်းရှုံ့၏။
သိပ်မကြာခင်တွင် ထူထဲသော မီးခိုးရောင်အမျှင်တန်းတစ်ခုက ဝမ်လင်းနောက်ကနေ ထွက်ပေါ်လာကာ သူ့ရှေ့၌ မီးခိုးရောင်အခိုးငွေ့အလုံး တစ်ခုကို ဖြစ်စေ၏။
သူက သည်အလုံးကို တစ်ချက်ကြည့်ပြီးနောက် လက်ဆန့်တန်းကာ ဖမ်းယူသည်။ သူက သူ့လက်ကို ပြန်ဖြေလိုက်သည့်အခါ မီးခိုးရောင်အခိုးငွေ့က ပျောက်ကွယ်ကာ သွား၏။
ဝမ်လင်းက အလင်းတန်းအလား လှုပ်ရှားနေ၏။ သူက ပျံသန်းနေရင်းဖြင့် မီးခိုးရောင်အခိုးငွေ့ တိမ်ထုအဖြစ်သို့ ပြောင်းလဲကာ သည်နယ်မြေ၏ အတွင်းနက်ပိုင်းသို့ တဟုန်ထိုး သွားလို့နေသည်။
“အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး။ အရွေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်က ငါ့ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်ဖို့ အကောင်းဆုံး နေရာပဲ။ ဒါက ငါဟာ အဲ့နေရာကို သွားရမယ် အကြောင်းပြချက်တစ်ခုပဲ…”
“အတိတ်တုန်းက ကျောက်ရီက ငါ့ကို ကူညီခဲ့ဖူးတယ်။ ခု သူက အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်မှာ ချုပ်နှောင်ခံထားရတယ်။ ငါ့ ကျေးဇူးကြွေး ရှိတာ လူအနည်းငယ်ပဲ ရှိတယ်။ ငါက သူတို့အားလုံးကို ပြန်ပေးဆပ်ရလိမ့်မယ်။ ငါက အဲ့နေရာကို သွားပြီး သူ့ကို ကူညီနိုင်ဖို့ ကြိုးစား ကြည့်ရမယ်။ ဒါကတော့ အဲ့နေရာကို သွားရမဲ့ ဒုတိယအကြောင်းပြချက်ပဲ…”
“ဆရာ ရှေ့ဖြစ်ဟောသူကလည်း ကောင်းကင်ကံကြမ္မာနဲ့ပတ်သတ်ပြီး ဂရုစိုက်တယ်။ အဲ့တော့ သူက အကြောင်းပြချက် မရှိဘဲ ဘာမှ လုပ်မှာ မဟုတ်ဘူး။ သူက ငါ့ကို အဲ့နေရာ သွားစေချင်ရင် သူမှာ အကြောင်းရင်းတွေ ရှိရမယ်။ ငါက မသွားဘူးဆိုရင် ငါက ကံကြမ္မာကို ဆန့်ကျင်သလို ဖြစ်သွားလိမ့်မယ်။ ဒါက ငါ့ကို ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ခိုင်ခိုင်မာမာ နေရာရဖို့အတွက် ခက်ခဲသွားစေလိမ့်မယ်။ ဒါကတော့ တတိယအကြောင်းပြချက်…”
“ငါက အဲ့နေရာမှာ ကံကောင်းပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွက် သတ္တုဒြပ်စင်ကို ပြည့်စုံအောင် လုပ်နိုင်မလားလည်း သေချာသိရတာမဟုတ်ဘူး။ ပုတီးစေ့သာ ပြည့်စုံသွားရင် ဝမ်အာ အတွက်လည်း အကျိုးအများကြီး ရှိစေမှာ၊ သူမက ပြန်လည်ပြီးတော့ သတိတောင် ရလာနိုင်လောက်တယ်…”
လီမူဝမ်အကြောင်း ပြန်တွေးမိနေရင်း ဝမ်လင်းက သူ့အေးစက်စက်နှလုံးသားထဲကနေ နွေးထွေးမှုကို ခံစားလိုက်ရ၏။လီမူဝမ်က သူ့နှလုံးသားထဲ၌ အမြဲရှိနေသော တစ်ဦးတည်းသောသူ ဖြစ်ကာ ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ပါလာသည့် တစ်ယောက်တည်းသောသူလည်း ဖြစ်နေခဲ့သည် မဟုတ်လား။
“ဝမ်အာ…” ဝမ်လင်းက အနည်းငယ် စဉ်းစားကာ သက်ပြင်းချသည်။ သည့်နောက် သူ့ခန္ဓာကိုယ်က မီးခိုးရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားတော့သည်။
မြေကမ္ဘာမြောက်ပိုင်းနတ်ဆိုးနယ်မြေ၏ အတွင်းနက်ပိုင်းသို့ ပိုသွားလေလေ ပိုမိုသန်မာသော နတ်ဆိုးသားရဲများလည်း ပိုရှိလာလေ ဖြစ်သည်။ အတွင်းနက်ပိုင်းကီလိုမီတာ တစ်သိန်းခွဲအတွင်း အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများလောက် သန်မာသည့် သားရဲများပင် ရှိလို့နေ၏။
လွန်ခဲ့သော ဆယ်ရက်က သည်မြေကမ္ဘာမြောက်ပိုင်း နတ်ဆိုးနယ်မြေတစ်ခုလုံးသည် အဆုံးမဲ့ဟန်ရသည့် မီးခိုးရောင်အခိုးငွေ့များနှင့် ဖုံးလို့နေတော့သည်။ အချို့ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများက မြေပြင်ကနေ မြင့်တက်နေပြီး အသက်ဓာတ်အားများကို ယူဆောင်လို့နေ၏။
သို့ရာတွင် သည်မီးခိုးရောင်အခိုးငွေ့က အလယ်ရှိ ကီလိုမီတာ တစ်သိန်းခွဲအတွင်းသို့ လုံးဝ ဝင်ရောက်ခြင်း မရှိချေ။ သည်အခိုးငွေ့က ထိုဆယ်ရက်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဆယ်ရက်ကြာပြီးနောက် အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဖွင့်လှစ်ရန် ခြောက်ရန်သာ ကျန်တော့၏။ထို့ကြောင့် ဝမ်လင်းက သည်ဧရိယာကနေ ထွက်ခွာလာခဲ့သည်။
ခုချိန်၌ ဝမ်လင်းမျက်လုံးထြ၌ လှုပ်ရှားနေသည့် မီးခိုးရောင်အခိုးငွေ့ အရိပ်အယောင်နှင့် ကောင်းစွာ ဖုံးကွယ်ထားသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ ရှိလို့နေသည်။ မျက်စိဖမ်းအစားနိုင်ဆုံးကတော့ သူ့လက်ချောင်းများ ကြားတွင် လှုပ်ရှားနေသည့် မီးခိုးရောင်အခိုးငွေ့များပင်။ သည်အခိုးငွေ့များက လေတိုက်ခိုက်သံတစ်ခုကို ထုတ်လွှတ်လို့နေ၏။
သည်အသံထဲ၌ ထူးဆန်းသောစွမ်းအားတစ်ခု ပါဝင်နေကာ ထိုအသံကိုကြားမိသည့်လူတိုင်းက ယင်းအသံကို အာရုံစိုက်မိကြပေလိမ့်မည်။
“ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်က အဆင့်ငယ်လေးတစ်ခု ပြည့်စုံသွားပြီလို့တော့ ယူဆလို့ ရပြီ…”
ဝမ်လင်းက မြေကမ္ဘာနတ်ဆိုးနယ်မြေကနေ ထွက်လာရင်း သူ့အသွင်က တည်ငြိမ်လို့နေ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
“အသက်ဓာတ်အားတွေကို ချိပ်တံဆိပ်တွေ အဖြစ်ပြောင်းလဲတာက ခက်ခဲလှတယ်။ ဒီခရီးစဉ်မှာ ငါက ချိပ်တံဆိပ်သုံးခုကိုပဲ ရအောင် လုပ်နိုင်ခဲ့တယ်…”
ဝမ်လင်း နှဖူးထက်၌ မီးခိုးရောင်သင်္ကေတ တစ်ခု ဖြစ်ပေါ်လာခဲ့၏။ သည်သင်္ကေတက ရှုပ်ထွေးခြင်း မရှိပဲ အသက်ဓာတ်အားများဖြင့် ပြည့်နေ၏။ သည်သင်္ကေတက ပေါ်လာပြီးနောက် ချက်ခြင်းပင် ပျံ့နှံ့ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။
သိပ်မကြာခင်တွင် နောက်ထပ် ပုံစံတူ သင်္ကေတတစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားပြန်သည်။ သုံးခါ ဖျပ်ခနဲ ဖြစ်သွားပြီးနောက် သင်္ကေတသုံးခုက သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့ပြီး ဖြစ်၏။
ဝမ်လင်းက ခေါင်းငုံ့ကာ သူ့ကိုယ်သူ ကြည့်သည်။ ထို့နောက် သူက သူ့လက်ချောင်းဖြင့် ဓားတစ်လက် ဖြစ်စေကာ ယင်းလက်ချောင်းကို ဝှေ့ယမ်းလိုက်၏။ထိုအခါ ဖိကြိတ်သံ တစ်ခု ထွက်ပေါ်လို့သွားသည်။
“အရှေ့ဘက် ပင်လယ်…” ထို့နောက်တွင် ဝမ်လင်းက ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အကွာအဝေးတစ်ခုသို့ ကြည့်လို့နေလေ၏။