Switch Mode

အပိုင်း (၅၅၉):

ရွှေရောင်စိတ်ဝိညာဉ်အမြစ်

ဝမ်လင်းက ရွှေဉာဏ်အလင်းသစ်သီးကို သူ့နှဖူးထဲသို့ ဖိချလိုက်သည်။ ယင်းသစ်သီးက နှဖူးထဲသို့ ဝင်ရောက်လို့သွား၏။ ခဏအကြာတွင် သူက စိတ်ပျက်ဟန် ဖြစ်ပေါ်သွားကာ သူ့လက်ကို ပြန်ဖယ်ရှားလိုက်၏။

“ငါက အရမ်း အလျင်လိုတဲ့ကောင်ပဲ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ သတ္တုဓာတ်ကို ပြည့်စုံစေဖို့ ဒီလို ဘယ်ရိုးရှင်းနိုင်ပါ့မလဲ။ နှစ်ပေါင်းခုနှစ်ရာကျင့်ကြံမှုရယ်၊ ငါ့ကံကောင်းမှုရယ်နဲ့တောင် ဒြပ်စင်ငါးခုမှာ လေးခုပဲ ပြည့်စုံစေနိုင်ခဲ့တာလေ။ ဒီလို ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့ အချိန်တိုင်းမှာလဲ အန္တရာယ်နဲ့ ပြည့်နေခဲ့တာ။ ဒါ့ကြောင့် ဒီနောက်ဆုံးကျန်တဲ့ သတ္တုဒြပ်စင်ကို ပြည့်စုံစေဖို့က ရိုးရှင်းနေမှာ မဟုတ်ဘူး။ ရွှေစိတ်ဝိညာဉ်အမြစ်ကတော့ သက်ရောက်မှုတစ်ခုခု ရှိလား ငါမသိဘူး…”

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချ၏။ သည့်နောက် သူက လက်ဆန့်တန်းလိုက်ရာ ရွှေဉာဏ်သစ်သီး သုံးပုံတစ်ပုံက လေထဲသို့ ပျံဝဲတက်သွားသည်။

ခြင်သားရဲက ပျော်ရွှင်စွာ ဟိန်းသံပြုကာ၎င်း၏ ပါးစပ်ကိုဟကာ သည်သစ်သီးများကို ဝါးမြိုပစ်လိုက်လေသည်။ သည်အခိုက်တွင် ခြင်သားရဲပတ်လည်၌ ရွှေရောင်အလင်းတစ်ခုက ကိုးကြိမ်ကိုးခါ တောက်ပသွား၏။ သည့်နောက် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။

ခြင်သားရဲအတွက် သစ်သီးများက လုံလောက်သည်ဟု ထင်ရသဖြင့် ဝမ်လင်းက နောက်ထပ် သစ်သီးများကို ထပ်မံ၍ ခူးဆွတ်ပေးခြင်း မပြုတော့ချေ။ ထို့နောက် သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ စိတ်ဝိညာဉ်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်၏။ သည်စွမ်းအင်က ရွှေဉာဏ်သစ်သီးပန်းများပေါ်သို့ ကျရောက်လို့သွားကာ ရွှေရောင်တစ်ချက် တောက်ပသွားသည်။ သည်အလင်းက မျက်စိကျိန်းစပ်လောက်အောင် တောက်ပလှသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားများစွာကို ထုတ်ယူလိုက်သည်။ သူက နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားတစ်ခုချင်းစီပေါ်၌ ခပ်နှိပ်လိုက်ပြီး ပန်းတစ်ခုချင်းစီပေါ်သို့ နေရာချ၏။

သိပ်မဝေးသော နေရာတွင် ရှိနေသည့် ချန်ချင်က ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် အသွင်ဖြင့် ကြည့်လို့နေသည်။ သူမက ဝမ်လင်းသည် အဘယ်ကြောင့် သည်ပန်းပေါ်ရှိ သစ်သီးများကို ခူးယူခြင်း မပြုသိကို မသိပေ။ ဝမ်လင်းက ထိုသို့ ခူးယူရမည့်အစား အစီအရင်တစ်ခုကို ချမှတ်နေသည် မဟုတ်လား။

ရွှေဉာဏ်သစ်သီးကို အကောင်းဆုံး ရိပ်သိမ်းနိုင်ဖို့က အစီအရင်တစ်ခုများ လိုနေသလား။

ကျောက်စိမ်းပြားများကို နေရာချပြီးနောက် ဝမ်လင်းမျက်လုံးထဲရှိ စဉ်းစားနေသည့်အသွင်က ပျောက်ကွယ်သွားကာ ပြန်လည် ကြည်လင်လာသည်။

“ရှေးဟောင်းနတ်ဘုရားရဲ့ မှတ်ဉာဏ်တွေအရ ဆိုရင် ဒီသစ်သီးက သဘာဝအတိုင်း ကြီးထွားပြီး ရင့်မှည် ကြေကျလာရင် ရွှေရောင်စိတ်ဝိညာဉ်အရင်းမြစ် ဖြစ်ပေါ်တယ်လို့ ပြောထားတယ်…”

“ဒါပေမဲ့ ငါက ခုချိန်မှာ ဒီလို စောင့်နေဖို့ အချိန်မရှိဘူး။ ဒါ့ကြောင့် ငါက ထူစီရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ မန္တာန်ကို အသုံးပြုရမယ်…”

“ရှေးဟောင်းနတ်ဘုရားတွေကတော့ ဒီမွန်သားရဲတွေရဲ့ အရိုးတွေကို အသုံးပြုတယ်။ ငါကတော့ ကျောက်စိမ်းပြားတွေကိုပဲ အသုံးပြုရတယ်။ ဒါ့ကြောင့် သက်ရောက်မှုကတော့ အရမ်းကောင်းမွန်မှာ မဟုတ်ဘူး…” ဝမ်လင်းက သည်အရာနှင့် ပတ်သတ်၍ အကူအညီမဲ့သလို ခံစားနေရသည်။ ရှေးဟောင်းနတ်ဘုရားများ၏ စွမ်းအားက ကောင်းမွန်လှသဖြင့် သူတို့အသုံးပြုသည့် ပစ္စည်းများသည်လည်း အကောင်းဆုံးဖြစ်နေသည် မဟုတ်လား။

သူက ခေါင်းယမ်းလိုက်မိ၏။ သည့်နောက် ဝမ်လင်းက ခေါင်းမော့ကာ ထူးဆန်းသော ဟန်ပန်ကို ပြုလုပ်သည်။ သည်ဟန်ပန်က ကျင့်ကြံသူတစ်ယောက်၏ ချိပ်တံဆိပ်နှင့် မတူချေ။ ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များထဲက အရာတစ်ခုသာဖြစ်သည်။ သည်ဟန်ပန်က အစီအရင်ကို အသက်သွင်းသည့် ဟန်ပန်ပင် ဖြစ်သည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သေ…”

သူက သည်စကားလုံးကို ပြောလိုက်ပြီးနောက် သူ့ဘယ်ဘက်လက်ကနေ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းပြား တစ်ခု ပေါ်သို့ ကျရောက်သွားသည်။ သည်အဝါရောင်အလင်းက ကျောက်စိမ်းပြား ပေါ်သို့ ကျရောက်သွားသည့်အခါ ကျောက်စိမ်းပြားက စူးစူးရှရှ မည်ဟီးသွား၏။

သိပ်မကြာခင်တွင် ကျောက်စိမ်းပြားက ပေါက်ကွဲထွက်သွားတော့သည်။

သည်မြင်ကွင်းက ဝမ်လင်းကို မျက်မှောင်ကြုတ်သွားစေသည်။ အကွာအဝေးတစ်ခုရှိ ချန်ချင်ပင် ထိန့်လန့်လို့သွား၏။

သို့ရာတွင် သည်ကျောက်စိမ်းပြား ပေါက်ကွဲသွားသော်လည်း အဝါရောင်အလင်းတန်းက ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ တောက်ပလာခဲ့သည်။ ကျောက်စိမ်းပြား ပေါက်ကွဲသွားချိန်၌ အဝါရောင်အလင်းက ထိုးထွက်ကာ နောက်ထပ် ကျောက်စိမ်းပြား တစ်ခုပေါ်သို့ ကျရောက်သွားလေ၏။

ထိုအခါ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဝါရောင်အလင်းနှင့် ထိတွေ့မိသည့် ကျောက်စိမ်းပြားတိုင်းက ပေါက်ကွဲလို့သွားတော့သည်။

ဝမ်လင်းက ပို၍ မျက်မှောင်ကြုတ်မိလာသည်။ အသက်ရှုစာအကြိမ်များစွာ ကြာပြီးနောက် အဝါရောင်အလင်းက ပိုပို အားကောင်းလာခဲ့၏။ ၎င်းအလင်းက ရွှေရောင်ပန်းများနှင့် ကွာခြင်းလှခြင်း မရှိတော့ချေ။

သည်ရွှေရောင်အလင်းက ပန်းများအားလုံးကို ဝန်းရံသွားကာ တဖြည်းဖြည်း ကျုံ့သွားစေ၏။

ပန်းများသာမက ရွှေဉာဏ်သစ်သီးများပင် ကျုံ့သွားကာ တဖြည်းဖြည်း ခြောက်သွေ့လာခဲ့၏။ ပန်းရိုးတံများကသည်လည်း တူတူသာ။

သည်မြင်ကွင်းက ခြင်သားရဲကို အလွန်ဝမ်းနည်းသွားစေ၏။ ၎င်းက ဝမ်လင်းကို အတော်လေး ယုံကြည်မှုကြောင့်သာ မဟုတ်ရင် သည်သစ်သီးများကို ခိုးယူခဲ့ပြီ ဖြစ်သည်။

ချန်ချင်က သည်သစ်သီးများ သွေ့ခြောက်လာသည်ကို ကြည့်ကာ သူမနှလုံးသားက နာကျင်နေသည်။

ဝမ်လင်းအသွင်ကတော့ ပုံမှန်ပင်။ သို့သော် သူ့မျက်လုံးများကတော့ သည် သွေ့ခြောက်နေသည့် ရွှေဉာဏ်သစ်သီးများကို ကြည့်ကာ အလေးအနက် ဖြစ်လို့နေသည်။ တောင်ကြားထဲရှိ လေထုပင် လေးလံလို့နေ၏။

ရွှေရောင်ပန်းများ၏ ပွင့်ချပ်များက ကြေကျလာသည်မှာ အချိန်သိပ်မကြာလိုက်ချေ။ သို့သော် သည်ပန်းပွင့်ချပ်များက သာမန်ပန်းများကဲ့သို့ ကြွေကျခြင်း မဟုတ်ပေ။ ၎င်းပွင့်ချပ်များက ရွှေရောင်အရည်အဖြစ်သို့ အရည်ပျောက်ကျကာ မြေကြီးနှင့် ပေါင်းစပ်သွား၏။

သည်ပွင့်ချပ်များက ရွှေရောင်သစ်သီးများထံကနေ ဖြစ်လာခြင်းပင်။ ၎င်းတို့က ရွှေရောင်အရည်စက်များအဖြစ်သို့ ပျော်ကျပြီးနောက် မြေကြီးနှင့် ပေါင်းစပ်လို့သွားသည်။

သည်ဖြစ်စဉ်တစ်ခုလုံးက အမွှေးတိုင်တစ်ဝက်ထွန်းချိန်လောက်သာ ကြာမြင့်ပေ၏။ သည်အချိန်ပြီးနောက် မြေကြီးပေါ်၌ မည်သည့် ရွှေရောင်အရည်မှ ကျန်မနေခဲ့တော့ချေ။

ခြင်သားရဲက ဝမ်းနည်းစွာ ဟိန်းသံပြု၏။

ဝမ်လင်းမျက်လုံးကလည်း လက်ခနဲ ဖြစ်သွားကာ သူက ရွှေဉာဏ်သစ်သီးများ ရှိခဲ့သော နေရာသို့ လှမ်းလျှောက်သွား၏။ သူက မြေပြင်ကို ကြည့်သည်။ ရုတ်တရပ် သူ့မျက်လုံးက တောက်ပလို့သွားသည်။ သူက ထိုင်ချကာ ညာလက်ဖြင့် မြေကြီးကို ဖြည်းဖြည်းချင်း တူးဆွတော့သည်။ သူက ပြုံး၍ သူ့လက်ကို ပြန်ဆွဲနှုတ်လိုက်ရာ သူ့လက်ထဲ၌ အလွန်တောက်ပသော တစ်စုံတစ်ခု ပါလာခဲ့၏။

သည်ဆွဲနှုတ်လိုက်သည့် ထူးဆန်းသောအရာက နေမင်းကဲ့သို့ တောက်ပကာ နှုတ်ခမ်းမွေးလိုမျိုး အမွေးလေးခု ပါရှိ၏။ ဝမ်လင်းက သည်အရာကို ထိကြည့်လိုက်ရာ နွေးထွေးသော ခံစားချက်ကို ရရှိသည်။

ဝမ်လင်းက စိတ်ထဲ၌ တွေးနေမိ၏။ “အမွေးလေးခု ရွှေရောင်စိတ်ဝိညာဉ် အမြစ်…။ ငါက ဒါကို သဘာအအတိုင်းသာ ဖြစ်ပေါ်စေမယ်ဆိုရင် အနည်းဆုံး အမွှေးငါးခုထိ ရောက်ရှိနေမှာပဲ…”

ကောင်းကင်ထက်ရှိ ခြင်သားရဲကတော့ လုံးဝ မှင်တက်သွားကာ ဝမ်လင်းလက်ထဲရှိ အမြစ်ကို စူးစိုက်ကြည့်နေသည်။ သည်အကြည့်ထဲ၌ ရူးသွပ်မှုတို့ ပါဝင်နေ၏။

ချန်ချင်ကလည်း ပါးစပ်အဟောင်းသားဖြင့် ဝမ်လင်းလက်ထဲက အမြစ်ကို ကြည့်နေမိသည်။ သည်အခိုက်တွင် သူမက သူမ၏ ညံ့ဖျင်းမှုကို ကောင်းကောင်းနားလည်သွားတော့သည်။ သည်ရွှေဉာဏ်သစ်သီးကို အမှန်တကယ်အသုံးပြုရန်က ၎င်း၏အမြစ်ကို ရိပ်သိမ်းခြင်း ဖြစ်နေသည် မဟုတ်လော။

ဝမ်လင်းက အမွေးတစ်ခုကို နှုတ်ကာ သူ့နှဖူးထက်သို့ ဖိချလိုက်၏။ သိပ်မကြာခင်တွင် သူ့အသွင်က ပြောင်းလဲလို့သွားသည်။

သည်အမွေးက ရွှေဉာဏ်သစ်သီးထက် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့အပေါ် သက်ရောက်မှု ပိုရှိ၏။ ၎င်းက ပုတီးစေ့၏ သတ္တုဒြပ်လိုအပ်ချက်ကို အနည်းငယ် ဖြည့်ဆည်းပေးနိုင်ပေသည်။သို့ရာတွင် သည်ပမာဏက နည်းပါးလွန်းလှ၏။ သူက သည်အမြစ်တစ်ခုလုံးကို စုပ်ယူလိုက်လျှင်ပင် သတ္တုဒြပ်စင်၏ ဆယ်ရာခိုင်နှုန်းလောက်သာ တိုးတက်မည်ဟု တွက်ချက်မိလိုက်သည်။

သူက သက်ပြင်းချကာ အမွေးနောက်တစ်ခုကို နှုတ်ကာ လိုချင်ရူးသွပ်မှုတို့ ပြည့်နေသည့် ခြင်သားရဲ ထံသို့ ပစ်ပေးလိုက်လေသည်။

ခြင်သားရဲက ပျော်ရွှင်စွာ ဟိန်းသံပြုကာ သည်အမွေးကို ဖမ်းယူသည်။ သူက တစ်ချက် စုပ်ယူလိုက်ပြီး သည်အမွေးကို လုံးဝ မြိုချပစ်လိုက်၏။

ခု အမြစ်အမွေးလေးခုတွင် နှစ်ခုသာ ကျန်တော့၏။

ခြင်သားရဲက သည်အမွေးကို ဝါးမြိုပြီးနောက် သူ့မျက်လုံးထဲရှိ ရူးသွပ်မှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လို့သွားသည်။ သည်တစ်ကြိမ်၌ ၎င်းပတ်လည်ရှိ တောက်ပမှုက ခါတိုင်းလိုမဟုတ်ဘဲ အဆုံးမရှိဟန် ဆက်လက်တောက်ပနေတော့သည်။

နောက်ဆုံးတွင် ခြင်သားရဲက ၎င်း၏ တောင်ပံကို ဖြည်းဖြည်းချင်း တွန့်လိန် လာသည်။ ၎င်းခန္ဓာကိုယ်သည်လည်း ထိုနည်းတူသာ။ ၎င်းခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းကလည်း ပို၍ပင် အားကောင်းလာပြီး နောက်ဆုံးတွင်တော့ ခြင်သားရဲပတ်လည်၌ ရွှေရောင်ပိုးအိမ်တစ်ခုက ဝန်းရံကာ သွားတော့သည်။

ရွှေရောင်ပိုးအိမ်က ဖြည်းဖြည်းချင်း နက်မှောင်လာကာ အထဲရှိ ခြင်သားရဲကိုပင် မမြင်ရတော့ချေ။

ဝမ်လင်းက မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့နတ်ဘုရားအာရုံအား သည်ပိုးအိမ်ထဲသို့ အတင်း ပို့လွှတ်လိုက်သည်။ သူက အနည်းငယ် ကြည့်ရှုပြီးနောက် ဝမ်လင်းက ပြုံးရွှင်လာခဲ့သည်။

“ခြင်သားရဲက ရတနာများစွာကို ဝါးမြိုပြီးတဲ့နောက်မှာ သူက တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီ။ ၎င်းရဲ့ ခွန်အားကလည်း ဒီတစ်ကြိမ်မှာ တော်တော်လေး မြင့်တက်လာသင့်တယ်…”

ဝမ်လင်းက သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ ရွှေရောင်ပိုးအိမ်က သိုလှောင်အိတ်ထဲသို့ ရောက်ရှိလို့သွားသည်။ သူက ၎င်းကို သိမ်းဆည်းပြီးနောက် အနည်းငယ်စဉ်းစားကာ သူ့လက်ကို ဝှေ့ယမ်း၏။ ထိုအခါ အစိမ်းရောင်အလင်းတစ်ခု ပေါ်လာခဲ့တော့သည်။

အစိမ်းရောင်အလင်းက ပေါ်ထွက်လာသည်နှင့် ၎င်းက မိုးကြိုးဖားပြုတ်အသွင်သို့ ပြောင်းသွား၏။ ၎င်းမိုးကြိုးဖားပြုတ်၏ မျက်လုံးထဲတွင်တော့ ပျင်းရိမှုတို့နှင့် ပြည့်နေ၏။

သို့ရာတွင် သည်ပျင်းရိမှုက ဝမ်လင်းလက်ထဲ အမြစ်အမွေးနှစ်ခုကို တွေ့မြင်လိုက်သည့်အခါ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သည်ပျင်းရိပျင်းတွဲအကြည့်က အလေးအနက်အကြည့်သို့ ပြောင်းလဲသွားလေသည်။

ဝမ်လင်းက ပြုံးလိုက်၏။ သည့်နောက်သူက အမြစ်တစ်ခုကို နှုတ်ယူကာ မိုးကြိုးဖားပြုတ်သားရဲ ထံသို့ ပစ်ပေးလိုက်၏။

မိုးကြိုးဖားပြုတ်သားရဲ၏ ဝမ်းဗိုက်က ဖောင်းကားလာက ပါးစပ်ထဲကနေ လျှာအနီကြီးက လှစ်ခနဲ ထွက်လာ၏။ ထိုအခါ အမွေးက ချက်ခြင်းပင် ပျောက်ကွယ်သွားတော့သည်။ မိုးကြိုးဖားပြုတ်ထံကနေ ကျယ်လောင်သော ဟိန်းသံများ ထွက်ပေါ်လာပြီးနောက် ၎င်း၏ မျက်လုံးများက ပင်ပန်းသွားဟန်ဖြင့် တဖြည်းဖြည်း မှိတ်လို့သွားတော့သည်။

ဝမ်လင်းက လေထဲသို့ ဖိနှိပ်လိုက်ရာ မိုးကြိုးဖားပြုတ်သားရဲက သိုလှောင်အိတ်ထဲသို့ ပြန်ရောက်ရှိသွား၏။ သည့်နောက် သူက ချန်ချင်ကို လှည့်ကြည့်လိုက်သည်။

ချန်ချင်က ဝမ်လင်းအကြည့်ကို သတိပြုမိလိုက်သည့်အခါ သူမခန္ဓာကိုယ်က တုန်ခါသွား၏။ သူမက အလျင်အမြန် ဦးညွတ်လိုက်၏။သို့သော် စကားတော့ တစ်ခွန်းမှ မပြောချေ။

“ငါက ဒီ ရွှေရောင်စိတ်ဝိညာဉ်အမြစ်ကို ရရှိခဲ့တာ နင့်ရဲ့ကံကောင်းမှုကြောင့် ဖြစ်တယ်။ နင်က ဒီနောက်ဆုံး အမြစ်အမွေးတစ်ခုကို ယူနိုင်တယ်…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက နောက်ဆုံးအမွေးတစ်ခုက နှုတ်ယူကာ ပေးလိုက်သည်။ ပင်မအမြစ်ကတော့ သူ့မူလခန္ဓာကိုယ်အတွက် သိမ်းဆည်းထားလိုက်၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ သဲလွန်စမရှိ ပျောက်ကွယ်လို့သွားတော့သည်။

ချန်ချင်က မှင်သက်မိနေ၏။ သူမက သူမထံသို့ မြောလွင့်လာနေသည့် အမြစ်အမွေးကို အလိုလို ဖမ်းဆုပ်လိုက်သည်။ သူမရှေ့တွင် ဖြစ်ပျက်ခဲ့သည့်များက အိပ်မက်တစ်ခုလိုပင်။ သူမက သည်အရာများကို အမှန်ဟူပင် မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

သူမက ခေါင်းလှည့်၍ ကြည့်လိုက်သည့်အခါ ဝမ်လင်းလို့ခေါ်သည့်လူက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်နေတော့သည်။

ချန်ချင်က အချိန်အတန်ကြာ မတ်တပ်ရပ်နေမိပြီးနောက်မှ သည်အမွေးကို သိမ်းဆည်းလိုက်၏။ သည့်နောက် သူမက သက်ပြင်းချကာ သည်နေရာကနေ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ဝမ်လင်းခန္ဓာကိုယ်ကလည်း အလင်းတန်းအလား လှုပ်ရှားနေ၏။ သူက သည်တောင်ကြောကို ဖြတ်၍ အတွင်းနက်ပိုင်းသို့ ရောက်ရန် အချိန်များစွာ မယူလိုက်ရချေ။

တာ့လော့ဓားကလန်၏ အရပ်ပုပုအကြီးအကဲက‌တော့ ကြာပွင့်သဏ္ဌာန်ထိုင်နေလျက် ရှိကာ သူ့မျက်နှာကလည်း အလွန်ဖြူရောနေ၏။ သူမျက်ခုံးနှစ်ခုကြား တစ်လက်မအကွာတွင် လခြမ်းကွေးဓားသွား ရှိလို့နေသည်။

သူ့ခေါင်းထက် တစ်လက်မအကွာတွင်တော့ ကောင်းကင်ဘုံဓားက ရှိလို့နေ၏။ သည်ဓားက လှုပ်ရှားမှု မပြုသော်လည်း အားကောင်းသောဓားစွမ်းအင်ကို ပေးစွမ်းနေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset