ကျင်းဝူရာခေါင်းခါကာ ပြောလိုက်သည် “ပြောပြနိုင်ပါတယ်၊ ဒီပူလွောင်တောင်တန်းက တခြားနေရတွေနဲ့ယှဉ်ရင် အန္တရာယ်များတဲ့ဒေသတွေရှိတယ်၊ အဲနေရာတွေက ဘယ်နေရာတွေလဲဆိုတာ ပြောပြမယ် ဒါမှမင်းတို့အဲနေရာတွေဝင်ရင် ရှောင်လို့ရမယ်လေ”
“မင်းတို့ ဆက်ပြောနေကြ၊ ငါသွားပြီး စားဖို့ပြင်လိုက်ဦးမယ်” ရှီမာယူယူမတ်တတ်ရပ်ပြီးနောက် ပြောလိုက်သည်။
ကျင်းဝူရာပြောသည်မှာ မှန်သည်၊ ခုဏကထက်ပိုမှောင်လာသည်။ ထို့ကြောင့် သူတို့ညစာကို စောစောစားရမည်။
သူ့အကြိုက်သည် အဆင့်မြင့်ကြောင်းကို အားလုံးသိသည်။ သူ့တွင်အချိန်ရှိပါက သူ့ခွဲတမ်းကိုပင်မစားပေ။ ရှီမာယူယူ သူတို့နှင့်လိုက်လာသည်ကို ကျေးဇူးတင်မိကြောင်းအားလုံး ခံစားမိသည်။
သူမသည် နေရာကျယ်တစ်ခုအားလာလိုက်ကာ ချက်ပြုတ်ရန် လိုအပ်သည်များကို ထုတ်လိုက်သည်။ အိုးများ၊ ဒယ်အိုးများနှင့် ယောက်ချိုဇွန်းများ သူမတွင်ရှိနေခြင်းကြောင့် အစိမ်းရောင်ကြေးစားအဖွဲ့ချုပ်မှ လူများသည် ကြောင်ကာ စိုက်ကြည့်နေတော့သည်။
“ကျွတ်ကျွတ်၊ မင်းကြည့်ရတာ မျိုးနွယ်ကြီးတစ်ခုကလာတဲ့သူနဲ့တူတယ်၊ ဒါတောင် ဒီလိုပစ္စည်းမျိုးကို မင်းယူလာသေးတယ်နော်” ရှီမာယူယူ၏ ဟင်းချက်အသုံးအဆောင်များကို ကြည့်ကာ ကြေးစားတစ်ဦးသည် တမ်းတစွာပြောလိုက်သည်။
“ဒါပေါ့ သူတို့ဝတ်ထားတာကို တစ်ချက်တည်းကြည့်ရုံနဲ့ သူတို့က သေချာပေါက်သာမာန်လူမဖြစ်နိုင်ဘူးဆိုတာ သိနိုင်တယ်”
“ဒီမှော်ဝင်လက်စွပ်က တကယ်ကြီးတာပဲ”
“တော်ပြီ အားမကျနေကြနဲ့ သောက်ကြအောင်”
သူမအား အားကျနေသည်များကို ရှီမာယူယူဂရုမစိုက်ပဲ ဝိညာဉ်ပုလဲအတွင်းမှ ဟင်းချက်ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်ကာ ညစာချက်ခြင်းတွင် အာရုံစိုက်နေလိုက်သည်။
ကျင်းဝူရာသည် ရှီမာယူယူပြုလုပ်သည်များကြောင့်အံ့သြသွားလေသည်။ ဟင်းချက်ပစ္စည်းတွေကို အတူယူလာတဲ့သူကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။
“အစ်ကိုကြီးကျင်း မအံ့သြပါနဲ့၊ သူ့အကြိုက်က မြင့်တော့ တော်ရုံကိုမစားနိုင်ဘူး” ဝေကျိရွှီရှင်းပြသည် “အစ်ကို အခုပြောတာက ပူလွောင်တောင်တန်းကိုလာတဲ့သူတွေက ဘယ်လိုရောက်လာတာလဲ”
ကျင်းဝူရာသည် ရှီမာယူယူ၏ ဟင်းချက်ပစ္စည်းများမှ မျက်စိခွာလိုက်ကာ ခေါင်းညိတ်ပြီးပြောလိုက်သည် “ဟုတ်တယ်၊ ငါလည်း တစ်ခုခုကို သတိထားမိတယ်၊ ငါတို့ အစိမ်းရောင်ကြေးစားအဖွဲ့ချုပ်က ရန်ချောင်းမှာ တပ်ဖြန့်လေ့ရှိတယ်၊ ငါတို့က ပူလွောင်တောင်တန်းကိုလည်း ဝင်ထွက်လေ့ရှိတယ်၊ အဲဒါကြောင့် ကွာခြားမှုသေးသေးလေးဆိုရင်တောင် ငါတို့သတိပြုမိတယ်၊ နောက်ပိုင်းမှာ ပူလွောင်တောင်တန်းကို လာတဲ့လူအရေအတွက်တိုးလာပေမယ့် ဒီလတစ်ဝက်အတွင်း အထဲကိုဝင်တဲ့လူအရေအတွက်ပိုများလာတယ်၊ ပြီးတော့ အများစုက မျိုးနွယ်ကြီးတွေကပဲ”
“ဟုတ်လား၊ ဒီလောက်လူအများကြီး ဘာလို့တိုးလာတာလဲ” ဖက်တီးကျူ စပ်စုစွာမေးလိုက်သည်။
“အစတုန်းက ငါတို့လည်းမသိခဲ့ဘူး၊ ဒါပေမယ့် ခဏကြာတော့ လူတစ်စု ပြောတာ မတော်တဆကြားလိုက်တာ တန်ဖိုးရှိတဲ့ အရာတစ်ခုပေါ်လာတာ ဒါမှမဟုတ် ထူးဆန်းတဲ့ ဆေးဖက်ဝင်ပစ္စည်း ရင့်မှည့်လာတာဆိုပဲ၊ အဲဒါက ဘာပစ္စည်းလဲဆိုတာတော့ ငါတို့လည်းမသိဘူး” ကျင်းဝူရာသည် ပခုံးတွန့်ကာပြောလိုက်သည် “ငါတို့နဲ့ ဘာမှမဆိုင်လို့ အဲဒါကို အာရုံမစိုက်မိလို့လဲဖြစ်မှာပေါ့”
“အဲဒီပစ္စည်းနဲ့ ပတ်သတ်လို့ အစ်ကိုကျင်းတို့ စိတ်ဝင်စားတာနည်းနည်းမှမရှိဘူးလား” ဖက်တီးကျူမေးလိုက်သည်။
“ငါတို့ စိတ်ဝင်စားစား မစားစား လုပ်နိုင်တာမရှိဘူးလေ၊ ဒါပေမယ့် အဲဒီပစ္စည်းက အတွင်းပိုင်းဒေသ ဒါမှမဟုတ် အနည်းဆုံးတော့ အတွင်းပိုင်းဒေသ အနီးအနားမှာပဲ တွေ့နိုင်မယ်၊ ငါတို့ အဲနေရာကို ဘယ်လိုလုပ်ဝင်ရဲမလဲ၊ ငါတို့ဒီအတိုင်းပဲ ကြားတာကို နားထောင်လိုက်တာပဲ” ကျင်းဝူရာ ရှင်းပြသည် “ညီလေးဝေ အဲအဖိုးတန် ပစ္စည်းရဲ့ ဆွဲဆောင်တာကို မခံတာကောင်းမယ်နော်၊ တန်ဖိုးရှိတာတွေက ကောင်းပေမယ့် လူတစ်ယောက်ရဲ့ အသက်က အရေးကြီးဆုံးပဲ”
“ဟီးဟီး ကျွန်တော်တို့ အဲဒါကို နားလည်ပါတယ်” ဝေကျိရွှီပြုံးလိုက်သည်။
အတွင်းပိုင်းဒေသသည် သူတော်စင်အဆင့် သားရဲများနေထိုင်သော နေရာဖြစ်သည်။ သူတို့အချင်းချင်းနှိုင်းယှဉ်လျှင် အားလုံးသည် သက်တူရွယ်တူဖြစ်၍ တခြားသူများနှင့် ယှဉ်လျှင် သူတို့သည် ကျွမ်းကျင်မှုမရှိသေးပေ။ ထိုသူတော်စင်အဆင့် သားရဲများနှင့် တိုက်ခိုက်ရန် သူတို့တွင် သတ္တိမရှိပေ။
ရှီမာယူယူသည် ဟင်းရွက်များကြော်နေစဉ်အတွင်းမှာ ကျင်းဝူရာပြောသော သတင်းများကို နားထောင်နေသည်။ တန်ဖိုးရှိသော ပစ္စည်းများအကြောင်းပြောနေသည်ကို ကြားသည်နှင့် သူမသည် ခဏတာမျှ တုန့်ဆိုင်းသွားသည်။
အဖိုးတန်ပစ္စည်းဟုတ်လား၊ သူမ အကြိုက်ပဲ၊ သူမတွင် အခွင့်အရေးရှိပါက တစ်ယောက်တည်းသွားကာ စစ်ဆေးကြည့်မည်။
သူမ စားပွဲအပြည့် အစားအစာများပြင်ဆင်ကာ ထိုအနဲ့သည် တောအတွင်းပျံ့နှံ့သွားပြီး လူအများ၏ အာရုံကို ဖမ်းစားသွားလေသည်။
“ညီလေး ရှီမာရဲ့ ဟင်းတွေက အရသာရှိမယ့်ပုံပဲ” ကျင်းဝူရာသည် အနံ့အားရှုလိုက်ကာ ချီးကျူးလိုက်သည်။
“ဟားဟား အစ်ကိုကြီးကျင်းက ပူလွောင်တောင်တန်းအကြောင်းကို ပြောပြလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပြီးတော့ အကုန်လုံးလည်း ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြတော့ ဒီလိုအချိန်မှာ သောက်သင့်တယ်မဟုတ်လား” ဝေကျိရွှီသည် ပြောလိုက်သည်။
“ဒါက… အရမ်းကောင်းနေတာမဟုတ်ဘူးလား” ကျင်းဝူရာသည် အနည်းငယ်ရှက်သွားသည်။
“ကျွန်တော် ဟင်းတွေပိုချက်ထားတယ်၊ အစ်ကိုကြီးကျင်း ကျွန်တော်တို့နဲ့ စားပါ” ရှီမာယူယူ ပြုံးကာ ဖိတ်ခေါ်လိုက်သည်။
ထို ကျင်းဝူရာ၏ အကျင့်စရိုက်သည် မဆိုးပါ၊ သူပြောပြသော အကြောင်းများသည် သူတို့အတွက် အလွန်အသုံးဝင်သည်။ သူ့အား စားရန်ဖိတ်ခေါ်ခြင်းနှင့် သူတို့နှင့်အတူသောက်ခြင်းသည် ဘာမှမဟုတ်ပေ။
“သွားရအောင် အစ်ကိုကြီးကျင်း ယူယူရဲ့လက်ရာက တကယ်အရာသာရှိတယ်၊ တခြားနေရာမှာစားချင်ရင်တောင် စားလို့မရဘူး၊ လာပါ နည်းနည်းလောက်သောက်ရအောင်” ဝေကျိရွှီပြောလိုက်သည်။
“မင်းတို့ ဒီလိုပြောနေမှတော့ ငါမပြန်ပဲ အခွင့်အရေးယူလိုက်ပါမယ်” ကျင်းဝူရာသည် ပြုံးကာ သူ့လက်များသည် ကျေးဇူးတင်ဟန်ပြလိုက်သည်။
ဝေကျိရွှီ၏ ကောင်းမွန်သော အမူအကျင့်အား တွေ့ရပြီး ကျန်သူများလည်း သာမာန်မဟုတ်ကြောင်းကို ပြောနိုင်သည်။ သူတို့သည် ကြီးမားသော မိသားစုမျိုးရိုးမှ လာသည်ဖြစ်သော်လည်း မာနမကြီးကြပေ။
ရှီမာယူယူ ချက်ပြုတ်သောဟင်းများကို အလိုအလျောက် စားဝင်ကြပြီး သောက်လည်းသောက်ကြသည်။ စားပြီးနောက်တါင် ကျင်းဝူရာသည် သူ့ဘဝတွင် ထိုမျှလောက်ကောင်းသော ဟင်းများကို မစားဖူးဘူးဟု ချီးကျူးသည်။
စားသောက်ပြီးချိန်တွင် ကောင်းကင်သည် ပို၍မည်းမှောင်လာသည်။ ကျင်းဝူရာသည် သူ့အသင်းဖော်များနှင့်အတူ သူ့နေရာသူပြန်သွားလေသည်။ ရှီ်မာယူယူနှင့် ဘေဂုံထန်သည် အတူတကွရှင်းလင်းကြပြီး ဆေးကြောရန်အတွက် ယူဆောင်ပေးလိုက်ကြသည်။
“မနက်ဖြန်ကို တောင်တန်းကို ဝင်ကြမှာဆိုတော့ အကုန်လုံးစောစောနားကြ၊ ဒီနေ့ညကို ငါကင်းစောင့်မယ်” သူတို့ပြန်လာသည်ကို စောင့်ကာ ဝူရန်ဖေပြောလိုက်သည်။
“မလိုပါဘူး မင်းသွားအိပ်တော့ ညကင်းစောင့်ဖို့ ဟိန်းသံလေးကို ထားလိုက်မယ်” ကြက်ပေါင်အား အရိုးဖြစ်အောင်စားနေသော ဟိန်းသံလေးအား ရှီမာယူယူကြည့်ပြီးပြောလိုက်သည်။
ဝူရန်ဖေသည် ဟိန်းသံလေးကို တစ်ချက်ကြည့်လိုက်ကာ ထိုသူသည် အားကောင်းကြောင်းပြောနိုင်သည်။ ကင်းစောင့်ရန်အတွက် ငြင်းခုံလိုစိတ်မရှိ၍ သူခေါင်းညိတ်ကာ သူ့တဲသို့ပြန်လာလိုက်သည်။
“ကောင်းသောညပါ”
ရှီမာယူယူသည်လည်း သူမကိုယ်ပိုင်တဲသို့ပြန်လာကာ အိပ်ရာပေါ်တွင် ခြေထောက်နှစ်ချောင်းအား ချိတ်ထားလေသည်။ ဟိန်းသံလေးသည် ကြက်ပေါင်အားပိုက်ကာ ပျံဝင်လာသည်။
“ဟိန်းသံလေး ဒီနေ့ညကင်းစောင့်လိုက်”
“ကိစ္စမရှိပါဘူ။ မင်းစိတ်ချလက်ချနား” ကြက်ပေါင်အား ပါးစပ်အပြည့်စားနေရင် ဟိန်းသံလေးပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သို့သော် သူမအိပ်မပျော်ပဲ မျက်စိမှိတ်ထားရုံသာ မှိတ်ထားလိုက်သည်။ သူမသည် သူမ၏ အသိထဲသို့ ဝိညာဉ်ရွှီအား ဖြည့်တည်းလိုက်သည်။ ထိုအထဲတွင် အင်ပါယာသားရဲကျမ်းနှင့် ဝိညာဉ်မွမ်းမံမှု လျှို့ဝှက်ချက်များလေထဲတွင် ပေါလောပေါ်နေသည်။
သူမ၏ စိတ်စွမ်းအင်သည် လူတစ်ယောက်အဖြစ်မှလျော့ချကာ အင်ပါယာသားရဲကျမ်းရှေ့တွင် ပျံ့သန်းနေကာ ကောက်ယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
အင်ပါယာသားရဲကျမ်းသည် မရှည်လျားပါ။ အရေးအကြီးဆုံး အပိုင်းသည် ဝိညာဉ်သားရဲများ ထိန်းကျောင်းခြင်းနှင့် စာချုပ်ချုပ်ဆိုရန် နည်းလမ်းအသွယ်အသွယ် အနည်းငယ်ပါဝင်သည်။ ရေးထားသည်များကို ကြည့်ကာ စာချုပ်ချုပ်ရာတွင် မတူညီသော နည်းလမ်းများရှိ၍ ရလဒ်များလည်းမတူညီသည်ကို ရှီမာယူယူ သဘောပေါက်မိလိုက်သည်။
စာချုပ်များသည် ယေဘုယျအားဖြင့် အသက်စာချုပ်၊ ဝိညာဉ်စာချုပ်နှင့် သခင်အစေခံစာချုပ်ဟူ၍ ခွဲခြားထားသည်။
အသက်စာချုပ်သည် အမည်အတိုင်းပင် သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင်မူတည်နေသည်။ တစ်ဖက်သူသေလျှင် ကျန်တစ်ယောက်လည်း လိုက်သေမည်ဖြစ်သည်။ ထိုစာချုပ်သည် စာချုပ်ချုပ်ရာတွင် အများဆုံး အသုံးပြုသော နည်းလမ်းဖြစ်သည်။ ရှီမာယူယူနှင့် ထိုအမည်မရှိ ဥအကြားတွင် ချုပ်ထားသော စာချုပ်သည် အသက်စာချုပ်ဖြစ်သည်။
ဝိညာဉ်စာချုပ်သည် ဝိညာဉ်နှစ်ခုကြားချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။ ထိုစာချုပ်အရ တစ်ဖက်လူမှသေသွားသော်လည်း ဝိညာဉ်သည် ဆက်လက်ရှင်သန်နေပါက ဝိညာဉ်သားရဲသည်လည်း အသက်မသေပေ။ ထိုစာချုပ်သည် သူမနှင့် ဟိန်းသံလေးချုပ်ထားသော စာချုပ်ဖြစ်သည်။
သခင် အစေခံစာချုပ်သည် လူသားသည် သခင်ဖြစ်၍ ဝိညာဉ်သားရဲသည် အစေခံဖြစ်သည်။ ထိုစာချုပ်အမျိုးအစားတွင် ဝိညာဉ်သားရဲသေဆုံးသော်လည်း သခင်သည် အသက်ဆုံးရှုံးမှုမရှိပေ။ သို့သော် အားအင်အနည်းငယ် ဆုံးရှုံးနိုင်သည်။ ထိုစာချုပ်အမျိုးအစားသည် ဝိညာဉ်သားရဲများ အမုန်းဆုံးဖြစ်သည်။
တချို့သော အသက်စာချုပ်နှင့် ဝိညာဉ်စာချုပ်တို့သည် သားရဲတစ်ကောင်နှင့်သာ ချုပ်ဆိုနိုင်သည်။ ထို့ကြောင့် ထိုအချိန်တုန်းက ဥသည် ရှီမာယူယူနှင့် ဟိန်းသံလေးအကြားမှ စာချုပ်အား အစောကတည်းက သိနှင့်ပြီးသားဖြစ်သည်။ နောက်အကောင်းဆုံးတစ်ခုဖြစ်သော အသက်စာချုပ်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ထိုအသက်အရွယ်လူများသည် အသက်စာချုပ်နှင့် သခင်အစေခံစာချုပ်ကိုသာ သိကြ၍ ဝိညာဉ်စာချုပ်ကို သိသူနည်းပါးသည်။
ထို့အပြင် စာချုပ်များသည် လူတစ်ယောက်၏ စိတ်ဓာတ်ခွန်အားအပေါ်တွင် များစွာသက်ဆိုင်နေသည်။ စိတ်ဓာတ်ခွန်အား သန်မာသူသည် ဝိညာဉ်သားရဲများနှင့် ပို၍စာချုပ်ချုပ်နိုင်သည်။ ဝိညာဉ်သခင်အများစုသည် ဝိညာဉ်သားရဲတစ်ကောင်သာ စာချုပ်ချုပ်နိုင်ကြပြီး ထိုသူထက် ပိုအားကောင်းမှသာ ဒုတိယမြောက်ကို စာချုပ်ချုပ်နိုင်မည်ဖြစ်သည်။
သူတို့သုံးယောက်နှင့်စာချုပ်ချုပ်ထားသော ရှီမာယူယူကဲ့သို့လူသည် အားအကြောင်းပြောရမည်ဆိုလျှင် သူမသည် အားအကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်သည်။