တာ့လော့ဓားကလန်မှ အကြီးအကဲ နှစ်ယောက်က တစ်ချိန်တည်းမျာ သွေးအန်လိုက်ရပြီး သူတို့ခန္ဓာကိုယ်ကလည်း နောက်သို့ လွင့်ထွက်သွား၏။ မြေပြင်ပေါ်တွင်လည်း ခြေရာစွတ်ကြောင်းများပင် ကျန်ခဲ့၏။
မီးခိုးရောင်အခိုးငွေ့တစ်ခုက ပျံ့နှံ့လာစဉ် ယင်းအခိုးငွေ့၏ အမျှင်တန်းတစ်ခုက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ဖြစ်သူ ရွှေဉာဏ်အလင်းသစ်သီးများကို ရိတ်သိမ်းရန် ပြင်ဆင်နေသည့် လု့စုန်ဂျိထံသို့ တိုးဝင်လို့သွားသည်။
လု့စုန်ဂျိအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက အချိန်ကို ရှောင်ရှားနိုင်မည် မဟုတ်ကြောင်း သိသည့်အတွက် တည်ရောရွှေ့ပြောင်းရန် စတင်လိုက်သည်။ သူက သည်နေရာတွင် တည်နေရာ ရွှေ့ပြောင်းခြင်းက အလွန်အန္တရာယ် ရှိသည်ကို သိသော်လည်း သည်အခိုက်၌ ထိုအရာကို စိတ်ပူနေရန် အချိန်မရှိပေ။ သူ့ပုံရိပ်နားရှိ လေထုက တွန့်လိမ်လာကာ သူက ပျောက်ကွယ်လုနီး ဖြစ်လို့သွား၏။
သို့ရာတွင် မီးခိုးရောင်အခိုးငွေ့က သူ့ထံသို့ တန်းမတ်စွာ ဝင်လာကာ အေးစက်စက်နှာခေါင်းရှံ့သံတစ်ခု ထွက်ပေါ်လာ၏။
နှာခေါင်းရှုံ့သံပြီးနောက် မီးခိုးရောင်အခိုးငွေ့က ရုတ်တရပ် နီးကပ်လာကာ သည်တွန့်ကြေနေသောလေထုကို ထွင်းဖောက်၍ လာလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက လု့စုန်ဂျိခန္ဓာကိုယ်သို့ ဖြတ်သန်းဝင်ရောက်သွားတော့သည်။
“မင်း…” လု့စုန်ဂျိအသွင်က ကြီးစွာ ပြောင်းလဲကာ သူက စကားပြောဟန် ပြင်၏။ သို့သော် သူ့ခန္ဓာကိုယ်က ရုတ်တရပ် တုန်ခါသွားကာ လေပူပေါင်းတစ်ခုကဲ့သို့ ဖောင်းကားသွား၏။
သည်မြင်ကွင်းက ထူးဆန်း၏။ လု့စုန်ဂျိခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်သွားပြီးနောက် ပေါက်ကွဲထွက်သွား၏။
သွေးမြူများစွာက သည်ဧရိယာအနှံ့သို့ ပြန့်ကျဲဝန်းရံလို့သွားသည်။
သည်သွေးမြူထဲ၌ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက တောင်ကြားထဲသို့ ဖြည်းညင်းစွာ လှမ်းလျောက်လာတော့၏။
သည်လူ့၏ လက်ချောင်းပေါ်တွင် နဂါးငယ်နှစ်ကောင် လှုပ်ရှားနေသကဲ့သို့ မီးခိုးရောင်အခိုးငွေ့ အလင်းတန်းနှစ်ခုက လှည့်ပတ်နေကြသည်။
သူ့လက်ကောက်ဝတ်ပေါ်ရှိ ခရမ်းရောင်တုန်ကင်ပေါ်တွင်တော့ ခုနစ် ဆိုသည့်ကိန်းကို ရေးထွင်းထား၏။
ဝမ်လင်းထွက်ပေါ်လာမှုက တောင်ကြားတစ်ခုလုံးကို လုံးဝ တိတ်ဆိတ်သွားစေ၏။
ကောရှင်းဂျိမျက်နှာက သွေးမရှိသည့်အလား ဖြူရောနေသည်။ သူ့ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်နေ၏။ ဓားပေါ်တွင် တင်ထားသည့် သူ့လက်ချောင်းများပင် ဖြူရောလာခဲ့၏။
သူ့ ဂျူနီယာညီမလေးကလည်း ကြောက်လန့်နေသည်။ နောက်ဆုံးတွင် သူမက မတ်တပ်ရပ်နိုင်ခြင်း မရှိတော့ဘဲ ဒူးထောက်ချကာ တောင်းပန်နေ၏။ သူမ မျက်နှာက အလွန်အမင်း ဖြူရောလို့နေသည်။
တာ့လော့ဓားကလန်မှ ဟုတ်ပုံမရသည့် အပြာရောင်ဝတ်စုံနှင့်လူငယ်၏ အကြည့်က စောနကထက် ပို၍ ယစ်မူးဟန်ဖြစ်လာသည်။ သူက အသက်ဝဝရှုသွင်းကာ သွေးနံ့များကို မြည်းစမ်းကြည့်နေသည့်အလားပင်။
သူတို့သုံးယောက်အပြင် ချန်ချင်လို့ခေါ်သည့်အမျိုးသမီးသည်လည်း မတည်မငြိမ် ဖြစ်လို့နေ၏။
ဝမ်လင်းအသွင်က တည်ငြိမ်နေကာ သူက သူတို့တစ်ယောက်ချင်းစီကို ဖြတ်ကြည့်လိုက်သည်။ သည့်နောက် သူက လေထဲသို့ လက်ညွှန်လိုက်ရာ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများက တောင်ကြားထဲရှိ အသွေးအသားထဲကနေ ပြန်ထွက်လာကာ ခပ်မြန်မြန် ပြန်စုဝေးသွား၏။
မီးခိုးရောင်အခိုးငွေ့တိမ်ထုတစ်ခု ဖြစ်ပေါ်သွား၍ ဝမ်လင်းလက်ချောင်းထိပ်သို့ လျင်မြန်စွာ ရွှေ့လျားလာ၏။
ဝမ်လင်းလက်ချောင်းထိပ်၌ မီးခိုးရောင်အလင်းလုံးတစ်ခု စုစည်း ဖြစ်ပေါ်သွားသည်။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေကာ သူက လက်ချောင်းကို ဖိညှစ်လိုက်သည်။ ထိုအခါ မီးခိုရောင်အလုံးထံကနေ စွမ်းအင်တုန်ခါမှုတို့ ထွက်ပေါ်သွား၏။ ၎င်းအလုံးကို လက်သည်းခွံအရွယ်အစား လောက်ထိ ဖြစ်ပေါ်သွားစေသည်။ ဝမ်လင်းက ၎င်းကို သူ့လက်နှင့် ဖမ်းဆုပ်၏။သူ့လက်ကို ပြန်ဖြန့်လိုက်ချိန်တွင်တော့ သည်မီးခိုးရောင်အလုံးလေးက ပျောက်ကွယ်သွားခဲ့သည်။
တာ့လော့ဓားကလန်မှ ရှီဖန်က ဝမ်လင်းလက်ကောက်ဝတ်ပေါ်ရှိ တုန်ကင်ကို ကြည့်ကာ ပြောလိုက်သည်။ “ကောင်းကင်ကံကြမ္မာကလန်၊ ခရမ်းရောင်အုပ်စုခွဲ ခုနစ်ယောက်မြောက်တပည့် ဝမ်လင်း…”
ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းကာ ရှီဖန်ကို ကြည့်၍ ပြောလိုက်သည်။ “ငါ့မေးခွန်းတစ်ခုကို ဖြေပါ…ဒါဆို မင်းတို့ထဲက တစ်ယောက်ကို ငါ ဒီနေ့ ထွက်သွားခွင့်ပေးမယ်…”
ရှန်ဖန်က ကမ္ဘာပေါ်တွင် အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေသည်။ သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ လေထဲသို့ ညွှန်၏။ ထို့နောက် အားကောင်းသော ဓားစွမ်းအင်က သူ့ကျောဘက်ရှိ ဓားအိမ်ထဲကနေ ထိုးထွက်လို့သွားသည်။ ဓားစွမ်းအင်က အစိမ်းရောင်ရှိကာ ကောင်းကင်ထက်သို့ မြင့်တက်သွား၏။
ရှီဖန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ဝမ်လင်း…မင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် ဖြစ်ပေမဲ့ ငါတို့နှစ်ယောက်ကလည်း ကလန်ရဲ့ ဓားရတနာတွေ ပိုင်ဆိုင်ထားတဲ့ အစောပိုင်းအဆင့် နှစ်ယောက် ဖြစ်ကြတယ်။ မင်းက ငါတို့ကို သတ်နိုင်မယ်ဆိုရင်တောင် မင်းလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမှာ။ အဲ့ကြရင် မင်းက နောက်တစ်လခွဲကြာရင် ပွင့်မယ့် အရှေ့ပိုင်းနတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်ကို ဘယ်လိုသွားနိုင်မလဲ ကြည့်ရသေးတာပေါ့…”
သူက အရှေ့ပိုင်း နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်သို့ လာရောက်မည့် လူစာရင်းကို သိရှိထားခဲ့ပြီး ဖြစ်သည်။ သူက သည်ဝမ်လင်းသည်လည်း ထိုသို့သွားရောက်မည့်လူထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ကြောင်း သိနေ၏။
ခုသူက ဝမ်လင်းကို မြင်လိုက်သည့်အခါ လောင်းကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူက ဝမ်လင်းက သူတို့ကို နှစ်ယောက်ကို ထိပ်တိုက်ရင်မဆိုင်ဝံ့ဘူးဟု လောင်းကြေးထပ်ထားခြင်း ဖြစ်၏။ အကြောင်းကတော့ သူတို့နှစ်ယောက်အင်ပြည့်အားပြည့် ပူးပေါင်းတိုက်ခိုက်ရင် သူကိုယ်တိုင်လည်း ဒဏ်ရာရသွားမည် မဟုတ်လား။ သည်လိုသာ ဖြစ်လာလျှင် ဝမ်လင်း အရှေ့ပိုင်းနတ်ဆိုးစိတ်ဝိညာဉ်ကို သွားရောက်ရမည့် ခရီးစဉ်က ရှုပ်ထွေးကုန်မည် ဖြစ်၏။
အရပ်ပုပုနှင့်အကြီးအကဲကတော့ ဘာစကားမှ ဝင်ပြောခြင်း မရှိပေ။ သို့သော် သူက ဝမ်လင်းပေါ်သို့ အလစ်မပေးဘဲ ကြည့်လို့နေသည်။ သူက ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ တစ်ခုခုမှားနေသည်ကို သဘောပေါက်လိုက်၏။ သူတို့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့် နှစ်ယောက်ပူပေါင်း၍ အလယ်အဆင့်ဖြစ်သူ ဝမ်လင်းကို တိုက်ခိုက်ရာ၌ အနိုင်ရချေ သိပ်မြင့်မားလှခြင်း မရှိပေ။
အရပ်ပုပုအကြီးအကဲက အံတင်းတင်းကြိတ်ကာ စကားတစ်ခွန်းမှ မဆိုတော့ဘဲ စတင်လှုပ်ရှားလေ၏။ သူက သိုလှောင်အိတ်ထဲကနေ သွေးရောင်အလံတစ်ခုကို ထုတ်ယူ၏။ တစ်ချက်လှုပ်ယမ်းလိုက်သည်နှင့် သွေးမြူများက ထိုအလံကနေ ထွက်ပေါ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
“မင်း သေခြင်းတရားကို လက်ခံစမ်း…” အရပ်ပုပုအကြီးအကဲက အော်သံတစ်ချက်ပြု၍ ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ သူ့လက်ဖဝါးနှစ်ဖက်ကနေ ပို့လွှတ်လိုက်၏။ သွေးရောင်လက်ဝါးများက ဝမ်လင်းထံသို့ ဦးတည်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် အရပ်ပုပုအကြီးအကဲက သူ့လျှာကို အနည်းငယ် ကိုက်၍ သွေးအဆီအနှစ်ကို ထွေးထုတ်သည်။ သည် သွေးရောင်က ရွှေရောင်ရောယှက်နေသည်။ သူက သွေးတစ်လုပ် အန်ထုတ်ပြီးနောက် မန္တာန်တစ်ခုကို စတင်ရွတ်ဆို၏။ ထိုအခါ ထူးဆန်းသောအားတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာတော့သည်။
“ကောင်းကင် တစ္ဆေဝါးမြိုခြင်း…”
သူက ထိုသို့ ရွတ်ဆိုပြီးနောက် အရပ်ပုပုအကြီးအကဲ၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။ ကျယ်လောင်သောအော်သံတစ်ခုနှင့်အတူ ရွှေရောင်သွေးအဆီအနှစ်က စတင်လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်လို့သွားသည်။
၎င်းက ပျောက်ကွယ်သွားသည့်အခိုက်မှာပင် ပေတစ်ရာခန့် ရှည်လျားသည့် ပုံရိပ်ယောင်ဦးခေါင်းတစ်ခုက သည်အရပ်ပုပုအကြီးအကဲ နောက်တွင် ပေါ်လာခဲ့သည်။ သည်ဦးခေါင်းက အလွန်ကြီးမားကာ စိမ်းနက်ရောင် တောက်ပနေသည်။ ထိုဦးခေါင်းပေါ်၌ ဆံပင်ဟူ၍ မရှိ။ ၎င်းက ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်နှင့် အလားတူသည်။ သည်ဦးခေါင်းက ပုံရိပ်ယောင်သာ ဖြစ်သော်လည်း အထည်ဒြပ်ရှိသည်ဟု ထင်ရကာ အေးစက်သောအော်ရာကို ပေးစွမ်းနေ၏။
သည် ဦးခေါင်းပေါ်လာသည်နှင့် ၎င်းက ဟိန်းသံပြုကာ ဝမ်လင်းထံသို့ ဦးတည်သွားသည်။
အရပ်ပုပုအကြီးအကဲက အော်ပြောလိုက်သည်။ “တိုက်ခိုက်စမ်း…”
ရှီဖန်က အံတင်းတင်း ကြိတ်သည်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အောက်သို့ ဆွဲချ၏။ သူ့နောက်ကျောရှိ ဓားက ဓားတေးသံကို ထုတ်လွှတ်ကာ ထိုးထက်သွားသည်။ ရုတ်တရပ်သည်ဓားက ဝမ်လင်းထံသို့ ကြမ်းကြုတ်သည့်နဂါး တစ်ကောင်ကဲ့သို့ ဝင်ရောက်သွားသည်။
တစ်ပြိုင်နက်တည်းမှာပင် ရှီဖန်က သူ့သွေးအဆီအနှစ်ကို ပါးစပ်အပြည့် ထွေးထုတ်၏။ သည့်နောက် သူက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့လက်ဝါးဖြင့် သွေးအဆီအနှစ်ကို ဖမ်းလိုက်သည်။ ထို့နောက် သူက မာန်သွင်းကာ ၎င်းကို သူ့နှဖူးသို့ ပွတ်သပ်ချသည်။
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ရှီဖန်ခန္ဓာကိုယ်က တုန်ယင်သွားကာ အစိမ်းရောင်အလင်းလုံးတစ်ခုက သူ့နှဖူးထက်ကနေ ထွက်ပေါ်လာ၏။ သည်အစိမ်းရောင်အလင်းထဲ၌ ရှီဖန်မူလစိတ်ဝိညာဉ်က ရုတ်တရပ် ပျံသန်းလာကာ သူ့ပါးစပ်ကို ဟလိုက်၏။ သူ့မူလစိတ်ဝိညာဉ် ပါးစပ်ထဲကနေ အစိမ်းရောင်အလင်းများက တောက်ပစွာ ထွက်လာခဲ့သည်။ သည် အစိမ်းရောင်အလင်းက ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မူလစိတ်ဝိညာဉ်ကလည်း ထိုဓားထဲသို့ဝင်ရောက်သွားကာ သူ့ပစ်လွှတ်လိုက်သည့် ဓားစွမ်းအင် နောက်သို့ မြန်ဆန်စွာ လိုက်ပါသွားသည်။
“မင်း သေခြင်းကို လက်ခံစမ်း…”
တာ့လော့ဓားကလန်မှ အကြီးအကဲနှစ်ယောက်က အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။
ဝမ်လင်းက တည်ငြိမ်စွာ မတ်တပ်ရပ်နေသည်။ သူက ခြေတစ်လှမ်းလှမ်းကာ လက်မြှောက်၍ လေထုထဲသို့ ဖိချသည်။ အနက်ရောင်အလင်းက သူ့လက်ချောင်းများပေါ်၌ ဖြစ်ပေါ်လာသည်။
“မရဏ လက်ချောင်း…”
လက်ချောင်းတစ်ခုတည်းဖြင့် သည်တောင်ကြားထဲရှိ မြက်ပင်များအားလုံး ညှိုးရော အမြစ်ကနေမကျန် သေဆုံးသွားကြသည်။
ဝမ်လင်းထံသို့ တိုးဝင်လာသည်နေသည် သွေးရောင်လက်ဝါးများက ခုချိန်၌ သူ့လက်ချောင်းနှင့် ထိတိုက်ကြသည်။ တုံ့ဆိုင်းခြင်းမရှိ သည်လက်ဝါးရိပ်များက ပြိုကျသွားသည်။
သို့ရာတွင် ၎င်းလက်ဝါးရိပ်များက ပြိုကျသွားကာ အပိုင်းပိုင်းကွဲ၍ နောက်သို့ ပြန်ဆုတ်သွား၏။ သို့သော် ၎င်းတို့က သိပ်ဝေးဝေး မဆုတ်ရသေးခင်မှာပင် ဝမ်လင်း၏ မရဏလက်ချောင်း စွမ်းအားကြောင့် ပြန်ဆွဲယူခြင်း ခံလိုက်ရ၏။
သည်မြင်ကွင်းက အလွန်မြန်ဆန်စွာ ဖြစ်ပျက်ခဲ့ခြင်းပင်။
ဝမ်လင်းက သွေးလက်ဝါး၏ စွမ်းအားများကို စုပ်ယူပြီးနောက် သူ့မျက်လုံးက ပိုအေးစက်လာခဲ့၏။ သူ့လက်ချောင်းကလည်း ရပ်တန့်ခြင်း မရှိသည့်အပြင် ပိုလို့ပင် မြန်ဆန်သွား၏။ ဝမ်လင်းက ရှီဖန်၏ ဓားစွမ်းအင်များကို ဖြတ်ကျော်ကာ သူ့လက်ချောင်းဖြင့် တစ္ဆေဦးခေါင်း၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်၏။
တစ္ဆေဦးခေါင်းမျက်လုံးထဲကနေ တစ္ဆေအလင်းတန်းတစ်ခုကို ထုတ်လွှတ်သွားကာ ဝမ်လင်းလက်ချောင်း ရောက်ရှိလာသည့်အခိုက်တွင် ၎င်းက ပါးစပ်ဟ၍ သူ့လက်ချောင်းကို ဝါးမြို၏။
“အယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြုံး၍ ပြောသည်။ “မင်းက ဝါးမြင်ချင်တော့လည်း ငါက ခွင့်ပြုပေးရမှာပေါ့…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းလက်ချောင်းက အနီရောင်စတင်တောက်ပလာကာ သွေးလက်ဝါးကနေ စုပ်ယူထားသည့် စွမ်းအားများအားလုံးကို ထိုဦးခေါင်းထံသို့ ပြန်တွန်းထုတ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့မရဏလက်ချောင်းကနေ အဖျက်အစီးအားအမျှင်တန်းတစ်ခု ထွက်လာကာ ဦးခေါင်းထဲသို့ လိုက်ပါဝင်သွား၏။
တစ္ဆေဦးခေါင်းက ချက်ခြင်းပင် ပြန့်ကားလာ၏။ ဦးခေါင်းထဲကနေ အော်ငြီးသံတစ်ခု ထွက်ပေါ်လာကာ ၎င်းက နောက်သို့ ဆုတ်ရန် ကြိုးစား၏။ သို့သော် သူက ပေသုံးဆယ်ခန့်ပင် ဆုတ်လိုက်ရပြီးနောက် ပေါက်ကွဲထွက်သွားလေ၏။
အရပ်ပုပုအကြီးအကဲ မန္တာန်က ပျက်စီးသွားသဖင့် သူ့မျက်နှာက ချက်ခြင်းပင် ဖြူရောကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးများက ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေကာ သူက ချက်ခြင်းနောက်သို့ လှည့်ကာ ပြေးလေ၏။
သူက အမှန်ပင် ကြောက်လန့်သွားခြင်းပင်။
သူက စိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်ရန် ကောင်းကင်တစ္ဆေဝါးမြိုခြင်း မန္တာန်ကို အသုံးပြုခဲ့ဖူးသည်။ ထိုလူက နောက်ဆုံးတွင် သည်မန္တာန်ကို ချိုးဖျက်နိုင်သော်လည်း တစ်ချိန်လုံးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရ၏။သို့သော် ခု ဝမ်လင်းက သူ့မန္တာန်ကို လွယ်ကူစွာ ချိုးဖျက်ပစ်လိုက်သည့်အတွက် သူက ဘာကြောင့် ထွက်မပြေးဘဲ နေရမည်နည်း။