အခန်း ( ၂၅၅ )

လည်မျိုဖမ်းဆုပ်ကွက် ပြန်လည်ပေါ်ထွက်လာခြင်း

” အချိန်ကျပြီ ”
ရွှယ်မေ့က ကြေညာလိုက်၏။
” ညမုဆိုးကို ခေါ်လာခဲ့လို့ ကျေးဇူးပါပဲ စုန့်ကျင်းဝမ်ရေ ။ သူသာမပါလို့ကတော့ ငါ့ဝှက်ဖဲနဲ့တောင်မှ သွေးသခင်ရာထူးကို ရဖို့ လုံးဝယုံကြည်ချက်ရှိမှာမဟုတ်ဘူး ”

“အခုတော့… သော့တွေလဲ မရှိတော့ဘူး။ငါကလွဲပြီး သွေးသခင်နေရာကို ဘယ်သူမှမရနိုင်ဘူး။ ဟားဟား.. ” သူမ၏ ရယ်သံက ပဲ့တင်ထပ်သွားပြီး သူမက ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့ကို လှမ်းကြည့်လိုက်သည်။ မျက်နှာဖုံးပေါ်မှပင် သူမ ပြုံးနေသည်ကို မြင်နေရသည်။

သူတို့သုံးဦးကို ချုပ်ထားသည့် တွန်းအားက ပျောက်ကွယ်သွားပြီး ပြန်လည် လှုပ်ရှားနိုင်လာလေသည်။ သူတို့၏လှုပ်ရှားမှုများမှာ ခပ်တောင့်တောင့်ဖြစ်နေသော်လည်း သူတို့က စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့မှာသာရှိသင့်သည့် သွေးသခင်အမိန့်လည်ဆွဲတို့ကို ထုတ်လိုက်လေသည်။

ထိုသွေးသခင်အမိန့်လည်ဆွဲများမှာ စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့တို့ပိုင်သည့် အမိန့်လည်ဆွဲများကို မယှဥ်နိုင်သဖြင့် မှေးမှိန်နေပုံပေါ်သည်။ သို့စေကာမူ ထိုသည်ကိုမျှော်မှန်းထားပြီးဖြစ်သည့်အလား ထိုလူသုံးဦး၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိချေ။

” အရင်ကတည်းက သော့တွေအတွက် တိုက်ပြီးသွားရင် ဒီသုံးယောက်ကို ငါ့အဖွဲ့ထဲပါစေဖို့ စီစဥ်ထားပြီးသား… ။ ဒါမှ နင့်ရဲ့ ဓမ္မစောင့်ရှောက်သူအားလုံးကို တစ်ချီတည်း အမှုန့်ခြေပစ်နိုင်မယ်လေ.. ။ ဒါပေမယ့် အခုအခြေအနေကလည်း ငါ ဖြစ်ချင်တဲ့အတိုင်းပါပဲ..ဟား…ဟား”
ရွှယ်မေ့က ရယ်မောလိုက်ပြန်သည်။ သူမ၏မျက်လုံးတွေထဲမှာ အေးစက်စက်အငွေ့အသက်များ ယှက်သန်းနေသည်။

စုန့်ကျင်းဝမ်မှာ ဖြစ်ပျက်သမျှကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။

” အတင့်ရဲလိုက်တာ …ရွှယ်မေ့ ” သူမက အော်လိုက်သည်။
” နင် ကလိမ်ကျရတာ အားမရလို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တန်ဖိုးအထားဆုံး စည်းမျဥ်းကို ချိုးဖောက်နေတာပဲ”

သူမမှာ မျှော်လင့်ချက်များ ပျက်သုဥ်းသွားသဖြင့် ခါးသီးနာကြည်းမှုကို ခံစားလိုက်ရသည်။ သွေးသခင်နေရာအတွက် ရှုံးသွားပြီဖြစ်သည်မှာ ထင်ရှားသည်။

အမှန်မှာ ညမုဆိုးက သော့အားလုံးကို မစုပ်ယူခဲ့လျှင်ပင် ရွှယ်မေ့က ကောက်ကျစ်လှည့်စားလိမ့်မည်ဖြစ်ကာ စုန့်ကျင်းဝမ်ကို ရှေးဟောင်းသွေးလမ်းမှာ တားဆီးပြီး နှလုံးခန်းသို့ ပထဆုံးရောက်သူ ဖြစ်လိမ့်မည်။

“ငါသွေးသခင်ဖြစ်တာနဲ့ ဘယ်သူမှ ဒီမှာဖြစ်ခဲ့တာတွေကို ဂရုမစိုက်ဘူး…. ဒါ့အပြင် ဒီအမိန့်လည်ဆွဲသုံးခုက ရှေးဟောင်းသွေးလမ်းပေါ်ရောက်စေနိုင်ပေမယ့်…. နှလုံးအခန်းတော့ မရောက်နိုင်ဘူးလေ ” ရွှယ်မေ့က ကောင်းကင်မှာပေါ်လာသည့် လေပွေကို မော့ကြည့်ကာ ပြုံးလိုက်သည်။ ၄င်းက ရှေးဟောင်းသွေးလမ်းကို ဖွင့်ပေးလိုက်စဥ် တဂျုံးဂျုံးမြည်ဟည်းသံများ ထွက်ပေါ်လာသည်။

နှလုံးခန်းက ထိုလမ်းအဆုံးတွင် ရှိ၏။

ရွှယ်မေ့က လေပွေဆီ ရိပ်ခနဲ ပျံသန်းသွားသည်။ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့လည်း လေထဲပျံသန်းသွား၏။ တစ်ယောက်ချင်းစီက ပိုင်ရှောင်ချန်းကို ဖြတ်ကျော်သွားသည့်အခါ သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်သွားကြသည်။ သူက အရေးမပါတော့မှန်းသိသဖြင့် သူတို့က နှာခေါင်းရှုံ့လိုက်ပြီး လေပွေထံ နီးကပ်သွားလိုက်သည်။

စုန့်ကျင်းဝမ်က နာကြည်းစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တိတ်ဆိတ်စွာ ရပ်နေ၏။ သူမရှုံးနိမ့်သွားလေပြီ။ရှေးဟောင်းသွေးလမ်းထဲသို့ မဝင်ရသေးသော်လည်း သူမ ဝင်လိုက်လျှင် ရှောင်ချင်းနှင့် အခြားသူများက အသေတိုက်လိမ့်မည်။ အကုန်လုံးက ရွှယ်မေ့၏ ထိန်းချုပ်မှုအောက်တွင်ရှိလေသည်။

စုန့်ကျင်းဝမ်မှာ လွယ်လွယ်နှင့် လက်မလျှော့နိုင်သဖြင့် လေထဲသို့ ပျံတက်လိုက်သည်။ လေပွေနား သူမနီးကပ်သွားချိန်တွင် အသံတစ်သံကိုကြားလိုက်ရလေသည်။

” စိတ်ပျက်နေစရာမလိုဘူး…ကျင်းဝမ် ”

စုန့်ကျင်းဝမ်၏ခန္ဓာကိုယ်လးမှာ တုန်ခါသွားပြီး သူမ၏မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မှုများဖြင့် တောက်ပလာသည်။ ကမ္ဘာထဲမှ ထုတ်ပယ်ခံရသဖြင့် တစ်စတစ်စလွင့်ပါးပျောက်ကွယ်နေသည့် လူရိပ်များကို ကြည့်နေရင်း မျက်လုံးများ ဖွင့်လာသော ညမုဆိုးကို သူမ မြင်လိုက်ရလေသည်။ ထိုမျက်လုံးတို့က ညအမှောင်ကိုခွင်း၍ ကောင်းကင်ယံထက်ဝယ် တလက်လက်တောက်ပနေသော ကြယ်လေးများအလား ထင်မှတ်ရသည်။ ညမုဆိုးက ရှေ့သို့ လှမ်းလာပြီးနောက် သူမဘေးသို့ရောက်လာသည်။

” မင်း…. ”
သူမက မဝံ့မရဲပြောလိုက်သည်။ ဤရုတ်တရက် အပြောင်းအလဲက ယုံကြည်နိုင်ရန် ခဲယဥ်းသည်။

ပိုင်ရှောင်ချန်းက မေးကိုပင့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

” ကျုပ်ပြောထားခဲ့သလိုပဲ….. အစ်မ တော်ကို သွေးသခင်ဖြစ်လာေအာင် ကျုပ် သေချာလုပ်ပေးမယ် ” သူသည်လည်း ဖြစ်ပျက်နေသမျှကို အံ့အားသင့်နေခဲ့သည်။ စောစောက စိတ်ဆန္ဒ သက်ဆင်းလာသောအခါ သူသည် ချက်ချင်းပင် သတိဝင်လာပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်လာကာ ဖြစ်ပျက်သွားခဲ့သည့် အရာအားလုံးကို မြင်ခဲ့ရသည်။ ယခု သူက အင်္ကျီလက်ကို ခါလိုက်ပြီး စုန့်ကျင်းဝမ်၏လက်ကို ဆွဲကာ လေပွေထံ ပျံသန်းသွားလိုက်သည်။

စုန့်ကျင်းဝမ်သည် တုန်ယင်သွားသော်လည်း ငြင်းဆန်ခြင်းမပြုပေ။ သူမ၏ မျက်လုံးများမှာလည်း ခါတိုင်းထက်ပို၍ တောက်ပလာလေသည်။ညမုဆိုးနှင့်ပတ်သက်ပြီး ထူးထူးဆန်းဆန်းခံစားနေရသော်လည်း သူမက လိုက်ပါသွားလေသည်။ ထို့နောက် သူတို့နှစ်ဦးစလုံးမှာအလင်းတန်းများအသွင်ပြောင်းကာ လေပွေထံဦးတည်သွားတော့သည်။

သူတို့ ဝင်ရောက်လိုက်သည်နှင့် အမြင်အာရုံများ ဝေဝါးသွားပြီး အရာအားလုံးမှာ ပျောက်ကွယ်သွားသည်။ သွေးေမြရိုင်း တွင်မူ လေပွေ ပျောက်ကွယ်သွားပြီးနောက် ဓမ္မစောင့်ရှောက်သူအားလုံးလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

နတ်မီးလျှံစမ်းသပ်ပွဲ၏ တတိယအဆင့်ကို ရှေးဟောင်းသွေးလမ်းဟု ခေါ်သည်။ ၄င်းက ရှည်လျားသေးသွယ်သော လမ်းကြောင်းတစ်ခုဖြစ်ပြီး အဆုံးတွင် နှလုံးခန်းရှိသည်။ ထိုနှလုံးခန်းထဲ အရင်ရောက်သည့် စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့ မည်သူမဆို သွေးသလင်းကျောက်ကို ရယူနိုင်သော ပထမဆုံးလူဖြစ်ပြီး သွေးသခင်ဖြစ်လာမည်။

ယခုအချိန်၌ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့က ရှေးဟောင်းသွေးလမ်းပေါ်တွင် ပေါ်ပေါက်လာလေသည်။ သူတို့ ရုပ်လုံးပေါ်လာပြီး ဘေးဘီဝဲယာကိုကြည့်လိုက်သောအခါ ရွှယ်မေ့ကို မတွေ့ရသဖြင့် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့ မှတ်မိရသရွေ့ ရွှယ်မေ့က လေပွေထဲသို့ ရှေ့ဆုံးမှ ဝင်ရောက်သွားခြင်းဖြစ်သည်။

ဘေးပတ်လည်ကို တအံ့တသြကြည့်နေစဥ် သူတို့၏ ခေါင်းပေါ်ရှိ လေထုကြီးမှာ ပုံပျက်ရှုံ့တွသွားကာ ဇီးပန်းခက်များနှင့်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။

ပထမတွင် ရွှယ်မေ့သည် မအီမသာဖြစ်နေဟန်တူသော်လည်း ချက်ချင်း သက်သာသွားသည်။ ဘေးပတ်လည်ကိုကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများက တောက်ပသွားပြီး လမ်းအတိုင်း ဆက်သွားလေသည်။ ထိုစဥ် ပိုင်ရှောင်ချန်းနှင့် စုန့်ကျင်းဝမ်က ဘေးတွင် ပေါ်လာ၏။ စုန့်ကျင်းဝမ်က အလျင်အမြန် ရှေ့တိုးလိုက်ကာ ရွှယ်မေ့၏လမ်းကို ပိတ်လိုက်သည်။

စုန့်ကျင်းဝမ်တစ်ယောက်တည်းမဟုတ်မှန်း ရွှယ်မေ့သဘောပေါက်သွားသောအခါ သူမ၏မျက်လုံးများ ပြူးသွားသည်။ ရှောင်ချင်း၊ ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့မှာမူ တုန်လှုပ်ချောက်ခြားသွားလေသည်။

“ညမုဆိုးးး”

ပိုင်ရှောင်ချန်းက မေးကိုမော့လိုက်ပြီး မျက်လုံးမှေးလျက် ပတ်ကြည့်လိုက်သည်။

” အားလုံးပဲ မင်္ဂလာပါ. .. ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော် ”

ရွှယ်မေ့၏ပုံစံက တည်ငြိမ်နေပြီး သူမ၏ ဒဏ်ရာများပျောက်ကင်းနေသည်ကို သတိထားမိလိုက်သောအခါ သူ အတော်လေး အံ့အားသင့်သွားသည်။ အထူးကုသနည်းများသုံးလိုက်သကဲ့သို့ သူမ၏ညာဖက်လက်ရှိဒဏ်ရာကိုပင် မတွေ့ရတော့ချေ။

” မြန်မြန်ပျောက်ဖို့ ဘာနတ်စွမ်းအင်ကိုများ သုံးလိုက်ပါလိမ့်” သူက တွေးလိုက်သည်။
” စုန့်ကျင်းဝမ်ရဲ့ သွေးဓားကြောင့် ဖြစ်တဲ့ ဒဏ်ရာတောင် ပျောက်သွားပါလား.. အံ့သြစရာပဲ ”
ပိုင်ရှောင်ချန်းက တအံ့တသြဖြစ်နေစဥ် ရွှယ်မေ့၏ မျက်လုံးတွင်းမှာ အေးစက်စက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

” ရှောင်ချင်း.. ညမုဆိုးကို ထိန်းထား ။ မင်းတို့နှစ်ယောက် စုန့်ကျင်းဝမ်ကို တားစမ်း ”
ထိုသို့ပြောပြီးသည်နှင့် ရွှယ်မေ့က စုန့်ကျင်းဝမ်ကို လျစ်လျူရှုကာ ရှေးဟောင်းသွေးလမ်းအတိုင်း ဦးတည်သွားသည်။ စုန့်ကျင်းဝမ်က သူမကို တားရန်ပြင်လိုက်ချိန်တွင် ကျန်းယွမ်ရှန်းနှင့် ရန်ဟုန်ဝူတို့က စွမ်းအားကြီးမှော်ပစ္စည်းများကို ထုတ်ကာ တိုက်ခိုက်လိုက်ပြီး သူမကို အချိန်ဆွဲထားလိုက် သည်။ရှေးဟောင်းသွေးလမ်းသို့ ဝင်ရောက်ရန် သူတို့ကအမိန့်လည်ဆွဲအတုများသုံးခဲ့ရသည်ကိုတွေးလိုက်ပြီး အကယ်၍ ဂိုဏ်းခေါင်းဆောင်များသာသိသွားပါက သူတို့ကွပ်မျက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအခိုက်အတန့်တွင် အရာအားလုံးက သူတို့အတွက် အသက်နှင့်ရင်းကာ တားရမည့်တစ်နည်းသာရှိသည်။

“မင်းတို့ကောင်တွေ သေချင်နေတာလား” စုန့်ကျင်းဝမ်မှာ တဆတ်ဆတ်တုန်လျက် ပြောလိုက်သည်။ သူမသည် သူတို့ကို ကျော်ဖြတ်ကာ ရွှယ်မေ့နောက်သို့ လိုက်ရန် ကြံစည်ပါသော်ငြား ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့က မှော်ပစ္စည်းများနှင့် အားကုန် တိုက်ခိုက်လာသည်။ အမှန်တွင်မူ သူတို့က သူမကို သတ်ရန် ကြိုးစားနေခြင်းမဟုတ်ပဲ အချိန်ဆွဲရုံမျှသာဖြစ်ကာ သူတို့၏ ဗျူဟာက အလုပ်ဖြစ်လေသည်။

သူမကို အသက်ရှုချိန်ဆယ်ကြိမ်ခန့် ထိန်းထားနိုင်လျှင် သွေးသခင်နေရာကို ကာကွယ်ပြီးဖြစ်လိမ့်မည်။

ရွှယ်မေ့က လမ်း၏ မီတာသုံးဆယ်အကွာအဝေးခန့်ကိုပင် ရောက်ရှိနေကာ အဆုံးသို့ ဆက်သွားနေသည်။ စုန့်ကျင်းဝမ်မှာ စိတ်လှုပ်ရှားလာသော်လည်း ပိုင်ရှောင်ချန်းမှာ သူမထက်ပိုဆိုးလေသည်။

” ရွှယ့်မေနိုင်သွားလို့မဖြစ်ဘူး ” သူကတွေးလိုက်သည်။
” ရွှယ်မေ့သာ သွေးသခင်ဖြစ်လာရင် ငါတော့… ထာဝရတည်မြဲခြင်းအမွေအနှစ်ကို ဆုံးရှုံးရုံတင်မကဘူး ။ ငါတို့ရန်ဖြစ်ခဲ့တာတွေေရာ ထည့်တွက်ရင်.. ငါ့ကို ကလဲ့စားချေမှာ သေချာတယ် ”

ထိုအချက်ကို တွေးပြီးနောက် ပိုင်ရှောင်ချန်းသည် အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်ဆိုးစွမ်းအား ပေါ်ထွက်လာပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာသည်။ သူသည် ဝုန်းခနဲ လှုပ်ရှားသွားပြီး တောင်ဖြိုသိုင်းကို ထုတ်ဖော်လိုက်ကာ စုန့်ကျင်းဝမ်၊ ရန်ဟုန်ဝူနှင့် ကျန်းယွင်ရှန်းတို့ဘက်သို့ ဦးတည်လိုက်သည်။ အနီးရောက်သွားသောအခါ သူက စုန့်ကျင်းဝမ်ကိုတွန်းထုတ်လိုက်သည်။

” ဒီကနေ ထွက်သွားတော့ …ကျင်းဝမ် ။ ဒီကောင်တွေကို ငါ့တာဝန်ထားလိုက် ” သူ၏ အော်ဟစ်သံကြီးက ရှေးဟောင်းသွေးလမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သူက လက်နှစ်ဖက်စလုံးကို လေတွင် ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်သောစွမ်းအားများ ဖော်ထုတ်လိုက်သည်။ မှော်ပစ္စည်းက သူ့ကိုဝင်တိုက်သည့်တိုင်အောင် သူ၏ အရှိန်မှာဆက်လက် တိုးတက်လာဆဲဖြစ်သည်။

အခြေအနေအားလုံးကို သူ တစ်ယောက်တည်း ထိန်းတော့မည်။
ခမ်းနားကြီးကြယ်သည့်မြင်ကွင်းတစ်ခုပင်။ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြီးက ဟိန်းဟောက်လိုက်ပြီး အပြင်အားများ ပေါ်ထွက်လာသည်။ သူ၏လက်တစ်ချက်ဝေ့လိုက်သည်တွင် ရန်ဟုန်ဝူနှင့် ကျန်းယွင်ရှန်းတို့၏ ချီနှင့် သွေးများမှာ ပွက်ပွက်ဆူလာပြီး နောက်သို့ ယိမ်းယိုင်သွားလေသည်။

” ညမုဆိုး.. မင်း သေချင်နေတာလား ” ရှောင်ချင်း၏ မျက်လုံးများမှာ စူးရှသော အလင်းများ တောက်ပနေပြီး ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့မှာမူ ဒေါသထွက်နေလေသည်။ သူတို့ သုံးယောက်လုံးက နောက်ထပ်တိုက်ခိုက်ရန် ချက်ချင်း အသင့်ပြင်လိုက်ကြသည်။ သို့သော်လည်း သူတို့ပူးပေါင်းတိုက်ရန်ပြင်ဆဲမှာပင် ပိုင်ရှောင်ချန်း၏မျက်လုံးတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါက်သွားပြီး ရုတ်တရက် မြေကြီးကို ထိုးချလိုက်လေသည်။

ဘုန်း……

တောင်တန်းများပြိုလဲ၍ ပင်လယ်ပြင်တို့ ခမ်းခြောက်ကုန်သည့်အလား ရှေးဟောင်းသွေးလမ်းမှာ အရှိန်အဟုန်ပြင်းစွာ တုန်ခါလာပြီး ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့မှာနောက်သို့ယိုင်သွားလေသည်။ ရှောင်ချင်းသာ ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ပိုင်ရှောင်ချန်းအနားတိုးကပ်သွားနိုင်လေသည်။

” သွေးမြေရိုင်းမှာတော့ မျက်မြင်သက်သေတွေရှိခဲ့ရင် မင်းကိုသတ်ဖို့ အဆင်မပြေနိုင်ဘူး။ ဒီနေရာကတော့ မတူဘူးဟေ့…။ သေချင်နေမှတော့.. ညမုဆိုးရေ.. ငါမင်းဆန္ဒကို ဖြည့်ပေးမယ်ကွာ..ဟား…ဟား..” တဖြည်းဖြည်းနီးကပ်လာရင်း ရှောင်ချင်းက အေးစက်စက် ရယ်လိုက်သည်။ ရွှယ်မေ့၏ အစီအစဥ်ကို အတွင်းကျကျသိသောကြောင့် သွေးသော့များနှင့် ပတ်သက်၍ သူ စိုးစဥ်းမျှ စိတ်မပူခဲ့ပေ။ ထိုအချိန်တုန်းက ညမုဆိုးကို သတ်ရန် သူ သိပ်အာရုံမစိုက်ခဲ့ချေ။ ယခုအခါ လွန်စွာ စိတ်အားထက်သန်နေတော့သည်။ သက်သေများလည်း မရှိသည်မို့ ညမုဆိုးက အသက်သေချင်နေဟန်တူသည်။ ထို့ကြောင့် ရှောင်ချင်း၏ သတ်ဖြတ်လိုစိတ်များမှာ တောက်လောင်လာလေသည်။

ပိုင်ရှောင်ချန်းမှာ သံမဏိသွေးကြောများထောင်လာကာ နီရဲနေသော မျက်လုံးများနှင့် မော့ကြည့်လိုက်သည်။
” မင်းသိပါတယ်… အဲဒါ ငါပြောရမယ့် စကားပါ ”

“မင်းမှာ ဘယ်လောက်ပဲ ဝှက်ဖဲတွေရှိနေ မင်းသေကိုသေမှာ…၊ သံသယဖြစ်စရာတောင် မလိုဘူးကွ ”
ရှောင်ချင်းက သူ၏ ညာဖက်လက်ကို ဆန့်လိုက်ပြီး လက်နှစ်ချောင်းဖြင့် ဓားပုံဖော်လိုက်သည်။ မျက်လုံးများ ကျိန်းလုမတတ် သွေးရောင်အလင်းများ ဖြာထွက်လာကာ ဓားချီဖြစ်ပေါ်လာြပီး ပိုင်ရှောင်ချန်း၏ နဖူးဆီသို့ ပစ်လွှတ်လိုက်လေသည်။

အစွမ်းထက်ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များ ထွက်ပေါ်လာကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် မီးတောက်ကြီးတစ်ခုအသွင် ဖြစ်လာသည်။

သို့သော်လည်း သူ နီးကပ်လာသည်နှင့်တပြိုင်နက် ပိုင်ရှောင်ချန်းက သူ၏ညာလက်ကို အံ့မခန်းလျင်မြန်စွာ မြှောက်လိုက်သည်။ သူသည် ရှောင်ချင်း၏ လည်မျိုကို ဦးတည်ကာ ဖမ်းဆုပ်လိုက်သဖြင့် ဆွဲငင်အားတစ်ခုက ရှောင်ချင်းကို ချုပ်လိုက်လေသည်။ ထိုသိုင်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပိုင်ရှောင်ချန်း ရောက်သည့်အချိန်မှစ၍ တစ်ခါမှပင် ထုတ်ဖော်အသုံးပြုခြင်းမရှိသေးသော လည်မျိုဖမ်းဆုပ်ကွက်ပင် ဖြစ်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset