Switch Mode

Chapter 1214

ချမ်မိသားစု ပျက်စီးရမယ်

လွီရှန့်က သူ၏ အသက်မွေးဝမ်းကြောင်းဖြစ်သည့် မျက်လုံးကိုပင် လောင်းကြေးထပ်လာသဖြင့် ဤကျွီယန် ပုလဲက အတုလား အစစ်လား ဆိုသည်ကို သံသယဝင်ရန် မလိုတော့ချေ။

“ကောင်းတယ် သိပ်ကောင်းတယ်”

ချမ်ပေါ်ထုံ ရုတ်တရက် ပြုံးလိုက်သည်။

*ကြည့်ရတာ ငါတို့အားလုံး ယဲ့ဖန်ကို အထင်မှားခဲ့တယ်နဲ့တူတယ်၊ ဒီလူငယ်လေးက တကယ် လူကောင်းပဲ*

ထို့ကြောင့် ယဲ့ဖန်၏ မောက်မာမှုနှင့် ထီမထင်ဟန်တို့ကို သူ လုံးဝ ဂရုမစိုက်တော့ချေ။ အရည်အချင်း ရှိသော လူသည် စိတ်ကောင်းရှိသောသူပင်။ သို့သော် တစ်ခဏအတွင်းမှာပင် လွီရှန့်က စကားပြောင်းလာသည်။

“တစ်ခုရှိတာက …”

“ဘာတစ်ခုရှိတာလဲ”

လွီရှန့်က ယဲ့ဖန်ကို စိတ်ရှုပ်ထွေးသော မျက်နှာဖြင့် လှမ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တစ်ခုရှိတာက ကျွန်တော် သိသလောက်ဆို ဒီပုလဲတစ်စုံကို ပိုင်ဆိုင်တဲ့လူက ဖျင်အန်းမြို့မှာ တစ်ယောက်တည်း ရှိပါတယ်”

“ပြီးတော့ အဲ့လူရဲ့ ဒီပုလဲအပေါ် သဘောကျတဲ့စိတ်အရဆို ဒါကို သူ လုံးဝ ပေးပစ်မှာ မဟုတ်ဘူး”

လူတိုင်း၏ မျက်နှာထားက ထူးဆန်းလာသည်။

*ယဲ့ဖန်က ဒီကျွီယန်ပုလဲတစ်စုံကို ဘယ်လို ရလာတာလဲ*

“နင် ခိုးလာတာများလား”

ချမ်ရှုရန်က ခနဲ့ပြော ပြောလိုက်သည်။ သူမစကားကြောင့် လူတိုင်း မျက်နှာပျက်သွားလေသည်။

*ကျုံးဝမ်ရဲ့ရည်းစားက သူခိုးလား*

ချမ်ပေါ်ထုံ၏ အပျော်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စွာ မေးလိုက်သည်။

“လွီရှန့် ဒီကျွီယန်ပုလဲတစ်စုံရဲ့ အရင်ပိုင်ရှင်က ဘယ်သူလဲ”

လွီရှန့်က ပြန်ဖြေလေသည်။

“ထန်မိသားစုရဲ့ မိသားစုခေါင်းဆောင် ထန်မင်လီပါ”

ချမ်မိသားစု၏ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် တစ်ခဏအတွင်း ဒေါသတကြီး ဆဲရေး တိုင်းထွာသံများနှင့် အော်သံများ ညံထွက်လာသည်။

“မျိုးမစစ်ကောင်၊ မင်းက ထန်မိသားစုဆီကနေတောင် ခိုးရဲတယ်ပေါ့လေ၊ မင်း သေချင်နေတာလား”

ချမ်ဖုန်းက အရင်အော်လိုက်သည်။

“ဒီကောင်က သေချင်နေတယ်ဆိုရင်တောင်မှ ငါတို့ချမ်မိသားစုကိုပါ ဆွဲချချင်နေသေးတယ်၊ တကယ်လို့ သူ့ပစ္စည်းကို ငါတို့ ယူထားမှန်း ထန်မင်လီသာ သိသွားရင် ငါတို့ချမ်မိသားစု ဒီအတိုင်း နေလို့ရမလား”

လီကျန်းဟဲက သုန်မှုန်နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

“ဒီမျိုးမစစ်ကောင်ကို နှင်ထုတ်လိုက်စမ်း၊ သူ ငါတို့ကို ဆွဲချတာကို မခံနဲ့”

“မဟုတ်ဘူး ငါတို့ သူ့ခြေလက်တွေကို ချိုးပစ်ပြီး ထန်မင်လီဆီ ခေါ်သွားရမယ်၊ ဒီနည်းနဲ့ပဲ ငါတို့အပေါ် ထန်မင်လီ ရန်လိုမှာကို ဖြေဖျောက်နိုင်မှာ”

ချက်ချင်းဆိုသလိုပင် ချမ်မိသားစုဝင်အားလုံးက သူတို့ကို မီးတွင်းထဲ တွန်းချသလို လုပ်နေသည့် ယဲ့ဖန်ကို မုန်းတီးသော အကြည့်များဖြင့် ဝိုင်းကြည့်လာကြသည်။

ထန်မိသားစုသည် ကြီးမားသော လုပ်ငန်းရှိပြီး သူတို့အနောက်၌ ကြောက်စရာကောင်း၍ ဆန်းကြယ်သော ယဲ့ဘုရင် ရှိနေသေးသည်။ ထန်မင်လီကို ရန်စခြင်းက သေခြင်းတရားနှင့်သာ အဆုံးသတ်နိုင်ပေသည်။

ယဲ့ဖန်က ထန်မင်လီကိုတောင်မှ ရန်စသေးရဲသဖြင့် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်နေသည်။ အဓိက အချက်မှာ ယဲ့ဖန်ကြောင့် သူတို့ပါ ဆွဲချခံရတော့မည် ဖြစ်သဖြင့် သူတို့ ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်မည်နည်း။

“ကျုံးဝမ် နင် တကယ် လူကောင်းတစ်ယောက်ကို ရှာထားတာပဲ၊ နင်က ငါတို့ကို သူနဲ့အတူ လိုက်သေခိုင်းဖို့ ကြံစည် ထားတာလား”

ချမ်ရှုရန်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“မျိုးရိုးတူ မဟုတ်ရင် အပြင်လူက အပြင်လူပဲလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ၊ နင့်လို မြေခွေးမကို အဘိုးက သိပ်ချစ်နေတာ ရှက်စရာကောင်းလိုက်တာ”

“ယဲ့ဖန် ဒါ ဘာတွေဖြစ်နေတာလဲ”

ချမ်ပေါ်ထုံကလည်း သူ့ကို ကြိမ်းမောင်းလာ၏။ သူ့တွင် ယဲ့ဖန်အပေါ် သဘောကျစိတ် အနည်းငယ် ဖြစ်ပေါ်လာ သော်လည်း ယခု တစ်ဖန်ပြန်၍ ပျောက်ကွယ်သွားလေပြီ။

“ဒါက ထန်မင်လီဆီကဆိုတာ ဟုတ်တယ်၊ ဒါပေမဲ့ ဒါကို ထန်မင်လီကိုယ်တိုင် ငါ့ကို ပေးလိုက်တာ”

ယဲ့ဖန်က သူ့ရှေ့မှ ဝိုင်ခွက်ကို သောက်လိုက်ပြီး လူပြက်သဖွယ် ပြုမူနေသူများကို ရွှတ်နောက်နောက်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ လုံးဝ သွေးပျက်မသွားဘဲ သရော်ဟန်ဖြင့်ပင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အခြေအနေက သူ့လက်ထဲ၌သာ ရှိသည်။ သူတို့ ဘယ်လိုပဲ ပြောနေပါစေ နောက်ဆုံးတွင် သူတို့ ငြိမ်၍ ပါးစပ်ပိတ်သွားရမှာပင်။

“ထန်မင်လီက မင်းကိုပေးတာ ဟုတ်လား၊ ထန်မင်လီက မင်းအဖေမို့လို့လား”

လီကျန်းဟဲက ဟားတိုက်ရယ်မော၍ ခနဲ့သောအကြည့်များဖြင့် သရော်လိုက်သည်။

“မင်း တော်တော် အပြောကြီးတာပဲ၊ ထန်မင်လီက ငါတို့ဖျင်အန်းမြို့မှာ အချမ်းသာဆုံးပဲ၊ သူ့လက်နဲ့ခြေက ကောင်းကင်ကိုတောင် ဖုံးအုပ်နိုင်တယ်၊ အဲ့လိုလူမျိုးက မင်းလိုဆင်းရဲသားကို လက်ဆောင် ပေးမလားကွ”

ယဲ့ဖန် မျက်မှောင်ကြုတ်မိသွားပြီး မျက်လုံးတွင် သတ်ဖြတ်ချင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသလို အသံက အလွန် အေးစက်လာ၏။

“ငါ မင်းကို အရင်က အခွင့်အရေး ပေးခဲ့တယ်၊ အခုတော့ မင်း သေကိုသေရမယ်”

ယဲ့ဖန်သည် လီကျန်းဟဲနှင့် ယှဉ်၍ ရန်မဖြစ်ချင်သော်လည်း တစ်ဖက်လူ၏ ထပ်ခါထပ်ခါ ရန်စမှုများကြောင့် ယဲ့ဖန်၏ သည်းခံနိုင်စွမ်း ကုန်ခမ်းသွားလေသည်။

“ဝိုး … ကြောက်စရာကောင်းလိုက်တာ၊ ငါ နင့်ကို သေမတတ် ကြောက်တာပဲ”

ချမ်ရှုရန်ကလည်း ရယ်မော၍ ငေါ့တော့တော့ ပြောလေသည်။

“နင်ရဲ့ အပြုအမူအရ ထန်မင်လီက နင့်ရဲ့ ခိုင်းဖက်ဖြစ်မယ်ထင်တယ် ဟုတ်လား၊ ဧကန္တ နင်က … နာမည်ကျော် ယဲ့ဘုရင်များလား”

“ငါက ယဲ့ဘုရင် အစစ်ပဲ”

ယဲ့ဖန် အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ခွီ … ဟားဟားဟား …”

ယဲ့ဖန်ကို လှောင်ပြောင်သော ရယ်မောသံများ ထွက်ပေါ်လာသည်။ ချမ်ပေါ်ထုံက အလွန် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလေသည်။

“ရဲခေါ်လိုက်”

ယဲ့ဖန်ကို ထန်မင်လီထံ သူ တိုက်ရိုက် မအပ်ချင်ပါ။ သူခိုးတစ်ယောက်ကြောင့်နှင့် သူ ထန်မင်လီကို ရန်စသလို မဖြစ်ချင်ပေ။

“ဘိုးဘိုး အဲ့လိုမဟုတ်ပါဘူး၊ ယဲ့ဖန်က တကယ်ကို ယဲ့ဘုရင်ပါ”

ကျုံးဝမ် စိုးရိမ်ပူပန်လာသည်။ အခြားသူများက သူ၏ နောက်ကြောင်းကို မသိသော်လည်း သူမက မသိဘဲ ရှိနိုင်ပါ မည်လော။

“တော်တော့”

သို့သော် ချမ်ပေါ်ထုံက လုံးဝ နားမထောင်ဘဲ ခပ်တည်တည် ပြောလိုက်သည်။

“ဝမ်အာ မင်းရဲ့ လူမှုရေး အတွေ့အကြုံက တိမ်လွန်းတယ်၊ မင်း သေချာပေါက် အလိမ်ခံနေရပြီ၊ တစ်ချို့လူတွေက ဖီးနစ်တစ်ကောင် ဖြစ်လာဖို့ ဘာမဆို လုပ်ကြတာပဲ”

“ဖီးနစ်တစ်ကောင် ဖြစ်လာဖို့ ဘာမဆို လုပ်မယ် ဟုတ်လား”

ယဲ့ဖန် ဟက်ခနဲ ရယ်မော၍ ပြန်ပြောလိုက်သည်။

“ကျုပ် လေးစားသမှုနဲ့ ပြောရမယ်ဆိုရင် ခင်ဗျားတို့ ချမ်မိသားစုက ကျုပ်မျက်လုံးထဲမှာ အမှိုက်လောက်ပဲ ရှိတယ်”

ချမ်မိသားစုဝင်များအားလုံး ဒေါသူပုန်ထကာ မျက်နှာ အမူအရာ ပြောင်းလဲသွားကြသည်။

*ဘယ်ကလာမှန်းမသိတဲ့ကောင်က ငါတို့ ချမ်မိသားစုရဲ့ မြေကိုနင်းပြီး ငါတို့မိသားစုကို လာစော်ကား တယ်ပေါ့လေ*

လူတိုင်း ဒေါသအမျက်ချောင်းချောင်း ထနေကြသည်။ စူးရှသော အကြည့်များသာ ဓားဖြစ်သွားပါက ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ဓားပေါင်းများစွာ ထိုးစိုက်နေလောက်၏။ အကြည့်နဲ့တင် လူသတ်နိုင်မည်ဆိုလျင် ယဲ့ဖန် အခါတစ်ရာမက သေနေလောက်သည်။

“ကောင်းတယ် သိပ်ကောင်းတယ်၊ ရဲခေါ်မနေနဲ့တော့၊ သူ့ခြေထောက်ကို ရိုက်ချိုးပြီး ထန်မင်လီဆီ ပို့ရမယ်”

ချမ်ဖုန်းက လေသံမာမာဖြင့် ပြောလိုက်ပြီး သူ့မျက်လုံး၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ထင်ဟပ် နေသည်။ ယဲ့ဖန်အား ရှစ်ပိုင်းပိုင်းရန် သူ မစောင့်နိုင်တော့ချေ။

*မိုးကောင်းကင်ရဲ့ မြင့်မားပုံကို မသိတဲ့ မျိုးမစစ်ကောင်၊ ရောက်လာတာနဲ့ လူကြီးတွေကို မလေးမစား လုပ်ရဲတဲ့ကောင်*

သူ ယဲ့ဖန်ကို မျက်စိစပါးမွှေး စူးနေသည်မှာ ကြာနေပြီ ဖြစ်သည်။

“ကျုံးဝမ် နင် အဘိုးရဲ့ မွေးနေ့မှာ ဒီလိုလူမျိုးကို ခေါ်လာပြီး အဘိုးကို စိတ်တိုအောင် လုပ်တယ်၊ နင် တမင် လုပ်တာလား”

ချမ်ရှုရန်က ကျုံးဝမ်ကို တိုက်ခိုက်မည့် အခွင့်အရေးကို အမိအရ အသုံးချလိုက်သည်။ သူမ အမုန်းဆုံးအရာမှာ ကျုံးဝမ် ဖြစ်သဖြင့် ဤအခွင့်အရေးကြီးကို သူမ လုံးဝ လက်မလွှတ်နိုင်ပေ။

“တစ်ယောက်ယောက် ဒီဆင်းရဲသားကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်စမ်း”

လီကျန်းဟဲတောင်မှ အော်ဟစ်၍ အမိန့်ပေးလာသည်။ ချမ်မိသားစုဝင်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး ယဲ့ဖန်အပေါ် ရန်လိုစော်ကားလာကြသည်။

“မလိုဘူး၊ ကျုပ် ထန်မင်လီကို တိုက်ရိုက်ဖုန်းခေါ်ပြီး သူ့ကို လူစုပြီး ဒီလာဖို့ ပြောလိုက်မယ်”

လွီရှန့်ကလည်း အေးစက်စွာ ခနဲ့၍ ယဲ့ဖန်အပေါ် မကောင်းမြင်နေလေသည်။

“လွီရှန့် မင်း ထန်မင်လီနဲ့ သိတာလား”

ချမ်ဖုန်း တအံ့တဩ မေးလိုက်မိသည်။

“ဒါပေါ့ ထန်မင်လီကလည်း ရှေးဟောင်းပစ္စည်း စုဆောင်းသူပဲလေ၊ အဲ့ဒါကြောင့် ကျုပ်တို့ အဓိကပွဲကြီးတွေမှာ တွေ့လေ့ရှိတယ်၊ ပြီးတော့ သူက ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်ပြီး ကျုပ်ကို မကြာခဏ အကြံဉာဏ် တောင်းတတ်တယ်”

လွီရှန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ထန်မင်လီနှင့် လူတိုင်း မိတ်ဆွေ မဖြစ်နိုင်သည်ကို အားလုံး သိကြလေသည်။

“ဒါဆိုလည်း ထန်မင်လီကို မြန်မြန်ခေါ်လေ၊ ပြီးတော့ သေချာရှင်းပြပေးဦး၊ ဒီကိစ္စက ကျုပ်တို့ ချမ်မိသားစုနဲ့ ဘာမှမဆိုင်ဘူး၊ ပြီးတော့ ဒီကောင်က ကျုပ်တို့ ချမ်မိသားစုဝင် မဟုတ်ဘူးဆိုတာကိုရောပဲ”

အခြားသူများသည် ယဲ့ဖန်ကြောင့် ဆွဲချခံရမှာကိုစိုးပြီး အသည်းအသန် ပြောလာကြသည်။

“စိတ်မပူပါနဲ့၊ ကျုပ် ဘာလုပ်ရမလဲ သိပါတယ်”

လွီရှန့်က ခေါင်းညိတ်၍ ထန်မင်လီကို ဖုန်းဆက်လိုက်သည်။

“ဟဲလို”

ဖုန်းတစ်ဖက်မှ ထန်မင်လီ၏ တည်ငြိမ်၍ မာန်ပါသောအသံ ထွက်ပေါ်လာသဖြင့် နားထောင်လိုက်ရုံနှင့်တင် အလွန် သန်မာသောသူ ဖြစ်ကြောင်း ခံစားမိသည်။

ထန်မင်လီသည် ယဲ့ဖန်နှင့် တွေ့သောအချိန်၌သာ သူ၏ ရိုကျိုးသော ဟန်ပန်ကို ပြသခြင်း ဖြစ်သည်။ အခြားသူများ၏ အရှေ့တွင်မူ သူသည် ခပ်တန်းတန်းနေသော ထန်မိသားစုခေါင်းဆောင် ဖြစ်လေသည်။

ထန်မင်လီ၏ အသံကို ကြားသောအခါ လူတိုင်း ချက်ချင်း စိတ်လှုပ်ရှားလေသည်။ ထိုသူသည် ဖျင်အန်းမြို့၏ နာမည်ကြီး ပုဂ္ဂိုလ်ဖြစ်ပြီး ချမ်ပေါ်ထုံတောင်မှ အစ်ကိုကြီးဟု ခေါ်ရသူ ဖြစ်၏။

“ထန်လူကြီးမင်း ကျွန်တော် လွီရှန့်ပါ”

လွီရှန့်က ပြုံးရယ်၍ မျက်နှာချိုသွေးကာ ပြောလေသည်။

“ဪ … တစ်ခုခု ဖြစ်လို့လား”

ထန်မင်လီ ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။ လွီရှန့် သူ့ကို ဖုန်းခေါ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

“ဘာမှမဖြစ်ပါဘူး၊ ခင်ဗျားရဲ့ ကျွီယန်ပုလဲများ ပျောက်သွားသေးသလားလို့ ကျုပ် မေးချင်လို့ပါ”

“မင်း ဘာလို့ အဲ့လိုမေးတာလဲ”

ထန်မင်လီ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။

“ယဲ့ဖန်ဆိုတဲ့ လူတစ်ယောက်က ခင်ဗျားရဲ့ ကျွီယန်ပုလဲတစ်စုံနဲ့တူတဲ့ဟာကို ယူလာပြီး ကျွန်တော့် ဆရာကြီးကို လက်ဆောင်လာပေးတယ်၊ သူ ခင်ဗျားရဲ့ ကျွီယန်ပုလဲကို ခိုးလာတယ်လို့ ကျွန်တော် တော်တော်လေး သံသယ ဝင်မိတယ်”

“မင်း ဘာပြောလိုက်တယ်”

ထိုစကားက ထန်မင်လီကို ဒေါသထွက်သွားစေသဖြင့် သူ့လေသံက ချက်ချင်း မာကြောခက်ထန်လာ၏။ ထန်မင်လီ၏ ဒေါသကို ချမ်မိသားစုဝင်များအားလုံး ခံစားမိပြီး မျက်နှာပျက်ယွင်းလာသည်။

“ကျွန်တော်ပြောတာက ယဲ့ဖန်ဆိုတဲ့ကောင်က ခင်ဗျားရဲ့ ကျွီယန်ပုလဲကို ခိုးခဲ့တယ်လို့၊ ပြီးတော့ အခု ချမ်အိမ်ကို ရောက်နေတယ်”

လွီရှန့်၏အသံပင် မသိမသာ တုန်နေလေသည်။ ထန်မင်လီ အလွန် ဒေါသထွက်သည်ကို သူ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

“ခွေးမသား မင်း ငါ့ကို စောင့်နေ”

ထန်မင်လီ အော်ဟစ်ပြီး ဖုန်းချလိုက်သည်။

“သွားပြီ၊ ချမ်မိသားစုတော့ လုံးဝ သွားပြီ”

လွီရှန့် ခေါင်းယမ်းလိုက်ပြီး တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားမိသည်။ သူ ဤသို့ ဖြစ်လာမည်ကို သိခဲ့ပါက သေသေရှင်ရှင် ဖုန်းခေါ်မိမည် မဟုတ်ပါ။ ပိုဆိုးသည်မှာ သူပါ ရော၍ ပါဝင်ပတ်သက်သွားနိုင်သည်။

“ထန်မင်လီက ဘာလို့ ကျိန်ဆဲတာလဲ၊ သူ ဘာပြောချင်တာလဲ”

ဤသည်ကိုကြည့်ပြီး ချမ်မိသားစုဝင်များ မှင်တက်သွားလေသည်။

“ဘာပြောချင်တာ ဖြစ်ဦးမလဲ၊ ခင်ဗျားတို့ ပွဲသိမ်းပြီဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့၊ ထန်မင်လီ ကျုပ်ကို ရှင်းပြဖို့ အခွင့်တောင် မပေးတာကို မမြင်ဘူးလား၊ သူ ဒေါသထွက်လွန်းလို့ အခုလောက်ဆို ဒီကိုလာတဲ့လမ်းပေါ်တောင် ရောက်နေလောက်ပြီ”

လွီရှန့် ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည်။

“ဒီတစ်ခါ ခင်ဗျားတို့ ချမ်မိသားစုကြောင့် ကျုပ် အသတ်ခံရတော့မယ်”

“ဒါတွေအားလုံးက ဟိုမျိုးမစစ်ကောင်ကြောင့်လေ၊ သူ့ကြောင့်သာ မဟုတ်ရင် ကျုပ်တို့ ချမ်မိသားစုက ဒီလို ကပ်ဘေးနဲ့ ကြုံရမှာ မဟုတ်ဘူး၊ ထန်မိသားစုရဲ့ ဒေါသနဲ့ မရင်ဆိုင်ရအောင် ကျုပ်တို့ သူ့ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ကို ထန်မင်လီဆီ ပေးရမယ်”

ချမ်ဖုန်းက ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်နေသည်။ သူ ယဲ့ဖန်ကို အလွန် မုန်းတီးနေ၏။

“ယဲ့ဖန်တစ်ယောက်တည်းက ထန်မင်လီရဲ့ ဒေါသကို တားနိုင်မယ်လို့ ကျွန်မ မထင်ဘူး၊ အဲ့တော့ ကျွန်မတို့ ကျုံးဝမ်ကိုပါ ထည့်ရမယ်”

ချမ်ရှုရင်က သူမဖခင်နည်းတူ ရက်စက်ပြီး ခနဲ့လေသည်။

“ဘာပဲဖြစ်ဖြစ် ဒီလူက သူ ခေါ်သွင်းလာတာလေ၊ သူလည်း ကြံရာပါပဲကို တန်ကြေးကို ပေးဆပ်သင့်တာပေါ့”

“မဟုတ်ဘူး သူတို့ကို သတ်လို့မဖြစ်ဘူး၊ သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီး ထန်မင်လီကပဲ စီရင်ပါစေ၊ ဒါမှ သူ့အမုန်းကို ဖြေဖျောက်လို့ရမှာ”

လီကျန်းဟဲ၏ မျက်နှာက ဖြူရော်နေပြီး ကြောက်လန့်နေမှန်း သိသာလှသည်။ ထန်မင်လီသည် ဖျင်အန်းမြို့၏ အုပ်ချုပ်သူ ဖြစ်သည်။ ချမ်မိသားစုကိုသာ သူ သတ်ချင်ပါက မိနစ်ပိုင်းမျှသာ ကြာလောက်သည်။

“ဆရာ ကျုပ် လုပ်စရာလေး ရှိသေးလို့ အရင်သွားခွင့်ပြုပါဦး”

“ခေါင်းဆောင်ဟောင်း၊ ကျုပ်မိန်းမ ဒီနေ့ ကလေးမွေးမှာကို အခုမှ သတိရလို့ ဆေးရုံကို မြန်မြန် သွားလိုက်ဦးမယ်”

“အစ်ကိုချမ်၊ ငါ့အမေ ခြေထောက်ကျိုးသွားလို့ အခု ဆေးရုံရောက်နေတယ်တဲ့၊ အခု ကျုပ် ဆေးရုံကို သွားကြည့် လိုက်ဦးမယ်”

အခြားသူများ ထရပ်၍ ထွက်သွားကြသည်။ သူတို့ပါ မီးစစင်မည်ကို မလိုလားကြချေ။ ချမ်ပေါ်ထုံတွင် သူတို့အားလုံးကို အရေးစိုက်ချိန် မရှိပေ။ ထို့ကြောင့် သူ စိုးရိမ်တကြီး ပြောလိုက်သည်။

“လွီရှန့် မင်း ထန်မင်လီနဲ့ နည်းနည်း ရင်းနှီးတယ် မဟုတ်လား၊ နည်းနည်း ကူညီနိုင်မယ့်နည်း မရှိဘူးလား”

“ကျွန်တော် အတတ်နိုင်ဆုံး နားချကြည့်ပါ့မယ် …”

လွီရှန့်က အသာပြောလိုက်ပြီး ယဲ့ဖန်အား ခက်ထန်စွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီကောင်တော့ သေကိုသေရမယ်”

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”

ထိုအခါ ယဲ့ဖန်က ရယ်မော၍ ရှေ့တိုးလာသည်။

“ကျုပ် မွေးနေ့ပွဲကို သက်ရှည်ကျန်းမာပါစေဖို့ ဆုတောင်းပေးဖို့လာတာ၊ ဒါပေမဲ့ ခင်ဗျားတို့ ချမ်မိသားစုက ကျုပ်ကို နည်းလမ်းမျိုးစုံနဲ့ အရှက်ခွဲစော်ကားတဲ့အပြင် ကျုပ်ကို သတ်ပါသတ်ချင်ကြတယ်”

“ဒီလိုဆိုမှတော့ ချမ်မိသားစု ပျက်စီးရမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset