ပထမဆုံးအနေဖြင့် ယဲ့ဖန်သည် လက်ဆောင်ကို ဘောင်းဘီအိတ်ထဲ ထည့်လာခြင်းအားဖြင့် လူအများကို မလေးမစား လုပ်ခဲ့သည်။
ဒုတိယအနေဖြင့် ၎င်းလက်ဆောင်၌ လက်ဆောင်ဘူးပင် မပါသဖြင့် ဝတ်ကျေတမ်းကျေ ယူလာဟန် ပေါ်နေသည်။ နောက်ဆုံးအချက်မှာ ဤအထူးလက်ဆောင်က ဘယ်လို အရာမျိုးနည်း။
*ပျက်စီးနေတဲ့ ပုလဲ နှစ်လုံးလား*
*မင်း ဘယ်အမှိုက်ပုံကနေ ကောက်လာတာလဲ*
*ဒါ လူတွေကို အထင်သေးတာပဲ မဟုတ်လား*
ချင်ပေါ်ထုံသည် မာနကြီးသော လူစားမျိုး ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူ့မိတ်ဆွေဟောင်းများနှင့် တပည့်များရှေ့၌ သူ့ကို အရှက်ခွဲခဲ့သောကြောင့် သူ အလွန် အရှက်ရကာ စိတ်မတိုဘဲ မနေနိုင်တော့ချေ။
“ဘိုးဘိုး အထင်လွဲနေပြီ၊ ယဲ့ဖန်က အဲ့လိုလုပ်ဖို့ မရည်ရွယ် …”
ကျုံးဝမ် အလျင်အမြန် ဝင်ပြောလိုက်သည်။
“မရည်ရွယ်ဘူးဆိုတာ ဘာပြောချင်တာလဲ၊ ဒီလိုအမှိုက်မျိုးကို ဘယ်သူက လက်ဆောင်ပေးလို့လဲ”
ချမ်ဖုန်းက ရိုင်းပျစွာ ကြိမ်းမောင်း၍ ပုလဲနှစ်လုံးကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က အထင်သေးစွာ ပြောလိုက်သည်။
“နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရတနာက မင်းပါးစပ်ထဲမှာ ပျက်စီးနေတဲ့ ပုလဲ ဖြစ်နေပါလား၊ ဒါ တမင် ပြောတယ်လို့ ငါ မထင်တော့ဘူး၊ မင်းတို့ ချမ်မိသားစုက … အမြင်မရှိတာဘဲ နေမယ်”
ထိုစကားကြောင့် ချမ်မိသားစုတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။
*ဘာ … ဒီကောင်က ငါတို့ ချမ်မိသားစုကို အမြင်မရှိဘူးလို့ ပြောရဲတယ်လား*
*မောက်မာတယ်*
*ဘယ်လိုတောင် မောက်မာရဲတာလဲ*
ချမ်ဖုန်းက သူ့မျက်နှာကို စေ့စေ့ကြည့်၍ အော်ငေါက်လာသည်။
“နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရတနာ၊ မင်းက ဒီကွဲနေတဲ့ပုလဲကို နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရတနာလို့ ဘယ်လို ပြောရဲတာလဲ၊ မင်း ပြောရဲရင် ပြောကြည့်လိုက်၊ မဟုတ်လို့ကတော့ …”
“ဒီနေ့ ချမ်မိသားစုရဲ့ အိမ်တော်တံခါးရှေ့မှာ လှဲပြီး အနင်းခံရမယ်”
“ဟုတ်တယ် ငါတို့ချမ်မိသားစုကို စော်ကားရဲမှတော့ နင် ဒီအတိုင်း ထွက်သွားလို့ရမယ် မထင်နဲ့”
ချမ်ရှုရန်ကလည်း ခက်ထန်သော အပြုံးဖြင့် ဝင်ပြောလေသည်။ ကျုံးဝမ်ရှေ့၌ သူ့ချစ်သူ၏ ခြေထောက်အား နင်းချေရမည်ကို တွေးပြီး ပျော်ရွှင်လာရသည်။
ချမ်ပေါ်ထုံက ဘာတစ်ခွန်းမှ မပြောသဖြင့် ချမ်ဖုန်းတို့သားအဖ ဆွေ့ဆွေ့ခုန်ကာ အားမလို အားမရ ဖြစ်လာကြသည်။ ယဲ့ဖန်ကမူ အသာပြုံး၍ ပြောလိုက်သည်။
“ဒါဆိုလည်း သေချာနားထောင်ထားကြ၊ ဒီပုလဲနှစ်လုံးကို ကျွီယန် ပုလဲလို့ခေါ်တယ်”
*ဘာ*
ထိုစကားကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျွီယန် ပုလဲသည် တကယ်ပင် နှစ်ထောင်ချီ သက်တမ်းရှိသည့် ရှားပါး ရတနာတစ်ခု ဖြစ်လေသည်။
ဤယန်နယ်မြေ၌ ရှင်သန်ရန်အတွက် သူတို့အားလုံးသည် ယန်စွမ်းအင်ကို မှီခိုကြရသည်။ ဤကျွီယန် ပုလဲသည် ယန်စွမ်းအင်များကို စုစည်းပေးသဖြင့် လူအများအား အသက်ရှည်၍ ကျန်းမာစေသည်။ ၎င်းအား တစ်မိသားစုလုံး သက်ရှည်ကျန်းမာစေရန် မိမိတို့အိမ်၌ နေရာချထားလေ့ ရှိသည်။
ထို့ကြောင့် ကျွီယန် ပုလဲသည် လတ်တလော မှောင်ခိုဈေးကွက်၌ သန်းသုံးရာ့ငါးဆယ်အထိ ပေါက်ဈေးရှိပြီး နှစ်ထောင်ချီသော ပုလဲများမှာမူ တန်ဖိုးဖြတ်မရချေ။
“ကျွီယန်ပုလဲ ဟုတ်လား၊ နင် ဘယ်ကိုလာပြီး အရူးလုပ်နေတာလဲ၊ ဒီလောက်ကြီးတဲ့ ကျွီယန်ပုလဲမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ နင် လမ်းဘေး အမှိုက်ပုံက ကောက်လာတာ မဟုတ်လား”
ချမ်ရှုရန်က လှောင်ပြောင်လိုက်သည်။ မှောင်ခိုဈေးကွက်၌ ရောင်းနေသော ကျွီယန်ပုလဲသည် ဂေါ်လီလုံး အရွယ်အစားမျှသာ ရှိသည်။ သို့သော် ယဲ့ဖန်၏ ပုလဲမှာမူ ကြက်ဥ တစ်လုံး သို့မဟုတ် နှစ်လုံး၏ အရွယ်အစားနီးပါး ရှိနေသဖြင့် ကျွီယန် ပုလဲ ဖြစ်နိုင်စရာ မရှိပေ။
လူတိုင်း ပြိုင်တူ ခေါင်းညိတ်လာသည်။ ဤမျှ ကြီးသော ကျွီယန် ပုလဲကို သူတို့ လုံးဝ မမြင်ဖူးပါ။ ကျွီယန်ပုလဲသည် အလွန် ရှားပါးလှပြီး ဤပုလဲနှစ်လုံးက အလွန် ကြီးနေသဖြင့် အတုအယောင်မှန်း သိသာလှသည်။
ချင်ပေါ်ထုံ၏ စိတ်ပျက်နေသော မျက်နှာထားက ပိုပို၍ သိသာလာ၏။
*သူက သူ့တာဝန်ကိုလည်း ကောင်းကောင်း မလုပ်သလို လူကြီးတွေကိုလည်း မရိုသေဘူး၊ အခု သူက လောဘကြီးပြီး အလကားပဲ၊ ဒီယဲ့ဖန်က အသုံးမကျပါလား*
*ဒါ သဘောထားနဲ့မဆိုင်ဘူး၊ သူ့စရိုက်ကိုက ဒီလိုပဲ ဖြစ်မယ်”
ချမ်ဖုန်းက ရိုင်းပျစွာ ပြောဆိုပြီး ယဲ့ဖန်ကို အရှက်ကွဲအောင် တမင် လုပ်လာသည်။ ဤသည်က ယဲ့ဖန်၏ စရိုက်ကိုက လွဲမှားနေပြီး ကျုံးဝမ်၏ ချစ်သူဖြစ်ရန် အရည်အချင်း မပြည့်မီကြောင်း ပြသနေ၏။
ထိုအခိုက်တွင် လီကျန်းဟဲသည် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ငမွဲကောင်ကြောင့် သူ ကြောက်လန့် သွားရသည်ကို တွေးမိပြီး ချက်ချင်း အရှက်ရသွားလေသည်။ ထို့ကြောင့် သူ ပို၍ အရှက်ကွဲအောင် ဝင်ပြော လိုက်သည်။
“မင်း နေရာမှားပြီး ပြဿနာ လာရှာတာပဲ၊ မင်းကို ပြောဖို့မေ့နေတာ၊ ဒီမှာ ရတနာ တန်ဖိုးဖြတ်တဲ့ ဆရာသခင် ရှိတယ်ကွ”
ထို့နောက် လူတိုင်းက ထောင့်၌ထိုင်နေသော အရပ်ရှည်ရှည်နှင့် ပိန်ပါးပါး လူငယ်လေးကို လှမ်းကြည့် လိုက်ကြသည်။ သူသည် ချမ်ပေါ်ထုံ ဂုဏ်ယူရသည့် တပည့်တစ်ယောက် ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် အလုပ်မှထွက်၍ ရတနာများကို လေ့လာခဲ့သူ ဖြစ်သည်။ သူသည် ဖျင်အန်းမြို့၏ ရတနာပစ္စည်း တန်ဖိုးဖြတ်သည့် နယ်ပယ်၌ အတော်လေး နာမည်ကြီး၏။
“မင်း အရှက်မကွဲချင်ရင် မြန်မြန် ဝန်ခံလိုက်၊ အဲ့ဒါဆို ခဏနေ မင်း အလိမ်ပေါ်သွားမယ့် အဖြစ်ထက်တော့ တော်သေးတာပေါ့”
လီကျန်းဟဲက ဂုဏ်ယူစွာ ပြုံး၍ ထပ်ပြောလိုက်သည်။
“ပြီးတော့ အခုချိန်ကစပြီး မင်းကို ကျုံးဝမ်နား ထပ်ကပ်ဖို့ ခွင့်မပြုနိုင်ဘူး”
“နှစ်ငါးထောင် သက်တမ်းရှိတဲ့ ကျွီယန်ပုလဲပဲ၊ ယုံချင်ယုံ မယုံချင်နေ”
ယဲ့ဖန်က အေးစက်မောက်မာသော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။ ဤကျွီယန်ပုလဲသည် ထန်မင်လီကိုယ်တိုင် သူ့ကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ချင်ပေါ်ထုံရှေ့၌ ယဲ့ဖန် အကောင်းမြင် ခံရစေရန် ဖြစ်လေသည်။
ထန်မင်လီ၏ ယဲ့ဖန်အပေါ် အလွန် လေးစားရိုသေသော စရိုက်အရ ယဲ့ဖန်ကို ဘယ်လိုလုပ် အရူးလုပ်မည်နည်း။
“မင်းက အသာနေနေမယ့်အစား ဝင့်ကြွားချင်နေတဲ့ပုံပဲ၊ လွီရှန့် သူ့ကို ပညာပြပေးလိုက်စမ်းကွာ”
လီကျန်းဟဲက အေးစက်စွာ ခနဲ့ပြော ပြောလိုက်သည်။
“ဒီပစ္စည်းက အတုဆိုတာ ပေါ်သွားလို့ကတော့ မင်းအပေါ် ရိုင်းတယ်လို့ လာမပြောနဲ့တော့”
ချမ်ဖုန်းကလည်း ခက်ထန်သော အကြည့်ဖြင့် ပြောလာသည်။ ချမ်ဖုန်းတို့သုံးယောက်လုံး စိတ်အားထက်သန်သော အမူအရာများ ဖြစ်နေကြသည်။ သူတို့ ယဲ့ဖန် အရှက်ကွဲမည့်အဖြစ်ကို မြင်ရရန် မစောင့်နိုင်ကြတော့ချေ။ ထိုသို့ တွေးမိသည်နှင့် သူတို့ စိတ်လှုပ်ရှားလာပြီး လှောင်ရယ်မိကြသည်။
လွီရှန့်ဟူသော လူငယ်လေးက နေရာမှထလာပြီး ကြမ်းပြင်ပေါ် ကျနေသော ကျွီယန်ပုလဲကို ကောက်ယူ၍ တစ်ခဏမျှ သေချာကြည့်လာသည်။ ချက်ချင်းဆိုသလိုပင် သူ မျက်မှောင်ကြုတ်လာပြီး နောက်ကျွီယန်ပုလဲလုံးကို အသည်းအသန် ကောက်၍ ကြည့်လေသည်။
သူ့မျက်နှာ၌ ခန့်မှန်းမရနိုင်သော ထိတ်လန့်မှုများ ထင်ဟပ်လာ၏။ အချိန်အတော်ကြာပြီးနောက် သူ ခေါင်းခါ၍ စကားတစ်ခွန်း ပြောလာသည်။
“ဒီကျွီယန်ပုလဲနှစ်လုံးက နှစ်ငါးထောင် သက်တမ်းရှိတာ မဟုတ်ဘူး”
“ဟားဟားဟား ငါ ပြောသားပဲ၊ ဒီလောက်ကြီးတဲ့ ကျွီယန်ပုလဲ မရှိပါဘူးလို့၊ ဟဲ့ကောင် နင် ဘာပြောစရာ ရှိသေးလဲ”
ချမ်ရှုရန်က ရုတ်တရက် ထရယ်၍ အရင် တိုက်ခိုက်လာသည်။
“ဟေ့ကောင် ငါ မင်းကို ခုနက အကြံပေးခဲ့သားပဲ၊ ဒါပေမဲ့ မင်း နားမထောင်ခဲ့ဘူးလေ၊ အခု ဘာဖြစ်ပြီလဲ”
လီကျန်းဟဲ ပျော်မြူးနေ၏။ လက်ရှိအခြေအနေကို ယဲ့ဖန် ဘယ်လိုဖြေရှင်းမလဲ သူ ကြည့်ချင်နေသေးသည်။
“ပြောနေစရာ လိုဦးမှာလား၊ သူ့ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပြီး ချမ်မိသားစုကနေ မောင်းထုတ်ရမှာပေါ့”
ချမ်ဖုန်းက မည်းမှောင်နေသော အမူအရာဖြင့် အော်ဟစ်လာပြီး ခက်ထန်စွာ ပြုံးလေသည်။ ချမ်ပေါ်ထုံက ခေါင်းခါလိုက်ပြီး မပျော်ရွှင်သော မျက်နှာထားဖြင့် ပြန်ထိုင်လိုက်သည်။ ယဲ့ဖန်အပေါ် သူ ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။
“ဘယ်သူလုပ်ရဲလဲ”
ကျုံးဝမ်က ရုတ်တရက် ကျားသစ်မလေးသဖွယ် အော်ဟစ်၍ လူအုပ်အား ခက်ထန်စွာ ဝေ့ကြည့်လေသည်။ ယဲ့ဖန်၏ ဆံပင်ကို တစ်ယောက်ယောက် ထိသည်နှင့် တိုက်ခိုက်တော့မည့်ပုံပင်။
“ကျုံးဝမ် မင်းချစ်သူက လူကောင်း မဟုတ်တာကို အားလုံး မြင်နေပြီလေ၊ မင်း အခုထိ ခေါင်းမာနေဦးမှာလား”
ချမ်ဖုန်းက မကောင်းသောလေသံဖြင့် မေးလာပြီးနောက် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ဒါမှမဟုတ် မင်းမျက်လုံးထဲမှာ သိတာ တစ်လတောင် မရှိသေးတဲ့လူက မင်းအမျိုးတွေထက် ပိုအရေးပါ နေတာလား”
ထိုစကားက တမင် ပြောလိုက်ခြင်းပင်။ ချမ်ပေါ်ထုံ စိတ်ပျက်သွားစေရန် ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ကျုံးဝမ်သာ ယဲ့ဖန်ကို ဆက်ရွေးချယ်ပါက သူမ၌ ချမ်ပေါ်ထုံကဲ့သို့သော ဆွေမျိုးသားချင်း ရှိတော့မည် မဟုတ်ပါ။ ထိုစကားအဆုံး၌ ချမ်ပေါ်ထုံသည်လည်း မသိမသာ မျက်မှောင်ကြုတ်လာ၏။
“ကျုံးဝမ် ဒါကို နင့်အတွက် ငါတို့ လုပ်နေတာ၊ နင့်ကို စောင့်ရှောက်ခဲ့တဲ့ အမျိုးတွေကို ကျေးဇူးမကန်းနဲ့၊ နင်က လူကောင်း လူဆိုးကိုမှ မသိသေးတာ”
ချမ်ရှုရန်ကလည်း ကျုံးဝမ်ကို ကျေနပ်အားရဟန်ကြည့်၍ တမင် ပြောလိုက်သည်။
“ဒါ ခင်ပွန်းရွေးရတဲ့ကိစ္စလေ၊ နင် ဒီကိစ္စကို နင့်အစ်မဖြစ်တဲ့ ငါ့ဆီကနေ သင်ယူဖို့ လိုသေးတယ်၊ နင် ဘယ်လိုလူမျိးကို ရွေးလိုက်လဲ ကြည့်ဦးလေ”
“ဟုတ်တယ်၊ ဒီအမှိုက်ကောင်က ငါတို့ကျန်းဟဲနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ ငါတို့ကျန်းဟဲ ပထမဆုံးအကြိမ် မိသားစုဆီ အလည်လာတုန်းက ယွမ်တစ်သန်းကျော်တန်တဲ့ လက်ဆောင်ကို ယူလာခဲ့တာ၊ သူ့လက်ဆောင် ယူလာတုန်းက သူ့လုပ်ငန်းက စခါစပဲ ရှိသေးတာနော်”
ချမ်ဖုန်းက ဂုဏ်ယူနေသော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် ယဲ့ဖန်ကို အထင်သေးစွာ တစ်ချက် ကြည့်လေသည်။
“ဟုတ်တယ် ဟုတ်တယ်၊ ဒီလောကထဲမှာ ယောက်ျားကောင်းတွေ ဒီလောက် များတာ၊ ဘာလို့ ဒီလိုအမှိုက်ကောင် ကိုမှ ရွေးရတာလဲ”
လီကျန်းဟဲက ကျုံးဝမ်ကို ဆက်တိုက် မျက်စိမှိတ်ပြနေပြီး သူ့ကိုယ်သူ ယောကျ်ားကောင်း ဖြစ်သည်ဟု ပြသနေ၏။
အခြေအနေက အလွန် ထူးဆန်းလာပြီး လူတိုင်းနီးပါးက ယဲ့ဖန်ကို ပုတ်ခတ် ပြောဆိုလာကြသည်။ သူတို့၏ စကားတိုင်းတွင် အလွန် အထင်သေးရိပ်များ ပါဝင်နေလေသည်။ ကျုံးဝမ်အား ယဲ့ဖန်ကို စွန့်ပစ်၍ ပိုကောင်းသော ယောက်ျားမျိုး ရှာရန် နားချနေကြသည်။
“ကျွန်တော် ပြောလို့မပြီးသေးဘူးလေ၊ ခင်ဗျားတို့က ဘာတွေ ပူပန်နေတာလဲ”
သို့သော် ထိုအချိန်တွင် လွီရှန့်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ငေါက်၍ ဆက်ပြောလာ၏။
“ဒီကျွီယန်ပုလဲက နှစ်ငါးထောင် သက်တမ်းရှိတာ မဟုတ်ဘူး၊ နှစ်တစ်သောင်း သက်တမ်းရှိတာ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက အသက်ကိုအောင့်၍ လွီရှန့်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လာ ကြသည်။ သူ ပြောလိုက်သော စကားက သူတို့အတွက် အလွန် ကြောက်စရာကောင်းနေပုံ ရသည်။ သူတို့ ဦးနှောက်များက တစ်ခဏမျှ အလုပ်မလုပ်သလို ဖြစ်သွားသည်။
တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်ကာ မျက်လုံးပြူး၍ ပါးစပ်အဟောင်းသား ဖြစ်နေကြသဖြင့် ရယ်ချင်စရာ ကောင်းလှသည်။ သူတို့ ဘာမှ မပြောနိုင်တော့ချေ။
*နှစ်တစ်သောင်းလား*
*နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ကျွီယန်ပုလဲလား၊ ဒါ ဖြစ်နိုင်လို့လား*
*ကျုံးကျိုး အင်ပါယာရဲ့ သမိုင်းတစ်လျှောက်မှာ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ပုလဲမျိုး ရှိခဲ့လို့လား*
*ပြီးတော့ တစ်ခုလည်း မဟုတ်ဘူး၊ နှစ်ခုတောင်*
*သာမန် ကျွီယန်ပုလဲတောင် သန်းသုံးရာ့ငါးဆယ် တန်ဖိုးပေါက်နေတာ*
*ဒီလောက်ကြီးတဲ့ဟာဆို ဘယ်လောက် ပေးရမလဲ*
သူတို့ မတွေးတတ်တော့ချေ။ ချမ်ရှုရန်က ရုတ်တရက် မကျေမနပ် ထအော်လေသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ လွီရှန့် နင် အကြည့်မှားတာနေမယ်”
*ဒီငမွဲ မျိုးမစစ်ကောင်မှာ ဘယ်လိုလုပ် ဒီလောက် ဈေးကြီးတဲ့အရာ ရှိမှာလဲ*
သူမစကားကြောင့် လွီရှန့်၏ မျက်နှာက သုန်မှုန်သွားသည်။
“ခင်ဗျားက ကျုပ်ကို မေးခွန်းထုတ်ရဲတာလား”
လွီရှန့်သည် ဖျင်အန်းမြို့၏ ထိပ်တန်း ရတနာတန်ဖိုးဖြတ်သူ ဖြစ်ပြီး သိမ်းငှက်မျက်လုံး လွီရှန့်ဟု နာမည်ကြီးသည်။ မည်သို့သော ရတနာအတု ဖြစ်နေပါစေ သူ တစ်ချက်ကြည့်ရုံနှင့် ဖော်နိုင်သူ ဖြစ်သည်။ သို့သော် ချမ်ရှုရန်က သူ အကြည့်မှားတာဟု ပြောလာသဖြင့် ထိုစကားက သူ့ကို အရှက်ခွဲလိုက်သလိုပင်။
“ငါ…”
ချမ်ရှုရန်ကိုယ်တိုင်လည်း အမှားလုပ်မိသွားကြောင်း သတိပြုမိသွားသဖြင့် ဘာပြောရမှန်း မသိတော့ပေ။ လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်လာကြသည်။
*ဒီကောင်က ကြွားနေတာ မဟုတ်ဘူးလား*
*ဒီပုလဲနှစ်လုံးက အစစ်လား*
သူတို့အားလုံး မျက်နှာပျက်သွားသည်။ အစောပိုင်းက သူတို့အားလုံး ယဲ့ဖန်ကို ရှိသမျှနည်းလမ်းဖြင့် လှောင်ပြောင် ခဲ့သည်။ ယခု အခြေအနေက ပြောင်းလဲသွားပြီး ယဲ့ဖန်က သူတို့ကို အရှက်ကွဲအောင် လုပ်သွားလေပြီ။
လက်ရှိတွင် သူတို့သည် မြေကြီး၌ ကျင်းတူး၍ ပုန်းချင်စိတ် ပေါက်နေကြသည်။ ဤနေရာ၌ ယဲ့ဖန်ကို ယှဉ်နိုင်သူ မရှိတော့ချေ။
သူ့ပုလဲလုံးက သန်းခုနစ်ရာမက တန်ဖိုးရှိပေသည်။ လူတိုင်း ယဲ့ဖန်ကို ထိတ်လန့်၍ မယုံနိုင်ဟန်ဖြင့် ကြည့်လာ ကြသည်။
*သာမန်လူနဲ့တူနေတဲ့ ဒီကောင်က တကယ်တမ်းကြတော့ ဘီလျံနာ သူဌေး ဖြစ်နေတာလား*
*သူ အရမ်း သာမန်ပုံ ဝတ်စားထားတာက သူ့ကိုယ်သူ ခပ်လျှိုလျှို နေချင်လို့များလား*
*အံ့ဩစရာပဲ*
ချမ်ဖုန်းတို့ သားအဖသုံးယောက်က မျက်နှာအပျက်ဆုံးပင်။ သူတို့သုံးယောက်လုံး ကြက်သေ သေနေမိသည်။ ယဲ့ဖန်၏ သန်းခုနစ်ရာတန် ပုလဲနှင့်ယှဉ်လျင် တစ်သန်းလောက်က အရေးမပါတော့ချေ။
လူတိုင်း တစ်စုံတစ်ရာကို နားလည်သွားကြသည်။ ကျုံးဝမ် ယဲ့ဖန်ကို ရွေးချယ်လိုက်သည်က အံ့ဩစရာ မဟုတ်တော့ပါ။ သူမက လူရွေးညံ့ခြင်း မဟုတ်ဘဲ ယဲ့ဖန်ကိုယ်တိုင်က နှိမ့်ချနေ၍ ဖြစ်လေသည်။
“လွီရှန့် မင်း တန်ဖိုးဖြတ်တာ သေချာလား”
ချမ်ပေါ်ထုံက တုန်ယင်နေသော အသံဖြင့် မေးလာသည်။
“ဆရာကြီး ကျွန်တော့်မျက်လုံးကို လောင်းကြေးထပ်ရဲပါတယ်၊ ကျွန်တော် မှားရင် ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပါ့မယ်”
လွီရှန့်က ကျိန်ဆိုလေသည်။ ထိုစကားကြောင့် လူတိုင်း နေရာမှာတင် ကြက်သေ သေသွားမိသည်။