Switch Mode

အပိုင်း (၅၅၂):

တမန်တော်

အစီအရင်အထက်ရှိ သင်္ကေတက တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားလေ၏။ ဝမ်လင်းသည်လည်း ယင်းအစီအရင်ထဲကနေ လှမ်းလျောက်ထွက်လာကာ ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့အကြည့်က ရှုယွမ်ရှန်ပေါ်သို့ ကျရောက်လို့သွားသည်။

ရှုယွမ်ရှန်မျက်လုံးများက ကျဉ်းမြောင်းသွားပြီးမှ သူက ရယ်မောကာ မေးလိုက်သည်။ “သင်က ရှေ့ဖြစ်ဟောသူ တပည့် ဝမ်လင်းလား…”

ဝမ်လင်းအသွင်က တည်ငြိမ်စွာပင်။ သူက လက်နှစ်ဖက်ယှက်၍ ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်…”

ရှုယွမ်ရှန်က ပြုံး၍ ပြောလိုက်၏။ “ငါက မြေကမ္ဘာဂြိုဟ် ရွှမ်ယွမ်ကလန်ရဲ့ ဂျူနီယာကလန်ခေါင်းဆောင်ပါ။ ငါက ဒီနေ့မှာ ဧည့်ကြိုအဖြစ် ရောက်လာခဲ့တာ။ အကိုဝမ် ကျေးဇူးပြု၍ မငြင်းဆိုပါနဲ့…”

“အဲ့တော့ ငါက အကိုရှုကို နှောက်ယှက်သလို ဖြစ်နေပြီ…” ဝမ်လင်းက ပြုံးလိုက်၏။ သည်ရှုယွမ်ရှန်၏ ကျင့်ကြံမှုအဆင့်က သူနှင့်အတူတူပင်။ သူက ကောင်းကင်ကံကြမ္မာကလန်က ထွက်ခွာလာသည့်အကြောင်းက အေးအေးဆေးဆေး ကျင့်ကြံလို့ရသည့် နေရာတစ်ခု လိုချင်သောကြောင့် ဖြစ်၏။

သူက သည်ဂြိုဟ်ပေါ်သို့ ရောက်လာချင်းချင်း သူ့ကိုလာရောက်ကြိုဆိုသည့်လူကို ငြင်းဆန်ရန် မသင့်ပေ။

ရှုယွမ်ရှန်က ရယ်မောကာ တစ်လမ်းလုံး စကားပြောလာ၏။ သူက ဝမ်လင်းကို သည်မြေကမ္ဘာဂြိုဟ်၏ အခြေအနေကို ပြောကြားပြီးနောက် ဝမ်လင်းနေထိုင်ရန်အတွက် လှပအေးချမ်းသော နေရာတစ်ခုကို စီစဉ်ပေးလိုက်သည်။

မနက်ဖြန်အတွက် သူတို့တွေ့ဆုံရမည်အချိန်ကို သတ်မှတ်ပြီးနောက် ရှုယွမ်ရှန်က ထွက်ခွာသွားတော့သည်။

သည်နေရာရှိ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဝမ်လင်းက အခန်းထဲသို့ ဝင်လာပြီးနောက် ပြတင်းတံခါးကို ဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်၏။ သည်ဧရိယာတွင် လှပသောပန်းပွ့်များက ဖုံးလွှမ်းနေကာ ဖူးပွင့်လို့နေ၏။

ဝမ်လင်းက တံခါးဖွင့်ကာ ပန်းဥယျာဉ်ထဲသို့ အေးအေးဆေးဆေး လျှောက်လှမ်းသွားလေ၏။

“ခုချိန်မှာ အရေးကြီးဆုံးက ငါ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်ဖို့ပဲ…။ ငါက ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်လာတာ နှစ်အနည်းငယ် ရှိနေပြီ ဖြစ်ပေမဲ့ တာ့ဆန်က ခုထိ ငါ့ခေါင်းထက်မှာ တင်ထားတဲ့ ဓားတစ်လက် လိုပဲ…။ သူက ရှေးဟောင်းနတ်ဘုရားနယ်မြေကနေ အချိန်မရွေးထွက်လာနိုင်နေပြီ…။ သူထွက်လာနိုင်တာနဲ့ ငါ့ကို ကျိန်းသေပေါက် လာရှာမှာပဲ…”

ဝမ်လင်းက မျက်မှောင်ကြုတ်နေမိသည်။ တာ့ဆန်က သူ့လည်ချောင်းထဲ၌ စူးနစ်နေသည့် ငါးရိုးပင် မဟုတ်လား။

ဥယျာဉ်ထဲရှိ လှပသောပန်းများကို ကြည့်ကာ ဝမ်လင်းက စဉ်းစားလို့နေလေ၏။

“ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်… ငါက ဒီနည်းလမ်းကို ဒီနေရာကို လာတဲ့တစ်လျှောက်မှာ နည်းနည်းတော့ လေ့လာနိုင်ခဲ့တယ်။ ဒါက တကယ့်ကို သိမ်မွေ့လှတဲ့ ပညာရပ် နည်းစနစ်တစ်ခုပဲ။ ငါ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့ အသက်အားကို အသုံးပြုခြင်းက တကယ့်ကို အားကောင်းတဲ့ ခုခံကာကွယ်မှုတစ်ခု ဖြစ်တယ်…”

“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကလည်း ခုထိ သတ္တုဒြပ်စင် လိုနေသေးတယ်…။ သတ္တုဒြပ်စင်ရအောင်လုပ်ဖို့ကို ငါ တက်နိုင်သမျှ မြန်မြန် ဖြေရှင်းရမယ်။ စစ်ထူနန်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဒြပ်စင်ငါးခုပြည့်စုံသွားမှ သူ့ပိုင်ရှင်တစ်ယောက်ကို အသိအမှတ်ပြုတယ်လို့ ထင်မြင်ခဲ့တယ်။ ဒါလိုသာ ပြည့်စုံသွားရင် ဒီပုတီးစေ့က ၎င်းရဲ့အစစ်အမှန်စွမ်းအားအပြည့်ကို ပြသလာမှာလား…။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးက ဒီပုတီးစေ့အတွက် ဘယ်လိုစွမ်းအားကြောင့် တိုက်ခိုက်ခဲ့ကြလည်းကိုတော့ မသိဘူး…”

“ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာလည်း ခုဆို ဘာတွေများ ဖြစ်ပျက်နေမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းက ခေါင်းမော့၍ လေဟာနယ်ထဲသို့ ကြည့်လိုက်သည်။ သူ့အကြည့်က မြောက်များစွာသောအကွာအဝေးကို ဖြတ်သန်း၍ ဟင်္သာပြဒါးဂြိုဟ်ရှိရာအရပ်သို့ ရောက်သွားသလား ထင်မှတ်ရ၏။

ရွှမ်ယွမ်ကလန်တွင် နှစ်ရက်ကြာနေထိုင်ပြီးနောက် ရှုယွမ်ရှန်က ဝမ်လင်းကို အဆင့်ငါးနိုင်ငံ လင်းယွဲ့သို့ သွားသည့်လမ်းကို လမ်းပြပေးခဲ့သည်။

သည်နှစ်ရက်အတွက် ရှုယွမ်ရှန်က စကားပြောကောင်းသူတစ်ယောက် ဖြစ်ခဲ့၏။ သူက ဝမ်လင်းနှင့် သိကျွမ်းအော် အားစိုက်ထုတ်ခဲ့၏။

လင်းယွဲ့နိုင်ငံကလည်း ခရမ်းရောင်အုပ်စုခွဲမှ ပင်မတပည့်တစ်ယောက်က တမန်တော်အဖြစ်လာရောက်မည်ကို သိရှိပြီး ဖြစ်သည်။ နိုင်ငံတစ်ခုလုံးက သည်ကိစ္စကို ဦးစားပေးသတ်မှတ်ကာ တမန်တော်ကို နှုတ်ဆက်ကြိုဆိုရန် ပြင်ဆင်ထားကြ၏။

လင်းယွဲ့နိုင်ငံနယ်စပ်တွင် ရှုယွမ်ရှန်က ပြုံး၍ ပြောလိုက်၏။ “အကိုဝမ်…ဒါက အဆင့်ငါးနိုင်ငံ လင်းယွဲ့ ဖြစ်တယ်…။ ဒီနိုင်ငံက သိပ်တော့ ကြီးမားခြင်းမရှိပဲ ကလန်လေးခုပဲ ရှိတယ်…။ဒါပေမဲ့ ဒီနိုင်ငံက စိတ်ဝိညာဉ်ပစ္စည်းတော်တော်များများကို ထုတ်လုပ်နိုင်တဲ့အတွက် ဒီဂြိုဟ်ပေါ်မှာတော့ ကျော်ကြားလှတယ်…”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်က နယ်စပ်ကို လျင်မြန်စွာ ကျော်ဖြတ်ကာ လင်းယွဲ့နိုင်ငံထဲသို့ ဝင်ရောက်လာကြ၏။

လင်းယွဲ့နိုင်ငံ၏ အလယ်ဗဟိုတွင် ကောင်းကင်ထိ ထိုးတက်နေသည့် မျှော်စင်ကြီးတစ်ခု ရှိနေသည်။ သည်နေရာက တမန်တော်များ နေထိုင်လေ့ရှိသည့် နေရာပင်။

သည်မျှော်စင်အပြင်ဘက်တွင်တော့ ကျင့်ကြံသူတစ်ရာကျော်က ရောက်ရှိလာမည့် တမန်တော်ကို စောင့်ဆိုင်းလို့နေကြသည်။

သိပ်မကြာခင်မှာပင် မိုးကုပ်စက်ဝိုင်းအစွန်းကနေ အလင်းတန်းနှစ်ခု ပျံသန်းလာကာ လေထုကိုခွင်းလာလေသည်။ သည်အခိုက်တွင် မျှော်စင်အောက်ခြေရှိ လူတိုင်းက ခေါင်းမော့လိုက်ကြ၏။

အလင်းတန်းနှစ်ခုက နီးကပ်လာသည့်အခါ ကျင့်ကြံသူများက လေးစားစွာ ပြောလိုက်ကြ၏။ “လင်းယွဲ့မှ ကျင့်ကြံသူတွေက ကောင်းကင်ကံကြမ္မာကလန်ရဲ့ တမန်တော်အရှင်နဲ့ ရွှမ်ယွမ်ကလန်ရဲ့ ဂျူနီယာကလန်ခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်…”

ရှုယွမ်ရှန်က ရယ်မောကာ ပြောလိုက်သည်။ “ကဲ ငါခု နှုတ်ဆက်တယ်…။ငါက နောက် အချိန်ရရင်တော့ ငါတို့ အတူ သောက်စားပြီး စကားပြောဆိုကြတာပေါ့…”

ထိုသို့ပြောပြီးနောက် ရှုယွမ်ရှန်က အကွာအဝေးတစ်ခုထံသို့ ပျံသန်းလို့သွားတော့သည်။

ရှုယွမ်ရှန် ထွက်ခွာသွားပြီးနောက် ကောင်းကင်ထက်၌ ဝမ်လင်းတစ်ယောက်တည်းသာ ရှိတော့သည်။

သူက လေပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ လူများကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သည်နေရာတွင် ကျင့်ကြံသူတစ်ရာကျော် ရှိလို့နေ၏။ သူတို့ထဲတွင် ဆယ်ယောက်ကတော့ ကျင့်ကြံမှုအမြင့်ဆုံးဖြစ်ကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တွင် ရှိလို့နေ၏။

သည်လူများကြားတွင် လူတစ်ယောက်က ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ထိုလူကတော့ တစ်ခေါင်းလုံးဖြူဖွေးနေကာ အလွန်အိုမင်းဟန် ပေါ်သည်။ သူက သည်နေရာရှိ ကျင့်ကြံမှုအဆင့်မြင့်ဆုံး တစ်ယောက်ဖြစ်သည်။ သူက အာဏာတက်ခြင်းအဆင့်သို့ပင် ခြေတစ်ဝက် နင်းထားနိုင်ခဲ့ပြီ ဖြစ်၏။

ဝမ်လင်းက ဆင်းသက်လာကာ မျှော်စင်အောက်ခြေသို့ ခြေချလိုက်၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါက တမန်တော် တစ်ယောက် ဖြစ်ပေမဲ့ မင်းတို့ကို မနှောက်ယှက်တော့ဘူး။ မင်းတို့ လုပ်စရာရှိတာသာ ဆက်လုပ်ကြချေ။ ငါက တံခါးပိတ်ကျင့်ကြံတော့မယ်။ ဒါ့ကြောင့် ဘယ်သူမှ ဒီနေရာနဲ့ ကီလိုမီတာ ငါးထောင်အတွင်း လာခွင့်မပြုဘူး…”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မှင်တက်မိသွားကြသည်။ သို့သော် သူတို့က အချိန်အတန်ကြာနေထိုင်ခဲ့သည့်သူများ ဖြစ်သဖြင့် ပါးနပ်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့က မှင်တက်နေရာကနေ ချက်ခြင်းပင် လူစုခွဲလို့သွားလေသည်။

အာဏာတက်ခြင်းအဆင့်သို့ ခြေတစ်ဝက်ချထားနိုင်သည့် အဘိုးအိုက ထွက်မသွားခင် ဝမ်လင်းကို သေချာကြည့်လို့သွား၏။

အဘိုးအို ဘေးရှိ ကျင့်ကြံသူများကလည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။ ချက်ခြင်းပင် မျှော်စင်အောက်ခြေ၌ ဝမ်လင်းက လွဲ၍ မည်သူမျှ မရှိတော့ချေ။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေပြီး သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ မျှော်စင်ထဲသို့ ဝင်ရောက်လို့သွား၏။ သူက အထဲသို့ ရောက်သွားသည်နှင့် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်၏။ တစ်ချက်လှုပ်ခါလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးအခိုးအငွေ့များက မျှော်စင်ထဲကနေ ထိုးထွက်သွားကာ ပတ်ဝန်းကျင် ကီလိုမီတာ ငါးထောင်ကို လွှမ်းခြုုံလို့သွားတော့သည်။

ပတ်ဝန်းကျင် ကီလိုမီတာငါးထောင် ဧရိယာက ရုတ်တရပ် မြူနက်များဖြင့် ဖုံးလွှမ်းလို့သွားကာ သုန်မှုန်သောအော်ရာကို ပေးစွမ်းလို့နေတော့သည်။

ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက အနည်းငယ်စဉ်းစားကာ သူ့နှဖူးကို လက်ဝါးဖြင့် ရိုက်ချ လိုက်ရာ ပေသုံးဆယ်ခန့်ရှည်သည့် စိတ်ဝိညာဉ်အလံထွက်ပေါ်လာတော့သည်။ စိတ်ဝိညာဉ်ဆယ်သန်းအလံက ၎င်း၏ စိတ်ဝိညာဉ်အပိုင်းအစများကို ဆုံးရှုံးသွားခဲ့ရသော်လည်း ခုထိ မူလစိတ်ဝိညာဉ်များတော့ ကျန်နေသေး၏။ ဝမ်လင်းက သည်အလံကို လှုပ်ခါလိုက်ရာ မူလစိတ်ဝိညာဉ်များက အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်း၍ အကာအကွယ်ကို ပိုတိုးမြင့်စေလိုက်သည်။ သူက ချီလင်သားရဲက လွဲ၍ ကျန်သည့် မူလစိတ်ဝိညာဉ်များကို ထုတ်လွှတ်ခဲ့သည်။

သည်လိုမျိုး ထပ်မံပြုလုပ်ပြီးနောက် ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ထိုအခါ ကျောက်စိမ်းပြားတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

သည်ကျောက်စိမ်းပြားက မီးခိုးရောင်ရှိ၏။သည်ကျောက်စိမ်းက မီးခိုးရောင်ဝတ်စုံနှင့်ရှေ့ဖြစ်ဟောသူ ပေးခဲ့သည့် ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ် ပင် ဖြစ်သည်။

“ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သည့်နောက် သူက နတ်ဘုရားအာရုံက ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လတာ ကုန်ဆုံးသွားခဲ့လေပြီ။

သည်တစ်လအတွင်း လင်းယွဲ့နိုင်ငံမှ မည်သည့်ကလန်ကမျှ သူတို့ တမန်တော်အသစ်နှင့် ပတ်သတ်၍ လာရောက်စူးစမ်းကြခြင်း မရှိပေ။ပုံမှန်အားဖြင့် တမန်တော်အသစ်ရောက်လာလျှင် သူတို့က စိတ်ဝိညာဉ်ကျောက်တုံးနှင့် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ကမ်းလှမ်းရလေ ရှိ၏။ ထိုမှသာ သူတို့က အချို့ပြဿနာများကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။ သည်အရာက ရိုးရာတစ်ခုလိုပင် ဖြစ်လာခဲ့လေသည်။

သို့သော် ခုအသစ်ရောက်လာသည့်လူကတော့ မျှော်စင်ထဲကနေ တစ်လလုံးလုံး ထွက်ရှိခြင်း မရှိချေ။ ပတ်ဝန်းကျင်ဧရိယာသည်လည်း မြူနက်များဖြင့် ဖုံးလွှမ်းထားသေးရဦ သာမန်လူများကလည်း သည်နေရာသို့ ခြေတစ်လှမ်းမှ မချဝံ့တော့ချေ။

အချို့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများက သည်နေရာသို့ မည်သို့ဖြစ်ပျက်နေသည်ကို သိချင်သည့်အတွက် ဝင်ကြည့်ကြ၏။ သို့သော် သူတို့က မြူနက်ထုထဲ ပေတစ်ထောင်ခန့်ထဲသွားပြီးနောက် ရုပ်စိုးသည့်အသွင်များဖြင့် ပြန်ဆုတ်လာခဲ့ကြရသည်သာ ဖြစ်သည်။

တမန်တော်အသစ်က တဖြည်းဖြည်းဖြင့် လင်းယွဲ့၏ကျင့်ကြံသူများ မျက်လုံးထဲ၌ ပိုပို ထူးဆန်းလာခဲ့တော့သည်။

သည်အခိုက်တွင် မျှော်စင်ထဲ၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေလျက်သာ ရှိလို့နေသည်။ သူက လွန်ခဲ့သောတစ်လက အတိုင်းပင်။ သူက သည်တစ်လလုံး ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို လေ့လာနေခဲ့၏။

ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က တကယ်တော့ အသက်ဓာတ်ချိတ်ပိတ်ခြင်း ဖြစ်သည်။ သည်အဓိပ္ပာယ်က လွယ်လင့်တကူ နားလည် သဘောပေါက်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ဝမ်လင်း၏ ပါရမီကလည်း အစောကတည်းက အလွန်ကောင်းလွန်းလှခြင်းမရှိသလို ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်ကလည်း အလွန်ရှုပ်ထွေးလှ၏။ သူက ၎င်းပညာရပ်နည်းစနစ်နှင့် ပတ်သတ်၍ ဖြည်းဖြည်းချင်း တွေးတောကာ ကျွမ်းကျင်အောင် လုပ်လို့နေသည်။

ဝမ်လင်းက သည့်အတွက်လည်း အလျင်လိုခြင်း မရှိပေ။

အချိန်က ဆက်လက် ကုန်ဆုံးလို့နေကာ နောက်ထပ် လဝက်ပင် ကုန်သွားခဲ့ပြန်၏။ လင်းယွဲ့မှ ကျင့်ကြံသူများ၏ တမန်တော်အပေါ် စိတ်ဝင်စားမှုကလည်း လျော့ကျသွားခြင်း မရှိသည့်အပြင် ပိုလို့ပင် တိုးလာခဲ့၏။

အကြောင်းကတော့ မျှော်စင်ပတ်လည်ရှိ အနက်ရောင်မြူထုထဲရှိ ပြောင်းလဲမှုတစ်ခုကြောင့် ဖြစ်သည်။ ပထမတစ်လ၌ ၎င်းမျှော်စင်ပတ်လည်က တိတ်ဆိတ်လို့နေသည်။ နောက်လဝက်တွင်တော့ ဓားပျံများစွာက သည်ဧရိယာကို ဖြတ်၍ ခေါက်တုံ့ခေါက်ပြန် ပျံဝဲနေကာ တဝီဝီအသံများ ထွက်ပေါ်နေသောကြောင့်ပင်။

သည်အရာက လင်းယွဲ့မှ ကျင့်ကြံသူများကို ပိုမို သိချင်စိတ် ဖြစ်စေခဲ့သည်။ နောက်ဆုံးတွင် အာဏာတက်ခြင်းအဆင့်ကို ခြေတစ်ဝှက်ချနိုင်းနိုင်ထားသည့် အဘိုးအိုက သည်မျှော်စင်ထဲသို့ သွားကြည့်လေသည်။

သုံးရက်အကြာတွင် အဘိုးအိုက ပြန်ရောက်လာခဲ့၏။ သူ့အသွင်က အလွန်ရုပ်စိုးလို့နေကာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ရှိနေ၏။ သူက ပြန်ရောက်လာပြီးသည်နှင့် သည်မျှော်စင်ပတ်လည် ငါးထောင်ကီလိုမီတာအတွင်းသို့ မည်သည့်တပည့်မှ မသွားရောက်ရန် အမိန့်ထုတ်ခဲ့သည်။ မဟုတ်လျှင် သူတို့ကို သစ္စာဖောက်အဖြစ် သတ်မှတ်ကာ အပြစ်ပေးခြင်း ခံရမည် ဖြစ်သည်။

သည့်အတွက်ကြောင့် လင်းယွဲ့နိုင်ငံမှ သည်မျှောင်စင်ပတ်လည် ကီလိုမီတာငါးထောင်သည် တားမြစ်ထားသည့် နေရာ တစ်ခုကဲ့သို့ ဖြစ်လာခဲ့လေ၏။

ဝမ်လင်းက တစ်လခွဲလုံးလုံး သည်ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ် ကို လေ့လာနေခဲ့သည်။ သည်ပညာရပ်က သတ်ဖြတ်သူ ပေါ်တွင် မူတည်၏။ သည့်အတွက် လူတစ်ယောက် ပိုသတ်လေလေ ပိုများသည့်ချိပ်တံဆိပ်များကလည်း တစ်ခုနှင့်တစ်ခု ဆင့်လာလေ ဖြစ်မည်။ ချိပ်တံဆိပ်များက အမှတ်တစ်ခုသို့ ရောက်သည်နှင့် ၎င်းက ကမ္ဘာပေါ်တွင် အသန်မာဆုံးခုခံမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့ရာတွင် သည်ပညာရပ်က ကျင့်ကြံရန် အလွန်ခက်ခဲလှလေ၏။

တစ်လခွဲခန့်ကြာမြင့်ပြီးနောက်လည်း ဝမ်လင်းက သည်ပညာရပ်၏ အဆီအနှစ်ကို ရှာတွေ့နိုင်ခြင်း မရှိသေးချေ။နောက်ဆုံးတွင်တော့ သူက သည်ပညာရပ်ကို ခုချိန်တွင် လက်လျော့ထားရန် ဆုံးဖြတ်လိုက်၏။ ထိုအစား သူက ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် လုပ်ရန် ဆုံးဖြတ်သည်။ သို့မှသာ သူက သူ့ခုလက်ရှိ မန္တာန်များကို ဆက်လက် မွန်းမံနိုင်မည် မဟုတ်လား။

သည်အချိန်အတွင်း သူက စစ်ရထားထံကနေ တန်ပြန်ဒဏ်သက်ရောက်မှုကို အတွေ့အကြုံယူခဲ့သည်။

သည်အရာက သူ ပထမဆုံးအကြိမ်အဖြစ် ချိပ်တံဆိပ်ငါးခုကို ဖြေလျော့ပေးပြီးနောက် ဦးဆုံးကြုံခဲ့ရသည့် တန်ပြန်ဒဏ်ပင် ဖြစ်သည်။ ဝမ်လင်းက သည့်အတွက်လည်း ကြိုပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သူက သည်သားရဲနှင့် သည်ရက်များတွင် အတန်တန်တိုက်ခိုက်ပြီးနောက် လျှို့ဝှက်မန္တာန်တစ်ခုကို အသုံးပြု၍ ၎င်းကို ဖိနှိပ်နိုင်ခဲ့သည်။ သည်သားရဲစိတ်ဝိညာဉ်၏ တန်ပြန်ဒဏ်ကိုလည်း မခံရတော့ချေ။

လင်းယွဲ့မှ အဘိုးအိုက ဝမ်လင်းနှင်သားရဲစိတ်ဝိညာဉ်တို့ တိုက်ခိုက်နေချိန်တွင် မြူနက်ထဲသို့ ဝင်လာခဲ့ခြင်းပင်။ထိုအခါ သူက ဦးမညွတ်တက်သည့် စိတ်ဝိညာဉ်သားရဲကို မြင်တွေ့ခဲ့တော့သည်။

စစ်ရထားကို ဖိနှိပ်နိုင်ပြီးနောက် ဝမ်လင်းက ရက်အတန်ကြာ တိတ်တဆိတ် ကျင့်ကြံနေခဲ့၏။သည့်နေ့တွင် သူက ရုတ်တရပ် မျက်လုံးဖွင့်လာခဲ့သည်။ သူ့မျက်လုံးများက ဉာဏ်အလင်းလက္ခဏာများ ပြသနေ၏။

“ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်က သတ်ဖြတ်ခြင်းတွေ ပြုလုပ်ရင်းနဲ့သာ သင်ယူသသင့်တယ်။ ငါက ဒါကို ထိုင်ပြီး နားလည်အောင် လုပ်နေတာက အလကားပဲ။ ငါက ဒီပညာရပ်ကို တကယ်ကျင့်ကြံချင်ရင် အဲ့နောက်မှာ ငါက သတ်ဖြတ်ခြင်းနဲ့ စတင်မှ ရမှာ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာသူက မတ်တပ်ထရပ်လိုက်ကာ ခြေတစ်လှမ်း လှမ်းလိုက်၏။ သည့်နောက် မျှော်စင်ထံသို့ တိုက်ရိုက် တက်လှမ်းလို့သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset