ထျန်ယွမ်ဂြိုဟ်၊ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းအောက်ရှိ အဆင့်ခုနစ်ဂြိုဟ်။
အဆင့်ခုနစ်ဂြိုဟ်များကြားတွင်ပင် သည်ဂြိုဟ်က ထိပ်ဆုံးတွင် တည်ရှုမှု တစ်ခုဟု ပြော၍ ရ၏။အကြောင်းကတော့ ထျန်ယွမ်ဂြိုဟ်ပေါ်ရှိ ရှေ့ဖြစ်ဟောသူ ဆိုသည့် နာမည်ကြောင့်ပင်။
ရှေ့ဖြစ်ဟောသူက သူ့မျိုးဆက်၏ လေးစားခံပုဂ္ဂိုဟ်ဟု ယူဆ၍ ရသည်။ သူက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးတွင်ပင် နေရာတစ်ခု ရှိလေသည်။ သူက လူအများလာမနှောင့်ယှက်ဝံ့သည့်လူစားမျိုးပင်။
အဆင့်ခုနစ်ဂြိုဟ်တစ်ခုက ပုံမှန်အားဖြင့် သူ့အောက်တွင် အဆင့်ခြောက်နိုင်ငံများကို စွမ်းအားအထောက်အပံအဖြစ် ထိန်းချုပ်ထားကြသည်။ သို့သော် သည်အရာက ထျန်ယွမ်ဂြိုဟ်အတွက် မမှန်ပေ။
ထျန်ယွမ်ဂြိုဟ်ပတ်လည်၌ ကျင့်ကြံခြင်းဂြိုဟ်ငါးခုသာ ရှိသည်။ သည်ဂြိုဟ်များက အဆင့်ခြောက်နိုင်ငံများ ဖြစ်ကြ၏။ ၎င်းဂြိုဟ်များမှာ ကောင်းကင်၊မြေကြီး၊လူသား၊ရှင်သန်ခြင်း နှင့်ကံကြမ္မာဂြိုဟ် တို့ ဖြစ်ကြ၏။
သည်ဂြိုဟ်ငါးခုနှင့် ထျန်ယွမ်ဂြိုဟ်တို့ကို ချိတ်ဆက်ထားသော အစီအရင်ကြီးတစ်ခု ရှိလေ၏။ သို့ရာတွင် သည်အစီအရင်ကို ဖွင့်လှစ်ရန်က ကုန်ကျစရိတ်များပြားလှသည်။ထို့ကြောင့် လွယ်လွယ်အသုံးမပြုကြချေ။
သည် ဂြိုဟ်ငါးခုအပြင် ထျန်ယွမ်ဂြိုဟ်ပတ်လည်၌ ဂြိုဟ်ငယ်များစွာလည်း ရှိလို့နေသေးသည်။ ထိုနေရာများ၌ မွန်းစတားအိုကြီးများ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းလှိုဏ်ဂူများစွာ ရှိလို့နေသည်။ သည်ဂြိုဟ်ငယ်များနှင့် ချိတ်ဆက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ ရှိနေသော်လည်း ပုံမှန်အားဖြင့် ချိပ်ပိတ်ထားကာ လွယ်လင့်တကူ ဖွင့်လှစ်ခြင်း မပြုကြချေ။
ထျန်ယွမ်ဂြိုဟ်၏ အရှေ့ဘက်ဆုံး အပိုင်းတွင် ကြီးမားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကြီးတစ်ခု ရှိလေ၏။ သည်အစီအရင်ကို ကောင်းကင်ကံကြမ္မာကလန်က ထိန်းချုပ်ထားကာ သုံးနှစ်တစ်ကြိမ် လူအလှည့်ကျ တာဝန်ယူထားသည်။
ကျောက်ဇီက သည်ဧရိယာကို စောင့်ကြပ်သည့် လူများထဲကတစ်ယောက် ဖြစ်လေသည်။ သူက နေ့တိုင်း နံနက်စောစောထကာ အစီအရင်၏ အပြင်ဘက်၌ ကြာပွင့်သဏ္ဌာန်ထိုင်နေလေ့ ရှိသည်။
ကျောက်ဇီက အစိမ်းရောင်အုပ်စုခွဲ၏ မျိုးဆက်ငါးဆက်မြောက်တပည့် ဖြစ်လေသည်။သူက နှစ်ပေါင်းခုနှစ်ရာကျော်ကျင့်ကြံပြီးကာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်တွင် ရှိသည်။ သူက သူ့ဘဝနှင့်ပတ်သတ်၍ ကျေနပ်သလို မကျေနပ်သလို ဖြစ်နေ၏။ ကောင်းကင်ကံကြမ္မာကလန်၏ တပည့်တစ်ယောက်အနေဖြင့် သူက သည်ဂြိုဟ်ပေါ်တွင် မြင့်မားသည့်အနေအထား ရှိသည်။ သူက မည်သည့်နေရာသို့ သွားသွား အခြားလူများ၏ လေးစားမှုကို ခံရလေ့ရှိသည်။
ကျောက်ဇီက မျက်လုံးဖွင့်လာကာ သက်ပြင်းရှည် ချလိုက်သည်။
“နောက်တစ်ယောက်နဲ့ လူစားချိန်းဖို့ သုံးလပဲ လိုတော့တယ်…။ အဲ့အချိန်ကြရင် ငါက ကလန်ကို ပြန်သွားပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရောက်တဲ့ အထိ တံခါးပိတ်ကျင့်ကြံရမယ်…။ ငါက အဲ့အဆင့်ကို ရောက်တာနဲ့ ကလန်ပြင်ပမှာ ကျင့်ကြံဖို့ တောင်းဆိုရမယ်…။ ငါက ငါကိုယ်တိုင် ကောင်းကင်ဘုံကျောက်စိမ်းပြားကို ရယူနိုင်ရင် ငါ ကျောက်ဇီက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ဖို့ အခွင့်တစ်ခု ရှိလာနိုင်လိမ့်မယ်…”
သည်လိုတွေးမိပြီး ကျောက်ဇီ၏ မျက်လုံးများက တမ်းတသည့်အသွင် ဖြစ်နေသည်။
“ကံမကောင်းစွာနဲ့ ငါ့ကံတရားက မကောင်းဘူး…။ ဘိုးဘေးကသာ ငါ့ကို သူ့တိုက်ရိုက်တပည့်အဖြစ်လက်ခံတဲ့တပည့်တွေလိုများသာ ကံကောင်းရင် ဒါတွေအကုန်လုံးက ပြသနာ ရှိတော့မှာ မဟုတ်ဘူး…။ ငါကျောက်ဇီက ကလေးဘဝထဲက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ အိပ်မက် မက်ခဲ့ရတာ…။ ငါက ငါ့ကိုယ်ပိုင်ကျင့်ကြံခြင်း လှိုဏ်ဂူတစ်ခုနဲ့အတူ ဂြိုဟ်တစ်ခုကိုပါ ပိုင်ဆိုင်နိုင်လာလိမ့်မယ်…။ ဒါဆိုရင် ကမ္ဘာမှာ အပျော်ရွှင်ဆုံး ကိစ္စတစ်ခု ဖြစ်မှာ မဟုတ်လား…”
ကျောက်ဇီက ခါးသက်စွာ ပြုံးလိုက်သည်။ သည့်နောက် သူက အသက်ဝဝရှုသွင်းကာ ဆက်လက်၍ ကျင့်ကြံလိုက်သည်။
သို့ရာတွင် သည်အခိုက်အတန့်၌ ခရမ်းရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကနေ ကြယ်ပျံတစ်စင်းအလား ဖြတ်သန်းလာနေ၏။ သိပ်မကြာခင်တွင် ခရမ်းရောင်အလင်းက နီးကပ်လာကာ ပေတစ်သောင်းအကွာသို့ ရောက်လာခဲ့တော့၏။
ကျောက်ဇီဟန်ပန်က အလေးအနက် ဖြစ်လာခဲ့သည်။ သူက မတ်တပ်ပင် မရပ်ဘဲ တိုးဝင်လာနေသော ခရမ်းရောင်အလင်းတန်းကို အေးစက်စွာ ကြည့်နေ၏။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုအသုံးပြုရန် နေ့တိုင်းရောက်လာသည့်လူက အနည်းငယ်သာ ရှိလေသည်။ ထိုလူများက အားကောင်းသောကျင့်ကြံသူများဖြစ်ကာ သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်နေလျှင်ပင် သူက သည်လူများကို အထင်သေးစွာသာ ကြည့်သည်။ အကြောင်းကတော့ သူက ကောင်းကင်ကံကြမ္မာကလန်၏ တပည့်တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်လေ၏။
သည်အခိုက်တွင် ကောင်းကင်ထက်ကနေလည်း နေထွက်လာခဲ့ပြီ ဖြစ်သည်။ ခရမ်းရောင်အလင်းတန်းကလည်း ဆင်းသက်လာကာ ကျောက်ဇီက ထိုအလင်းထဲရှိ လူကို လှမ်းမြင်လိုက်ရ၏။
သည်လူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကျောက်ဇီရှေ့ ဆယ်ပေခန့်အကွာတွင် ရပ်တန့်လိုက်၏။ သည်လူက ကျောက်ဇီကို အေးစက်စွာ ကြည့်လိုက်၏။
ကျောက်ဇီအကြည့်က သည့်လူလက်ကောက်ဝတ်ပေါ်ရှိ တုန်ကင်ပေါ်သို့ ကျရောက်သွား၏။ သည်တုန်ကင်ပေါ်၌ ခုနစ် ဆိုသည့် စကားကို ရေးထွင်းလို့ထားလေ၏။
သူက သည်တုန်ကင်ကို မြင်လိုက်သည်နှင့် ကျောက်ဇီခန္ဓာကိုယ်က စတင်တုန်ခါလို့သွားသည်။ သူက ချက်ခြင်းပင် မတ်တပ်ထရပ်ကာ လေးစားစွာ ပြောလိုက်သည်။ “အစိမ်းရောင်အုပ်စုခွဲရဲ့ငါးဆက်မြောက် မျိုးဆက်တပည့် ကျောက်ဇီက ခရမ်းရောင်အုပ်စုခွဲရဲ့ ဘိုးဘေးခုနှစ်ကို နှုတ်ဆက်ပါတယ်…”
ကျောက်ဇီ၏ အမူအရာက ချက်ခြင်းပင် အလွန်လေးစားသည့်ဟန် ဖြစ်သွားသည်။သို့သော် သူ့နှလုံးသားကတော့ ခုန်ပေါက်လို့နေသည်။ သူက ဘိုးဘေးမွေးနေ့ပွဲသို့ တက်ရောက်ရန် အရည်အချင်းပြည့်မှီခြင်း မရှိသော်လည်း ကောလဟာလများစွာကို ကြားသိခဲ့ပြီး ဖြစ်သည်။
သည်ကောလဟာလများထဲ၌ လူအပြောများစုံအကြောင်းကတော့ တည်ထောင်သူဘိုးဘေး အသစ်လက်ခံထားသည့် ခရမ်းရောင်အုပ်စုခွဲ၏ ခုနှစ်ယောက်မြောက်တပည့်ဖြစ်သူ ဝမ်လင်း အကြောင်းပင်။
သည်ဝမ်လင်းက ခရမ်းရောင်အုပ်စုခွဲသို့ ဝင်ရောက်လာချင်းချင်း သူက အမြင့်သို့ တက်လှမ်းနိုင်ခဲ့ပေသည်။ ခရမ်းရောင်အုပ်စုခွဲ၏ အကိုနှစ်ကို ရက်စက်စွာ သတ်ဖြတ်ပြီးနောက်သူက အစစ်အမှန်တပည့်နေရာအတွက် ဝင်ရောက်ပါဝင်ခဲ့သည်။
သည်လူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်ဖြင့် နောက်ဆုံးအဆင့်ဖြစ်သူ လေးယောက်မြောက်အမကိုလည်း အနိုင်ယူနိုင်ခဲ့သေးသည်။
သို့သော် သည်အရာက လူအများပြောနေသည့် အဓိကအကြောင်းမဟုတ်သေးချေ။ လူပြောအများဆုံးကတော့ ခရမ်းရောင်အုပ်စုခွဲ၏ အကိုသုံးဖြစ်သူ အာဏာတက်ခြင်းအဆင့်က ရုတ်တရပ် ပြန်ရောက်လာကာ ကြီးကျယ်သည့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းပင်။
ဝမ်လင်းက သည်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ကောင်းကင်ကံကြမ္မာကလန်က တပည့်များအားလုံး၏ သူ့အပေါ် အမြင်သည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
သတ်ဖြတ်ခြင်းမန္တာန်သုံးခုက ဝမ်လင်း၏ အမှတ်သင်္ကေတဖြစ်လာပြီး သူ့ထံကနေ ထုတ်လွှတ်သည့် နတ်ဆိုးအော်ရာက ပြိုင်ဘက်ကင်းအော်ရာကို ပေးစွမ်းပေ၏။
သည်လို အမျိုးမျိုးသော ကောလဟာလများက လူအများကြား၌ ပျံ့နှံ့နေကာ ကျောက်ဇီလည်း ကြားသိခဲ့ပြီး ဖြစ်သည်။
“မြေကမ္ဘာဂြိုဟ်ကို သွားဖို့ အစီအရင် ဖွင့်လိုက်…” ဝမ်လင်းအသံက တည်ငြိမ်လို့နေ၏။ သူက ကျောက်ဇီကို ကျော်လွန်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ တိုက်ရိုက်လှမ်းဝင်သွားလေ၏။
ကျောက်ဇီက အသက်ဝဝရှူသွင်း၍ ချက်ခြင်း တုန့်ပြန်လိုက်၏။ သူက အစီအရင်ဘေးသို့ သွားကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် အစိမ်းရောင်အလင်းတန်းတစ်ခုကို ထိုအစီအရင်ထံသို့ ပစ်လွှတ်လိုက်လေ၏။
အစိမ်းရောင်အလင်းတန်းက အစီအရင်ပေါ်သို့ ကျရောက်သွားသည့်အခိုက်တွင် ကြီးမားသည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က တုန်မြည်လာခဲ့သည်။ ရှုပ်ထွေးသော လျှိုမြောင်များက စတင်၍ တဖြည်းဖြည်းချင်း ပျံ့နှံ့လာကာ တစ္ဆေအလင်းတစ်ခုကို ထုတ်လွှတ်လာလေ၏။
သည်အခိုက်တွင် လူတစ်ယောက်က အပေါ်စီးကကြည့်ပါက သည်လျှိုမြောင်များက လင်းလက်လာကာ သင်္ကေတကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည် တွေ့မြင်ရမည် ဖြစ်သည်။
သည်အချိန်၌ ဝမ်လင်းက သည်သင်္ကေတ၏ အလယ်တွင် မတ်တပ်ရပ်လျက် ရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမသင်္ကေတကြီးက အားကောင်းစွာ တောက်ပသွားသည်။ သည်အလင်းက ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းလို့သွားလေ၏။
ကျောက်ဇီက သည်အရာနှင့် အသားကျနေခဲ့ပြီး ဖြစ်သည်။ သူက အစီအရင်လင်းလက်လာသည်နှင့် မျက်လုံးမှိတ်လိုက်သည်။ ငါးစက္ကန့်ခန့် ကြာမှ သူက မျက်လုံးပြန်ဖွင့်ကြည့်လိုက်၏။
ထိုအခါ အစီအရင်ထဲ၌ မည်သူမျှ မရှိတော့ချေ။ အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့၏။
ကျောက်ဇီက သည်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ကြည့်ကာ သက်ပြင်းချ၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီခရမ်းရောင်အုပ်စုခွဲရဲ့ ဘိုးဘေးခုနစ်က မြေကမ္ဘာဂြိုဟ်ကို ဘာအတွက်သွားတာလဲ ငါသိချင်မိတယ်…။ အင်း…ဒါက ငါနဲ့ ဘာမှ မဆိုင်ပါဘူးလေ…။ ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရောက်ဖို့ပဲ အာရုံစိုက် ကျင့်ကြံဖို့ လိုတယ်…”
ကျောက်ဇီက ခေါင်းခါရမ်းလိုက်၏။ သည့်နောက်သူက တစ်ဖန်ပြန်ထိုင်ချကာ ဆက်လက်ကျင့်ကြံလိုက်သည်။
မြေကမ္ဘာဂြိုဟ်က ထျန်ယွမ်ဂြိုဟ်ကို လှည့်ပတ်နေသည့် ဂြိုဟ်ငါးခုထဲက တစ်ခု ဖြစ်သည်။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ၎င်းဂြိုဟ်၏ မျက်နှာပြင်၌ မရေမတွက်နိုင်သော အလင်းစက်ဝန်းများ လှုပ်ရှားနေကာ လုံးဝ မြေသားအဝါရောင် ဖြစ်လို့နေ၏။ သည်ဂြိုဟ်၏ အရွယ်အစားက ဟင်္သာပြဒါးဂြိဟ်၏ အရွယ်အစားလောက် ရှိပေသည်။
ရွှမ်ယွမ်ကလန်က သည်ဂြိုဟ်၏ တစ်ခုတည်းသော အဆင့်ခြောက် ကျင့်ကြံခြင်းနိုင်ငံ ဖြစ်လေ၏။ ရွှမ်ယွမ်ကလန်က နိုင်ငံတစ်ခုသာ ဖြစ်၍ မရေမတွက်နိုင်သောကျင့်ကြံသူများစွာလည်း ရှိလို့နေသည်။ သူတို့၏ ဘိုးဘေးကတော့ ရွှမ်မင် ဖြစ်ကာ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်ကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သည်ဂြိဟ်ပေါ်၌ ရေထုက အနည်းငယ်သာ ရှိ၍ အများစုကတော့ ကုန်းမြေများသာ ဖြစ်သည်။ ရွှမ်ယွမ်ကလန်၏ အနောက်ဘက် မိုင်သန်းပေါင်းများစွာ အကွာတွင် အဆင့်ငါးကျင့်ကြံခြင်းနိုင်ငံ လင်းယွဲ့ နိုင်ငံ တည်ရှိ၏။
သည်နေ့တွင် ရွှမ်ယွမ်ကလန်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က ရှင်းလင်းလို့နေသည်။ သည်အစီအရင်၏ ဆယ့်နှစ်မီတာအတွင်းတွင်တော့ ကလန်တပည့်များ ရှိလို့နေ၏။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အပြင်ဘက်တွင်တော့ ရွှမ်ယွမ်ကလန်၏ လူငယ်ကလန်ခေါင်းဆောင် ရှုယွမ်ရှန်က တိတ်ဆိတ်စွာ မတ်တပ် ရပ်လျက် ရှိနေသည်။ သူက ရတနာယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။
လွန်ခဲ့သောသုံးရက်က သူက ကောင်းကင်ကံကြမ္မာကလန်မှ မိတ်ဆွေတစ်ယောက်ထံကနေ သတင်းကြားခဲ့သည်။ သည်သတင်းက ခရမ်းရောင်အုပ်စုခွဲမှ တစ်စုံတစ်ယောက်က လင်းယွဲ့နိုင်ငံသို့ တမန်တော်အဖြစ် လာရောက်မည် ဆိုသည့် သတင်းပင်။
ပုံမှန်ဆိုရင် ရှုယွမ်ရှန်က သည်လိုကိစ္စလေးများကို ဂရုစိုက်လှခြင်း မရှိပေ။ သို့သော် ခုလာမည့်လူက ခရမ်းရောင်အုပ်စုခွဲ၏ တပည့်အသစ်ဖြစ်သူ ဝမ်လင်းဆိုသည့်လူ ဖြစ်နေသည့်အတွက် သူက ခုလို လာရောက်နေခြင်းပင်။
ထျန်ယွမ်ဂြိုဟ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် အဆင့်ခြောက်နိုင်ငံမှ လူတစ်ယောက်အနေဖြင့် သူ့တွင် ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက်ချင်းစီ၏ မှတ်တမ်းများ ရှိလို့ထားသည်။ သူအဓိကအာရုံစိုက်တာကတော့ အစစ်အမှန်တပည့်များကိုပင်။ သူက ပုံမှန်ဆိုရင် ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏ အာရုံစိုက်ခြင်းခံရသူမဟုတ်ပါက ဝမ်လင်းနှင့်ပတ်သတ်၍လည်း အလေးတယူ ပြုနေမည် မဟုတ်ချေ။
သည်ဝမ်လင်းက ခုသည်နေရာသို့ ရောက်လာတော့မည် ဖြစ်သည်။ ရွှမ်ယွမ်ကလန်၏ အမြင်၌ ဝမ်လင်းက အရေးကြီးသည့်သူ ဖြစ်သည်။ သူနှင့် မိတ်ဆွေဖြစ်ရခြင်းက နောင်တွင် ပိုကောင်းမွန်နိုင်သည့် အခွင့်ရေး ရှိမည်ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့က သည်အစီအရင်အပြင်ဘက်၌ လာစောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
ရှုယွမ်ရှန်နောက်တွင် လူအိုကြီးတစ်ချို့လည်း မတ်တပ်ရပ်လျက် ရှိနေ၏။ သူတို့အားလုံးက ဆံပင်များဖြူဖွေးနေကာ ရွှမ်ယွဲ့ကလန်မှ အားအကောင်းဆုံး အကြီးအကဲများပင် ဖြစ်ကြသည်။
အချိန်ကတဖြည်းဖြည်း ကုန်ဆုံးလာက နေမွန်းတည့်ချိန်ထိ ရောက်လာခဲ့တော့သည်။ သည့်နောက် တုန်ခါသံတစ်ခုက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ရုတ်တရပ် ထွက်ပေါ်လို့လာ၏။
သည်တုန်ခါသံက ရှုယွမ်ရှန်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။ သူက ရတနာယပ်တောင်ကို ပြန်သိမ်း၍ အပြုံးတစ်ခုဆင်မြန်းကာ အစီအရင်ထံသို့ ကြည့်နေလိုက်၏။
တုန်ခါသံက ကျယ်သထက် ကျယ်လာခဲ့၏။ မြေပြင်ကနေ တစ္ဆေအလင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တိုင်ထိ ဖုံးအုပ်ကာ ပုံရိပ်ယောင်သင်္ကေတ တစ်ခုကို ဖြစ်စေခဲ့၏။
သည်သင်္ကေတ၏ အလယ်ကနေ လူတစ်ယောက်က ဖြည်းညင်းစွာ လှမ်းလျှောက်ထွက်လာခဲ့လေ၏။
သည်လူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက်ကောက်ဝတ်ပေါ်ရှိ ခရမ်းရောင်တုန်ကင်ပေါ်၌ ခုနစ် ဆိုသည့် ကိန်းတစ်ခုကို ရေးထွင်းလို့ထားသည်။