လူတစ်စုသည် မြို့ဂိတ်မှထွက်ခွာကာ ပူလွောင်တောင်တန်းသို့တိုက်ရိုက်ဦးတည်သွားကြလေသည်။ ထိုသို့သွားရာလမ်းတွင် သူတို့နှင့်ဦးတည်ချက်တူညီသော လူတစ်စုအားမြင်လိုက်ရလေသည်။
“အဲဒီကိုသွားတဲ့လူတွေလာလို့အဲလောက်များတာလဲ” လူများ သွားသွားလာလာလုပ်နေသည်ကို ဖက်တီးကျူမြင်သောအခါ မေးလိုက်သည်။
“အဲဒီလူတွေကလည်း ငါတို့လိုပဲလေ့ကျင့်ဖို့ရောက်လာကြတာပဲ၊ သူတို့ထဲကအများစုက နေရာစုံက ကြေးစားစစ်သည်တွေပဲ” ရှီမာယူယူ ကြေးစားစစ်သည်များကို တွေ့သည်နှင့် သူတို့ဝတ်စုံများကိုမှတ်မိလိုက်သည်။
“ကြေးစားတွေက ဒီလိုနေရာမျိုးကိုလာတယ်ဟုတ်လား” ဓားနှင့် လက်နက်များ ထိပ်ဖြားတွင် သူတို့အသက်များမူတည်နေသော ရက်စက်ကြမ်းကြုတ်သော ထိုသူများအား ဖက်တီးကျူအကဲခတ်လိုက်သည်။
“ဟုတ်တယ် ကြေးစားတချို့က မစ်ရှင်အမျိုးအစားအနည်းအကျဉ်းကို လက်ခံကြတယ်၊ ဥပမာအနေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကိုစုဆောင်းတာတို့၊ ဝိညာဉ်သားရဲတွေမှရှိတဲ့ မှော်ဝင်ဖန်တုံးကိုရှာတာတို့ ဒါမှမဟုတ်ရင် တောင်တွေမှာပဲတွေ့နိုင်တဲ့ တခြားပါဝင်ပစ္စည်းတွေကို စုဆောင်းတာတို့ပေါ့” ဝေကျိရွှီရှင်းပြလိုက်သည်။
“ဆိုတော့ မင်းပြောတာက သူတို့လည်းတောင်တက်ဖို့ လာကြတာပေါ့၊ ငါအစကထင်တာ ပူလွောင်တောင်တန်းက အန္တရာယ်များလွန်းလို့ ဘယ်သူမှမလာဘူးလို့ထင်တာ” ဖက်တီးကျူ စောဒကတက်လိုက်သည်။
“မင်းတွေးထားတာနဲ့ နဲနဲတော့ကွာတယ်မလား” ရှီမာယူယူ ဖက်တီးကျူ၏ ကျောအားရိုက်လိုက်လေသည်။ မြို့တော်တွင် အတူတကွကြီးပြင်းလာခြင်းဖြစ်သည့်အလျောက် အချိန်တစ်ခုသူမဒီမှာ မရှိသည့်အတောအတွင်း သူမသည် ဖက်တီးကျူအား နလပိန်းတုံးကဲ့သို့ မြင်မိလိုက်သည်။
သူတို့အုပ်စုသည် နေ့တစ်ဝက်နီးပါးလမ်းလျှောက်ပြီးနောက်တွင်တော့ ပူလွောင်တောင်တန်းသို့ရောက်လာလေသည်။ ဖက်တီးကျူသည် လမ်းထပ်မလျှောက်နိုင်တော့ပါဟု စောဒကတက်သည်။ ရှီမာယူယူ သူမအနားမှသူများအား စမ်းစစ်ကြည့်သည်။ သူမမှလွဲ၍ ဖက်တီးကျူနှင့် ဝေကျိရွှီသည် အသက်ကိုပင် လုရှုနေရသည်။ ဝူရန်ဖေနှင့် ဘေဂုံထန်သည်လည်း ပင်ပန်းနေသည့်ပုံပေါက်နေသည်။
သူမ ပတ်ဝန်းကျင်အားကြည့်ကာ ပြောလိုက်သည် “မှောင်လာတော့ မယ်ဆိုတော့ ဒီညကို စခန်းချဖို့နေရာရှာပြီး နားတာကောင်းမယ်ထင်တယ်၊ တောင်ကို မနက်ဖြန်မှ ဝင်ကြမယ်လေ”
ရှီမာယူယူပြောသည့်စကားများကို ဖက်တီးကျူကြားသည်နှင့် မြေပြင်ပေါ်သို့ ဖင်ချထိုင်လိုက်လေသည်။ ရှီမာယူယူ အေးအေးဆေးဆေး ဖြစ်နေသည်ကို မြင်ကာ ဖက်တီးကျူပြောလိုက်သည် “ယူယူ၊ ငါတို့ပင်ပန်းလို့သေတော့မယ်၊ မင်းကတော့နည်းနည်းမှပင်ပန်းတဲ့ပုံမပေါ်ဘူး”
“ငါ ငါ့ခန္ဓာကိုယ်ကို သေချာလေကျင့်ထားတာ အဲဒါကြောင့် ဒီလောက် အားစိုက်တာက ငါ့အတွက်ဘာမှမဖြစ်ဘူး” ရှီမာယူယူပခုံးတွန့်ကာပြောလိုက်သည် “မင်းတို့အားလုံးဒီမှာနားသင့်တယ်၊ ဒီထက်ကျယ်တဲ့မြေနေရာရှိသေးလားဆိုတာ ငါသွားကြည့်လိုက်ဦးမယ်
သူမ ပြောဆိုပြီးသည်နှင့် လှည့်ထွက်ကာ သူတို့လေးယောက်အား နားနေရန်ထားခဲ့လိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် ရှီမာယူယူ လမ်းပတ်လျှောက်ပြီးနောက် ပြန်လာခဲ့သည်။ ဖက်တီးကျူနှင့်ကျန်သူများ လုံလောက်စွာနားနေပြီးသည်ကို ရှီမာယူယူကြည့်ကာ ပြောလိုက်သည် “ငါတို့စခန်းချဖို့ အဆင်ပြေတဲ့နေရာကို တွေ့ခဲ့တယ်၊ ငါတို့အဲဒီကိုသွားကြမလား”
“ကောင်းပြီ”
ရှီမာယူယူ ခုဏကသူမတွေ့ခဲ့သော နေရာသို့ ကျန်သူများအားခေါ်ဆောင်ခဲ့သည်။ သို့သော် သူစိမ်းများသည် အရင်စခန်းချပြီးနေသည်ကို သူမ မထင်ခဲ့မိပေ။
ထိုနေရာတွင် စခန်းချနေသောသူများသည် ကြေးစားစစ်သည်များဖြစ်ကြသည်။ ရှီမာယူယူနှင့် ကျန်သူများ လာနေသည်ကိုတွေ့သည်နှင့် အသက်နှစ်ဆယ် သုံးဆယ်ဝန်းကျင်လူသည် သူတို့အားပြုံးပြလိုက်သည် “မင်းတို့လည်း ဒီနေရာကိုမျက်စိကျနေတာလား၊ ဒီနေရာကကျယ်ပါတယ်၊ ငါတို့က ဒီဧရိယာကိုယူလိုက်ပြီဆိုတော့ မင်းတို့တခြားဧရိယာမှာ စခန်းချလို့ရပါတယ်”
ရှီမာယူယူ ကျန်သောသူများကို ဘယ်လိုလဲဆိုသည့်သဘောနှင့် ကြည့်လိုက်သည်။
“ဒီတိုင်းပဲနေကြရအောင်” ဝူရန်ဖေပြောလိုက်သည် “ဒီတစ်ညပဲဟာ”
ဘေဂုံထန်ကတော့ ဘာမှမပြောပေ၊ သူမတဲအားထုတ်ကာ ဆောက်ရန်ပြင်ဆင်လိုက်သည်။
“ဝူရန်ဖေပြောတာမှန်တယ်၊ ဒီတစ်ညပဲဟာ ဒီတိုင်းပဲနေရအောင် ဝေကျိရွှီပြောလိုက်သည်။
အားလုံးသဘောတူပြီးသည့်နောက် ရှီမာယူယူနှင့် ဖက်တီးကျူတို့သည် ကိုယ်ပိုင်တဲများထုတ်လိုက်ကာ တည်းခိုဆောင်ပိုင်ရှင် ညွှန်ကြားလိုက်သည့်အတိုင်း ဆောက်လိုက်ကြသည်။
“ဝါး မင်းက ဒီလောက်ကြီးတဲ့အိပ်ရာကို ယူလာတာလား” ဖက်တီးကျူသည် သူ့ပစ္စည်းများနေရာချပြီးချိန်တွင် သူမ၏ ကြီးမားသော အိပ်ရာအားတွေ့ကာ အံ့သြသွားလေသည်။
ဖက်တီးကျူ၏ တုန့်ပြန်မှုအား ရှီမာယူယူပင်လန့်သွားကာ စိုက်ကြည့်ပြီးပြောလိုက်သည် “ဘာတွေဒီလောက် အံ့သြနေရတာလဲ၊ မင်းတို့ဟာတွေလည်းအတူတူပဲမလား”
ဖက်တီးကျူနှုတ်ခမ်းဆူကာ ပြောလိုက်သည် “ဒီလောက်ကြီးတဲ့ အိပ်ရာကိုထားဖို့နေရာဘယ်မှာသွားရှာမှလဲ”
“ဟမ်” ရှီမာယူယူ နားမလည်ပါ။ သူတို့၏ မှော်ဝင်လက်စွပ်သည် အလွန်သေးငယ်နေ၍လား။
“ငါတို့မှော်ဝင်လက်စွပ်က အိမ်တစ်လုံး အရွယ်အစားလောက်ပဲရှိတယ်၊ မင်းအိပ်ရာလောက်ကြီးတာကို ထည့်လိုက်ရင် တခြားပစ္စည်းတွေယူလာလို့မရတော့ဘူး” ဖက်တီးကျူသည် ရှီမာယူယူအား မနာလိုသကဲ့သို့ ကြည့်လိုက်သည်။ စစ်သူကြီးမိသားစုက သခင်လေးဖြစ်ရတာဘယ်လောက်ကောင်းလိုက်လဲ၊ သူ့ရဲ့ မှော်ဝင်လက်စွပ်က သူ့လက်စွပ်ထက်အဆပေါင်းများစွာ ကြီးမှာအသေအချာပင်။
“မှော်ဝင်လက်စွပ်တွေက အရွယ်အစားအတူတူပဲမဟုတ်ဘူးလား” ရှီမာယူယူမေးလိုက်သည်။
ဖက်တီးကျူ မျက်လုံးများဝေ့ကာ ရှီမာယူယူအားပြောလိုက်သည် “မှော်ဝင်လက်စွပ်တိုင်းက ဘယ်လိုလုပ် အရွယ်အစားတူမှာလဲ၊ ပုံမှန် မှော်ဝင်လက်စွပ်က ကုဗမီတာ တစ် ကနေနှစ်ထိပဲရှိတာ၊ ငါ့လက်စွပ်လိုမျိုးဆို အိမ်အရွယ်အစားလောက်ရှိတာကိုပဲ ကောင်းလှပြီ”
ဖက်တီးကျူပြောသည်များကို ရှီမာယူယူနားထောင်ပြီးနောက် သူမမှော်ဝင်လက်စွပ်အားထိလိုက်သည်။ သူမ ကျင့်ကြံနိုင်ပြီဆိုတုန်းက ရှီမာလိုင်သူမအား ပေးခဲ့သော လက်စွပ်ဖြစ်သည်။ သူမအတွက် သူမအဖေထားခဲ့သော အရာဖြစ်သဖြင့် သူမအမြဲပင် အသုံပြုခဲ့သည်။ ထိုလက်စွပ်သည် ဇိမ်ခံ အိမ်ကြီးအရွယ်အစားလောက်ရှိသည်ကို မြင်သည်နှင့် သူမအဖေထားခဲ့သောလက်စွပ်၏ အဆင့်အား မစဉ်းစားတတ်တော့ပေ။
“ကောင်းပြီ အဘွားကြီးလို စောဒကတက်နေတာတွေရပ်တော့” ရှီမာယူယူပြောလိုက်သည်။ “အခွင့်အရေးရှိလာမယ်ဆိုရင် ငါမင်းကို ဒီထက်ကြီးတာပေးမယ် ဟုတ်ပြီလား၊ ဝူရန်နဲ့တခြားသူတွေ ဘာလုပ်နေလဲဆိုတာသွားကြည့်ရအောင်”
သူတို့ထွက်သွားချိန်တွင် ယူကျိရွှီ၊ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ထိုင်နေကြပြီး စခန်းချထားသော အလယ်တွင် စကားပြောနေကြသည်။
သူတို့ရွေးချယ်လိုက်သောနေရာသည် စိမ်းစိုပြီး အုံဆိုင်းသော သစ်ရွက်များရှိသည့် သစ်ပင်ရှည်များဝန်းရံနေသော နေရာဖြစ်သည်။ အောက်ခြေမှ သစ်ရွက်များသည် နည်းပါးပြီး ကျိုးတို့ကျဲတဲဖြစ်နေသည်။
ကြေးစားစစ်သည်တချို့လည်း စခန်းချပြီးစီး၍ အုပ်စုများခွဲကာ ထိုင်ပြီး အတူတကွညစာစားနေကြသည်။
“ယူယူ မင်းနေရာချလို့ပြီးပြီလား” ဝေကျိရွှီသည် ရှီမာယူယူအား လက်ဝေ့ပြလိုက်သည်။
“ပြီးပြီ” ရှီမာယူယူ ထိုကြေးစားစစ်သည်များအား မျှော်ကြည့်လိုက်သည်။ ခုဏက ရှီမာယူယူအား စကားပြောသော လူငယ်သည် သူမအကြည့်အား ခံစားမိပြီး ခေါင်းထောင်ကာ သူမအားပြုံးပြလိုက်သည်။ ထို့နောက် ပြန်လှည့်သွားကာ သူ့အသင်းသားများနှင့် ဆက်စကားပြောနေသည်။
ရှီမာယူယူနှင့် ကျန်သူများ စကားပြောနေချိန်တွင် ထိုလူငယ်သည် ထလာသည်။ သူ့လက်ကို ကမ်းပေးလိုက်ကာ ပြောလိုက်သည် “ကျွန်တော်က အစိမ်းရောင် ကြေးစားစစ်သည် အဖွဲ့ချုပ်က ကျင်းဝူရာပါ၊ ဒါက မင်းပူလွောင်တောင်တန်းကို လာတာပထမဆုံးလား”
“ဟုတ်ပါတယ်၊ သခင်ကျင်း လိုအပ်တာများရှိလို့လား” ဝေကျိရွှီ ပြန်ပြောလိုက်သည်။
“ကြည့်ရတာ ငါမှန်းတာမှန်တာပဲ” ကျင်းဝူရာပြုံးကာ ပြောလိုက်သည် “မင်းတို့စခန်းချပြီးတာ ကြာနေပြီ ညစာမစားကြသေးလို့လေ ဒီမှာက သစ်ပင်တွေအရမ်းထူထပ်တော့ စောစောမှောင်တာကို သတိပေးချင်လို့၊ အမှောင်ထုကို ရှောင်ဖို့မင်းတို့ညစာကို စောစောစားသင့်တယ်”
“သတိပေးတာအတွက် သခင်ကျင်းကို ကျေးဇူးတင်ပါတယ်” ဝေကျိရွှီပြုံးကာ ပြောလိုက်သည်။
“ရပါတယ်၊ ကြေးစားတစ်ယောက်အနေနဲ့ ဟိတ်ဟန်တွေနဲ့မရင်းနှီးလို့ မင်းမငြင်းဘူးဆိုရင် ငါ့ကို အစ်ကိုကြီးကျင်းလို့ခေါ်နိုင်ပါတယ်၊ သခင်ကျင်းဆိုတာကြီးက ထူးဆန်းနေတယ်၊ အဲလိုကြားရတာ ကျင့်သားမရဘူး” ကျင်းဝူရာသည် ခေါင်းကုတ်ကာပြောလိုက်သည်။
“ဟီးဟီး အစ်ကိုကြီးကျင်း၊ အစ်ကိုကြီးမှာ အချိန်ရှိရင် ကျွန်တော်တို့နဲ့ထိုင်ပြီး စကားပြောပါလား” ဝေကျိရွှီသည် သူ၏ မှော်ဝင်လက်စွပ်မှထိုင်ခုံအား ထုတ်ကာ ပြောလိုက်သည်။
ဝေကျိရွှီ၏ မှော်ဝင်လက်စွပ်သည် သာမာန်မဟုတ်သည်ကို ကျင်းဝူရာ ချက်ချင်းသတိထားမိလိုက်သည်။ ထိုလက်စွပ်မျိုးသည် လူတိုင်းအသုံးပြုနိုင်သည့်လက်စွပ်မဟုတ်ပေ။ သူခုံအားထုတ်ပြီးချိန်တွင် သူပြုံးကာပြောလိုက်သည်။ “ကောင်းပြီလေ”
“အစ်ကိုကြီးကျင်း ပူလွောင်တောင်တန်းကို မကြာခဏလာဖြစ်လား” ဝေကျိရွှီမေးလိုက်သည်။
“ဟုတ်တယ်၊ ငါတို့လို ကြေးစားတွေအတွက်တော့ ပူလွောင်တောင်တန်းက မကြာခဏရောက်တဲ့နေရာဆိုပါတော့ကွာ” သခင်ကျင်းက ပြန်ပြောလိုက်သည်။
“ဆိုတော့ အစ်ကိုတို့အားလုံးက ဒီနေရာနဲ့ အကျွမ်းတဝင်ဖြစ်နေမှာပေါ့၊ ဒီနေရာနဲ့ပတ်သတ်ပြီး အခြေအနေလေးပြောပြလို့ရလား” ဝေကျိရွှီပြုံးကာ ပြောလိုက်သည်။
ရှီမာယူယူ ဝေကျိရွှီအား ကြည့်လိုက်သည်။ အဲလူက မျက်နှာရိပ်မျက်နှာကဲသိတာပဲ၊ သူ့အပြုံးသည် နွေးထွေးကာ စကားကို နားဝင်ချိုအောင်ပြောတတ်သည်။ သူသည် လူတစ်ယောက်အားနူးညံ့၍ ယဉ်ကျေးသော ခံစားချက်ကို ပေးနိုင်သည်၊ သူနှင့်မသိသော သူကိုလည်း ရင်းနှီးလာချင်အောင်လုပ်နိုင်စွမ်းရှိသည်။
ထို့ကဲ့သို့ ရင်းနှီးမှုသည် ဝိညာဉ်ပုလဲမှလာသော ရင်းနှီးမှုမျိုးနှင့်ကွာခြားသည်။ ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုအရည်အချင်းပဲမလား။
ဘာမှမဟုတ်ပဲ အခန်း တစ်ခန်း ဖြစ်အောင်
စာတွေကိုချဲ့ နေတာ