Switch Mode

အပိုင်း (၅၅၀):

ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်

သည်အခိုက်မှာပင် မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက ရုတ်တရပ် မျက်လုံးဖွင့်လာခဲ့သည်။

သူ့တွင် မီးခိုးရောင်မျက်လုံးတစ်စုံ ရှိလို့နေ၏။ သူက ဝမ်လင်းကို ကြည့်နေသည်။သို့သော် စကားတစ်ခွန်းမှ မဆိုချေ။ သို့ရာတွင် သည်အကြည့်က သူ့ထံသို့ ကျရောက်လာသည့်အခါ ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ပင် လှုပ်ခါသွားခါ သူ့နားထဲ၌လည်း မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု မြည်ဟီးသွား၏။

“ငါ့ကို မနှောက်ယှက်နဲ့…”

ဝမ်လင်း မူလစိတ်ဝိညာဉ်က ပြင်းထန်စွာ တုန်ခါနေ၏။ သူက ပတ်ဝန်းကျင်ကိုပင် သတိထားနိုင်ခြင်း မရှိတော့ချေ။ သူက သတိပြန်ဝင်လာသည့်အခါတွင် မီးခိုးရောင်ဝတ်စုံနှင့် ရှေ့ဖြစ်ဟောသူက သဲလွန်စမရှိ ပျောက်ကွယ်လို့သွား၏။

“ထူးဆန်းလိုက်တာ…” ဝမ်လင်းအသွင်က နက်မှောင်သွား၏။ သူက တိတ်ဆိတ်စွာ စဉ်းစာနေသည်။ သည့်နောက် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေပြန်၏။ သူက ကျန်နေသေးသည့် ရှေ့ဖြစ်ဟောသူများ၏ မန္တာန်များကို စစ်ဆေးခြင်း မရှိတော့ဘဲ သည်ထူးဆန်းသော မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူ ကိုသာ လိုက်လံ ရှာဖွေတော့သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းကလည်း ကြိုးစား ရှာဖွေနေသဖြင့် သည်မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူကို တစ်ဖန် ထပ်တွေ့ပြန်သည်။

သူက ထိုသို့တွေ့သည့်အခါ တိုက်ခိုက်ရန်ကြိုးစားလိုက်တိုင်း သည် မီးခိုးရောင်ဝတ်ရုံနှင့်ရှေ့ဖြစ်ဟောသူ အပေါ်သို့ သက်ရောက်ချင်း မရှိဘဲ သူက သဲလွန်စ မရှိ ပျောက်ပျောက်သွားခဲ့၏။ သူက မည်မျှကြိုးစားသည် ဖြစ်စေ မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူ မည်သို့ ပျောက်ကွယ်သွားသည်ကို ရှာမတွေ့ချေ။

သည်လိုဖြင့် ခြောက်ကြိမ်တိုင်တိုင် ဖြစ်လာခဲ့၏။

တိတိကျကျဆိုရလျှင်တော့ သူတို့နှစ်ယောက်တွေ့သည့် ခြောက်ကြိမ်မြောက်သည် ဝမ်လင်းက မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူကို ရှာတွေ့ခြင်းမဟုတ်ဘဲ သူက ဝမ်လင်းကို ရှာတွေ့ခြင်း ဖြစ်သည်။

သည်နေ့တွင် ဝမ်လင်းက ရှာဖွေခြင်းကို လက်လျော့ကာ ရောင်စုံခုနစ်ခု မန္တာန်ကို သင်ယူရန် ဆုံးဖြတ်လိုက်တော့၏။ သည်မန္တာန်က သည်နေရာတွင် အကောင်းဆုံးတစ်ခုဟု ယူဆ၍ ရနိုင်သည်။

သူက ရောင်စုံခုနစ်ခုမန္တာန်ကို သရုပ်ပြနေသည့် ရှေ့ဖြစ်ဟောသူ ရှေ့၌ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သည်။ သူက သက်ပြင်းချကာ သင်ယူရန် ဆုံးဖြတ်ဖို့ ဟန်ပြင်လိုက်စဉ် သူ့နားထဲသို့ အေးစက်စက်အသံ တစ်ခု ဝင်ရောက်လာခဲ့၏။

“မင်းက ရှေ့ဖြစ်ဟောသူရဲ့ တပည့်လား…”

ဝမ်လင်းက မှင်တက်သွားကာ သူ့နောက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက တစ္ဆေတစ်ကောင်ကဲ့သို့ သူ့နောက် ဆယ်ပေခန့်တွင် ပေါ်လာခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် ရောင်စုံခုနစ်ခုမန္တာန်ကို လေ့ကျင့်နေသည့် ရှေ့ဖြစ်ဟောသူက သူ့သရုပ်ပြမှုကို ရပ်တန့်ကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူ ထံသို့ မော့ကြည့်သည်။ မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက အခြားရှေ့ဖြစ်ဟောသူကို တစ်ချက်ကြည့်လိုက်၏။ သည့်အကြည့်တစ်ချက်ကပင် အခြားရှေ့ဖြစ်ဟောသူကို နောက်ဆုတ်သွားစေကာ အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့၏။ သူက မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူကို ကြောက်လန့်နေခဲ့ပေသည်။

ဝမ်လင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။ “ဟုတ်ပါတယ်…”

“မင်းက ဒီကို ဘာကြောင့် ရောက်လာတာလဲ…” မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူ အသံက အေးဆက်နေဆဲပင်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “တားမြစ်ခံမန္တာန် တစ်ခုကို ရွေးချယ်မလို့…”

“တားမြစ်ခံမန္တာန်…” မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ ဟန်ပန်က အထင်သေးဟန် ဖြစ်ပေါ်သွားသည်။ သည့်နောက် သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “သူ့အတွက် ဒီနေရာကို တစ်ယောက်ယောက်ကို လာခွင့်ပြုတာ အတော်လေး ရှားလွန်းတယ်။ ဒီလိုလုပ်တာက ငါ့အတွက် ဖြစ်နေမှာ စိုးရိမ်မိတယ်…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မေးလိုက်သည်။ “စီနီယာက ဘယ်သူများလဲ…”

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက ဝမ်လင်းမေးခွန်းကို တုန့်ပြန်ခြင်း မရှိပေ။သူက ဝမ်လင်းကို သေချာ စူးစမ်းကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြော၏။ “မင်း နယ်ပယ်ကို ပြသပါ…”

ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိသည်။ ထို့နောက်တော့ သူက စိတ်အေးအေးထားကာ သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကို ဆင့်ခေါ်၏။ သိပ်မကြာခင်တွင် သူ့နယ်ပယ်က အဖြူအနက်အလင်းအဖြစ် သူ့ခေါင်းထက်၌ ပြောင်းလဲသွားသည်။ ထို့နောက် သေခြင်းရှင်ခြင်း စာလိပ်က မြင့်တက်လာခဲ့သည်။

မီးခိုးရောင် ရှေ့ဖြစ်ဟောသူ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါ့ကို တိုက်ခိုက်စမ်း…”

ဝမ်လင်းက သူ့လက်ကို မြှောက်ကာ သေခြင်းရှင်ခြင်းစာလိပ်ကို ဖမ်းဆုပ်၏။သည့်နောက် သူက ၎င်းကို ဖွင့်ဟ ပစ်သည်။ ခုလက်ရှိတွင် ကောင်းကင်ဘုံက သေခြင်းရှင်ခြင်းကို ထိန်းချုပ်နေသကဲ့သို့လား ထင်မှတ်ရသည်။ သူက မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူကို ကြည့်ကာ ပြောလိုက်သည်။ “သေခြင်းရှင်ခြင်း…ပြန်လည် မွေးဖွားခြင်း…”

ထိုသို့ပြောလိုက်ပြီးနောက် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများက သေခြင်းရှင်ခြင်း စာလိပ်ပေါ်ရှိ အဖြူအနက်တောင်နှင့် မြစ်ပန်းချီကားထံကနေ ထွက်ပေါ်လာခဲ့သည်။ မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းက ကြမ်းကြုတ်လှသည့်နဂါးများအလား မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူထံသို့ တိုးဝင်လို့သွားသည်။

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူ၏ မျက်လုံးများက လေဟာနယ်ထဲသို့ ထွင်းဖောက်သွားနိုင်လောက်သည့် မီးခိုးရောင်တစ်ချက်တောက်ပကာ ဝမ်လင်း မျက်လုံးပေါ်သို့ ကျရောက်သွားသည်။

သူ့ထံသို့ တိုးဝင်လာနေသည့် မီးခိုးရောင်အခိုးငွေ့အမျှင်တန်းများကလည်း သူ့ရှေ့တွင် ပြိုကျပျက်စီးသွားတော့သည်။

“သေခြင်းရှင်ခြင်းနယ်ပယ်…”

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။

“ရှေ့ဖြစ်ဟောသူက မင်းကို ဒီနေရာကို လာခွင့်ပြုတာက မင်းအတွက် ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်ကို ရစေချင်လို့ ဖြစ်မယ်။ သူက မင်းကံကြမ္မာက ဒီမန္တာန်အပေါ်မှာ အပ်စပ်လား သိချင်နေလောက်တယ်။ ကောင်းကင်ဘုံ သတ်ဖြတ်သူ ပညာရပ်က ကောင်းကင်ဘုံမန္တာန်တစ်ခုတော့ မဟုတ်ဘူး။ ဒါက အဆင့်မသိရတဲ့ ကောင်းကင်ဘုံမန္တာန်တစ်ခုကနေ တုပထားတာပဲ။ ဒီကောင်းကင်ဘုံနည်းစနစ်က မင်းသေခြင်းရှင်ခြင်းနယ်ပယ်နဲ့ တကယ်လိုက်လျောညီထွေ ရှိတယ်။ ဒါပေမဲ့ မင်းက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို သင်နိုင်ဖို့က ငါ့ကို ကတိတစ်ခုတော့ ပေးဖို့လိုတယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်နေကာ သူက ပြောလိုက်၏။ “ပြောပါ…”

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူမျက်လုံးများက အေးစက်သွားကာ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “မင်းက ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်ကို အသုံးပြုတာနဲ့ မင်းက မင်းရန်သူကို အသက်ရှင်ခွင့် မပေးရဘူး။ မင်းက ဒီကတိ ငါ့ကို ပေးနိုင်ရင် ငါမင်းကို ဒီမန္တာန်ပညာရပ် သင်ပေးမယ်…”

ဝမ်လင်းက စဉ်းစားသွား၏။ သည့်နောက် သူက ပြုံး၍ ခေါင်းရမ်းကာ ပြောလိုက်သည်။ “ငါက ဒါကို မသင်တော့ဘူး…”

ထိုသို့ပြောပြီးနောက် သူက မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူကို လက်သီးနှစ်ဖက်စုပ် နှုတ်ဆက်ကာ ထွက်သွားရန် ပြန်လည့်လိုက်၏။

မီးခိုးရောင် ရှေ့ဖြစ်ဟောသူ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းက သူ့လက်ဝါးပေါ်တွင် ပေါ်လာခဲ့သည်။ သည်မီးခိုးရောင်အမျှင်တန်းက ထက်ရှသည့် ဓားတစ်လက်နှင့် ဆင်တူ၏။ တစ်ချက်လှုပ်ခါလိုက်ရာ မီးခိုးရောင်အခိုးငွေ့က ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။

ဝမ်လင်းက ရုတ်တရပ် ပြန်လှည့်ကြည့်၏။ သူ့မျက်လုံးများက တည်ငြိမ်နေကာ သူက မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူထံသို့ စူးစိုက်ကြည့်နေသည်။

မီးခိုးရောင်အခိုးငွေ့က ဝမ်လင်းကို ဖြတ်ကျော်သွားကာ သည်နေရာနှင့် ပေတစ်သောင်းခန့်အကွာတွင် မန္တာန်တစ်ခုကို ကျင့်ကြံနေသည့် ရှေ့ဖြစ်ဟောသူထံသို့ ကျရောက်သွား၏။

ထို ရှေ့ဖြစ်ဟောသူက ရှောင်တိမ်းရန်ပင် အခွင့်မရခဲ့ချေ။ သည်မီးခိုးရောင်အခိုးငွေ့က သူ့ကို တိုက်ရိုက်ထိမှန်သွား၏။ သည့်နောက် သူ့ခန္ဓာကိုယ်က တုန်ယင်ကာ အခိုးအငွေ့အဖြစ်သို့ ပျောက်ကွယ်လို့သွားလေသည်။

တစ်ချိန်တည်းမှာပင် သည်အခိုးငွေ့ထံကနေ မီးခိုးရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာကာ မီးခိုးရောင်ရှေ့ဖြစ်ဟောသူထံသို့ ပြန်ရောက်လာကာ ရှုပ်ထွေးသော ချိပ်တံဆိပ်တစ်ခု ဖြစ်လို့သွားသည်။

မီးခိုးရောင်ရှေ့ဖြစ်ဟောသူက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီချိပ်တံဆိပ်က ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကနေ ဖန်တီးထားတဲ့ ချိပ်တံဆိပ် ဖြစ်တယ်။ အသက်ဓာတ်အင်အားကို ရဖို့ သတ်ဖြတ်ခြင်းကို အသုံးပြုပြီးတဲ့အခါ မင်းပတ်လည်မှာ အသက်ဓာတ်အင်အားက ဝန်းရံလာပြီး အသက်ဓာတ်ချိပ်တံဆိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ မင်းမှာ ချိပ်တံဆိပ်တွေ ပိုရှိလေလေ မင်းခုခံနိုင်မှုကလည်း ပိုသန်မာလေ ဖြစ်လိမ့်မယ်။ ငါ့ကိုယ်ပေါ်မှာ ဒီလို ချိပ်တံဆိပ်မျိုး သန်းချီပြီး ရှိတယ်။ ဒါ့ကြောင့် ထျန်ယွမ်ဂြိုဟ်က ပေါက်ကွဲထွက်သွားမယ် ဆိုရင်တောင် ငါက အဆင်ပြေနေသေးတယ်။ မင်းက ဒီလိုမန္တာန်ကို မသင်ချင်ဘူးလား…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်၏။ “ငါက ဘာလို့ ဒီမန္တာန်ကို သင်ရမှာလဲ…”

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက အေးစက်စွာ ပြောလိုက်သည်။ “မင်းက ရှေ့ဖြစ်ဟောသူ ဒီနေရာကို ပို့ခဲ့တဲ့ ခြောက်ယောက်မြောက်လူပဲ။ ငါက နံပါတ်ခုနှစ်ကို မနှစ်သက်ဘူး။ ဒါပေမဲ့ ငါ့မှာ ရှေ့ဖြစ်ဟောသူနဲ့ ကတိတစ်ခု ရှိနေတယ်။ ဒါပေမဲ့ မင်းက ဒီမန္တာန်ကို ကျော်လွန်သွားချင်တယ်ဆိုရင်တော့ ဒါကို မေ့လိုက်တော့…”

ဝမ်လင်းက သူ့ရှေ့က လူကို ကြည့်ကာ ရုတ်တရပ် ပြောလိုက်သည်။ “မင်းနဲ့ မင်းဆရာကြားက ဆက်ဆံရေးက ဘာလဲ…”

မီးခိုးရောင်ဝတ်ရုံနှင့် ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို အေးစက်စွာ ကြည့်နေ၏။ သူက ညာလက်ကို ဝှေ့ရမ်းလိုက်ရာ မီးခိုးရောင်အမျှင်တန်းတစ်ခုက ကျောက်စိမ်းပြားထဲသို့ ဝင်ရောင်ဖြစ်တည်သွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းက စဉ်းစားနေသည့်အသွင် ဖြစ်ပေါ်နေသည်။ သိပ်မကြာခင်တွင် သူက မီးခိုးရောင်အခိုးငွေ့နှင့် ဖြစ်ပေါ်စေထားသည့် ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။

သူက ကျောက်စိမ်းပြားကို ထိမိသွားသည့်အခိုက်တွင် ရောင်စုံခုနစ်ခုအလင်းက သူ့အား ရုတ်တရပ် လှည့်ပတ်သွားသည်။ သူ့အမြင်ပင် မှုန်ဝါးလို့သွား၏။ သူက အမြင်အာရုံ ပြန်ရသွားသည့်အခါ တောင်ထိပ်ပေါ်ရှိ မျှော်စင်ထိပ်၌ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။

သူ့ရှေ့တွင် ရှေ့ဖြစ်သောသူ၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခုကို ထုတ်ဖော်ထားနေသည်။ သူက ဝမ်လင်း လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်၍ ပြောလိုက်သည်။ “ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၊ ကောင်းတယ်…”

ဝမ်လင်းက စကားဆိုခြင်း မပြုဘဲ အနည်းငယ် မျက်မှောင်ကြုတ်နေသည်။

ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်၍ ရယ်မောလိုက်သည်။ “ဒါနဲ့ ပတ်သတ်လို့ အများကြီး တွေးမနေနဲ့။ အဲ့ရောင်စုံခုနစ်ခုကမ္ဘာထဲက မီးခိုးရောင်ဝတ်ရုံနဲ့ ရှေ့ဖြစ်ဟောသူက မင်းဆရာရဲ့ ဒုတိယမြောက် မူလစိတ်ဝိညာဉ်ပဲ။ ငါက ငယ်ရွယ်စဉ်တုန်းက ဒါကို ကျင့်ကြံခဲ့တယ်။ ဒါပေမဲ့ ငါက ယင်ယန်အဆင့်ကို ရောက်သွားတဲ့အချိန်မှာ ကိစ္စအချို့ကြောင့် ဒီမူလစိတ်ဝိညာဉ်ကို ခွဲထုတ်ခဲ့ရတယ်။ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က မင်းဆန္ဒရှိတဲ့ အသက်ကယ်မန္တာန်နဲ့ နှိုင်းယှဉ်နိုင်မှာပါ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျောက်စိမ်းပြားကို ပြန်သိမ်းယူလိုက်သည်။ သူက ရှေ့ဖြစ်ဟောသူ ပြောသမျှကို မယုံကြည်ချေ။ သို့သော် ဝမ်လင်းက အကင်းပါးသူ ဖြစ်သဖြင့် သူ့မျက်နှာပေါ်၌ မည်သည့်လက္ခာမှ ပေါ်မနေဘဲ သူက ခေါင်းညိတ်ပြလိုက်သည်။

ရှေ့ဖြစ်ဟောသူက လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်သည်။ ခရမ်းရောင်အလင်းတစ်ခုက ရုတ်တရပ် ပေါ်လာခဲ့၏။ ခရမ်းရောင်အလင်းက ခရမ်းရောင်အဝန်းအဝိုင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ ခရမ်းရောင်အဝန်းကို သေချာကြည့်ရှုပြီးနောက် သူက ဝမ်လင်းထံသို့ ၎င်းအဝန်းကို ပစ်လွတ်၍ ပြောလိုက်၏။ “ဒီအလင်းက ရောင်စုံခုနစ်ခုအလင်းကနေ ထုတ်ယူထားတဲ့ ခရမ်းရောင်အလင်းပဲ။ ဒါက မင်းအတွက် အသက်ကယ် ရတနာတစ်ခု ဖြစ်လိမ့်မယ်။ ဒါက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်ရဲ့ စွမ်းအားအပြည့်် တိုက်ခိုက်မှုကို နှစ်ကြိမ် ကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ။ မင်းက ကလန်ရဲ့ စည်းမျဉ်းကို ဖျောက်ဖျက်တာနဲ့ ဒီနှစ်ခုထဲက တစ်ခု ဖယ်ရှားခံရမယ်။ စည်းမျည်းကို နှစ်ကြိမ် ဖောက်ဖျက်ရင်တော့ ဒီရတနာက အသုံးဝင်တော့မှာ မဟုတ်ဘူး…”

“ခရမ်းရောင်အုပ်စုခွဲရဲ့ မင်းသတ်လိုက်တဲ့ ဒုတိယတပည့်က သူ့အသက်ကယ်ရတနာကိုနှစ်ပေါင်းများစွာ အကြာက တစ်ကြိမ်အသုံးပြုခဲ့တယ်။နောက်တော့ သူက ကလန်ရဲ့ စည်းမျဉ်းကို တစ်ကြိမ် ဖောက်ဖျက်ခဲ့တယ်။ မဟုတ်ရင် သူ့မူလစိတ်ဝိညာဉ်ကို မင်းက လွယ်လွယ် ဘယ်ရပါ့မလဲ။ ဒါပေမဲ့ သူက မင်းကို အရင်ဆုံး အကြိမ်များစွာ နှောက်ယှက်တိုက်ခိုက်ခဲ့တဲ့အတွက် ငါက ဒီကိစ္စကို ဆက်မစုံစမ်းတော့တာ။ ဒါပေမဲ့ ဝမ်လင်း နောက်တစ်ခါ အဲ့လို မဖြစ်စေဖို့ သတိထားပါ…”

ဝမ်လင်းက သည်အဝန်းအဝိုင်းကို လက်ခံလိုက်၏။ သူက ၎င်းကို သိုလှောင်အိတ်ထဲသို့ ထည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…ဆရာ…”

ရှေ့ဖြစ်ဟောသူက ခေါင်းညိတ်ပြ၏။ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ငါက မင်းကို အသက်ကယ်ရတနာတစ်ခုလည်း ပေးပြီးပြီး၊ တားမြစ်ခံမန္တာန်တစ်ခုကိုလည်း သင်ပေးပြီးပြီး။ ဒီတော့ မင်း ပြန်သွားနိုင်ပြီ…”

ထိုသို့ပြောပြီးနောက် သူက လှည်ထွက်၍ မျှော်စင်ထံသို့ လှမ်းလျောက်သွား၏။

ဝမ်လင်းက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခေါင်းလှည့်ကာ ရုတ်တရပ် ပြောလိုက်သည်။ “ဆရာ…တပည့်က ကလန်ကနေ ထွက်ပြီး လေ့ကျင့်ချင်ပါတယ်…”

ရှေ့ဖြစ်ဟောသူက နောက်သို့ ပြန်လည့်ခြင်း မပြုဘဲ သူ့အသံကသာ တည်ငြိမ်စွာ ထွက်ပေါ်လာ၏။

“ကောင်းကင်ကံကြမ္မာကလန်ရဲ့ တပည့်တစ်ယောက်အနေနဲ့ သူတို့က ကလန်ကထွက်ပြီး တမန်တော်တစ်ယောက် အဖြစ် သွားနိုင်တယ်။ ငါ့တုန်ကင်ကို ယူပြီး ကြယ်ခန်းမကို သွားပါ။ ပြီးရင် အဆင့်ခြောက်အောက် နိုင်ငံတစ်ခုကို ရွေးပြီး တမန်တော်အဖြစ် ဆောင်ရွက်ချေ။ ဒါပေမဲ့ နောက်သုံးလမှာချိန်းထားတဲ့ အရှေ့ဘက်နတ်ဆိုးပင်လယ်ကို လာဖို့ နောက်မကျစေနဲ့…”

ထိုသို့ပြောပြီးနောက် ရှေ့ဖြစ်ဟောသူက မျှော်စင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ အဖြူရောင်တုန်ကင်တစ်ခုက မျှော်စင်ထဲကနေ ပျံဝဲထွက်လာကာ ဝမ်လင်း လက်ထဲသို့ ကျရောက်လာ၏။ တစ်ပြိုင်နက်တည်းမှာပင် မျှော်စင်ထဲကနေ ညင်သာသောအားတစ်ခုက ပျံ့နှံ့လာကာ ဝမ်လင်းကို တောင်ပေါ်ကနေ ဆင်းသက်သွားစေ၏။

ငါးဆယ်ကီလိုမီတာ အကွာတွင် ဝမ်လင်းက အဖြူအနက်တောင်ကို နောက်ဆုံးအနေနှင့် ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့၏။

ကြယ်ခန်းမက အနီရောင်အုပ်စုခွဲ၏ အပေါ်ဘက်တွင် ရှိလေသည်။

ဝမ်လင်းက ပင်မကလန်ကနေ ထွက်ခွာလာပြီးနောက် အချိန်ဖြုန်းခြင်း မရှိဘဲ အနီရောင်ခန်းမထံသို့ တန်းသွားသည်။

အနီရောင်အလင်းများက အနီရောင်ခန်းမ တောင်ထွတ်ကနေ အဆက်မပြတ် ထုတ်လွှတ်လျက် ရှိနေကာ သည်ဧရိယာတစ်ခုလုံးအား ဖုံးလွှမ်းထား၏။

ဝမ်လင်း ပုံရိပ်က အနီရောင်အုပ်စုခွဲထံသို့ လျင်မြန်စွာ ပျံသန်းသွား၏။ သူက အထဲသို့ ဝင်ရန် ပြင်လိုက်စဉ် အေးစက်သည့် အော်သံတစ်ခုကို ကြားလိုက်ရသည်။

“ဝင်လာတဲ့လူ…ရပ်လိုက်ပါ…”

ဝမ်လင်းက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ရှေ့ဖြစ်ဟောသူ သူ့ကို ပေးခဲ့သည့် တုန်ကင်ကို အနီရောင်ခန်းမထံသို့ ပစ်ပေးလိုက်၏။

အော်ပြောလိုက်သည့်လူက တုန်ကင်ကို မြင်လိုက်သည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့၏။ သို့သော် သူက ဝမ်လင်း ဝင်လာသည်ကို တားဆီးခြင်း မပြုတော့ချေ။

ဝမ်လင်းက အထဲသို့ ရောက်လာပြီးနောက် လေဟာနယ်က တုန်ခါသွားကာ သက်လတ်ပိုင်းလူကြီး တစ်ယောက် လှမ်းထွက်လာ၏။ သူက ဝမ်လင်း ပျောက်ကွယ်သွားသည့်နေရာကို အေးစက်စွာ ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနစ်ရောက်မြောက်တပည့်…”

သိပ်မကြာခင်တွင် ဝမ်လင်းက အနီရောင်ခန်းမ ထဲကနေ ပြန်ထွက်လာကာ အနောက်ဘက်သို့ ကြည့်လိုက်၏။

“အဆင့်ငါးနိုင်ငံ…လင်းယွဲ့…”

Comment

Leave a Reply

Options

not work with dark mode
Reset