ရှေးဖြစ်ဟောသူ၏ မေးခွန်းကို ကြားလိုက်သောအခါ ဝမ်လင်းသည် တွေးတောသွား၏။
တားမြစ်ခံ မန္တာန်အားလုံးသည် ကောင်းကင်ဘုံမန္တာန်များမှ ဆင်းသက်လာခြင်းဖြစ်သည်။ထို့ကြောင့် တားမြစ်ခံမန္တာန်တစ်ခုချင်းစီသည်
ကြီးမားသောစွမ်းအား ကွဲပြားခြင်းတွေရှိ၏။
အချို့ တားမြစ်ခံ မန္တာန်တွေသည် အလယ်ဆင့် ကောင်းကင်ဘုံမန္တာန်မှ ဆင့်ပွားလာခြင်းဖြစ်သည်။ထို မန္တာန်များသည် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်မှ ဆင့်ပွားလာသော တားမြစ်ခံ မန္တာန်များထက်ပို၍ စွမ်းအားကြီးမားသည်။
စင်စစ်အားဖြင့် ၎င်းတို့၏စွမ်းအားများသည် တကယ့် အဆင့်နိမ့် ကောင်းကင်ဘုံ မန္တာန်များထက် အားနည်းနိုင်မည် မဟုတ်ချေ။
အဆင့်မြင့်ကောင်းကင်ဘုံ မန္တာန်များမှဆင်းသက်လာသော မန္တာန်များရှိလျှင်လည်း ထိုမန္တာန်များသည် အဆင့်နိမ့် ကောင်းကင်ဘုံမန္တာန်များထက် အားနည်းမည်မဟုတ်ပေ။၎င်းတို့သည် ပို၍ပင် စွမ်းအားကြီးပေလိမ့်မည်။
တားမြစ်ခံမန္တာန်၏စွမ်းအားသည် သူတို့ ဆင်းသက်လာသော ကောင်းကင်ဘုံမန္တာန်များ၏ အရည်အသွေးပေါ်တွင်သာ မူတည်၏။
ဝမ်လင်းသည် ခုခံမှုမန္တာန်များကို နားလည်ခြင်း မရှိချေ။ စစ်ထူနန်ထံကနေ ရရှိခဲ့သည့် သတ်ဖြတ်ခြင်းမန္တာန်သုံးခုနှင် စစ်ရထားကို ပထမဆုံးအကြိမ် ချိပ်ပိတ်မှု ဖြေလျော့ခြင်းတို့ကလည်း တိုက်ခိုက်ခြင်း နည်းစနစ်များသာ ဖြစ်နေသည် မဟုတ်လား။
သည့်အပြင် သူ့တွင် ကောင်းကင်ဘုံဓားနှင့်လခြမ်းကွေးဓားသွားရှိသည်။ လခြမ်းကွေးဓားသွားသည် ဝမ်လင်း၏ အလွန်အရေးကြီးသော ရတနာများထဲက တစ်ခု ဖြစ်သည်။
လွတ်မြောက်ခြင်းမန္တာန်အနေနှင့်တော့ တည်နေရာရွှေ့ပြောင်းခြင်း အတားအဆီးရှိနေသဖြင့် သူက စိတ်ပူစရာမလိုတော့ချေ။ ယင်း တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်က အသုံးပြုရန် အချိန်အနည်းငယ် ပေးရသော်လည်း ၎င်း၏စွမ်းအားက သာမန်ထက် ပိုလေ၏။
သူက အာကာသဟင်းလင်းပြင်တွင် ရှိနေလျှင်လည်း သူ့၌ ငွေရောင်နဂါးကြယ်သံလိုက်အိမ်မြှောင် ရှိလေ၏။ သည့်အတွက်ကြောင့် သူ့အမြန်နှုန်းကလည်း နှေးကွေးနေတော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤအရာများသည် အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်နေသည် မဟုတ်လား။ အာဏာတက်ခြင်းအဆင့်ကို ကျော်လွန်သောအချိန် သို့မဟုတ် ယင်နှင့်ယန် အဆင့်ကိုရောက်သောအချိန် သို့မဟုတ် နိဗ္ဗာနအဆင့်သုံးဆင့်ကို ရောက်သော အချိန်တွင် ရရှိမည့် စွမ်းအားသည် ဝမ်လင်း ယခုချက်ချင်း စိတ်ကူးယဉ်၍ ရသောအရာ မဟုတ်ပါချေ။
ရှေးဖြစ်ဟောသူသည် ဝမ်လင်း၏ အတွေးများကို ဖြတ်တောက်ခြင်း မပြုချေ။ သူက အကွာအဝေးတစ်ခုကနေ တိတ်ဆိတ်စွာ စူးစိုက်ကြည့်၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဤအရာသည် ဝမ်လင်း၏ပထမဆုံးရွေးချယ်မှုဖြစ်၏။ ရှေးဖြစ်ဟောသူသည် ဝမ်လင်း၏ရွေးချယ်မှုကို သိချင်နေခဲ့သည်။
ခဏအကြာမှာပင် ဝမ်လင်းသည် ရှေးဖြစ်ဟောသူကိုမော့ကြည့်ပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“တပည့် အသက်ကယ်မန္တာန်ကို သင်ချင်ပါတယ်”
“ရှင်သန်ခြင်းလား…” ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ပြုံး၍ ကြည့်သည်။ “မင်းက ဘယ်လို ရှင်သန်ခြင်းမျိုး လိုချင်တာလဲ…”
ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ် ဖြေးဖြေးချင်း ပြောလိုက်၏။ “အသက်ဓာတ် အငွေ့အသက် ရှိနေသ၍ တပည့်က ရှင်သန်အောင် လုပ်နိုင်စွမ်း ရှိရမယ်။ ပြီးတော့ တပည့်ရဲ့ မြင့်မြတ်တဲ့တာအိုကို ဆက်လက် စူးစမ်းမယ်…”
ရှေးဖြစ်ဟောသူသည် ပြုံး၍ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဆရာမှာ့ အဲ့လို မန္တာန်မျိုး မရှိဘူး…”
ဝမ်လင်းသည် စကားဆိုခြင်း မပြုဘဲ စဉ်းစားလို့နေ၏။
ရှေးဖြစ်ဟောသူသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
” ထားလိုက်တော့…။ မင်းကို ဆရာက မင်းစိတ်ကြိုက်ရွေးချယ်ခိုင်းခဲ့ပြီး ဖြည့်ဆည်း မပေးနိုင်တာ ဆရာ့ရဲ့အမှားပဲ။ ခု ဆရာက မင်းကို တားမြစ်ခံမန္တာန် (၃၆၀၀) ကို ရွေးချယ်ဖို့ တံခါးဖွင့်ပေးမယ်။ ဒီထဲကနေ မင်းကိုယ်တိုင် တစ်ခု ရွေးချယ် နိုင်တယ်…”
ထိုသို့ပြောပြီးနောက် ရှေးဖြစ်ဟောသူသည် ညာဘက်လက်ကိုမြှောက်၍ ဝမ်လင်းထံသို့ ညွှန်၏။
ရှေးဖြစ်ဟောသူ လက်ညွှန်လိုက်စဉ်တွင် ဝမ်လင်းက ခုနစ်ရောင်စုံတံခါး ပွင့်သွားသည်ကို တွေ့မြင်လိုက်ရ၏။ သည့်နောက် သူ့ခန္ဓာကိုယ်က ထိုတံခါးဆီသို့ အလိုအလျောက် ပျံသန်းသွားတော့သည်။
ဝမ်လင်းသည် တဖြည်းဖြည်းချင်း တံခါးကို ဖြတ်ကျော်လို့သွား၏။
ဝမ်လင်းရှေ့မှာပေါ်လာသောအရာသည် ခုနှစ်ရောင်စုံ ကမ္ဘာကြီးတစ်ခုဖြစ်၏။ ဤနေရာက အဆုံးမဲ့ လှသည်။ သည်နေရာတွင် တထေရာတည်းသော ရှေ့ဖြစ်ဟောသူပေါင်း (၃၆၀၀) ရှိလို့နေသည်။ သူတို့သည် ကြာပွင့်ပုံထိုင်ကာ ကျင့်ကြံခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ပြုလုပ်နေကြ၏။
ရှေးဖြစ်ဟောသူ (၃၆၀၀) နှင့် ဤကမ္ဘာကြီးကို ဖြန့်ကျက်ထားပြီးနောက် ထိုသူများသည် သူတို့၏ကိုယ်ပိုင် မန္တာန်များနှင့်ကျင့်ကြံနေကြလေသည်။။
မန္တာန်များသည် ကွဲပြားခြားနားကြ၏။
ဝမ်လင်းသည် ငြိမ်ငြိမ်လေးမတ်တပ်ရပ်နေကာ ရှေးဖြစ်ဟောသူများကို ကြည့်နေခဲ့သည်။
ပထမအကြိမ်လှမ်းကြည့်လိုက်ချိန်၌ ဝမ်လင်းသည် အကွာအဝေးတစ်ခုတွင် ရှိနေသည့် ရှေ့ဖြစ်ဟောသူ တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူ၏ လက်များသည် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေ၍ ခန့်မှန်းမရအောင် လှုပ်ရှားနေသည်။ သတ္ထုကောင်းကင်ဘုံ စွမ်းအင်တန်းများသည် သူ့၏လက်မှ ထွက်ပေါ်လာခဲ့သည်။
သတ္ထုကောင်းကင်ဘုံစွမ်းအင်သည် ဝဲကယက်ကြီးဖြစ်သွားသည်။ ဝဲကတော့တစ်ခု၊ နှစ်ခု၊ မကြာမီမှာပင် ကိုးခုအထိ ဖြစ်သွား၏။
သည်အခိုက်တွင် ဝမ်လင်းအား အထိတ်အလန့်ဖြစ်သွားစေသော စွမ်းအင်တစ်ခုသည် ဝဲကယက်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ဤစွမ်းအင်သည် ပြင်းထန်လှ၏။
“စက်ဝိုင်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်”
ဝမ်လင်းက သည်နည်းစနစ်ကို ကြည့်ရှုပြီးနောက် နောက်ထပ် ရှေ့ဖြစ်ဟောသူ တစ်ယောက်ထံသို့ ကြည့်လိုက်ပြန်၏။
သူက နောက်ထပ် ရှေ့ဖြစ်ဟောသူက သူနှင့် ပေသုံးရာအကွာတွင် ကြာပွင့်သဏ္ဌာန်ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ့မျက်လုံးက မှိတ်နေခြင်း မရှိဘဲ တောက်ပသော အလင်းတစ်ခုကို ထုတ်လွှတ်လို့နေ၏။ အနက်ရောင်အခိုးအငွေ့အမျှင်တန်းများသည် သူ၏ခန္ဓာကိုယ်ထဲမှနေ၍
ထွက်ပေါ်လာပြီးနောက် သူ့ခေါင်းပေါ်တွင် စုစည်းနေကြသည်။
အနက်ရောင်အငွေ့တန်းများသည် ပိုမို စုဝေးလာကာ နောက်ဆုံးတွင် အနက်ရောင်တိမ်ထုတစ်ခု အဖြစ်သို့ ရောက်ရှိသွား၏။ သည်တိမ်နက်ထုက ရူးသွပ်စွာ လှည့်ပတ်၍ အထက်ကနေ ဆင်းသက်လာကာ ထို ရှေ့ဖြစ်ဟောသူအား ဝန်းရံလို့သွားသည်။
“တားမြစ်မန္တာန်၊ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားလေ၏။ဝမ်လင်းသည် တားမြစ်မန္တာန်ပေါင်း (၃၆၀၀)လုံးကို တစ်ခုချင်း စစ်ဆေးကြည့်နေသည်။
အကွာအဝေးတစ်ခုတွင် မျက်လုံးမှထူးဆန်းသော အလင်းတန်းထုတ်လွှတ်နေသော အဖြူရောင်ဝတ်ရုံနှင့် ရှေးဖြစ်ဟောသူတစ်ယောက်ကို တွေ့ရ၏။ ထိုသူသည် သူ၏ညာဘက်လက်ကိုမြှောက်လိုက်ကာ ရောင်စုံခုနစ်ခု တောက်ပမှုကို ထုတ်လွှတ်၏။
သူ့မျက်လုံးကလည်း ခရမ်းရောင် ဖျပ်ခနဲ တောက်ပသွားသည်။ ထို့နောက် သူ့လက်ထဲရှိ ရောင်စုံခုနစ်ခုအလင်းထံကနေလည်း ခရမ်းရောင်အလင်းတစ်ခုက ပျံသန်းထွက်လာကာ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွား၏။
သူ့ရှေ့ရှိ မြင်ကွင်းက ကြည့်နေရင်း ဝမ်လင်းစိတ်ထဲ၌ တုန်လှုပ်နေမိ၏။
ဝမ်လင်းက သူ သည်နေရာသို့ ရောက်လာသည်မှာ အချိန်မည်မျှ ကြာမြင့်နေသည်ကို မသိချေ။ မန္တာန်ပေါင်း(၃၆၀၀) ခုတွင် သူက အများစုကို တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့အနက် သည်တစ်ခုကသာ သူ့ကို ခုလောက်အတိုင်းအတာထိ တုန်လှုပ်စေခဲ့ခြင်းပင်။
ဤမန္တာန်က အလွန် စွမ်းအားရှိ၏။
သို့သော်လည်း ဤအရာသည်အဓိက အချက်တော့ မဟုတ်ပေ။ အဓိက အချက်မှာ ထိုမန္တာန်သည် ရောင်စုံခုနစ်ခုကို အခြေခံထားခြင်းဖြစ်၏။ ရှေးဖြစ်ဟောသူက ရောင်စုံခုနစ်ခုကို အလွန်နှစ်သက်သည်ဟု ပြော၍ ရ၏။ထို့ကြောင့် ထိုအရာကို အခြေခံထားသော မန္တန်မှာ အားနည်းမည် မဟုတ်ချေ။
ဝမ်လင်းက အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် လှည့်ထွက်ကာ နောက်သို့ ထပ်မံ မကြည့်တော့ချေ။
ဤခုနှစ်ရောင်စုံကမ္ဘာကြီး၏ မထင်ရှားသောနေရာတစ်ခုတွင် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော ရှေးဖြစ်ဟောသူတစ်ယောက် ထိုင်နေခဲ့သည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှိုင်းတွန့်လက္ခဏာများလည်း ရှိမနေခဲ့ချေ။ သူက မျက်လုံးမှိတ်လျက် ထိုင်၍ ကျင့်ကြံနေရုံသာ။
ဝမ်လင်းက တစ်ချက်ကြည့်လိုက်၏။ သည့်နောက် သူက သည်ဧရိယာကို ကျော်လွန်သွားရန် ပြင်လိုက်၏။ သူက ထိုသို့ ကျော်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရပ် ရပ်တန့်ကာ ပြန်လှည့်၍ ကျင့်ကြံနေသော သည်ရှေ့ဖြစ်ဟောသူကို သေချာစူးစမ်းကြည့်၏။
“မီးခိုးရောင်…ရှေ့ဖြစ်ဟောသူက ရောင်စုံခုနစ်ခုကို ကြိုက်တယ်။ ရောင်စုံကိုးခုကတော့ အထွတ်အထိပ် ဖြစ်တယ်။ ဒါ့ကြောင့် ဒီမီးခိုးရောင်က ဘယ်နေရာကနေ ရောက်လာခဲ့ရတာလဲ…”
ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်သွား၏။
ကြည့်လေလေ ဝမ်လင်း၏မျက်လုံးသည်ပို၍ တောက်ပလာလေလေဖြစ်၏။ သည်ရှေးဖြစ်ဟောသူသည် အခြားသောသူများနှင့် တစ်ပုံစံထဲ တူသော်လည်း သူသည် အသက်နည်းနည်းငယ်သည်ကို ဝမ်လင်း တစ်ချက်ထဲ ကြည့်ရုံနှင့် ပြောနိုင်သည်။
“ငယ်ရွယ်တဲ့ ရှေးဖြစ်ဟောသူတစ်ယောက်”
ဝမ်လင်း၏မျက်လုံးများသည် လက်ခနဲ ဖြစ်သွား၏။ သူသည် ကြာပွင့်သဏ္ဌန် ထိုင်ချလိုက်ပြီးနောက် မီးခိုးရောင်ဝတ်ရုံဝတ်ထားသော ရှေ့ဖြစ်ဟောသူကို စိုက်ကြည့်နေလေသည်။
သူက နေ့ရက်များစွာ ထိုနေရာတွင် ထိုင်နေ၏။ သည်နေ့ရက်များအတွင်း မီးခိုးရောင်ရှေ့ဖြစ်ဟောသူက အချိန်ရပ်တန့်သွားသည့်အလား လုံးဝ လှုပ်ရှားခြင်း မပြုချေ။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ ဝမ်လင်းသည်လည်း ထိုနေရာမှာပင် တိတ်ဆိတ်စွာ ဆက်ထိုင်နေခဲ့သည်။သို့သော် သူက ထိုရှေးဖြစ်ဟောသူသည် တစ်လက်မလေးမျှပင် မလှုပ်ရှားသည်ကို တွေ့မြင်ခဲ့ရသည်။
“ထူးဆန်းလိုက်တာ ” ဝမ်လင်းသည် သူ၏ညာဘက်လက်ကိုမြှောက်လိုက်၍ လျှင်မြန်စွာ လှုပ်ရှားကာ ပုံရိပ်များအထပ်ထပ် ဖြစ်စေ၏။ မကြာခင်ပင်သူ၏လက်ထဲတွင် ပုံရိပ်ရောင်အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီးနောက် ထိုပုံရိပ်ယောင်သည် အနက်ရောင် ချိပ်တံဆိပ်တစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။သူသည် ချိပ်တံဆိပ်ကို ရိုက်ခတ်လိုက်သည်။ ထို့နောက် ချိပ်တံဆိပ်က တိတ်တဆိတ် ထိုင်နေသော ရှေးဖြစ်ဟောသူဆီသို့ ပျံသန်းသွား၏။
ဤအရာသည် ဝမ်လင်း စရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ခြင်း ဖြစ်သည်။
အတားအဆီးများသည် လေထုကို ဖြတ်ကာ မီးခိုးရောင်ဝတ်ရုံဝတ်ထားသော ရှေးဖြစ်ဟောသူဆီသို့ ရောက်သွားလေ၏။ထိုသူသည် လုံးဝ မလှုပ်ဘဲ အတားအဆီးများနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။
ဝမ်လင်းသည် မှင်သက်သွား၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သည်။ သို့သော် သူက မီးခိုးရောင်ရှေ့ဖြစ်ဟောသူ၏ သဲလွန်စကို လုံးဝ ရှာမတွေ့ချေ။
“ထူးဆန်းလိုက်တာ” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားခဲ့၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ခုနစ်ရောင်စုံကမ္ဘာထဲ၌ အလင်းအမြန်နှုန်းဖြင့် လိုက်လံ ရှာဖွေလေ၏။
အချိန်မည်မျှ ကုန်သွားသည်ပင် မသိရချေ။ ယနေ့တွင် ဝမ်လင်းပျံသန်းနေစဉ် သူ့၏အမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက နှောင့်နှေးမှုမရှိဘဲ ဘယ်ဘက်သို့ လှည့်လိုက်လေ၏။များမကြာမီတွင် ဝမ်လင်းသည် ရပ်လိုက်၍သူ၏ရှေ့ ပေတစ်ထောင်အကွာရှိ ကြာပန်းသဏ္ဌာန်ထိုင်နေသည့် မီးခိုးရောင် ရှေ့ဖြစ်ဟောသူကို တွေ့လိုက်ရ၏။
ဤအရာသည် တော်တော်ထူးဆန်း၏။ မီးခိုးရောင်ဝတ်စုံနှင့် ရှေးဖြစ်ဟောသူကို ဝမ်လင်းလိုက်ရှာနေသည်မှာ ရက်တော်တော်ကြာခဲ့ပြီဖြစ်သည်။
ဝမ်လင်းသည် ချက်ချင်းပင် ဆင်းသက်လိုက်ပြီး သူ့ရှေ့ ပေ(၁၀၀) အကွာတွင် ရပ်လိုက်၏။ သူက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက တစ်ခွန်းမှ မဆိုတော့ဘဲ ဓားဖြင့် ခုတ်ပိုင်းသည်။ ဓားစွမ်းအင်အလင်းတန်းက ထိုးတက်သွားကာ လခြမ်းကွေးဓားသွားက ၎င်းနောက်ကနေ လိုက်ပါသွားသည်။
လခြမ်းကွေးဓား၏အမြန်နှုန်းသည် အံ့မခန်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လခြမ်းကွေးဓားသည် မီးခိုးရောင်ဝတ်ရုံ ဝတ်ထားသော ရှေးဖြစ်ဟောသူ၏ ရင်ဘက်ကို ထွင်းဖောက်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် ရှေးဖြစ်ဟောသူကို နာကျင်စေမည်မဟုတ်ပါချေ။အကြောင်းကတော့ သူ့တည်ရှိမှုသည် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်၏။
ဓားစွမ်းအင်သည် မကြာခင်မှာပင် မီးခိုးရောင်ဝတ်ရုံဝတ်ထားသော ရှေးဖြစ်ဟောသူဆီသို့ ဖြတ်ကျောက်သွားပြီးနောက် အကွာအဝေးတစ်ခုစီသို့ ပျံသန်းသွားခဲ့လေသည်။
ထိုအချိန်လေးမှာပင် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသောရှေးဖြစ်ဟောသူ ထံကနေ သတ်ဖြတ်လိုမှု စိတ်ဆန္ဒ ထွက်ပေါ်လာ၏။ ထိုသတ်ဖြတ်လိုမှု စိတ်ဆန္ဒသည် အလွန်တရာ ပြင်းထန်လှသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သည် သတ်ဖြတ်လိုမှုစိတ်ဆန္ဒက ပတ်ဝန်းကျင်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ဤနေရာနှင့် အဝေးတွင် အခြားရှေးဖြစ်ပြောသူများ သည် သူတို့၏ မန္တာန် လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီးနောက် ထူးဆန်းသော အလင်းရောင်ထွက်လာသောနေရာကိုလှမ်းကြည့်လိုက်ကြ၏။ ထိုအချိန်မှာပင် ဤခုနှစ်ရောင်စုံကမ္ဘာကြီးထဲတွင် အပြောင်းအလဲ တခုခုဖြစ်နေကြောင်း အခြားရှေ့ဖြစ်ဟောသူများ ခံစားမိလိုက်ကြသည်။
အခြားရှေးဖြစ်ဟောသူများသည် ဤနေရာသို့ ချက်ချင်း ပျံသန်းလာကြ၏။မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးသည် မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော ရှေးဖြစ်ဟောသူ၏ (၅၀၀၀) ကီလိုမီတာ အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
“ချိတ်ပိတ်လိုက်” သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်၏။
အံ့သြစရာကောင်းပြီးထူးဆန်းသော စွမ်းအားက ရုတ်တရပ် ပေါ်ထွက်လာခဲ့၏။ ထိုအရာသည် ကြီးမားသော ပိုက်ကွန်တစ်ခုလို ကောင်းကင်ဘုံမှ ဆင်းသက်လာပြီးနောက် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ရှေးဖြစ်ဟောသူအား ချိတ်ပိတ်ရန် အလျင်မြန် ရောက်သွားခဲ့၏။
မီးခိုးရောင် ဝတ်ရုံဝတ်ဆင်ထားသော ရှေးဖြစ်ဟောသူသည် သူ့လက်ကိုမြှောက်၍ စကားလုံးတစ်ခွန်းသာ ဆို၏။
“ထွက်သွား”
စကားလုံးတစ်လုံးကြောင့်ပင် ကောင်းကင်သည် အရောင်ပြောင်းသွားပြီး ကြီးမားသော ပိုက်ကွန်ကြီးသည်လည်း ဆုတ်ပြဲသွားခဲ့လေသည်။အံ့မခန်းသတ်ဖြတ်ချင်စိတ်သည် ကီလိုမီတာ (၅၀၀၀)အတွင်း လျင်မြန်စွာ သိမ်းကြုံးပျံ့နှံ့သွားသည်။
ကီလိုမီတာ (၅၀၀၀) အတွင်းမှ ရှေးဖြစ်ဟောသူများအားလုံး နောက်ပြန်ဆုတ်ရန် တွန်းအားပေးခံရ၏။ မကြာခင်မှာတွင် ရှေးဖြစ်ဟောသူများသည် ကီလိုမီတာနောက်ဆုတ်လိုက်၏။
သည်အချိန်မှာပင် အချို့ ရှေးဖြစ်ဟောသူများသာ ကီလိုမီတာ (၅၀၀၀) အတွင်းတွင် ကျန်ရှိခဲ့ကြသည်။ထိုလူများအားလုံးသည် အားကောင်းသော တားမြစ်ခံမန္တာန်များကို ပိုင်ဆိုင်ထားကြသူများဖြစ်ကြ၏။
သည် သတ်ဖြတ်လိုမှု စိတ်ဆန္ဒအောက်တွင် ဝမ်လင်းသည် ချွေးစေးများရွဲစိုနေခဲ့သည်။ဤသတ်ဖြတ်ချင်စိတ်သည် သူ့မူလခန္ဓာကိုယ်၏ သတ်ဖြတ်ချင်စိတ်ထက်ပို၍သန်မာနေ၏။ နှိုင်းယှဉ်ပါက လမင်းအလင်းနှင့် ပိုးဖလံ အလင်းတို့ကို နှိုင်းယှဉ်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်၏ သတ်ဖြတ်ချင်စိတ်ကို အသန်မာဆုံးဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုတွင် ဤမီးခိုးရောင် ဝတ်ရုံဝတ်ဆင်ထားသော ရှေးဖြစ်ဟောသူသည် ဝမ်လင်းတွေ့ဖူးသမျှထဲတွင် သတ်ဖြတ်ချင်စိတ် အကြီးမားဆုံး ရှိသူ ဖြစ်နေ၏။
မည်သို့ပင်ဖြစ်စေကာမူ ဤအရာသည် ဝမ်လင်းအား အကြီးအကျယ်တုန်လှုပ်သွားစေခြင်း မရှိပေ။ သူ့အတွက် အတုန်လှုပ်မိဆုံးက အခြားရှေ့ဖြစ်ဟောသူများကပါ သည်နေရာသို့ တရကြမ်းရောက်လာသည်ကို နတ်ဘုရားအာရုံဖြင့် ခံစားမိလိုက်ခြင်း ဖြစ်၏။
ရုတ်တရက် ဝမ်လင်းသည် အေးစက်သော မျက်နှာနှင့် ရှေ့ဖြစ်ဟောသူကို ကြည့်လိုက်၏။ သည်ရှေ့ဖြစ်ဟောသူက (၃၆၀၁) ယောက်မြောက် ဖြစ်နေ၏။
“နောက်ထပ် တစ်ယောက် ရှိနေသေးတာပဲ…”
ဝမ်လင်းသည် သက်ပြင်းချလိုက်၏။