Switch Mode

အပိုင်း (၅၄၂):

လင်းထျန်ဟူနှင့်ထပ်မံတွေ့ဆုံခြင်း

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ လူတိုင်းကလည်း ထို့အတူပင်။ သူတို့အားလုံးက ရှေ့ဖြစ်ဟောသူကို ကြည့်လို့နေကြ၏။

အကြီးအကဲစွန်က အနည်းငယ်စဉ်းစားလိုက်သည်။ သည့်နောက်သူက သက်ပြင်းချ၍ လက်ဝှေ့ရမ်းလိုက်သည်။ “ကောင်းပြီ…မင်း စိတ်နေစိတ်ထားက ထူးဆန်းတယ်…။ မင်းက ဒါကို ပြောချင်တယ်ဆိုရင်တော့ ပြောလိုက်တော့…”

ရှေ့ဖြစ်ဟောသူက ပြုံးလိုက်သည်။ “မရေမတွက်နိုင်တဲ့ နှစ်များစွာတည်းက တည်ရှိခဲ့တဲ့ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးက တစ်ကြိမ်သာ ဒုက္ခရောက်ခဲ့ရဖူးတယ်…။ဒါကလည်း ဒီလူကြောင့်ပဲ…။ ဒီကိစ္စက ကြီးကြီးမားမားတော့ မဖြစ်ခဲ့ပါဘူး… ။သူက ငါ တွေ့ဖူးတဲ့ တတိယအဆင့်ကို ရောက်သွားတဲ့ တစ်ဦးတည်းသောသူပဲ…။ ကံမကောင်းစွာနဲ့ သူက အချိန်ခဏသာ ပေါ်လာပြီး သဲလွန်စမရှိ ပြန်ပျောက်သွားခဲ့တယ်…”

ရှေ့ဖြစ်ဟောသူက ဆက်လက်၍ တာအိုသင်ကြားပေးနေ၏။ သို့သော် လူတိုင်းက ရှေ့ဖြစ်ဟောသူပြောသည့် သူ ဆိုသည့် လူအကြောင်းကိုသာ တွေးမိနေကြသည်။

သို့သော် ရှေ့ဖြစ်ဟောသူက တာအိုကိုသာ ဆက်လက် ပို့ချနေပြီး သူ့ အကြောင်းကို ဆက်လက် ပြောခြင်းမရှိတော့ချေ။ သည်တာအိုပို့ချမှုက သုံးရက် ကြာမြင့်ခဲ့လေသည်။

ဝမ်လင်းက တိတ်ဆိတ်စွာနားထောင်လျက်ရှိပြီး တဖြည်းဖြည်းဖြင့် နားလည်မှုအချို့ ရရှိလာခဲ့သည်။

“ဒီအဘိုးအိုက နှစ်တစ်သောင်းကြာတိုင်း တာအို သင်ကြားပေးပြီးရင် လူတိုင်းကို ကြီးကျယ်တဲ့လက်ဆောင်တစ်ခု ပေးခဲ့တယ်…။ငါက လူတိုင်းအတွက် အလယ်အဆင့်ကောင်းကင်ဘုံမန္တာန်ကို သရုပ်ပြပေးမယ်…။ ရောင်းရင်းကျင့်ကြံသူတွေ ဘယ်လောက်များများနားလည်နိုင်မလဲကတော့ သင်တို့ရဲ့ ကံကြမ္မာပေါ်မူတည်တယ်…”

ရှေ့ဖြစ်ဟောသူက ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်းက အာရုံစိုက်လာကြသည်။ အားကောင်းသောကျင့်ကြံသူများပင် အာရုံစိုက်လာကြ၏။ အချို့လူများဆိုလျှင် ရှေ့ဖြစ်ဟောသူထက်ပင် များစွာ အားနည်းခြင်း မရှိပေ။ ထိုသူတို့ကပါ ရှေ့ဖြစ်ဟောသူ၏ သရုပ်ပြမှုကို အာရုံစိုက်လာကြ၏။

အလယ်အဆင့် ကောင်းကင်ဘုံမန္တာန်များက အလွန့်အလွန် ရှားပါးလှသည် မဟုတ်လား။

သည် မန္တာန်ကို သရုပ်ပြမှုက ကျင့်ကြံသူတိုင်း၏ နှလုံးသားကို စွဲဆောင်နိုင်သည် မဟုတ်လား။

ဝမ်လင်းက အသက်ဝဝရှုသွင်း၍ ရှေ့ဖြစ်ဟောသူထံ၌ အာရုံစိုက်ကာ ကြည့်နေသည်။ ဝမ်လင်းက အရင်တုန်းက ကောင်းကင်ဘုံမန္တာန်တစ်ခုကို မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။ သူအမြင့်ဆုံးတွေ့မြင်ဖူးသည်က ကောင်းကင်ဘုံမန္တာန်ကို တုပထားသည့် အတားအဆီးမန္တာန်လောက်သာ ဖြစ်လေ၏။

သည်အတားအဆီးကပင် အလွန်အားကောင်းနေခဲ့သည့်အတွက် ဝမ်လင်းက အစစ်အမှန် ကောင်းကင်ဘုံမန္တာန်သည် မည်မျှအားကောင်းမည်ကို တွေးကြည့်၍ပင် မရချေ။

လူတိုင်းက ရှေ့ဖြစ်ဟောသူ၏ မန္တာန်သရုပ်ပြမှုကို စောင့်စားနေကြစဉ် မိုးကုပ်စက်ဝိုင်းထံမှ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရပ် ထွက်ပေါ်လာခဲ့၏။ ဓားစွမ်းအင်အလင်းတန်းများကလည်း အကွာအဝေးတစ်ခုကနေ အလွန်လျင်မြန်စွာ နီးကပ်လာနေလေ၏။

အားကောင်းသောကျင့်ကြံသူများက သည်စွမ်းအင်အလင်းတန်းကို သတိပြုမိသည့်အခါ တည်ငြိမ်စွာပင် ကြည့်လို့နေကြသည်။

အဆုံးမဲ့သော ဓားစွမ်းအင်များက မိုးကုပ်စက်ဝိုင်းထံကနေ ရောက်ရှိလာနေ၏။ ကောင်းကင်တစ်ခုလုံးက သည်စွမ်းအင်များနှင့် ဖုံးလွှမ်းနေသည်ဟု ပြောလျှင်ပင် မှားလိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက သည်လိုမြင်ကွင်းမျိုးကို အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၌ မြင်တွေ့ခဲ့ဖူးသည်။

ရှေ့ဖြစ်ဟောသူ အသွင်က ပုံမှန်အတိုင်းရှိနေကာ သူက အကွာအဝေးတစ်ခုသို့ ကြည့်လို့နေသည်။

သည်အချိန်မှာပင် မရေမတွက်နိုင်သောဓားများက ပျံသန်းလာကြလေ၏။ သည်ဓားများက အေးစက်ထက်ရှသောအော်ရာကို ပေးစွမ်းလို့နေကာ သည်နေရာသို့ တိုးဝင်လာနေ၏။

လုံလောက်အောင်မသန်မာသည့် ကျင့်ကြံသူများက သည်ဓားများကို နှောက်ယှက်ဝံ့ခြင်း မရှိပေ။

လူအုပ်ကြီးအလယ်၌ လမ်းကြောင်းတစ်ခု ရုတ်တရပ် ဖြစ်ပေါ်သွားတော့သည်။

“အဘိုးကြီး ရှေ့ဖြစ်ဟောသူ…ငါက မင်းရဲ့ မွေးနေ့အခမ်းအနားကို ဘာလို့ မလာရမှာလဲ…” မောက်မာလှသောအသံက ကောင်းကင်နှင့်မြေကြီးကို ဖြတ်၍ ပဲ့တင်ထပ်လို့သွားသည်။ တစ်ပြိုက်နက်တည်းမှာပင် ဓားပျံများက ပြန့်ကျဲသွားကာ အစိမ်းရောင်ဝတ်စုံနှင် အဘိုးအိုတစ်ယောက်၏ အသွင်ပေါ်လာခဲ့သည်။ သည်အဘိုးအို၏ မျက်ခုံးများက ဖြူဖွေးလို့နေ၏။ သူက ပိန်ပါးလှသော်လည်း အလွန်တုန်လှုပ်ဖွယ်အော်ရာကိုပေးစွမ်းလို့နေခဲ့သည်။ သူ့နောက်ကျောတွင်လည်း ပုံရိပ်ယောင်ဓားလေးလက်က တဖျပ်ဖျပ်တောက်ပနေ၏။

သူ့အောက်တွင်တော့ မြွေလိမ်ဓားတစ်လက်ရှိနေကာ ကြမ်းကြုတ်သည့်အော်ရာကို ပေးစွမ်းနေ၏။ သည်မြေလိမ်ဓား၏ မျက်နှာပြင်က သွေးရောင်ရှိနေ၏။ သည်ဓားကို ဓားသူတော်စင်လင်းထျန်ဟူက သန့်စင်ထားခဲ့ခြင်းဖြစ်ကာ ၎င်းကို ကြည့်မိသည့်လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာတုန်ခါမှုကို ခံစားရသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတော်တော်များများ၏ မျက်နှာက ဖြူရောသွားကာ နောက်သို့ပင် ဆုတ်မိသွားကြသည်။

ဝမ်လင်းက သည်မြွေလိမ်ဓားကို စူးစိုက်ကြည့်နေ၏။ သည်ဓားက လင်းထျန်ဟူ ခိုးယူခဲ့သည့် ဒုတိယမြောက် မိုးကောင်းကင်ဘုံဓားပင်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲက တစ်ယောက်က အလျင်အမြန် ထပြောလိုက်သည်။ “ဓားသူတော်စင် လင်းထျန်ဟူ…”

ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ကောင်းကင်ကံကြမ္မာကလန်နှင့် တစ်ပြေးတည်းသန်မာသည့် ကလန်တစ်ခုကတော့ ဓားသူတော်စင်လင်းထျန်ဟူ၏ တာ့လော့ဓားကလန်ပင်။

ဓားသူတော်စင်လင်းထျန်ဟူက သုန်မှုန်စွာရှိနေပြီး သူ့နောက်တွင် မရေမတွက်နိုင်သောဓားများက ဓားတေးသံလှိုင်းများကို ထုတ်လွှတ်လျက်ရှိနေသည်။

လင်းထျန်ဟူက ကျယ်လောင်စွာ ပြောလိုက်သည်။ “တပည့်တွေ…ဒီကိုလာပြီး စီနီယာရှေ့ဖြစ်ဟောသူကို နှုတ်ဆက်လိုက်ကြ…”

သူက ထိုသို့ပြောလိုက်ပြီးနောက် သူ့နောက်မှ ဓားတေးသံများက ပိုမိုသန်မာလာခဲ့သည်။နောက်ဆံးတွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်ကာ ဓားပျံများက တစ်ခုပြီးတစ်ခု အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားကြ၏။ သည်အခိုက်မှာပင် လင်းထျန်ဟူနောက်၌ အစိမ်းရောင်မြူထုကြီးတစ်ခု ဖုံးလွှမ်းလာ၏။

တစ်ပြိုင်နက်တည်းမှာပင် သည်မြူထုထဲကနေ မရေမတွက်နိုင်သောလူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။ အစိမ်းရောင်မြူများ ကင်းစင်သွားသည့်အခါ ဓားသူတော်စင်လင်းထျန်ဟူနောက်၌ မရေမတွက်နိုင်သော သူ့တပည့်များက ဓားများပေါ်၌ ရပ်လျက်ရှိနေသည်ကို ရုတ်တရပ် တွေ့လိုက်ရတော့သည်။

သည်တပည့်များက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူတို့တစ်ယောက်ချင်းစီ၏နောက်၌ ရှေးဟောင်းဓားများကို ချိတ်ဆွဲထားကြသည်။ သူတို့က ရှေ့ဖြစ်ဟောသူကို စူးစိုက်ကြည့်လိုက်ကြ၏။

အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်းက လင်းထျန်ဟူနောက်၌ လူပေါင်းတစ်သောင်းကျော် အနည်းဆုံးရှိမည်ကို သိလိုက်သည်။

“ဒီတော့ ဒီနေရာမှာ မိတ်ဆွေဟောင်းတွေအများကြီး ရှိနေတာပဲ…။ အယ်…အကြီးအကဲစွန်တောင် ဒီမှာရှိနေတာပဲ…” ဓားသူတော်စင်လင်းထျန်ဟူအကြည့်က လူတိုင်းပေါ်ကို ဖြတ်ကျောက်သွားပြီးနောက် အကြီးအကဲစွန်ပေါ်သို့ ကျရောက်သွားသည်။

အကြီးအကဲစွန်က ပြုံး၍ ပြောလိုက်သည််။ “ငါက မိတ်ဆွေကြီး ရှေ့ဖြစ်ဟောသူရဲ့ မွေးနေ့ကို မလာဘဲ ဘယ်နေလို့ရမလဲ…”

လင်းထျန်ဟူက ရယ်မောလိုက်သည်။သည့်နောက်သူက ရှေ့ဖြစ်ဟောသူကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “လူအိုကြီး ရှေ့ဖြစ်ဟောသူ…ဒါက ဘာသဘောလဲ…မင်းက ငါ့ကို မကြိုဆိုချင်ဘူးလား…”

ရှေ့ဖြစ်ဟောသူက ပြုံးလိုက်၏။ “ထားလိုက်ပါ…မင်းလာတာ အချိန်ကောင်းပဲ…ငါရဲ့ ရည်ရွယ်ချက်က ဒီနေရာမှာ ရှိတဲ့ကျင့်ကြံသူတိုင်းအတွက် ကောင်းကင်ဘုံမန္တာန်သရုပ်ပြပေးမလို့ပဲ…။ဒါက အဆင်ပြေတယ်မလား…”

လင်းထျန်ဟူ မျက်လုံးက အေးစက်လာကာ သူက ပြုံးလိုက်သည်။ “ငါ့ စိတ်ဆန္ဒကလည်း အဲ့လိုပဲ…”

ရှေ့ဖြစ်ဟောသူက ပြုံးလိုက်၏။ သည့်နောက် သူက လက်မြှောက်လိုက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။သည့်နောက် သူက ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူတွေ…ငါအသုံးပြုမဲ့မန္တာန်က အလယ်အဆင့်ကောင်းကင်ဘုံမန္တာန်ပဲ…။ ဒီမန္တာန်ကို ငါက အပျက်အစီးဂြိုဟ်တစ်ခုမှာ ရခဲ့တာ…။ ဒါကို ကောင်းကင်ဘုံလမ်းညွှန်မှု မန္တာန်လို့ခေါ်တယ်…။ ဒီမန္တာန်ကိုလေ့လာပြီးတဲ့နောက် ငါက ဒီမန္တာန်ဟာ ကောင်းကင်ဘုံနယ်မြေကလူတွေက ကျင့်ကြံသူတွေဖြစ်တဲ့ ငါတို့ကို ကောင်းကင်ဘုံနယ်မြေထဲ သွားနိုင်ဖို့ ခွင့်ပြုပေးတာကို ရှာတွေ့ခဲ့တယ်…။ ဒါကို အသုံးပြုလိုက်တာနဲ့ အားကောင်းတဲ့မန္တာန်တစ်ခု ဆင်းသက်လာလိမ့်မယ်…ဒါကြောင့် သေချာအာရုံစိုက်ထားကြပါ…”

ဓားသူတော်စင်လင်းထျန်ဟူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ့အကြည့်က အေးစက်စွာဖြင့် ရှေ့ဖြစ်ဟောသူထံသို့ ကျရောက်သွားသည်။

ရှေ့ဖြစ်ဟောသူက ပြုံး၍ သူ့ညာလက်ဖြင့် နောက်ထပ်ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနီရောင်အလင်းတစ်ခုကို ဖန်တီး၏။ သည့်နောက် သူ့ဘယ်ဘက်လက်ဖြင့် နောက်ထပ်ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အနီရောင်အလင်းတန်းက ပိုမိုတောက်ပလို့သွား၏။

ရှေ့ဖြစ်ဟောသူ အသွင်က တည်ငြိမ်နေပြီး သူက လေဟာနယ်ထဲသို့ လက်ညွှန်သည်။ သူ့လက်ထဲရှိ အနီရောင်အလင်းတန်းက ရုတ်တရပ် ပျံသန်းထွက်သွားကာ မိုးကုပ်စက်ဝိုင်းဆီသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။

“အလယ်အဆင့် ကောင်းကင်ဘုံလမ်းညွှန်မှု မန္တာန်…” ရှေ့ဖြစ်ဟောသူ အသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ထက်၌ မိုးကြိုးသံပေါက်ကွဲမှုတစ်ခု ရုတ်တရပ်ပေါ်လာခဲ့သည်။ သည့်နောက် ကောင်းကင်က အနီရောင်သို့ ပြောင်းလဲသွားတော့၏။

ကောင်းကင်က ခုလက်ရှိတွင် လှိုင်းကြမ်းသည့်ပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေရာ ကောင်းကင်ဘုံဖိအားက အထက်ကနေ ဆင်းသက်လာတော့သည်။

သည်ကောင်းကင်ဘုံဖိအားအောက်တွင် များစွာသောကျင့်ကြံသူများ၏ မျက်နှာများက ဖြူရောလာကြသည်။ သူတို့က လျင်မြန်စွာဖြင့် မြေပေါ်သို့ ဆင်းသက်လိုက်ရပြီး ကြာပွင့်သဏ္ဌာန်ထိုင်ကာ ကျင့်ကြံလိုက်ရ၏။

ဝမ်လင်းက ကောင်းကင်ထက်ကို စူးစိုက်ကြည့်နေရင်းဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များက ကဗြောင်းကဗျန် ဖြစ်လာခဲ့သည်။ ကောင်းကင်ထက်ကနေ ထူးဆန်းသောအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရအောင် တုန်ယင်စေသည်။

ဝမ်လင်းက သတ္တုကောင်းကင်ဘုံစွမ်းအင်စက်ဝိုင်းသုံးခုကို ဖန်တီးလိုက်သည့်အခါကျမှ သူက ပုံမှန်ပြန်ဖြစ်သွားတော့သည်။

ဘိုင်ဝေကတော့ သည်အထက်မှ ကောင်းကင်ဘုံဖိအားကို ခဏအကြာသာ တောင့်ခံနိုင်၍ သက်ပြင်းချကာ မြေပေါ်သို့ ဆင်းသက်၍ ကျင့်ကြံလိုက်ရ၏။ ခရမ်းရောင်အုပ်စုခွဲတစ်ခုလုံးတွင် ဝမ်လင်းအပြင် လေးယောက်မြောက်အမကသာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေနိုင်စွမ်း ရှိသည်။

ကျန်သည့် သာမန်တပည့်များအားလုံးက သည်ဖိအားကို တောင့်မခံနိုင်ဘဲ မြေပေါ်သို့ ဆင်းသက်လိုက်ရ၏။

ခရမ်းရောင်အုပ်စုခွဲသာမက ကျန်သည့် အုပ်စုခွဲခြောက်ခု၏ သာမန်တပည့်များအားလုံးနီးပါးကလည်း မြေပေါ်သို့ ဆင်းသက်လိုက်လေ၏။

သို့သော် အုပ်စုခွဲခြောက်ခု၏ ပင်မတပည့်များကတော့ ကောင်းကင်ထက်ကနေ ဆင်းသက်လိုက်ရခြင်း မရှိပေ။ အချို့ကတော့ ဝမ်လင်းကဲ့သို့ ဖြူရောသောဟန်ပန်ဖြင့် ရှိနေကြသည်။ သို့သော် သူတို့ကလည်း သည်ဖိအားကို တောင့်ခံနိုင်စွမ်း ရှိကြ၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲကို ဖြတ်၍ သတ္တုကောင်းကင်ဘုံစွမ်းအင်စက်ဝိုင်းသုံးခုကို လှည့်ပတ်စေပြီးနောက် သူ့အသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။ လေးယောက်မြောက်အမက သူ့ကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရှေ့ဖြစ်ဟောသူအသွင်က လွတ်လပ်စွာရှိနေ၍ သူ့ညာလက်ညှိုးက လင်းထျန်ဟူထံသို့ ညွှန်လိုက်သည်။ သို့ရာတွင် သူ့ညာလက်ချောင်းက ရုတ်တရပ် ရွှေ့လျားသွားပြီးနောက် လင်းထျန်ဟူနောက်ရှိ ဓားပျံများပေါ်ရှိ တပည့်သောင်းချီကျော်ကို လက်ညွှန်လိုက်သည်။

ဓားသူတော်စင်လင်းထျန်ဟူအသွင်က ရှုံ့တွသွားလေ၏။ သူက ရှေ့သို့ လှုပ်ရှားဟန် ပြင်လိက်ပြီးမှ ရှေ့ဖြစ်ဟောသူက ပြုံး၍ ပြောလာခဲ့သည်။ “လမ်းကြောင်း ညွှန်ပြခြင်း…”

သူက ထိုသို့ပြောလိုက်ပြီးနောက် မိုးကြိုးသံများက ကောင်းကင်ထက်ရှိ တိမ်များကနေ ထွက်ပေါ်လာတော့သည်။ ကောင်းကင်တစ်ခုလုံးက ဧရာမလက်ကြီးနှင့် ဆွဲဖြဲခံလိုက်ရသကဲ့သို့ ကြီးမားသည့်အပေါက်ကြီးတစ်ခု ဖြစ်လို့သွားသည်။ သည်တွင်းပေါက်ထဲကနေ ရောင်စုံခုနှစ်ခုအလင်းတန်းက ဆင်းသက်လာခဲ့ကာ လင်းထျန်ဟူနောက်ရှိ တပည့်များအား ဝန်းရံလို့သွားတော့၏။

တာ့လော့ဓားကလန်တပည့်များ၏ အေးစက်စက်အကြည့်များက ပျောက်ကွယ်သွားကြတော့သည်။ထိုအစား သူတို့အသွင်က စိတ်ရှုပ်ထွေးဟန် ဖြစ်လာကြသည်။ သူတို့က သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကောင်းကင်ထက်ရှိ တွင်းပေါက်ကြီးရှိရာသို့ ဖြည်းဖြည်းချင်း ပျံတက်သွားကြတော့သည်။

လင်းထျန်ဟူက မာန်သွင်းကာ သူ့အောက်ရှိ မြွေလိမ်ဓားကလည်း ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

ရှေ့ဖြစ်ဟောသူက ပြုံး၍ သူ့လက်ကို ဆန့်ထုတ်သည်။ မြွေလိမ်ဓားက ရုတ်တရပ် အရှိန်လျော့သွားကာ စတင်ရုန်းကန်နေရသည့်ဟန် ဖြစ်ပေါ်၍ ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သည့် ဓားတေးသံများကို ထုတ်လွှတ်လာခဲ့တော့သည်။

လင်းထျန်ဟူက အေးစက်စွာ မာန်သွင်းလိုက်သည်။သည့်နောက် သူ့မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အလင်းတစ်ခု ပေါ်လာတော့၏။ သူ့မျက်ခုံးနှစ်ခုကြားက အလင်းကပျံသန်းထွက်သွားပြီး ကောင်းကင်ထက်၌ မြောလွင့်နေသည်။ ၎င်းအလင်းက ဧရာမချီလင်သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သည်သားရဲက အလွန်ပင် ကြမ်းကြုတ်လှ၏။ ၎င်းက ရှေ့ဖြစ်ဟောသူကို စူးစိုက်ကြည့်ကာ သူ့ထံသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။

သည်ချီလင်သားရဲပေါ်လာသည့်အခိုက်တွင် ဝမ်လင်းမူလစိတ်ဝိညာဉ်အလံထဲရှိ စိတ်ဝိညာဉ်ဆယ်သန်းအလံထဲကနေလည်း အော်သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset