Switch Mode

အပိုင်း (၅၄၁):

သူ…

မျက်လုံးသုံးလုံးနှင့်ဖျံက ၎င်းမျက်လုံးသုံးလုံးကလွဲ၍ တစ်ကိုယ်လုံး ခရမ်းရောင်ရှိသည်။သည်မျက်လုံးများကတော့ တစ္ဆေဆန်သည့်အလင်းတန်းတို့ကို ထုတ်လွှတ်နေသည်။ ၎င်းက ဝမ်လင်းပုခုံးပေါ်တွင် ရှိနေကာ ဝမ်လင်းကို လေ့လာလို့နေ၏။ ၎င်း၏မျက်လုံးများက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း လှုပ်ရှားမှု လုံးဝမရှိချေ။

ဝမ်လင်းက သည်ဖျံကို ပြန်ကြည့်လိုက်သည်။သူက ၎င်းကိုမြင်ဖူးသလို ခံစားလိုက်ရ၏။

ဖျံမျက်လုံးသုံးလုံးကနေ ကြယ်အလင်းလိုမျိုး ထွက်ပေါ်နေသည်။

“ကြယ်အမှတ်အသား ဖျံ…။ ဒါက ကြယ်အမှတ်အသား ဖျံပဲ…” ဝမ်လင်းမျက်လုံးများက အလေးအနက်ဖြစ်သွားကာ သည်ဖျံကို သူက သိရှိလိုက်၏။

သည်ဖျံနှင့်ပတ်သတ်သည့် အကြောင်းအရာများက သူ ရှေးဟောင်းနတ်ဘုရားထူစီထံကနေ ဆက်ခံထားသည့် အမွေအနှစ်မှတ်ဉာဏ်ထဲ၌ ရှိလို့နေခဲ့သည် မဟုတ်လား။ သည်ဖျံက ထူးဆန်းသောသက်ရှိပုံစံတစ်မျိုးဖြစ်ကာ အာကာသဟင်းလင်းပြင်တွင် နေထိုင်၏။ ၎င်းက အရွယ်ရောက်သည်နှင့် မည်သည့်အသွင်ကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိသည်။ ၎င်းက လူသားပုံစံပြောင်းရင်ပင် အံ့အားသင့်စရာ မရှိ ချေ။ သည့်နောက် ၎င်းက ရုပ်သေးများ ပြုလုပ်ရန်အတွက်လည်း အကောင်းဆုံးပစ္စည်းတစ်ခုလည်း ဖြစ်လို့နေသေး၏။

၎င်းက ကလေးဘဝတွင် သည်ဖျံက များစွာသောအားကောင်းသည့်တိုက်ခိုက်မှုတို့ကို ပြုလုပ်နိုင်ခြင်း မရှိပေ။သို့သော် ၎င်း၏ အမြန်နှုန်းကတော့ အံ့မခန်းပင် ဖြစ်၏။ ထပ်ပြောရလျှင် သည်လိုဖျံမျိုးက သတ္တုများကို ဝါးမြိုရခြင်းအား ကြိုက်နှစ်သက်ကာ ယင်းသို့ဝါးမြိုခြင်းဖြင့် တဖြည်းဖြည်း အရွယ်ရောက်လာလေ့ရှိ၏။ ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲ၌ သည်ကြယ်အမှတ်အသားဖျံနှင့်ပတ်သတ်သော မှတ်ဉာဏ်များစွာ ရှိနေခဲ့သည်။ အရွယ်မရောက်သေးသည် ဖျံပေါ်၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ထွင်းမှတ်ထားခြင်းက အံ့မခန်းအမြန်နှုန်းရှိသည့် ရတနာတစ်ခုကို ဖြစ်အောင်ပြုလုပ်ရာ၌ အဓိကနေရာတွင် ပါဝင်မှု ရှိလေ၏။ သို့ရာတွင် အချိန်များစွာဖြတ်သန်းလာခဲ့ပြီးနောက် သည်လိုဖျံမျိုးက မျိုးတုန်းမသွားခဲ့သော်လည်း များများစားစားလည်း မကျန်ရှိတော့ချေ။

ရှေးဟောင်းနတ်ဘုရားများ ခေတ်တုန်းကဆိုရင် သည်ကြယ်အမှတ်အသားဖျံက အကောင်းဆုံးအိမ်မွေးတိရိစ္ဆာန်အမျိုအစား တစ်ခု ဖြစ်ခဲ့လေ၏။ ရှေးဟောင်းနတ်ဘုရားများက ၎င်း၏အမြန်နှုန်းကို နှစ်သက်ကြလေ့ရှိသည်။ထို့အတူ ကြယ်အမှတ်အသားဖျံများကလည်း အရွယ်မရောက်သေးသည့် ရှေးဟောင်းနတ်ဘုရားများ၏ အော်ရာကို နှစ်သက်လေ့ရှိ၏။

ကြယ်အမှတ်အသားဖျံက အရွယ်မရောက်သေးသည့် ရှေးဟောင်းနတ်ဘုရားနှင့် အတူရှိခြင်းက သူ့အတွက် အကျိုးများစွာ ရရှိစေ၏။ ရှေးဟောင်းနတ်ဘုရားကလည်း ကြီးထွားလာခြင်းနှင့်အတူ သည်ဖျံကလည်း ရှေးဟောင်းနတ်ဘုရားထံက ပိုကျန်သည့် စိတ်ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူ၍ လျင်မြန်စွာ ကြီးထွားလာနိုင်၏။

သည်မျက်လုံးသုံးလုံးနှင့် ဖျံလေး၏ မျက်လုံးများက ကြယ်အလင်းနှင့်ပြည့်နေကာ သူက မူလအရွယ်အစားသို့ ခုထိ မရောက်ရှိသေးချေ။ သည့်အတွက်ကြောင့် ၎င်းက နှစ်တစ်သောင်းပင် သက်တမ်းရှိဦးမည် မဟုတ်ပေ။

ဖျံလေးကို ကြည့်နေရင်း ဝမ်လင်းတွင် အကြံတစ်ခု ရလာခဲ့၏။ သူက သိုလှောင်အိတ်ထဲကနေ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူ၍ ၎င်းပါးစပ်နားသို့ ချလိုက်သည်။

သည်ခရမ်းရောင်ဖျံလေးက သည်ကျောက်တုံကို ကြည့်ပင် မကြည့်ပေ။ ၎င်းက ဝမ်လင်းကိုသာ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လို့နေ၏။ သည့်နောက် ၎င်း၏ ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားပြီး ဝမ်လင်းပုခုံးပေါ်ကနေ ပျောက်ကွယ်လို့သွားတော့၏။

ဝမ်လင်းက သူ့မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်၏။ သည်စိတ်ဝိညာဉ်ကျောက်တုံးက သူ့ကို စွဲဆောင်နိုင်ခြင်းမရှိသည်မှာ သိသာနေသည်မဟုတ်လား။ ဖျံလေးက သူ့ကို စူးစိုက်ကြည့်နေခြင်းက သည်ဖျံကသူ့ထံကနေ ရှေးဟောင်းနတ်ဘုရား၏အငွေ့အသက်ကို သတိပြုမိသောကြောင့် ဖြစ်နိုင်လား။

ဝမ်လင်းထံ၌ ရှေးဟောင်းနတ်ဘုရားအော်ရာ ရှိသော်လည်း သည်အော်ရာကအလွန် အားနည်းလွန်းသည်။ သည်အော်ရာအနည်းငယ်က သူ့မူလခန္ဓာကိုယ်နှင့်ပေါင်းစပ်စဉ်က ကျန်ရစ်ခဲ့ခြင်းပင်။ ခဏအကြာတွင် ၎င်းကပျောက်ကွယ်လို့သွားတော့၏။

သည်အော်ရာအငွေ့အသက်ကြောင့် ခရမ်းရောင်ဖျံလေးက သူ့ထံသို့ ရောက်လာခဲ့ခြင်းပင်။ သို့သော် ၎င်းက သည်အော်ရာမှအလွန်အားနည်းလွန်းသဖြင့် စိတ်ပျက်သွားသည့်ပုံပင်။ သည်ဖျံလေးက သည်အော်ရာသည် မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း သူက သတိပြုမိလိုက်သည့်အခါ၌ အလွန်သက်တောင့်သက်သာ ဖြစ်မှုကို ခံစားခဲ့ရပေသည်။ သည်လိုခံစားချက်က သူမွေးကတည်းက ခုထိမကြုံဖူးသည့်အရာပင် ဖြစ်လေ၏။

စိတ်ဝိညာဉ်ကျောက်တုံးကို ပြန်သိမ်းလိုက်ပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ထပ်မံထုတ်ယူလိုက်၏။

သူက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ထုတ်လိုက်သည်နှင့် ခရမ်းရောင်တစ်ချက်ဖျပ်ခနဲလင်းသွားကာ ဝမ်လင်းလက်ထဲက ကျောက်စိမ်းပြားသည်လည်း ပျောက်ကွယ်လို့သွား၏။

ဝမ်လင်းက ပြုံးလိုက်ပြီးနောက် နောက်ထပ်ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်ခုကို ထပ်မံထုတ်ယူလိုက်သည်။ သည်တစ်ကြိမ်၌ သူက ကျောက်စိမ်းပြားပေါ်၌ အာရုံအပြည့်အဝထားထားလေသည်။ နောက်ထပ် ခရမ်းရောင်အလင်းဖျပ်ခနဲ ဖြစ်သွားပြီး‌နောက် ဖျံလေးက အံမခန်းနှုန်းဖြင့်လှုပ်ရှားလာ၏။ ၎င်းက ချက်ခြင်းပင် ကောင်းကင်ဘုံကျောက်စိမ်းပြားကို ဖမ်းယူ၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေ၏။

ခရမ်းရောင်ဖျံလေး ပြန်ပေါ်လာသည်အခါ ၎င်းက အကြီးအကဲစွန်၏ ပုခုံးပေါ်၌ ရောက်ရှိလို့နေခဲ့ကာ ကောင်းကင်ဘုံကျောက်စိမ်းပြားကို စားနေ၏။ ၎င်းက ဝမ်လင်းကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ သူ့သိုလှောင်အိတ်ကို မျက်စောင်းထိုးနေ၏။

အကြီးအကဲစွန်က သည်အရာကို သတိပြုမိသွားသည့်အခါ သူက ဝမ်လင်းကို ပြုံး၍ ကြည့်ကာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

တိမ်ပေါ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေသည့် ရှေ့ဖြစ်ဟောသူက တာအိုကို စတင်သင်ကြားတော့၏။

“ကောင်းကင်နဲ့မြေကြီးရဲ့ အနုပညာဟာ သံသရာစက်ဝန်းကိုးဆယ့်ကိုးခုကို မူလတစ်ခုတည်းအဖြစ် ကြည့်မြင်ခြင်း ဖြစ်တယ်…။ ငါက ငါ့ကျင့်ကြံမှု သက်တမ်းမှာ မန္တာန်တိုင်းကို မြင်တွေ့ခဲ့ဖူးခြင်း မရှိပေမဲ့ ငါက ဒီမန္တာန်တွေရဲ့ နောက်ကွယ်က အဆီအနှစ်ကို အနည်းငယ်နားလည် သဘောပေါက်ခဲ့တယ်…။ တာအိုကိုကျင့်ကြံခြင်း…တာအိုကို ကျင့်ကြုံခြင်း…။ ကျင့်ကြံခြင်းဆိုတဲ့ စကားရဲ့ အဓိကအချက်က ဘာလဲ…။ တာအို ဆိုတဲ့ စကားရဲ့ အဓိကအချက်က ဘာလဲ…”

“ချီစုဆောင်းခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ အမြုတေဖွဲ့တည်ခြင်း၊ စဦးစိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း၊ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နဲ့ အာဏာတက်ခြင်းအဆင့်တွေကို ကျင့်ကြံခြင်းရဲ့ ပထမဆုံး ခြေလှမ်းလို့ ယူဆလို့ရတယ်…။ ဒီအဘိုးအိုက ဒီအဆင့်တွေဟာ “တာအိုကျင့်ကြံခြင်း” ဆိုတဲ့ စကားနှစ်ခွန်းထဲက “ကျင့်ကြံခြင်း” ဆိုတဲ စကားနဲ့ ပါဝင်ပတ်သတ်နေလိမ့်မယ်လို့ ယုံကြည်တယ်…”

ဝမ်လင်းက သည်စကားကို ကြားလိုက်သည့်အခါ သူက ချက်ခြင်းအလေးအနက်ဖြစ်သွားပြီး ရှေ့ဖြစ်ဟောသူထံ၌ အာရုံအပြည့်အဝစိုက်လိုက်၏။ သူက စတင်ကျင့်ကြံကတည်းက သူက အမြဲတမ်း သူ့ကိုယ်သူ အားကိုးခဲ့ကာ မန္တာန်မျိုးစုံကို စုဆောင်းခဲ့ပေသည်။ သူ့အတွက် အလိုအပ်ဆုံးအရာကတော့ မြင့်မားသောနားလည်မှု ဖြစ်နေခဲ့သည်။

“အာဏာတက်ခြင်းအဆင့် ပြီးတဲ့နောက်မှာ ပုံရိပ်ယောင်၊အထည်ဒြပ် စတဲ့ နယ်ပယ်တွေနဲ့ နိဗ္ဗာနအဆင့်သုံးဆင့်တို့ကတော့ ဒီနေရာမှာ ရှိနေတဲ့ ရောင်းရင်းကျင့်ကြံသူအချို့ တစ်ဆို့နေတယ် အဆင့်တွေ ဖြစ်တယ်…။ ဒါကို ကျင့်ကြံခြင်းရဲ့ ဒုတိယခြေလှမ်းလို့ ဆိုရမယ်…”

“ဒီအဘိုးအို ယုံကြည်တာကတော့ ဒီ ဒုတိယအဆင့်ဟာ ကျင့်ကြံခြင်း နဲ့ တာအို ဆိုတဲ့ စကားနှစ်ခုကို ပေါင်းကူးပေးတဲ့ တံတား တစ်ခု ဖြစ်တယ်ဆိုတာပဲ။ “ကျင့်ကြံခြင်း” ဆိုတဲ့ စကားကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဉ်ကို လုံးဝဖယ်ရှားပြီးရင် “တာအို” ဆိုတဲ့စကားကို ရောက်ရှိမယ်…။ ဒီနေရာမှာ အဓိကသော့ချက်က ကျင့်ကြံခြင်းရဲ့ ဒုတိယ ခြေလှမ်းပဲ…”

“ကံမကောင်းစွာနဲ့ ငါက ဒါကို အကုန်အစင်နားလည် နိုင်စွမ်း မရှိခဲ့ဘူး။ ငါက ဒီတာအိုဆိုတဲ့ စကားကို နားလည်ဖို့ ကြိုးစားလိုက်တိုင်း မမြင်ရတဲ့ အားတစ်ခုက ငါ့ကို အဆုံးမရှိ လာနှောက်ယှက်နေခဲ့တယ်…”

ရှေ့ဖြစ်ဟောသူ၏ အသံက တဖြည်းဖြည်းဖြင့် သည်ဧရိယာအနှံ့သို့ ပြန့်နှံ့လာခဲ့၏။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့သည်။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့မှ အကြီးအကဲစွန်ပင် တိတ်ဆိတ်သွားကာ အကူအညီမဲ့သည့်အသွင် ရှိနေ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကြားမှ တစ်ယောက် မေးလိုက်၏။ “စီနီယာ ရှေ့ဖြစ်ဟောသူ… ကျင့်ကြံခြင်းတာအိုရဲ့ တတိယခြေလှမ်းက ဘာများလဲ…”

သည်လူကအနက်ရောင်ဝတ်စုံနှင့်ဖြစ်ကာ သူ့ပတ်လည် ပေတစ်ရာအတွင်း၌ မည်သူမျှ ရှိမနေချေ။ သူ့ပတ်လည်၌လည်း ကြမ်းကြုတ်သည့်အော်ရာက ဝန်းရံလို့နေ၏။

သူ့မျက်နှာပေါ်ရှိ အမာရွတ်ကလည်း သူ့မျက်ခုံးကြားကနေ လည်ပင်းထိ ရှိလို့နေသည်။

ရှေ့ဖြစ်ဟောသူက ထိုလူကိုကြည့်ကာ ပြောလိုက်သည်။ “တတိယခြေလှမ်းက “တာအို” စကားလုံးရဲ့ အစစ်အမှန်နယ်ပယ်ပဲ…။ လူတစ်ယောက်က တာအို ကို ရောက်ရှိသွားရင် အဲ့နောက်မှာ သူ့ကျင့်ကြံခြင်းကလည်း အံ့မလန်းအဆင့်ကို ရောက်သွားလိမ့်မယ်…။ဒါပေမဲ့ ဒီအဆင့်ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာတော့ ဒီအဘိုးအိုလည်း မသိဘူး…”

“ဒီအဘိုးအိုရဲ့ တာအိုကတော့ ကောင်းကင်ဘုံရဲ့ ကံကြမ္မာပဲ ဖြစ်တယ်…။ ကောင်းကင်ဘုံကံကြမ္မာက ဆန္ဒရှိရင် အရာအားလုံးက အောင်မြင်နိုင်လာလိမ့်မယ်…။ ကံကြမ္မာက ရောက်မလာဘူးဆိုရင်တော့ အရာအားလုံးက ဘေးရောက်သွားလိမ့်မယ်…”

ပတ်ဝန်းကျင်က တစ်ဖန်ပြန်တိတ်ဆိတ်လို့သွား၏။ ဝမ်လင်းက စဉ်းစားနေသည့်အသွင်ဖြစ်နေကာ ရှေ့ဖြစ်ဟောသူ၏ စကားလုံးများကို သေချာနားလည်ရန် ကြိုးစားနေ၏။

“ကျင့်ကြံခြင်းတာအိုက အဆင့်သုံးဆင့်ရှိတယ်…။ငါက ပထမအဆင့်ကိုတောင် လမ်းဆုံးအောင် မလျှောက်လှမ်းရသေးဘူး…။နောက်အဆင့်တွေကလည်း ပို ကြမ်းတမ်းခက်ခဲမှာပဲ…။ လူတွေပြောကြတဲ့ ကျင့်ကြံခြင်းဟာ ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းဆိုတဲ့ဟာက တကယ့်ကိုမမှားဘူးပဲ…”

ဝမ်လင်းက စဉ်းစားနေသည်။ “ရှေ့ဖြစ်ဟောသူက တတိယခြေလှမ်းအဆင့်ကို ရောက်ဖို့လမ်းကြောင်းကို မသိတော့… ဒီတတိယအဆင့်က တကယ့်ကို တည်ရှိနေရဲ့လား…”

ရှေ့ဖြစ်ဟောသူအကြည့်က ဝမ်လင်းထံသို့ ကျရောက်လာ၏။ သည်အခိုက်တွင် ဝမ်လင်းကလည်းခေါင်းမော့လိုက်ရာ ရှေ့ဖြစ်ဟောသူနှင့် အကြည့်ချင်းဆုံသွားတော့၏။

သူက ဝမ်လင်း၏အတွေးကို ဖောက်ထွင်းမြင်ရသကဲ့သို့ ဝမ်လင်းကို နူးညံ့စွာ ပြုံးပြ၍ မေးလိုက်သည်။ “ဝမ်လင်း…မင်းမှာ မေးစရာ ရှိလို့လား…”

ရှေ့ဖြစ်ဟောသူက ထိုသို့ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်များက ဝမ်လင်းထံသို့ ရောက်လာတော့၏။ အထူးသဖြင့် အခြားအုပ်စုခွဲခြောက်ခုမှ တပည့်များပင် ဖြစ်လေသည်။

သည်လိုအခြေအနေတွင် ဆရာကိုယ်တိုင် တပည့်ဖြစ်သူကို မေးခွန်းမေးခွင့် ပေးလိုက်ခြင်းက ကြီးမားသော ဂုဏ်ပြုမှုတစ်ခုဟု ပြော၍ ရသည်မဟုတ်လား။

ဝမ်လင်းအသွင်က တည်ငြိမ်နေကာ သူ့ကလက်သီးနှစ်ဖက်ဆုပ်ကာ လေးစားစွာဖြင့် ရှေ့ဖြစ်ဟောသူကို ပြောလိုက်သည်။ “ဆရာ…တပည့်က တကယ်ပဲ တစ်ချို့နားမလည်တာလေးတွေ ရှိပါတယ်…”

ရှေ့ဖြစ်ဟောသူက သူ့မုတ်ဆိတ်ဖြူကြီးကို ပွတ်၍ ခေါင်းညိတ်ကာ ပြုံးသည်။ “ငါ့ကို ပြောပါ…”

“တပည့်က ကျင့်ကြံခြင်းတာအို ဆိုတဲ့ စကားစုနဲ့ ပတ်သတ်ပြီး မေးခွန်းတစ်ခု ရှိပါတယ်…။ တပည့်တို့ ကျင့်ကြံသူတွေက မကြာခဏ ကောင်းကင်ဘုံကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းအမှန်တရား၊ ကျင့်ကြံခြင်းတာအို ဆိုတဲ့ စကားကို ပြောကြပါတယ်…။ ဒါပေမဲ့ ဆရာက ကျင့်ကြံခြင်းတာအိုဆိုတဲ့ စကားကိုသာ ရှင်းပြခဲ့တယ်…။ ကောင်းကင်ဘုံကျင့်ကြံခြင်းကျတော့ရော ဘာလို့ မပြောတာလဲ…။ ကျင့်ကြံခြင်းအမှန်တရားကရော…။ ဒီ စကားနှစ်ခွန်းနဲ့ ပတ်သတ်ပြီး ဒီနေရာမှာ ပြောပေးနိုင်မလား…”

ရှေ့ဖြစ်ဟောသူက ပြုံး၍ အသိအမှတ်ပြုဟန်ဖြင့် ကြည့်လိုက်သည်။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ အကြီးအကဲစွန်ပင် ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်လေ၏။

“ကောင်းကင်ဘုံသားတွေက ပျောက်ကွယ်သွားခဲ့ကြပြီ…။ ကောင်းကင်ဘုံကျင့်ကြံခြင်းက ရှေးဟောင်းအချိန်တွေတုန်းက ဖြစ်တည်လာခဲ့တာ ဖြစ်တယ်…။ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေက ကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေ တစ်ခု ဖြစ်ခဲ့တယ်…။ ဒါ့ကြောင့်ပဲ ကောင်းကင်ဘုံကျင့်ကြံခြင်းဆိုတဲ့ စကား ဖြစ်လာခဲ့တာ။ အမှန်တရားကတော့…။ အမှန်တရားကတော့ အရာအားလုံးရဲ့ အရင်းမြစ်တစ်ခု ဖြစ်တယ်…။ ကောင်းကင်ဘုံနယ်မြေပျက်စီးသွားပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေကလည်း အမြစ်မရှိတဲ့ သစ်ပင်တွေလို ဖြစ်ခဲ့ကြတယ်…။ ဒီတော့ တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံကျင့်ကြံခြင်းက သူ့အဓိပ္ပာယ်ကို ဆုံးရှုုံးသွားခဲ့တော့တယ်…။ အဲ့နောက်မှာ အမှန်တရား ဆိုတဲ့စကားက ကျင့်ကြံခြင်းရဲ့ ပင်မ ဖြစ်လာခဲ့တယ်…။ ကျင့်ကြံခြင်းအမှန်တရားဆိုတာကတော့ လူတစ်ယောက်သူကိုယ်တိုင် ကျင့်ကြံတဲ့ အမှန်တရားပဲ ဖြစ်တယ်…။ ခုချိန်မှာ ကောင်းကင်ဘုံသားများနဲ့ အမှန်တရား ဆိုတာက အတိတ်တုန်းက အရာတွေ ဖြစ်ကျန်ခဲ့ပြီ…။ ခုငါတို့ လိုက်စားနေတာက တာအို ဖြစ်တယ်…။ ဒါပေမဲ့ ဒီတာအိုကတော့ ကောင်းကင်ဘုံရဲ့ တာအိုတော့ မဟုတ်ဘူး…”

ရှေ့ဖြစ်ဟောသူအသံက တိုးညင်းသွားကာ သူက ထိုနေရာရောက်သည့်အချိန်တွင် ရုတ်တရပ် ရပ်တန့်လို့သွားလေ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း ရုတ်တရပ် ထိန်းချုပ်မှု လွတ်ကင်းပြီး ဆွေးနွေးငြင်းခုံသံများ စတင်ထွက်ပေါ်လာတော့သည်။

သို့ရာတွင် သည်အခိုက်မှာပင် အားကောင်းသောကျင့်ကြံသူအားလုံးက ပြန်လည်တည်ငြိမ်သွားကြကာ သူတို့အသွင်က စောနက ထိန်းချုပ်မှု လွတ်ကင်းပြီး ငြင်းခုန်မှုတို့အတွက် နောင်တရသွားသည့်ဟန် ရှိနေသည်။ သူတို့အားလုံးက ရှေ့ဖြစ်ဟောသူ၏ စကားလုံးများကို နားလည်ကြပေသည်။သို့သော် အချို့ကိစ္စများက ကျယ်ကျယ်လောင်လောင် မပြောသင့်ဘူးမဟုတ်လား။ အကြောင်းကတော့ သည်လိုပြောဆိုခြင်းက အချို့ပြသနာများကို ဖန်တီးမိစေနိုင်ပေသည်။

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းမှ အကြီးအကဲစွန်က မျက်မှောင်ကြုတ်သွားလေ၏။ သူက ချောင်းဟန့်ကာ ရှေ့ဖြစ်ဟောသူကို ကြည့်လိုက်၏။

ရှေ့ဖြစ်ဟောသူက ဖျော့တော့စွာ ပြုံး၍ ဆက်ပြောလိုက်သည်။ ကျင့်ကြံခြင်းတာအို ရဲ့ တာအို ဆိုတဲ့ စကားလုံးက တတိယအဆင့်ကို ရောက်ရှိနိုင်ဖို့ လမ်းကြောင်းအတွက် တာအိုရှာဖွေခြင်းပဲ ဖြစ်တယ်…။ဘယ်သူကမှ ဒီနည်းလမ်းကိုမသိတဲ့အတွက် ငါတို့က ဒီအဆင့်ကို ရောက်ရှိဖို့ ကိုယ်ပိုင်လမ်းကြောင်းနဲ့ ကျင့်ကြံနေရာတာပဲ…။ ဝမ်လင်း ဒါက မင်းမေးခွန်းအတွက် အဖြေ ဖြစ်ရဲ့လား…။

ဝမ်လင်းက စဉ်းစားနေသည့်အသွင် ဖြစ်ပေါ်နေ၏။ ခဏအကြာတွင် သူက ခေါင်းရမ်းကာ ဆက်ပြောလိုက်သည်။ “တပည့်က တတိယအဆင့်က တကယ်ပဲ တည်ရှိရဲ့လား သိချင်မိပါတယ်…”ရှေ့ဖြစ်ဟောသူက သက်ပြင်းချလိုက်၏။ သူ့မျက်နှာပေါ်၌လည်း ဖြစ်တောင့်ဖြစ်ခဲ ပြန်တွေးတောသည့်ဟန် ဖြစ်ပေါ်သွားကာ သူက ပြောလိုက်၏။ လွန်ခဲ့တဲ့ နှစ်သုံးသောင်းတုန်းက ငါလည်း မင်းလိုပဲ ဖြစ်ခဲ့တယ်…။ ငါက တတိယအဆင့်က တကယ်ပဲ တည်ရှိရဲ့လားဆိုတာ သူနဲ့ မတွေ့ခင် အချိန်ထိ သိချင်မိခဲ့တယ်…”

အကြီးအကဲစွန်က “သူ” ဆိုသည်မှာ မည်သူဖြစ်သည်ကို သိနေသည်မှာ သိသာလှ၏။ သူက သည်စကားလုံးများကို ကြားလိုက်ရသည့်အခါ သူ့အသွင်က ရုပ်စိုးလို့သွား၏။ သူက အတိတ်ကို ပြန်တွေးမိဟန်ရသွား၏။ သည့်အပြင် သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။

သည်စကားလုံးများ ထွက်ပေါ်လာသည့်အခါ ကျင့်ကြံသူအားလုံးက တိတ်ဆိတ်သွားကြပြန်သည်။ အားကောင်းလှသော ကျင့်ကြံသူများ၏ မျက်လုံးထဲ၌လည်း ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာကြ၏။

“စီနီယာ ရှေ့ဖြစ်ဟောသူ… သူ ဆိုတာ ဘယ်သူလဲ…”

“မိတ်ဆွေကြီး ရှေ့ဖြစ်ဟောသူ ဒီအကြောင်းကို ကျေးဇူးပြု၍ ရှင်းရှင်းလင်းလင်း ပြောပြနိုင်မလား…”

“ရှေ့ဖြစ်ဟောသူ… သူ ဆိုတဲ့လူနဲ့ တွေ့တော့ ဘာလိုတွေ ဖြစ်ခဲ့တာလဲ…”

ရှေ့ဖြစ်ဟောသူ ပါးစပ်ကနေ ထွက်လာခဲ့သည့် သူ ဆိုသည့် လူနှင့် ပတ်သတ်သည့် မေးခွန်းများက ပွက်လောရိုက်သွားတော့သည်။

အကြီးအကဲစွန်အသွင်က ရုပ်စိုးသွားကာ သူက အလေးအနက် ပြောလိုက်၏။ “တော်လောက်ပြီ…။ ရှေ့ဖြစ်ဟောသူ… ဒီကိစ္စကို ထပ်မပြောတော့နဲ့…”

ရှေ့ဖြစ်ဟောသူ က အကြီးအကဲစွန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ “အမှန်တော့…ငါ့ဘဝရဲ့ အရှုပ်ထွေးဆုံး အချိန်ကာလမှာ ငါက အလွန်ကံကောင်းခဲ့တာပါ…။ အဲ့အချိန်မှာ သူ ပေါ်လာခဲ့တယ်…။ ဒီလူကကျိန်းသေပေါက် တတိယအဆင့်ကို ရောက်နေတဲ့ လူဖြစ်တယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset