Switch Mode

အပိုင်း ( ၅၄၀):

အကြီးအကဲစွန်

ရှေ့ဖြစ်ဟောသူက နှစ်တစ်သောင်းတွင် တစ်ကြိမ်သာ တာအို ပို့ချခြင်း ဖြစ်သည်။ အကြိမ်တိုင်းမှာလည်း ပို့ချမှုကြာမြင့်ချိန်ကတော့ အမျိုးမျိုး ရှိ၏။ သည်အရာကတာအိုကို ရှာဖွေနေသည့်လူတိုင်းအတွက် အခွင့်ရေးကောင်းတစ်ခု ဖြစ်လေသည်။ ရှေ့ဖြစ်ဟောသူ၏ တည်ရှိမှုကြောင့် ထျန်ယွမ်ဂြိုဟ်က တစ်မူထူးသည့်ဂြိုဟ်တစ်ခု ဖြစ်ခဲ့ရခြင်းပင်။

အလွန်ဝေးကွာသောနေရာကနေလာသည့်လူများထဲတွင် အချို့က အလွန်တရာစွမ်းအားကောင်းသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့ရာတွင် သူတို့သည်ပင် ရှေ့ဖြစ်ဟောသူ၏ တာအိုပို့ချမှုကို ဂရုတစိုက် နှလုံးသားဖြင့် နားထောင်ကြလေ၏။

သည်မနက်ခင်းတွင် ကောင်းကင်ကံကြမ္မာကလန်၏ အုပ်စုခွဲခုနှစ်ခုလုံးမှ တပည့်များသည် အနီရောင်အုပ်စုခွဲထံသို့ သွားနေကြ၏။

အနီရောင်အုပ်စုခွဲ၌ တပည့်ခုနှစ်ယောက်လုံး ရှိနေ၏။ သူတို့က ရွှေရောင်နဂါးများ ဝတ်စုံအစွန်းတွင်ထွင်းထာသည့် အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ခုနှစ်ယောက်လုံးက အနီရောင်အလင်းတန်းခုနှစ်ခုအသွင်ပြောင်း၍ အနီရောင်အုပ်စုခွဲကနေ ပျံသန်းထွက်လာကြသည်။အနီရောင်အုပ်စုခွဲ၏ အထက်ကောင်းကင်၌ သူတို့က ပင်မကလန်ရှိရာသို့ လေးစားစွာ ဦးညွတ်လိုက်ကြသည်။

အနီရောင်အုပ်စုခွဲ လှုပ်ရှားပြီးနောက် လိမ္မော်ရောင်အုပ်စုခွဲက အနီးကပ်လိုက်ပါ၏။လိမ္မော်ရောင်အုပ်စုခွဲတွင်လည်း လိမ္မော်ရောင်ဝတ်စုံနှင့် လူခုနှစ်ယောက် ရှိလို့နေသည်။ သူတို့ကလည်း အနီရောင်အုပ်စုခွဲပြုလုပ်သလို လေးစားစွာ ဦးညွတ်လိုက်ကြပြန်၏။

သည့်နောက် အဝါရောင်၊အစိမ်းရောင်၊မိုးပြာရောင်နှင့် အပြာရောင်အုပ်စုခွဲတို့ကလည်း အသီးသီး လေးစားသမှု ပြုလိုက်ကြသည်။ သည့်အုပ်စုခွဲခြောက်ခုပြီးနောက် ခရမ်းရောင်အုပ်စုခွဲအလှည့်သို့ ရောက်လာခဲ့သည်။ တကယ်တော့ ခရမ်းရောင်အုပ်စုခွဲက ကောင်းကင်ကံကြမ္မာကလန်တွင် အားအနည်းဆုံး ဖြစ်၏။

အခြားကလန်ခြောက်ခု၏ အထင်သေးသည့်အကြည့်များက သူတို့ထံသို့ ကျရောက်လာ၏။ သည့်အကြည့်ထဲ၌ အေးစက်မှု၊လှောင်ပြောင်မှု၊ မထိမဲ့မြင်နိုင်မှုတို့နှင့် ပြည့်နေ၏။ သည့်အကြည့်များက ခရမ်းရောင်အုပ်စုခွဲ၏ သုံးယောက်ထံသို့ ဓားသွားအလား ကျရောက်လာခဲ့သည်။

ဘိုင်ဝေအသွင်ကတော့ ပုံမှန်ပင်။သူက သည်အရာနှင့်အသားကျနေသည်မှာ ရှင်းလင်းလှ၏။

လေးယောက်မြောက်အမ၏ မျက်နှာပေါ်တွင်တော့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်ပြည့်နေသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားကာ စကားတစ်ခွန်းမှတော့ မဆိုချေ။

ဝမ်လင်းက တည်ငြိမ်သောမျက်နှာနှင့် ရှိနေပြီး အခြားအုပ်စုခွဲခြောက်ခု၏ တပည့်တစ်ယောက်ချင်းစီကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ပို၍ တွေ့မြင်ရလေလေ ပို၍ တုန်လှုပ်မိလေပင်။ သူ့မျက်လုံးသူငယ်အိမ်ပင် မဆိုသလောက် ကျုံ့သွားခဲ့မိ၏။

အခြားကလန်ခြောက်ခု၏ တပည့်များထဲတွင် သူသိသည့်သူ သုံးယောက်သာ ရှိလေ၏။ တစ်ယောက်တော့ အဆင့်သုံးအပြာရောင်အုပ်စုခွဲ၏ စီမာယုဖန်၊ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့် အထွတ်အထိပ်တွင် ရှိနေသည့်သူ ဖြစ်သည်။ သူက အာဏာတက်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့၏။

အခြားတစ်ယောက်ကတော့ အစိမ်းရောင်အုပ်စုခွဲက ဝမ် လို့အမည်ရသည့်လူတစ်ယောက်ဖြစ်သည်။ သူက ဝမ်လင်းကို မြင်လိုက်သည့်အခါ သူ့အကြည့်က မထူးမခြားနားပင်။ သူ့ကျင့်ကြံမှုအဆင့်ကလည်း ဝမ်လင်းထက်များစွာမြင့်၍ အာဏာတက်ခြင်းအဆင့်သို့ ခြေလှမ်းတစ်ဝက်နင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

သည်နှစ်ယောက်အပြင် နောက်ထပ်တစ်ယောက်လည်း ရှိသေး၏။ သည်လူကတော့ ဝမ်လင်းနှင့် အလွန်ရင်းနှီးလေ၏။ သူကတော့ ကောင်းကင်ဘုံနယ်မြေ၌ ချီဟူနှင့်တိုက်ခိုက်ခဲ့သော သက်လတ်ပိုင်းလူကြီးဖြစ်ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အသုံးပြုခဲ့သည့်သူပင်။

အတိတ်တုန်းကတော့ သည်လူ၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးချေ။သို့သော် ခုသူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တွင် ရှိလို့နေခဲ့၏။ သူက လိမ္မော်ရောင်အုပ်စု၏ လေးယောက်မြောက်နေရာတွင် မတ်တပ်ရပ်လို့နေသည်။ သူကလည်း ဝမ်လင်းကို ကြည့်လို့နေ၏။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်မိလိုက်သည့်အခါ သည်လူက ဝမ်လင်းကို မှတ်မိလိုက်သဖြင့် စိတ်ရှုပ်ထွေးသွားဟန်ရ၏။သည့်နောက် သူက ထူးဆန်းစွာ ပြုံးလိုက်၏။

ဝမ်လင်းက အသက်ဝဝရှုသွင်းမိလိုက်သည်။ အတိတ်တုန်းက သူက ကောင်းကင်ကံကြမ္မာကလန်နှင့်ပတ်သတ်၍ များများစားစား မသိခဲ့ချေ။သို့သော် ခုချိန်၌ သည်လူက ကောင်းကင်ဘုံနယ်မြေမှာတုန်းက သူ့ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားခဲ့ကြောင်း သေချာသိနေ၏။

တမ်လင်းက ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားသည်ကို တွေးမိသော်လည်း သူတို့နှစ်ယောက်ကြားရှိ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်က ကြီးမားသဖြင့် ဝမ်လင်းက သည်လူ့ကို အမှန်ဖြတ်မြင်နိုင်စွမ်းတော့ မရှိချေ။

သူကအခြားအုပ်စုခွဲခြောက်ခု၏ တပည့်များကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်၏။ သူက သူတို့တစ်ဝက်ကျော်၏ ကျင့်ကြံခြင်းအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ပေ။

“ကောင်းကင်ကံကြမ္မာကလန်က တကယ့်ကို စွမ်းအားကောင်းလှတာပဲ….ငါ့ ခရမ်းရောင်အုပ်စုခွဲကလွဲလို့ ဒီအုပ်စုခွဲတွေထဲက တစ်ယောက်ဆိုရင်တောင် ဟင်္သာပြဒါးဂြိုဟ်မှာ စိတ်ကြိုက် လုပ်နိုင်တယ်…။ ကျူးချွဲဇီတောင် ဟင်္သာပြဒါးချိပ်ပိတ်ခြင်းကို အသုံးမပြုရင် ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး…”

ဝမ်လင်းအသွင်က သာမန်သာ ရှိသော်လည်း သူ့စိတ်ထဲတွင်တော့ သုန်မှုန်နေခဲ့သည်။

အုပ်စုခွဲခုနှစ်ခု၏ ပင်မတပည့်များ ရောက်လာပြီးနောက် သာမန်တပည့်များသည်လည်း ပျံသန်းလာကြသည်။ သည်လူအားလုံးကတော့ တာအို ရှာဖွေခွင့် မရှိပေ။ အရည်အချင်းရှိသူနှင့် ကျင့်ကြံမှုအဆင့်မြင့်သူတို့သာ တာအိုသင်ကြာခြင်းကို အနီးကပ် နားထောင်ခွင့် ရှိပေ၏။

အုပ်စုခွဲခုနှစ်ခု၏ သာမန်တပည့်များက တစ်ယောက်ပြီး တစ်ယောက်ရောက်လာပြီး ပင်မတပည့်များနောက်၌ ရပ်လို့နေလိုက်ကြသည်။ သူတို့အရေအတွက်က များပြားလွန်းသည့်အတွက် ပင်မတပည့်များနောက်နောက်၌ ယပ်တောင်ကြီးတစ်ခုလိုမျိုး ဖြစ်လို့နေတော့သည်။

သည့်အတွက်ကြောင့် အုပ်စုခွဲများ၏ ခွန်အားကွာခြားချက်ကလည်း သိသာလာခဲ့သည်။ အနီရောင်အုပ်စုက အသန်မာဆုံးဖြစ်ကာ ၎င်းတို့နောက်ရှိ တပည့်အများစုကလည်း သန်မာသည့်သူများသာ ဖြစ်နေသည်။

ခရမ်းရောင်အုပ်စုခွဲ ဝမ်လင်းနောက်ရှိ တပည့်များကတော့ သိသာစွာပင် သူတို့အောက်တွင် ရှိနေ၏။

“မောင်လေးခုနှစ်က ငါတို့ ခရမ်းရောင်အုပ်စုခွဲက အားလျော့နေတယ်လို့ တွေးနေလာတား…” ဝမ်လင်းက စဉ်းစားနေစဉ်တွင် လေးယောက်မြောက်အမ၏ ဝမ်းနည်းပူဆွေးသည့် အသံက သူ့နားထဲသို့ ရောက်လာခဲ့တော့သည်။

သူက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ အသံပြန်ပို့လွှတ်လိုက်၏။ “ခရမ်းရောင်အုပ်စုခွဲက အခြားအုပ်စုတွေနောက်မှာ အများကြီး ကျန်နေခဲ့တာပဲလေ…”

လေးယောက်မြောက်အမက သက်ပြင်းချကာမေးလိုက်သည်။ “နင်က ဘာကြောင့် အဲ့လို သိရတာလဲ…”

“ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါ…” ဝမ်လင်းအမူအရာက တည်ငြိမ်လို့နေ၏။

“အဓိကပြသနာကတော့ ခရမ်းရောင်အုပ်စုခွဲက အုပ်စုတွင်း တိုက်ခိုက်မှုတွေ အများကြီး ရှိနေလို့ပဲ…။ ဒါ့ကြောင့် အစစ်အမှန်တပည့်နေရာက မကြာခဏပြောင်းလေ့ရှိတယ်…။ အခြားအုပ်စုခြောက်ခုကတော့ အဲ့လိုမဟုတ်ဘူး။ သူတို့မှာက နှစ်ထောင်ချီကြာတဲ့ အစစ်အမှန်တပည့်တွေ ရှိကြတယ်။ ဒါ့ကြောင့် ခရမ်းရောင်အုပ်စုခွဲက တဖြည်းဖြည်းနဲ့ အင်အားလျော့ပါးလာခဲ့တာပဲ …။ ဂျူနီယာမောင်လေးစွန်ယွမ်ရှိတုန်းကလိုလဲ တက်ကြွမှုအားမာန်တွေ မရှိတော့ဘူး…” သူမက ခါးသီးစွာ သက်ပြင်းချက်၍ စကားဆက်မဆိုတော့ချေ။

အုပ်စုခွဲခုနှစ်ခုလုံး၏ သာမန်တပည့်များ အားလုံးစုံသွားပြီးနောက် အလယ်ဗဟိုနှင့်ဝေးသောနေရာတွင်လည်း မွေးနေ့ပွဲကို လာရောက်ကြသည့်လူများ ရှိနေကြသည်။ တာအိုကို ရှာဖွေမည်သူ့က သူတို့ကျင့်ကြံမှုအဆင့်နှင့် အဆင့်အတန်းက မည်သို့ပင်ဖြစ်နေပါစေ သူတို့က မွေးနေ့ပွဲကိုလာသည်နှင့် သည်နေရာသို့ တာအိုလာရောက်ရှာဖွေရန် ခွင့်ပြုထားပြီး ဖြစ်သည်။

လူများပိုပိုရောက်လာကြကာ ကီလိုမီတာတစ်သောင်းပတ်လည်၌ ကျင့်ကြံသူများဖြင့် တဖြည်းဖြည်း ပြည့်လာခဲ့တော့သည်။

ဝမ်လင်းက လူမည်မျှရောက်လာသည်ကိုပင် မသိရှိတော့ချေ။ သည်တစ်ကြိမ်က ကောင်းကင်ကံကြမ္မာကလန်ရှေ့ဖြစ်ဟောသူ၏ အဆင့်အတန်းကို ဝမ်လင်းအနေနှင့် ပထမဆုံး တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။

သိပ်မကြာခင်တွင် သက်တံ့ရောင်အလင်းတန်းက ကောင်းကင်ကံကြမ္မာကလန်၏ ပင်မနေရာကနေ ပျံ့သန်းလာလေ၏။ သည်အလင်းတန်းက ကောင်းကင်ကို ဖြတ်၍ ကလန်တပည့်များ ရှိနေသောနေရာပေါ်ကနေ ကျော်လွန်သွားသည်။ သက်တံရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက် သူတို့ရှေ့အလင်းတန်းထဲကနေ ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့လေ၏။

သည်အခိုက်တွင် အုပ်စုခုနှစ်ခု၏ ပင်မတပည့်များအားလုံးက ဦးညွတ်ကာ ပြောလိုက်ကြသည်။ “ဆရာ့ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက အခြားလူများနှင့်အတူ လေးစားစွာဖြင့် ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်လိုက်လေသည်။

သည့်နောက် သာမန်တပည့်များသည်လည်း တစ်ပြိုင်နက်တည်းနှုတ်ဆက်လိုက်ကြ၏။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”

သည့်နောက် ဧည့်သည်များက နှုတ်ဆက်လိုက်ကြ၏။ အချို့က ကျယ်လောင်စွာအော်ဟစ် နှုတ်ဆက်သော်လည်း အချို့ကတော့ ခေါင်းညိတ်ရုံသာ နှုတ်ဆက်လိုက်ကြသည်။

အဘိုးအိုက နှေးကွေးဟန်ရသော်လည်း သူက အသက်သုံးခါရှုချိန်အတွင်းမှာပင် သူတို့အားလုံး၏အထက် ကောင်းကင်သို့ ရောက်ရှိသွားတော့သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်၍ အဘိုးဘိုက ပြုံးကာတည်ငြိမ်စွာ ပြောလိုက်၏။ “ငါ ရှေ့ဖြစ်ဟောသူက အချိန်အတန်ကြာ ကျင့်ကြံခဲ့တဲ့အတွက် ကောင်းကင်နှင့်မြေကြီးကို နားလည်နိုင်ခဲ့တယ်…။ဒီနေ့မှာ ငါက ရောင်းရင်းကျင့်ကြံသူတွေကို ငါရရှိထားတဲ့ ဉာဏ်အလင်းအချို့ကို တွေ့ကြုံစေမှာ ဖြစ်တယ်…။ ဒီအဘိုးအိုရဲ့ တာအိုက ကောင်းကင်ဘုံရဲ့ကံကြမ္မာနောက်ကို လိုက်လံခြင်းပဲ ဖြစ်တယ်…။ ငါပြောတဲ့အထဲမှာ တစ်ခုခုအမှားပါခဲ့ရင် သင်တို့က ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”

သူက သည်နေရာသို့ ရောက်သည့်အခါ စကားပြောနေသည်ကို ရုတ်တရပ်ရပ်တန့်၍ သူ့အထက်ရှိ လေဟာနယ်ထံသို့ ကြည့်လိုက်၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ဒါပေမဲ့ ငါက တာအိုအကြောင်း မပြောခင် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းက ငါရဲ့သူငယ်ချင်းဟောင်းတစ်ယောက်က ဦးဆုံး စကားပြောပေးလိမ့်မယ်…”

ရှေ့ဖြစ်ဟောသူက ထိုသို့ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်တိတ်ဆိတ်လို့သွားကာ လူတိုင်းက သူတို့ထက်ရှိ လေဟာနယ်ကို မော့ကြည့်လိုက်ကြသည်။ အထူးသဖြင့် စွမ်းအားကောင်းသောကျင့်ကြံသူများက ချက်ခြင်းပင် နိုးနိုးကြားကြားဖြစ်သွားကာ အံ့အားသင့်သောအကြည့်များကို ထုတ်ဖော်လာကြလေ၏။

လေဟာနယ်ထဲက ထွက်ပေါ်လာသည့်ရယ်သံက သည်တိတ်ဆိတ်မှုထဲ၌ ပဲ့တင်ထပ်လို့သွားတော့သည်။

တစ်ချိန်တည်းမှာပင် မရေမတွေက်နိုင်သောရွှေရောင်အလင်းတန်းက ကီလိုမီတာငါးထောင်အတွင်း ရုတ်တရပ် ပေါ်လာခဲ့သည်။ သည်ရွှေရောင်အလင်းများ ပေါ်လာပြီးနောက် ၎င်းအလင်းအားလုံးက တစ်နေရာတွင် စုဝေးသွားကြ၏။

အဆုံးသပ်၌ သည်ရွှေရောင်အလင်းတန်းများက တစ်နေရာတည်းတွင် စုဝေးသွားချိန်၌ နေမင်းအရောင်ပင် ဆုံးရှုံ့းလို့သွား၏။ ကောင်းကင်နှင့်မြေကြီးကလည်း ၎င်းတို့၏ အရောင်အဆင်းကို ဆုံးရှုံးသွားကာ ကမ္ဘာလောက၌ သည်ရွှေရောင်အလင်းတစ်ခုသာ ကျန်တော့သည်ဟု ထင်မှတ်ရလေ၏။

ရွှေရောင်အလင်းထဲကနေ လူတစ်ယောက်က ဖြည်းညင်းစွာ လှမ်းလျောက်ထွက်လာခဲ့သည်။ သည်လူ့၏ ဆံပင်များက လေမတိုက်ဘဲ လှုပ်ခတ်လို့နေသည်။ သူက မှုန်ဝါးဝါးအသွင်သာရှိ၍ တိုက်ပွဲစစ်နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်ရ၏။

သူက အသက်လေးဆယ်ပတ်လည်ခန့်သာ ရှိသည့်ပုံပင်။ သူ့မျက်လုံးများကလည်း အလင်းတန်းအလား တောက်ပနေ၏။ သူ့ကို ကြည့်နေသည့်လူတိုင်းက တုန်ယင်ကာ သူက မတ်တပ်ရပ်နေရုံဖြင့်ပင် သူ့ထံက ပြင်းထန်သောဖိအားကို ပေးစွမ်းလို့နေခဲ့၏။

သည်လူကတော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့နောက်ကျော၌လည်း မျက်လုံးသုံးလုံးဖျံတစ်ကောင် ရှိလို့နေ၏။ သည်ဖျံ၏မျက်လုံးကလည်း အလင်းတန်းအလားထင်မှတ်ရသည်။ ၎င်းက အရာအားလုံးကို အေးစက်စွာ ကြည့်လို့နေ၏။

ရှေ့ဖြစ်ဟောသူအသွင်ကတော့ ပုံမှန်ပင်။ သူက သက်လတ်ပိုင်းလူကြီးကို တွေ့မြင်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။ “ဒါက အကြီးအကဲစွန်…။ရှေ့ဖြစ်ဟောသူက အကြီးအကဲစွန်ကို နှုတ်ဆက်ပါတယ်…။ ငါက အကြီးအကဲစွန်ရဲ့ ကိုယ်ပွားဟာ ဒီအဘိုးအိုရဲ့ ဘာမဟုတ်တဲ့မွေးနေ့အတွက် လာလိမ့်မယ်လို့ ထင်မထားမိဘူး…။ငါက တကယ့်ကို ဂုဏ်ယူမိပါတယ်…”

ရှေ့ဖြစ်ဟောသူ၏ စကားများက လေးစားသမှုနှင့် ရှိနေသည်။ သူက ယဉ်ကျေးသမှုကို ပြသနေခြင်း မည်ပေ၏။

သက်လတ်ပိုင်းလူကြီးက စိတ်ထဲမထားပေ။ သူက ရွှေရောင်အလင်းထဲကနေ ထွက်လာပြီးနောက် လက်နောက်ပစ်ထားလိုက်သည်။ သူ့နောက်ရှိ ရွှေရောင်အလင်းက တဖြည်းဖြည်းမှိန်ဖျော့သွားကာ ရွှေရောင်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားကာ သူက ဖမ်းယူလိုက်၏။

“မွန်းစတားအို ရှေ့ဖြစ်ဟောသူ…ငါက မင်းရဲ့ နှစ်တစ်သောင်းကြာတစ်ခါလုပ်တဲ့ မွေးနေ့ကို ဘာလို့မလာရမှာလဲ…” သက်လတ်ပိုင်းလူကြီးက ရယ်မောပြောဆိုပြီးနောက် သူ့လက်ထဲရှိ ဓားကို ရှေ့ဖြစ်ဟောသူထံသို့ ပစ်လွှတ်လိုက်၏။

“ငါက အလျင်စလို လာခဲ့ရတာဖြစ်တဲ့အတွက် လက်ဆောင်ကောင်းကောင်း မပြင်ဆင်ခဲ့ရဘူး…။ ဒီဓားကတော့ အလယ်အလတ်အဆင့် ကောင်းကင်ဘုံရတနာတစ်ခု ဖြစ်တယ်…။ဒါ့ကြောင့် ဒီဓားမှာ စွမ်းအားအချို့တော့ ရှိတယ်…။ မင်းက သက်တံ့ရောင်ကို နှစ်သက်တာ ငါသိတဲ့အတွက် ဒိရွှေရောင်ဓားကို မြေကြီးအဝါရောင် အရိပ်ထဲ့ထားတယ်…။ ဒါ့ကြောင့် ဒါက မင်းအကြိုက်ဖြစ်မှာပါ…”

ရှေ့ဖြစ်ဟောသူက ပြုံးလိုက်၏။ သူက ဓားကိုလက်ခံလိုက်ပြီးနောက် အဝါရောင်အုပ်စုခွဲရှိ လူတစ်ယောက်ထံသို့ ပစ်ပေးကာ ပြောလိုက်သည်။ “ခွန်ပိုင်ဇီ…ငါက ဒီဓားကို မင်းအတွက် လက်ဆောင်အဖြစ် ပေးတယ်…”

အဝါရောင်အုပ်စုခွဲရှိ ခွန်ပိုင်ဇီခန္ဓာကိုယ်က တုန်ယင်သွားကာ သူက သည်ဓားကို ဖမ်းယူလိုက်၏။ သူ့နှလုံးသားထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေကာ သူက ပြန်ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…ဆရာ…”

သက်လတ်ပိုင်းလူကြီးက ခေါင်းရမ်းကာ ခါးသက်စွာပြုံး၏။ “မင်းစိတ်နေစိတ်ထားကတော့ မပြောင်းလဲသေးဘူးပဲ…”

ရှေ့ဖြစ်ဟောသူက ပြုံးရုံသာပြုံး၍ ပြန်တုန့်ပြန်ပြောဆိုခြင်း မပြုတော့ချေ။ ထိုအစားသူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီအဘိုးအို သင်ပေးမဲ့ တာအိုကတော့ ကောင်းကင်ဘုံကံကြမ္မာတာအိုပဲ ဖြစ်တယ်…။ ဘယ်သူပဲဖြစ်ဖြစ် သဘောမတူတာ တစ်ခုခုရှိရင် ဒါကို ဖော်ပြနိုင်ပြီး ငါတို့က တာအိုရဲ့အသီးအပွင့်တွေကို ဆွေးနွေးကြမယ်…”

ထိုသို့ပြောပြီးနောက် ရှေ့ဖြစ်ဟောသူက သူ့အင်္ကျီလက်အိုးကို ခါရမ်းကာ ထိုင်ချလိုက်သည်။ သူထိုင်ချလိုက်သည့်အခိုက်တွင် တိမ်ထုတစ်ခုက သူ့အောက်၌ ပေါ်လာခဲ့တော့၏။

ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကနေ ရောက်လာခဲ့သည့် သက်လတ်ပိုင်းလူကြီးကလည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။ သူကလည်း ရှေ့ဖြစ်ဟောသူထံသို့ အာရုံစိုက်ကာ တာအိုကို စူးစမ်းရှာဖွေရန် အသင့်ပြင်လိုက်၏။ မျက်လုံးသုံးလုံး ဖျံကတော့ သူ့ပုခုံးထက်ကနေ ပျံဆင်းသွားသည်။၎င်းက အလင်းထက်ပင်မြန်ဆန်လှကာ သဲလွန်စမရှိ ပျောက်ကွယ်လို့သွားတော့သည်။

ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့လို့သွားသည်။ သည်လိုအမြန်မျိုးက လခြမ်းကွေးဓားသွား၏ စွမ်းအားပြည့်အမြန်နှုန်းဖြင့်သာ ယှဉ်နိုင်စွမ်းရှိမည့်အရာပင်။

သူက စဉ်းစားနေရင်းဖြင့် ရုတ်တရပ် သူ့ပုခုံးပေါ်တွင် လေးလံမှုတစ်ခုကို ခံစားလိုက်ရသည်။ မျက်လုံးသုံးလုံးဖျံက သူပင်သတိမထားမိဘဲ သူပုခုံးပေါ်တွင် ရောက်နေခဲ့တော့၏။ သည်ဖျံလေးက ဝမ်လင်းကို ကြည့်လို့နေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset