Switch Mode

အပိုင်း (၅၃၉):

စက်ဝန်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “လေးယောက်အမ…နင့်ရဲ့ ဂျူနီယာမောင်လေးငါ့ကို တည်နေရာရွှေ့ပြောင်းခြင်း မန္တာန် ဘယ်အချိန်သင်ပေးမလဲ သိချင်မိပါတယ်…”

အမလေးက ဝမ်လင်းကို ကြည့်ကာ ပြုံးလိုက်၏။ သူမက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။

“ငါက အစတုန်းကတော့ ဆရာ့ရဲ့မွေးနေ့မတိုင်ခင်မှာ နင့်ကို ပြန်လွှတ်ပေးမလို့ စီစဉ်ထားခဲ့ပါသေးတယ်…။ဒါပေမဲ့ နင်က နင်ကိုယ်တိုင် ချိုးဖျက်လာနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး…။မောင်ခုနှစ် ငါက ဒီကိစ္စမှာ တကယ်ပဲ အကူအညီမဲ့ခဲ့ရတယ်…။ဂျူနီယာမောင်လေးက ငါ့ကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်…။ဒီကျောက်စိမ်းပြားထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်အပြင် အတိတ်တုန်းက ဆရာငါ့ကို သင်ပေးခဲ့တဲ့ အတးအဆီးတစ်ခုလည်း ပါတယ်…။ ဒီအတးအဆီးက ဆရာ အဆင့်နိမ်ကောင်းကင်မန္တာန်တစ်ခုကို လေ့လာပြီးတော့ ပြန်ပြုပြင်ထားတဲ့ဟာ…။ ဒါ့ကြောင့် ဒါရဲ့စွမ်းအားက တကယ့်ကို ကြီးမားတယ်…။ ဒါက ငါ့အစောပိုင်းက လုပ်ရပ်အတွက် လက်ဆောင်အဖြစ် ပြန်ပေးတယ်လို့ သတ်မှတ်လို့ရတယ်…”

ဝမ်လင်းကကျောက်စိမ်းပြားကို လက်ခံကာ အမလေးကို ကြည့်ကာ အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

လုံးဝမလိုအပ်ဘူးဆိုလျှင်သူက သူ့အမလေးနှင့်ဆက်ဆံရေး မပျက်ယွင်းချင်ပေ။ တကယ်တော့ သူမက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တွင် ရှိနေသည့်သူမဟုတ်လား။ သူမက သူ့ကို သည်တစ်ချိန်လုံး မည်သည့်မလိုမုန်းထားမှုမှ မပြသခဲ့ပေ။ လွန်ခဲ့သောသုံးလကပင် သူမက သူ့ကို အတားအဆီးတစ်ခုနှင့် ချိပ်ပိတ်ထားရုံသာ ရှိ၍ အန္တရာယ်ပေးရန် ကြိုးစားခဲ့ခြင်း မရှိပေ။

ဘိုင်ဝေကတော့ ပြုံး၍ ပြောလိုက်၏။ “ညီခုနှစ်…ကြည့်ရတာ ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်က မင်းအတွက် သေချာနေပြီ…။ ဒီစီနီယာအကိုက မင်းကို ကြိုပြီးဂုဏ်ပြုပါတယ်…” သူက သူ့အရက်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်လေ၏။

ဝမ်လင်းက ပြုံး၍ သူ့အရက်ခွက်ကို ကောက်ကိုင်ကာ သောက်လိုက်သည်။ သူက မတ်တပ်ထရပ်ကာ လက်သီးနှစ်ဖက်နှုတ်ဆက်ဟန်ပြု၍ ပြောလိုက်သည်။ “ငါက ခု လုပ်စရာကိစ္စလေးတွေ ရှိလို့ ငါတို့မနက်ဖြန်မှ တွေ့ကြတာပေါ့…”

ဘိုင်ဝေက ပြုံး၍ ခေါင်းညိတ်သည်။ “သွားပါ…ညီခုနှစ်…မင်းက ငါတို့နဲ့ ပတ်သပ်ပြီး စိုးပူစရာ မလိုပါဘူး…”

အမလေးကလည်း ခေါင်းညိတ်လိုက်လေ၏။ သူမက ပြုံးရုံသာပြုံးကာ မည်သည့်စကားမျှ မဆိုချေ။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ အလင်းတန်းအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းထွက်ခွာသွားပြီးနောက် ဘိုင်ဝေနှင့် အမလေးတို့ကလည်း စကားအနည်းငယ်ပြောကာ လမ်းခွဲသွားကြတော့သည်။

ခရမ်းဝေခန်းမသို့ ပြန်လာသည့်လမ်းတွင် ဘိုင်ဝေမျက်လုံးထဲ၌ ရက်စက်သည့်အကြည့်တို့ပေါ်ထွက်လာခဲ့၏။ သူက ကောင်းကင်ကံကြမ္မာပင်မကလန်ရှိရာသို့ ကြည့်လိုက်ပြီး သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဆရာက စီနီယာအကိုရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးမျိုးစေ့ကို စိုက်ပေးခဲ့တာက တကယ့်ကို မမျှတတာပဲ…။ ခု နတ်ဆိုးက နိုးထလာတဲ့အချိန်မှာတော့ စီနီယာအကိုရဲ့ ကျင့်ကြံခြင်းက ပြန်ကောင်းလာဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး…။ ဒီလိုသာ ဖြစ်ရင် ငါက လက်စားပြန်ချေနိုင်တော့မှာ မဟုတ်ဘူး…။ ငါက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်သင့်လဲ…”

သူက ခရမ်းဝေခန်းမသို့ သုန်မှုန်သောမျက်နှာပေးဖြင့် ပြန်ရောက်လာခဲ့တော့သည်။

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် သူက လမ်းမှာတွေ့ရသည့် အခြားကလန်မှ ကျင့်ကြံသူများကို နှုတ်ဆက်လာခဲ့၏။ ခဏအကြာတွင် သူက ခရမ်းရောင်သစ်တောခန်းမသို့ ပြန်ရောက်လာခဲ့သည်။

သည်သုံးလအတွင်း ခရမ်းသစ်တောခန်းမက အရင်တိုင်းသာ မပြောင်းလဲဘဲ ရှိလို့နေ၏။ သူက တတိယအထပ်သို့ တန်းမတ်စွာ ဝင်သွားကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။

သည်ကျောက်စိမ်းပြားက အမလေး သူ့ကို ပေးခဲ့သည့်ဟာ ဖြစ်သည်။

ကီလိုမီတာသောင်းချီ၍ လှုပ်ရှားနိုင်သည့် အတားအဆီးတစ်ခုက တကယ့်ကို အသက်ကယ်နိုင်သည့် နည်းစနစ်တစ်ခုပင် မဟုတ်လား။ သူက ၎င်းကို ပထမဆုံး မြင်လိုက်သည့်အခါတွင်ပင် လိုချင်နေခဲ့ခြင်း ဖြစ်သည်။ သူက ကျောက်စိမ်းပြားကို စစ်ကြည့်လိုက်ပြီးနောက် စတင်မျက်မှောင်ကြုတ်မိသွားသည်။

သိပ်မကြာခင်တွင် သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ စဉ်းစားသည့်အသွင် ဖြစ်သွား၏။

“ဒီတော့ ဒါက ဒီကြီးကျယ်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အတားအဆီး လုပ်ဆောင်တဲ့နည်းပေါ့…။ ဒီနည်းလမ်းက တည်နေရာရွှေ့ပြောင်းတဲ့အခါ အချိန်ကို အချိန်ကို တွန့်ကြေခွဲထွက်သွားစေအောင် အသုံးပြုတာပေါ့။ အရင်ဆုံး လူတစ်ယောက်က သူ့ကိုယ်သူ ဒီအတားအဆီးနဲ့ ချက်ခြင်း ချိပ်ပိတ်ပစ်တယ်…။ အဲ့အခါကျရင် တည်နေရာရွှေ့ပြောင်းခြင်းကို အကြိမ်များစွာ ပြုလုပ်ပြီး ထူးဆန်းတဲ့အားတစ်ခုကို ထုတ်လွတ်အောင် လုပ်ရတယ်…။ အဲ့နောက်မှာ ချိပ်ပိတ်မှု ပြေလျော့သွားတာနဲ့ ဒီထူးဆန်းတဲ့အားက ပေါက်ကွဲထက်သွားပြီး အဆများစွာပိုအားကောင်းတဲ့ တည်နေရာရွေ့ပြောင်းခြင်းတစ်ခုကို ဖန်တီးပေးတာပဲ…”

“ဒီနည်းက ရိုးရှင်းလှပေမဲ့ အမှန်တကယ်အသုံးပြုဖို့အတွက်ကြတော့ ပြသနာအများအပြား ရှိနေတယ်…။ သင်က သင့်ကိုယ်သင် ချိပ်ပိတ်ရာမှာ ကောင်းကောင်း မထိန်းချုပ်ရင် ဒါက မင်းကိုယ်မင်း လေဟာနယ်အက်ကွဲကြောင်းထဲ ပို့လိုက်သလို ဖြစ်သွားလိမ့်မယ်…”

“ဒါ့အပြင် တည်ကျတဲ့နေရာကို တည်နေရာ ရွေ့ပြောင်းနိုင်တဲ့ နည်းလမ်းလည်း မရှိဘူး…။ ဖြစ်နိုင်တာကတော့ အမလေးက သူ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့် နတ်ဘုရားအာရုံနဲ့ ထျန်ယွမ်ဂြိုဟ်အကြောင်းနားလည်မှုကြောင့် ငါ့ကို သစ်တောဆီ တည်နေရာ ရွှေ့ပြောင်းနိုင်ခဲ့တာ ဖြစ်ရမယ်…”

“ဒါပေမဲ့…ဘလိုပဲ ဖြစ်ဖြစ် ဒီမန္တာန်ကတော့ တကယ့်ကို ထူးခြားလှတာပဲ…”

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်လေသည်။ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်သွားကာ တစ်ချိန်တည်းမှာပင် သူ့လက်က ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကိုပြုလုပ်လိုက်လေ၏။ သူက လက်မြှောက်လိုက်ရာ ငွေရောင်အလင်းက သည်ဧရိယာကို ဖုံးလွှမ်းလို့သွားတော့သည်။

သည်ငွေရောင်အလင်းတန်းပေါ်လာသည့်အခါတွင် ဝမ်လင်းက သူ့ပတ်လည်၌ ရေများဝန်းရံသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ပင်လယ်ထဲသို့ နစ်မြုပ်တော့မည့်အလားပင်။ သည့်နောက် သူ့ပတ်လည်ရှိ လေဟာနယ်က စတင်ပြီး အထည်ဒြပ် ရှိလာတယ်လို့ ခံစားမိတော့၏။

သူက သည်ခံစားချက်ကို ဂရုတစိုက် မှတ်သားထားလိုက်သည်။ထို့နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွာကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၏။ ပုံမှန်ဆိုလျှင် သည်ခြေလှမ်းက သူ့ကို ကီလိုမီတာ ထောင်ချီသာ သွားရောက်နိုင်စေမည် ဖြစ်သည်။

သို့သော် ခုချိန်၌ သူ့ခန္ဓာကိုယ်က ရှေ့သို့ခြေတစ်လှမ်းသာ ရွေ့လျားသွားသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နောက်တစ်လှမ်း ထပ်လှမ်း၏။ သည့်နောက် သူက ရပ်တန့်ခြင်းမရှိဘဲ ဆက်ကာ ဆက်ကာ လှမ်းသွားသည်။ ခြေလှမ်း စုစုပေါင်း ခုနှစ်လှမ်း။

သည်ခြေလှမ်းခုနှစ်လှမ်း လှမ်းလိုက်ခြင်းက ဝမ်လင်းကို အမြင့်၌ မြောလွင့်သွားစေ၏။ သူက မြေပြင်ထက်တွင် တစ်လက်မခန့် ကြွတက်နေကာ သူ့ပတ်လည်ရှိ ငွေရောင်အလင်းကလည်း ဖျပ်ခနဲဖြစ်၍ ပျောက်ကွယ်သွားတော့သည်။

ငွေရောင်အလင်းပျောက်ကွယ်သွားချိန်၌ ဝမ်လင်းက အားကောင်းသော ဆုတ်ဖြဲသည့်အားတစ်ခုက သူ့ပတ်လည်တွင် အရပ်မျက်နှာအစုံကနေ စုဝေးလာသည်ဟု ခံစားလိုက်ရသည်။သည်အချိန်မှာပင် သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းလွတ်ကာ ပျောက်ကွယ်လို့သွားတော့သည်။

ကီလိုမီတာငါးသောင်းအကွာတွင် တောင်တစ်ခုထံက‌နေ ငွေရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ထိုတောင်ကနေ ထွက်ပေါ်လာခဲ့တော့၏။

သည့်နောက် ဝမ်လင်းက ဖုန်မှုန့်ထုကြားကနေ လှမ်းလျှောက်၍ ထွက်လာခဲ့တော့သည်။

သူက စိတ်လှုပ်ရှားနေဟန် ရကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီ တည်နေရာရွှေ့ပြောင်းခြင်းအတားအဆီးက တကယ့်ကို မိုက်တာပဲ…။ ငါက ခုချိန်မှာ ထျန်ယွမ်ဂြိုဟ်ကို လာခဲ့လို့သာပေါ့…။ ဟင်္သာပြဒါးဂြိုဟ်မှာပဲ ရှိနေရင် ဒီလိုမန္တာန်မျိုးကို ငါက ဘယ်လိုလုပ် သင်ယူနိုင်ပါ့မလဲ…”

“အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတွေကသာ ဒီလိုအကွာအဝေးမျိုးကို တည်နေရာ ရွှေ့ပြောင်းနိုင်လိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်…”

သည်အခိုက်တွင် ဝမ်လင်းစိတ်ထဲ၌ အလွန်လွတ်လပ်မှုကို ခံစားနေရ၏။ သူက ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လမင်းကို ကြည့်လိုက်သည်။သည့်နောက် ရယ်မောလိုက်လေတော့၏။ သူက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သူ့တွင် ငြိတွယ်နေသည့် ဖုန်မှုန်များကလည်း ပျောက်ကွယ်သွားလေတော့၏။

လရောင်အောက်၌ ဝမ်လင်းက အလင်းတန်းတစ်ခုအသွင်သို့ပြောင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွားလေတော့သည်။

သူက ပျံသန်းနေရင်း ကျောက်စိမ်းပြားကိုထုတ်၍ အမလေး သူ့ကို ပေးခဲ့သော ဒုတိယအတားအဆီးတစ်ခုကို စစ်ဆေးကြည့်လိုက်သည်။

သူက ၎င်းကို စစ်ဆေးကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ သူက ကောင်းကင်ထက်၌ ရပ်တန့်ကာ မျက်မှောင်ကြုတ်လို့သွားသည်။

“ဒုတိယအတားအဆီးကကျတော နာမည် မရှိဘူးပဲ…။ဒါက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုတဲ့ နည်းလမ်းတစ်ခုပဲ…။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ဖြတ်သန်းမသွားခိုင်းဘူး…။အဲ့အစား ဒီစွမ်းအင်တွေက ဝဲကတော့လိုမျိုး လှုပ်ရှားစေတာပဲ…။ စုစုပေါင်း ဝဲကတော့ကိုးခုကို လှည့်ပတ်ရတာပဲ…။ ဝဲကတော့ကို ခန္ဓာကိုယ်ထဲမှာ ကြာကြာရှိစေလေလေ ဒီနည်းလမ်းကလည်း ပိုအားကောင်းလာလေပဲ…”

“လေးယောက်မြောက်အမရဲ့ မှတ်သားထားမှုအရဆိုရင် ဆရာက သူမကု ဒီမန္တာန်ကို ပေးတုန်းက သူက ဒီဟာကို စက်ဝန်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်ဆိုတဲ့ အဆင့်နိမ့်ကောင်းကင်မန္တာန်က ဖန်တီးထားတာလို့ သူမကို ပြောခဲ့တယ်…”

“ဒီနည်းစနစ်က တုပထားတဲ့ဟာပဲ…။ဒါ့ကြောင့် မင်းက စက်ဝန်းကိုးခု ရောက်အောင် လှည့်ပတ်နိုင်ရင် ကောင်းကင်ဘုံမန္တာန်ရဲ့ စက်ဝန်းသုံးခု လှည့်ပတ်တာလောက်ပဲ သန်မာလိမ့်မယ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ယင်းနည်းလမ်းကို ခုချက်ခြင်း အသုံးပြုကြည့်ရန် မလုပ်တော့ချေ။ သူက သူ့နတ်ဘုရားအာရုံဖြင့် တိတ်ဆိတ်သည့်နေရာတစ်ခုကို ရှာက သေချာလေ့လာမှုကို စတင်လိုက်၏။

ဝမ်လင်းက အဆင်အခြင်မဲ့သည့်လူမျိုး မဟုတ်ချေ။ သူက လေးယောက်မြောက်အမက သူ့ကို သည်နည်းလမ်းအား အလွတ်တကူပေးလိုက်ကတည်းက သူက ၎င်းကို ကျင့်ကြံရန် မဆုံးဖြတ်ခင် အရင်ဆုံး သဘာဝကျလား သေချာအောင် စမ်းစစ်ကြည့်ဦးမည် ဖြစ်သည်။

အချိန်အတန်ကြာ ဂရုတစိုက် လေ့လာပြီးနောက် ဝမ်လင်းက သူ့ကိုယ်ပိုင်ဗဟုသုတများကို သုံး၍ စစ်ထူနန်သင်ပေးခဲ့သော သတ်ဖြတ်ခြင်းမန္တာန်သုံးခုနှင့်နှိုင်းယှဉ်ကာ သည်အတားအဆီးနည်းစနစ်က အမှန်ပင် ဖြစ်ကြောင်း သေချာသိသွား၏။

“စက်ဝိုင်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်း နည်စနစ်…” ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားကာ သူက ဆုံးဖြတ်ချက်ချလိုက်၏။ သည့်နောက် အသက်ဝဝရှုသွင်းကာ သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ကာ နှစ်ပိုင်းခွဲလိုက်၏။ ညွှန်ကြားချက်အတိုင်းဆိုရင် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်လို့ရသည့် နေရာတစ်ခုတွင်ထားကာ စတင်လှည့်ပတ်စေရမည် ဖြစ်သည်။

ဝမ်လင်းကသာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကို မရောက်ရှိသေးလျှင် သည်လိုမန္တာန်ကို လုံးဝ ကျင့်ကြံ၍ ရမည် မဟုတ်ချေ။ သို့သော် ခုချိန်၌ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် သူ့ခန္ဓာကိုယ်ကို သန့်စင်ပြီးဖြစ်သည့်အတွက်ကြောင့် သူ့သေမျိုးခန္ဓာကိုယ်ကို စွန့်ပစ်နိုင်ပြီး ကောင်းကင်ဘုံသား ခန္ဓာကိုယ်တစ်ခုကို ရရှိခဲ့ပြီ မဟုတ်လား။

သူ့ သည်ကောင်းကင်ဘုံခန္ဓာကိုယ်က အကောင်းဆုံးမဟုတ်ဘဲ အလယ်အဆင့်သာ ရှိသေးသော်လည်း သည်အရာက ဝမ်လင်းအတွက် လုံလောက်ပေ၏။ သည်ကောင်းကင်ဘုံခန္ဓာကိုယ်၏ အရည်အသွေးကပင် သူ့သေမျိုးခန္ဓာကိုယ်ထက် အဆများစွာသာလွန်နေသည်မဟုတ်လား။

သည့်အတွက်ကြောင့်လည်း ဝမ်လင်းက မန္တာန်များအသုံးပြုခြင်းကို ရတနာများအသုံးပြုခြင်းထက် ပို၍နှစ်သက်မိခြင်းပင်။အကြောင်းကတော့ ကောင်းကင်ဘုံမန္တာန်များကို ကျင့်ကြံခြင်းက လူတစ်ယောက်၏ အရည်အချင်းနှင့် စိတ်ဝိညာဉ်အရင်းမြစ်တို့နှင့် များစွာ သက်ဆိုင်ပေသည်။

အရည်အချင်းကင်းမဲ့သူက သည်လိုမန္တာန်မျိုးကို ဘယ်သောအခါမှ သင်ယူနိုင်မည် မဟုတ်ချေ။ အရည်အချင်းကင်းမဲ့သည့် လူတစ်ယောက်က အကြိမ်ထောင်ပေါင်းများစွာ ကြိုးစားရမည် ဖြစ်ကာ အရည်အချင်းရှိသူကတော့ တစ်ကြိမ်တည်းနှင့် လုံလောက်ပေသည်။

ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ထိန်းချုပ်မှုအောက်တွင် စတင်လှည်ပတ်လာသည်။ သိပ်မကြာခင်တွင် ၎င်းစွမ်းအင်က စက်ဝိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိသွား၏။ ပထမဆုံး စက်ဝိုင်းတစ်ခုလိုအပ်ချက်ကို ပြီးပြည့်စုံသွားသည်။

စက်ဝိုင်းတစ်ခုက ပြီးပြည့်စုံသွားချင်းချင်း ထက်ရှသောအားတစ်ခုကို ဖြစ်တည်လာစေ၏။ ဝမ်လင်းက ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံဖြင့် ၎င်းစက်ဝိုင်းကို လေ့လာလိုက်သည်။ တဖြည်းဖြည်းဖြင့် သူက နားလည်မှုအချို့ ရရှိလာခဲ့၏။

စက်ဝိုင်းကိုးခု ကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်က ကောင်းကင်ဘုံသတ္တုအားနှင့် ဖန်းတီးထားခြင်းပင်။

ဝမ်လင်းက ကောင်းကင်ဘုံသတ္တုအားကို ထိန်းချုပ်ကာ ဖြည်းညင်းစွာ လှည့်ပတ်စေရင်း စဉ်းစားလို့နေ၏။ သူက ဒုတိယစက်ဝိုင်းကို ပြီးပြည့်စုံချင်နေခဲ့သည်။

ဒုတိယစက်ဝိုင်းက ပထမစက်ဝိုင်းထက် ဖြစ်ပေါ်လာချိန်က နှေးလေ၏။ အမွှေးတိုင်သုံးတိုင် ထွန်းစာ ကြာချိန်ပြီးနောက် ၎င်းကလည်း ပြီးပြည့်စုံသွားခဲ့သည်။

ဒုတိယစက်ဝိုင်း ပြီးပြည့်စုံသွားသည့်အခါ ထက်ရှသောအားက ဆယ်ဆခန့် တိုးလာ၏။ သူ့ခန္ဓာကိုယ်ထဲကလည်း သိသောသော နာကျင်မှုကို ခံစားလာရသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းက တဖြည်းဖြည်းချင်း စတင်မှိန်ဖျော့သွား၏။

ဝမ်လင်းက ၎င်းစက်ဝိုင်းကို အချိန်အတန်ကြာ စမ်းစစ်ကြည့်ပြီးနောက် သူက အံကြိတ်၍ တတိယစက်ဝိုင်းကို စတင်လိုက်ပြန်သည်။

တတိယစက်ဝိုင်းဖြစ်တည်လာရန် တစ်နာနီးပါး ကြာမြင့်လေ၏။ တတိယစက်ဝိုင်း ပြည့်စုံသွားသည့်အချိန်တွင် များစွာသောကောင်းကင်ဘုံသတ္တုစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းရွေ့လျားလာကာ သူက ကိုယ်တွင်းအင်္ဂါများထံက အခြားပုံမှန်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ခြားနားနေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ပုံမှန်အဖြူရောင်ကောင်းကင်ဘုံစိတ်ဝိညာဉ်က ယင်းရွှေရောင်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် တွေ့ဆုံသည့်အခါ ကြောက်လန့်ဟန်ဖြင့် ဘေးသို့ ဖယ်ရှားသွားလေသည်။

အဆုံးတွင်တော့ ဝမ်လင်းက ရွှေရောင်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို သူ့ဘယ်ဘက်လက်တွင်စုဝေးစကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သာမန်အတိုင်း ရွေ့လျားခွင့် ပြုလာနိုင်ခဲ့သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ဘယ်ဘက်လက်ထံသို့ တိုးဝင်ရွေ့လျားလာကြခြင်း မရှိပေ။

“ဒီ စက်ဝိုင်းကိုးခုကောင်းကင်ဘုံသန့်စင်ခြင်းနည်းစနစ်ကနေ ဖန်တီးထားတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝင်စားစရာပဲ…။ ခုငါက ဒီဟာရဲ့ စွမ်းအားက ဘယ်လိုမျိုးလဲ ဆိုတာတော့ မသိသေးဘူး…” သူ့မျက်လုံးက တလက်လက်ဖြစ်နေကာ သူက ၎င်းစွမ်းအင်ကို အသုံးမပြုသေးချေ။ ထိုအစား သူ့လက်၌ ချိပ်တံဆိပ်တစ်ခုကိုဖန်တီးကာ တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်ကို အသက်သွင်းလိုက်၏။ ငွေရောင်အလင်း ပေါ်လာသည့်အခါတွင် သူက ခြေခုနှစ်လှမ်း လှမ်းလိုက်သည်။

ငွေရောင်အလင်းပျောက်ကွယ်သွားမှုနှင့်အတူ ဝမ်လင်းသည်လည်း ပျောက်ကွယ်လို့သွားတော့၏။

ခရမ်းရောင်အုပ်စုခွဲ၏ အပြင်ဘက်တွင် ငွေရောင်တစ်ချက် လင်းလက်သွား၏။ ဝမ်လင်းသည်လင်း ထိုအလင်းကနေ လှမ်းလျှောက်ကာ ထွက်လာခဲ့တော့သည်။တကယ်တော့ သူက သည်နည်းစနစ်ကို နှစ်ကြိမ်သာ အသုံးပြုရသေးခြင်း ဖြစ်သဖြင့် ယင်းတည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ်၏ အမြန်နှုန်းနှင့် အသားကျခြင်း မရှိသေးချေ။

ဝမ်လင်းက ပြန်ပေါ်လာပြီးနောက် ခရမ်းသစ်တောခန်းမထံသို့ ပျံသန်းသွားတော့သည်။ ခုချိန်၌ ညအချိန်က ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ နေ့အချိန်သို့ စတင်ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။

သည်နေ့က ရှေ့ဖြစ်ဟောသူက တာအို ပို့ချမည့်နေ့ဖြစ်သည်။ သည်အရာက ရှေ့ဖြစ်ဟောသူ၏ မွေးနေ့ကို လာကျသော ဧည့်သည်အားလုံး မျှော်လင့်ထားသည့်နေ့လည်း ဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset