အရှေ့အရပ်မှ ခရမ်းရောင်အော်ရာက လျင်မြန်စွာဖြင့် သည်နေရာကို ဖုန်းအုပ်လာသည်။ သည်အော်ရာကနေ အသံလှိုင်းပေါက်ကွဲမှုများကိုပင် ပဲ့တင်ထပ်စေလေ၏။
ခရမ်းရောင်အုပ်စုခွဲရှိ အမျိုးမျိုးသော ဧည့်သည်ကျင့်ကြံသူများက သည်ပုံမှန်မဟုတ်မှုကို သတိပြုမိလိုက်ကြသည်။ သူတို့က ဝိုင်ခွက်များကို ပြန်ချကာ အရှေ့အရပ်သို့ ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
“သူက အတားအဆီးကို ချိုးဖျက်လိုက်နိုင်တဲ့အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်ကို ရောက်သွားတာပဲ…” ကျောက်ရှန်းရှအသွင်က အလွန်ရုပ်စိုးလာခဲ့သည်။ သူက လက်သီးတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ လက်ထဲရှိ ဝိုင်ခွက်က အမှုန့်ဖြစ်သွားတော့သည်။ သူသာမက သူ့ဘေးရှိ အကိုနှစ်သည်လည်း တုန်လှုပ်ဟန် အကြည့်ဖြစ်ပေါ်နေသည်။သူ့မျက်လုံးများက သုန်မှုန်နေကာ မတ်တပ်ထရပ်လိုက်သည်။သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အလင်းတန်းအသွင်သို့ပြောင်း၍ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွား၏။ ဘိုင်ဝေမျက်လုံးထဲ၌ ထူဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွားကာ သူက ဝိုင်ခွက်ကို ကောက်၍၍အနည်းငယ် သောက်လိုက်၏။ သူ့မျက်နှာပေါ်၌လည်း အပြုံးတစ်ခုပေါ်လာခဲ့သည်။
ဝမ်လင်းကို ပိတ်လှောင်ခဲ့သူ လေးယောက်မြောက်အမကတော့ အလွန်ပင်တည်ငြိမ်ကာ သူမက တစ်လက်မပင် မရွေ့ချေ။
ခရမ်းရောင်အုပ်စုခွဲ၏ အကိုနှစ်ဖြစ်သူ သက်လတ်ပိုင်းလူကြီးက ရှေ့သို့ ထိုးတက်သွားကာ အော်ပြောလိုက်သည်။ “ဒီနေ့က ကောင်းကင်ကံကြမ္မာကလန်ရဲ့ မွေးနေ့ပွဲအခမ်းအနား ဖြစ်တယ်…။ ဒီမွေးနေ့ပွဲကို လာနှောက်ယှက်တဲ့ ဘယ်သူမဆို မေးမြန်းခြင်း မရှိ သတ်ဖြတ်ခြင်း ခံရလိမ့်မယ်…” သူက ထိုသို့ပြောရင်းဆိုရင်းဖြင့်ပင် သူ့လက်ကို ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ “ကမ္ဘာမြေစွမ်းအား…”
သူက ထိုသို့ပြောဆိုလိုက်ပြီးနောက် အဝါရောင်နှင့်မြေကြီးရောင်ရောနှောနေသည့်အလင်းတစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့လေ၏။ ၎င်းက ချက်ခြင်းပင် ဖုန်ထုအဖြစ်သို့ပြောင်းကာ အရှေ့အရပ်က ခရမ်းရောင်အော်ရာထံသို့ မုန်တိုင်းတစ်ခုကဲ့သို တိုးဝင်လို့သွားသည်။
ဝမ်လင်းမျက်လုံးများက ကြမ်းကြုတ်လို့နေသည်။ ခြေတစ်လှမ်းဖြင့်ပင် သူက တိမ်ထုပေါ်၌ပေါ်လာခဲ့တော့သည်။ သည်အခိုက်တွင် အကိုနှစ်ထံမှ သဲဖုန်မှုန်မုန်တိုင်းကလည်း ရောက်ရှိလာတော့၏။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေသည်။ သူ့တွင် မည်သည့်ကြောက်လန့်မှုမှ ရှိမနေခဲ့ချေ။ သူက ရှေ့သို့ဆက်လာ ရွေ့လျားလာခြင်းကို ရပ်တန့်ခြင်းပင် မရှိချေ။ သူက ရှေ့သို့ ဆက်တိုးလာပြီး သိုလှောင်အိတ်ထဲက အတားအဆီးအလံကို လက်ထဲ၌ ဆွဲကိုင်လိုက်၏။ တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် မရေမတွက်နိုင်သောအတားအဆီးများက ပျံသန်းထွက်လာကာ သူ့ကို ဝန်းပတ်သွာ၏။ သိပ်မကြာခင်တွင် ၎င်းက အတားအဆီးများဖြင့် ပြုလုပ်ထားသည့် အနက်ရောင်မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။
တစ်ချက်လှည့်ပတ်သွားမှုနှင့်အတူ ၎င်းက အားကောင်းသော လေကြမ်းတစ်ခုကို ဖန်တီးလိုက်သည်။
တိုးဝင်လာနေသည့် သဲမုန်တိုင်းက ၎င်းလေကြမ်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။ သဲမုန်တိုင်းက နီးကပ်လာသည်နှင့် ၎င်းက အနက်ရောင်မုန်တိုင်း၏ တစ်ဝက်ဆွဲဖြဲခြင်းကို ခံလိုက်ရတော့သည်။ သဲမုန်တိုင်းက နှစ်ခြမ်းကွဲသွားပြီးနောက် အတားအဆီးအလံဖြင့်ဖန်တီးထားသော မုန်တိုင်းထဲသို့ နစ်မြုပ်သွားတော့သည်။
ဝမ်လင်းက မုန်တိုင်းအပြင်ကနေ ခြေလှမ်း၍ တည်ငြိမ်စွာ ထွက်လာကာ အကိုနှစ်ကို အေးစက်စွာ စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “မင်းငါ့ကို နှောက်ယှက်တာ နှစ်ကြိမ် ရှိပြီ…။ ငါမင်းကို မသတ်ပစ်ရင် ငါက ဝမ်လင်းမဟုတ်တော့ဘူး…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့ညာလက်လက်ညှိုးကို မြှောက်လိုက်၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကနေ လှုပ်ရှားလို့လာကာ သူ့လက်ချောင်းထိပ်၌ နတ်ဆိုးမီးနောက်အမျှင်တန်းတစ်ခု ဖြစ်ပေါ်လို့လာလေ၏။
သက်လတ်ပိုင်းလူကြီးအသွင်က ပြောင်းလဲသွားကာ သူက အော်ပြောလိုက်သည်။ “ညီခုနှစ်…ဒါက ဆရာ့ရဲ့ မွေးနေ့အခမ်းအနား ဖြစ်တယ်…။ ဒီနေရာမှာ ရောင်းရင်းကျင့်ကြံသူများစွာ ရှိနေတဲ့အတွက် အဆင်အခြင်မဲ့စွာ မပြုမူပါနဲ့…”
ဝမ်လင်းအသွင်က တည်ငြိမ်နေပြီး သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ကျင့်ကြံသူများအားလုံးက အေးစက်စွာ ကြည့်နေကာ သူတို့အားလုံးက မည်သူကိုမျှ ကူညီမည့် ရည်ရွယ်ချက် မရှိသည့်ပုံပင်။
“ရောင်းရင်းကျင့်ကြံသူတွေ…ဒီနေ့က ခရမ်းရောင်အုပ်စုခွဲရဲ့ ပြိုင်ပွဲနေ့လည်း ဖြစ်တယ်…။ အပြင်ကလူတွေ ဝင်ပတ်သတ်ဝံ့ရင် ဒီကိစ္စအတွက် ကောင်းကင်ကံကြမ္မာကလန်ကို အပြစ်မတင်ကြနဲ့…” ဝမ်လင်းက အေးစက်စွာ ပြောလိုက်ပြီး သူက ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ့လက်ညှိုးကို သက်လတ်ပိုင်းလူကြီးထံသို့ ဖိနှိပ်လိုက်သည်။
သက်လတ်ပိုင်းလူကြီးက နောက်သို့ လျင်မြန်စွာ ဆုတ်သွား၏။ သူက အရင်တုန်းကလည်း သည်မီးတောက်ကို ခံစားဖူးခဲ့သည်မဟုတ်လား။ ခုတစ်ကြိမ် သူက ၎င်းကို ထပ်မံတွေ့လိုက်သည့်အခါ နောက်ဆုတ်ရမည်ဆိုသည့်အတွေးက သူ့စိတ်ထဲသို့ အလိုလိုပေါ်လာခဲ့တော့သည်။
သည်အခိုက်တွင် ကျောက်ရှန်းရှက သုန်မှုန်စွာဖြင့် ရှေ့သို့တိုးလာကာ သက်လတ်ပိုင်းလူကြီး ရှေ့သို့ ရောက်လာခဲ့သည်။သူက ပြောလိုက်သည်။ “ညီခုနှစ်…မင်းခုန်ကို ပြန်လာထိုင်ပါ…။ဒီနေ့က ငါတို့ ခရမ်းရောင်အုပ်စုခွဲရဲ့ ပြိင်ပွဲနေ့ မဟုတ်သေးဘူး…”
ဝမ်လင်းက ကျောက်ရှန်းရှကို ကြည့်ပင် မကြည့်ချေ။ သူက လက်ချောင်းက ဖျပ်ခနဲ ဖြစ်သွားပြီး နတ်ဆိုးမီးတောက်က ရှေ့သို့ ထိုးတက်သွားသည်။ နတ်ဆိုးအလင်းတန်းက ဝမ်လင်းလက်ချောင်းရှိ နတ်ဆိုးမီးတောက်က ကြီးမားသည့်မီးတောက်ကြီးအသွင်သို့ ပြောင်း၍ ခရမ်းရောင်တိမ်များကို ဖုံးအုပ်လို့သွားသည်။
“နတ်ဆိုးမီးတောက်…” အရာအတော်များများကို မြင်တွေ့ခဲ့ဖူးသည့် မျိုးစုံသောကလန်များမှ လူများက သည်မီးတောက်ကို ချက်ခြင်း သိရှိလိုက်ကြသည်။
“ကောင်းကင်ကံကြမ္မာကလန်က လူတစ်ယောက်ရဲ့ ဆန္ဒနောက်ကိုပဲ လိုက်လေ့ရှိတယ်…။ဒါ့ကြောင့် နတ်ဆိုးမီးတောက်ကို အသုံးပြုလိုက်တဲ့ လူတစ်ယောက်ကြောင့် သူတို့က အံ့အားသင့်ခြင်း မရှိသော်လည်း ဒီလူကတော့ သူတို့နှင့် လုံးဝ ရင်းနှီးနေခဲ့ခြင်း မရှိဖြစ်လို့နေတယ်…။ ငါက ဒီခရမ်းရောင်အုပ်စုခွဲမှာ ဒီလိုလူတစ်ယောက်ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး…”
“ငါကတော့ ရောင်းရင်းကျောက်က သူ့ကို ညီခုနှစ်လို့ ခေါ်တာ ကြားလိုက်တယ်…ဒီလူက ခရမ်းရောင်အုပ်စုခွဲရဲ့ ခုနှစ်ယောက်မြောက်တပည့်များ ဖြစ်နေမလား…။ စွန်ယွမ်ကလည်း ဒီအုပ်စုခွဲရဲ့ ခုနှစ်ယောက်မြောက် တပည့် မဟုတ်ဘူးလား…”
အမျိုးမျိုးသော ဆွေးနွေးသံများကို ကြားလို့နေရ၏။
နတ်ဆိုးမီးတောက်က တဟုန်ထိုးထိုးတက်သွားက သက်လတ်ပိုင်းလူကြီးထံသို့ တိုက်ရိုက်တိုးဝင်လို့နေသည်။ ကျောက်ရှန်းရှအသွင်က နက်မှောင်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ တိုးညင်းစွာ ပြောလိုက်သည်။ “ကမ္ဘာကောင်းကင် လွတ်လပ်ခြင်း မန္တာန်…”
သူက ပြောလိုက်ပြီးနောက် အဖြူရောင်အလင်းတန်းကွင်းက ကျောက်ရှန်းရှ၏ ညာလက်ကနေ ထိုးတက်သွားသည်။ သည်အလင်းကွင်းက ချဲ့ထွက်သွားပြီး မီးတောက်ကို ပတ်ချာလည် ဝန်းရံလို့သွားတော့၏။
ဝမ်လင်းက လှောင်ပြောင်သည့်ဟန်ဖြင့် အော်ပြောလိုက်၏။ “ပေါက်ကွဲလိုက်စမ်း…”
မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးမီးတောက်က အဖြူရောင်အဝန်းအဝိုင်း၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး ပြင်းထန်စွာ စတင်တောက်ပလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံပင် အက်ကွဲသွားသည့်အလား ထင်မှတ်ရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ နတ်ဆိုးမီးတောက်က ပြန့်ကျဲသွားကာ သူ့ဟာသူ ဖောက်ခွဲလို့သွားသည်။
သည်ပေါက်ကွဲမှုက နတ်ဆိုးမီးတောက်ထဲကနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သည့်နောက် နတ်ဆိုးလမ်းကြောင်းကလျှောက်လှမ်းသည့် လူတစ်ယောက်ဖန်တီးထားသော နတ်ဆိုးအော်ရာက ရူးသွပ်ဖွယ်မြင့်တက်လာခဲ့တော့သည်။
အံမခန်းစွမ်းအားကို သယ်ဆောင်ထားသည့် မရေမတွက်နိုင်သော မီးတောက်ကြယ်များက အဖြူရောင်အလင်းဝိုင်းကို ဝိုင်းပတ်သွားသည်။ အဖြူရောင်အလင်းဝိုင်းက ခဏတာ ခုခံလိုက်နိုင်သော်လည်း နောက်ဆုံးတွင်တော့ ခရမ်းရောင်မီးတောက်များကြောင့် အမှုန်အမွှားအဖြစ်သို့ ကျွမ်းလောင်သွားတော့သည်။
ကျောက်ရှန်းရှအသွင်က အလွန်ရုပ်စိုးသွားကာ သူကနောက်သို့ အမြန်ပြန်ဆုတ်ခွာ၏။သူသည်သာမက အကိုနှစ်သည်လည်း တုန့်ဆိုင်းခြင်းမရှိ ပြန်ဆုတ်ခွာသည်။
သူတို့နှစ်ယောက်အပြင် အခြားကလန်များ၏ အမျိုးမျိုးသောကျင့်ကြံသူများကလည်း သည်မီးတောက်ပေါက်ကွဲမှုကနေ ကင်းလွတ်အောင် နည်းစနစ်မျိုးစုံကို အသုံးပြုလိုက်ရလေ၏။
သည်မီးတောက်ပေါက်ကွဲမှုက ပေတစ်ထောင်ကျောက်ထိ ပျံ့နှံ့သွားပြီးနောက် နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ပေတစ်ထောင်အတွင်းရှိ စားပွဲများသည်လည်း ပြာအဖြစ် လောင်ကျွမ်းခြင်း ခံလိုက်ရကာ တိမ်များပင် အရည်ပျော်ကျသွားလေတော့၏။
ဝမ်လင်းအသွင်က အလင်းတန်းအလား တိုးဝင်လာသည်။ သူ့လက်ထဲ၌လည်း ကောင်းကင်ဘုံဓားရှိလို့နေ၏။ သူက ဓားကို ဝှေ့ရမ်းလိုက်ရာ ဓားစွမ်းအင်အလင်းတန်းများက သက်လတ်ပိုင်းလူကြီးပေါ်သို့ ကျရောက်သွားတော့သည်။
ကောင်းကင်ဘုံဓားနောက်မှ လခြမ်းကွေးဓားသွားကလည်း လိုက်ပါ ခုတ်ပိုင်းလာလေ၏။
အကိုနှစ်က သူက နောက်သို့ ပိုမြန်အောင် ထပ်၍ ဆုတ်နိုင်စွမ်းမရှိတော့သည်ကို သဘောပေါက်၍ ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အော်ပြောလိုက်သည်။ “တားမြစ်ခံနည်းစနစ်…မသေမျိုးနတ်ဆိုးခန္ဓာကိုယ်…”
ထို့နောက် သူ့ခန္ဓာကိုယ်ကနေ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ဓားစွမ်းအင်က ရောက်လာသည့်အခါတွင် သူက အနက်ရောင်မြူအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဓားစွမ်းအင်ကြောင့် အနက်ရောင်မြူက နှစ်ပိုင်းကွဲသွားခဲ့တော့သည်။ သို့ရာတွင် ၎င်းက ချက်ခြင်းပြန်ဖြစ်ပေါ်ကာ ဘေးသို့ ရွှေ့လျားသွားသည်။ သက်လတ်ပိုင်းလူကြီးက ထွက်ပြေးရန် ကြိုးစားနေသည်မှာ ရှင်းလင်းလှ၏။
ဝမ်လင်းက နှာခေါင်းရှုံ့ကာ ကောင်းကင်ဘုံဓားကို ပစ်လွှတ်လိုက်၏။ ကောင်းကင်ဘုံဓားက အနက်ရောင်မြူအနောက်သို့ နီးကပ်စွာ လိုက်ပါသွားတော့သည်။
လခြမ်းကွေးဓားသွားက ပို၍ပင် မြန်ဆန်နေသေး၏။ သူက အနက်ရောင်မြူထံသို့ တဟုန်ထိုး တိုးဝင်သွားကာ ၎င်းအထဲသို့ ဝင်မွှေတော့သည်။ အနက်ရောင်မြူထဲကနေ သက်လတ်ပိုင်းလူကြီး၏ အထိတ်တလန့်အော်သံကို ကြားလိုက်ရ၏။
ကျောက်ရှန်းရှက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း နှာခေါင်းရှုံ့သည်။ သို့သော်သူက သူ့ကို တားဆီးခြင်းမပြုပေ။
ဝမ်လင်းက ကျောက်ရှန်းရှကို ကြည့်ပင်မကြည့်ချေ။ သူက ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားတော့သည်။ သူက ပြန်ပေါ်လာသည့်အခါတွင် အနက်ရောင်မြူထု လွတ်မြောက်ရန် ကြိုးစားနေသည့်နေရာသို့ ရောက်နေခဲ့တော့သည်။
ဝမ်လင်က အေးစက်စွာ ပြောလိုက်၏။ “မင်းက လွတ်မြောက်နိုင်စွမ်း မရှိတော့ဘူး…”
ပြန့်ကျဲနေသောအနက်ရောင်မြူက တစ်ဖန်ပြန်၍ ပေါင်းစီးရန် ကြိုးစားလို့နေ၏။ သက်လတ်ပိုင်းလူကြီးအသံကလည်း ၎င်းအတွင်းကနေ ထွက်ပေါ်လာသည်။ “ဒီနေ့က ဆရာ့ရဲ့ မွေးနေ့အခမ်းအနား ဖြစ်တယ်…မင်းငါ့ကို သတ်ရင် မင်းလည်း ကျိန်းသေ ဆရာရဲ့ ကလန်က ကန်ထုတ်ခြင်းကို ခံရလိမ့်မယ်…”
ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်ယူလိုက်၏။ ကျာပွတ်တစ်ချက် ရိုက်ချက်နှင့်အတူ အနက်ရောင်မြူက ပေါင်းစပ်နေရာကနေ ထပ်မံ၍ ပျက်စီးပြိုကျသွားတော့သည်။
တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်းလူကြီး၏ မူလစိတ်ဝိညာဉ်က အနက်ရောင်မြူထဲကနေ ကန်ထွက်လိုလာခဲ့တော့သည်။ မူလစိတ်ဝိညာဉ်ပျံသန်းလာချင်းချင်း ဝမ်လင်းမျက်လုံးကလက်ခနဲ ဖြစ်သွားကာ သူက ရှေ့သို့ ထိုးတက်၍ မူလစိတ်ဝိညာဉ်ထံသို့ လက်ဆန့်တန်းလိုက်သည်။
မူလစိတ်ဝိညာဉ်က စူးရှစွာ အော်ဟစ်၍ တည်နေရာ ရွှေ့ပြောင်း၏။
ဝမ်လင်းမျက်လုံးများက သုန်မှုန်လာခဲ့ကာ သူက စိတ်ဝိညာဉ်ကျာပွတ်ကို လွှဲရိုက်ချလိုက်၏။ သူက သည်ရိုက်ချက်က အရင်တုန်းက ရိုက်ချနှင့် လုံးဝမတူညီတော့သည်ကို သိပေသည်။ သူက သည်ကျာပွတ်ရိုက်ချက် မည်မျှအထိ ရောက်ရှိသွားသည်ကိုပင် မြင်နိုင်စွမ်း ရှိနေ၏။
ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပေတစ်ထောင်အကွာရှိ မူလစိတ်ဝိညာဉ်က တုန်ယင်သွားကာ ပြိုကျလုနီးပါး ဖြစ်သွားသည်။ ၎င်းမူလစိတ်ဝိညာဉ်၏ ကျောက်ဘက်တွင် နက်ရှိုင်းသောအရာကြီးတစ်ခု ဖြစ်ပေါ်သွား၍ ၎င်းနေရာကနေ စိတ်ဝိညာဉ်စွမ်းအင်ပမာဏများစွာ စိမ့်ထွက်လာခဲ့တော့သည်။
ဝမ်လင်းခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး မူလစိတ်ဝိညာဉ်ရှေ့၌ ပြန်ပေါ်လာခဲ့ကာ သူက ၎င်းကို ဖမ်းဆွဲယူလိုက်၏။
မူလစိတ်ဝိညာဉ်က ကြောက်လန့်နေကာ ဝမ်လင်းက သူ့စိတ်ဝိညာဉ်အလံထဲသို့ ပစ်မသွင်းလိုက်ခင် စကားပြောဟန် ပြင်လိုက်သေး၏။ သည့်နောက် ဝမ်လင်းက သူ့ကို ကြည့်နေသော ကျောက်ရှန်းရှဘက်သို့လှည့်ကာ ပြောလိုက်သည်။ “နောက်တစ်ယောက်ကတော့ မင်းပဲ…”
ကျောက်ရှန်းရှက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း ရုတ်တရပ် ပြုံးလာခဲ့သည်။ “ညီခုနှစ်..မင်းက ညီနှစ်ကို သတ်ခဲ့တဲ့အတွက် ကလန်ရဲ့ ဥပဒေသကို အကြီးကြီး ချိုးဖောက်လိုက်တာပဲ…။ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတွေ ကျေးဇူးပြုပြီး သူ့ကိုဖမ်းပြီး တရားမျှတမှုအတွက် ဆရာ့ထံ ပို့ပေးပါ…”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။သူက အေးစက်စွာ ပြောလိုက်၏။ “ငါ့ကို တားရဲတဲ့လူက ငါ့ ရန်သူပဲ…” ထိုသို့ပြောပြီးနောက် သူက ကျောက်ရှန်းရှ ရှိရာသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
ခရမ်းအုပ်စုခွဲပတ်ဝန်းကျင်တွင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများ ရှိလို့နေကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် တုံ့ဆိုင်းစွာ ကြည့်လိုကြပြီးနောက် မည်သူကမျှ ရှေ့သို့ ခြေလှမ်းတစ်ဝက်ပင် မတိုးဝံ့ကြချေ။
ကျောက်ရှန်းရှအသွင်က ပြောင်းလဲသွားသည်။သည့်နောက်သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူက ဘိုင်ဝေနှင့် လေးယောက်မြောက်အမတို့ကို လှည့်၍ ကြည့်ကာ အော်ပြောလိုက်သည်။ “လေးယောက်မြောက် ညီမ…”
အမျိုးသမီးက တည်ငြိမ်စွာပင် ခေါင်းရမ်းလိုက်သည်။ သူက ကျောက်ရှန်းရှကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။ “လွန်ခဲ့တဲ့သုံးလတုန်းက ငါက နင့် ကြင်နာမှုအတွက် ပြန်ပေးခဲ့ပြီးပြီး…။ နင်နဲ့ အစစ်အမှန်တပည့်နေရာအတွက်တောင် ဝင်မပြိုင်ဖို့ သဘောတူခဲ့တယ်….။ငါ ကူညီရမယ့်အကြောင်းပြချက်ကောင်းကောင်းတစ်ခုလုပ် ပေးစမ်းပါ…”
ကျောက်ရှန်းရှက အံကြိတ်ကာ ပြောလိုက်သည်။ “ကောင်းတယ်…ကောင်းတယ်…” သူက ဝမ်လင်းထံသို့ ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ “ညီခုနှစ်…ငါက မင်းနဲ့ အစစ်အမှန်တပည့်နေရာအတွက် ယှဉ်ပြိင်တဲ့အချိန်ကြမှ ဒီမန္တာန်ကို အသုံးပြုမလို့ပဲ…။ ဒါပေမဲ့ မင်းက ငါ့ကို အတင်းဖိအားပေးတဲ့အတွက် ငါကမင်းကို ဒီမန္တာန်ရဲ့ စွမ်းအားကို မြည်းစမ်းခိုင်းရတော့မှာပေါ့…”
ကျောက်ရှန်းရှက ထိုသို့ပြောလိုက်ပြီးပြီးချင်း သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ ရှုပ်ထွေးစွာ ရွတ်ဆိုမှုကို ခပ်တိုးတိုး ပြုလုပ်လိုက်၏။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိလို့နေဆဲပင်။သူက ပါးစပ်ဟလိုက်ရာ စိတ်ဝိညာဉ်ဆယ်သန်းအလံက ပေါ်ထွက်လာခဲ့တော့သည်။ တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် အလံထဲရှိ ကျန်နေသေးသော မူလစိတ်ဝိညာဉ်အပိုင်းအစအားလုံးက ထွက်ပေါ်လာခဲ့တော့သည်။
ဝမ်လင်း၏အမိန့်အော်၌ သည်မူလစိတ်ဝိညာဉ်များက ကျောက်ရှန်းရှထံသို့ တိုးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ညာလက်ထဲက သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ပစ်လွှတ်လိုက်သည်။ သည်လက်ကောက်က စစ်ရထားအသွင်သို့ ပြောင်း၍ ဘေးသို့ ကျဆင်းလာသည်။