Switch Mode

အခန်း ( ၂၅၄ )

အချိန်စေ့ပြီ

ထာဝရကောင်းကင်ဘုရင်သိုင်းတွဲကို ခန္ဓာကိုယ် အမျိုးအစားငါးမျိုးခွဲထားပြီး အဆင့်လေးဆင့်ရှိသည်။ ခန္ဓာကိုယ်အမျိုးအစားများမှာ ဆင်ခန္ဓာ၊ ဝိညာဥ်ရိုင်းခန္ဓာ၊ ကောင်းကင်နတ်ဆိုးခန္ဓာ၊ အဇူရာခန္ဓာနှင့် နောက်ဆုံး ကောင်းကင်ဘုရင်ခန္ဓာတို့ဖြစ်ကြသည်။

အဆင့်အားဖြင့်ဆိုရပါလျှင် ဆင်ဆယ်ကောင်က ဝိညာဥ်ရိုင်းတစ်ကောင်ဖြစ်လာပြီး ဝိညာဥ်ရိုင်းဆယ်ကောင်က ကောင်းကင်နတ်ဆိုးတစ်ကောင်ဖြစ်လာစေသည်။ တဖန် ကောင်းကင်နတ်ဆိုးဆယ်ကောင်က အဇူရာတစ်ကောင်ဖြစ်၍ အဇူရာဆယ်ကောင်မှာမူ ကောင်းကင်ဘုရင်တစ်ပါးဖြစ်လာသည်။

ကျင့်ကြံခြင်းလောကရှိ လူအနည်းငယ်သာ ထာဝရကောင်းကင်ဘုရင်ကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ခဲ့လေသည်။ လိုအပ်သည့်စွမ်းအားမှာ အံ့မခန်းများပြားလှသဖြင့် ဂိုဏ်းအများစုက ၄င်းကို ကျင့်ကြံရန် အိပ်မက်ပင် မမက်ဖူးချေ။

အကယ်၍ ပိုင်ရှောင်ချန်းသာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်သာ နေခဲ့ပါက ကောင်းကင်နတ်ဆိုးခန္ဓာအဆင့်ထိ အားထုတ်ဖို့ရန် မဖြစ်နိုင်ပေ။ သို့စေကာမူ ကျင့်ကြံသည့်တိုင်အောင် အနည်းဆုံး နှစ်ခြောက်ဆယ် စက်ဝန်းအထိကြာနိုင်ပြီး ကံကောင်းမှုနှင့် အခွင့်အရေးကောင်းများ လိုအပ်လိမ့်မည်။

သို့သော်..သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ပြုလုပ်ခဲ့သည့် ကိစ္စများကြောင့် ကြာချိန်တော့ လျော့သွားခဲ့လေသည်။ ထို့အပြင် သွေးရောင်သော့ခုနစ်ချောင်းကြောင့် သူက ယခု ထာဝရကောင်းကင်ဘုရင် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီးဖြစ်သည်။

ထိုအဆင့်တွင် ဝိညာဥ်ရိုင်းဆယ်ကောင်က ကောင်းကင်နတ်ဆိုးခန္ဓာဖြစ်ပေါ်ရန် အတူတကွပေါင်းစပ်သွားသည်။

ဝုနှးးးးးးးးးးး
နေရာမှာပင် ရပ်နေပြီး ပိုင်ရှောင်ချန်း၏ ထွက်သက်ဝင်သက်တိုင်းသည် တစ်လောကလုံးကို ပြင်းထန်သည့် ထစ်ခြုန်းမြည်ဟည်းသံများဖြင့် ပြည့်သွားစေသည်။ သူ၏နောက်တွင် ကြည်လင်ပြတ်သားသော ကောင်းကင်နတ်ဆိုးဖြူကြီးတစ်ကောင်ပေါ်လာကာ ၄င်းက ခေါင်းကို နောက်လှန်၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တောင်တန်းများကို ပြိုလဲစေ၍ ပင်လယ်တို့ကို ခမ်းခြောက်သွားစေသော လှိုင်းများ ပျံ့နှံ့သွားပြီး ပိုင်ရှောင်ချန်းထံမှ ထုတ်လွှတ်နေသော စွမ်းအားများက ကောင်းကင်နှင့် ဆက်သွယ်ထားသည့် လေဆင်နှာမောင်းကြီးတစ်ခုကို ပေါ်ပေါက်စေကာ အရပ်မျက်နှာတစ်ခွင် တိုက်ခတ်သွားသည်။

လေပြင်းတို့က အခြားကျင့်ကြံသူများကို ဝင်တိုးသဖြင့် အကုန်လုံးမှာ အံအားသင့်ပြီး နေရာတွင် ရပ်လိုက်ကြရသည်။ စုန့်ကျိမ်းနှင့် ရှောင်ချင်းတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ မြင်နိုင်လေသည်။

“အဲ့.ဒါ… နွံအိုင်တောင်ထိပ်ရဲ့ အပြင်အားပညာရပ်လို့. မပြောစမ်းနဲ့ ”

“ဘုရားရေ.. ။ အဲ့စွမ်းအား…..အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေတောင်မှ အဲဒီလိုမျိုးဟာကို ထုတ်နိုင်တယ်လား”

“ဘယ်လောက်တောင်.. ဒီကောင် ညမုဆိုး လျှိုထားတာလဲကွာ”

ရေရွတ်သံများ ဆူညံလာသည့်အချိန်တွင် စုန့်ကျိမ်း၏ မျက်လုံးတွင်း၌ သတ်ဖြတ်လိုစိတ်များ အားကောင်းလာပြီး ရှေ့တိုးကာ မန္တန်လက်ကွက်တစ်ခုကို ညာလက်ဖြင့် ပုံဖော်လိုက်သည်။ တုံ့ပြန်သည့်အနေနှင့် သွေးချီများထွက်ပေါ်လာပြီး ကြက်သွေးရောင်ဓားချီစီးကြောင်းတစ်ခုဖြစ်ပေါ်ကာ လေဆင်နှာမောင်းကြီးထံ တန်းတန်းမတ်မတ်ဦးတည်သွားသည်။

သူက လှုပ်ရှားလိုက်သည်နှင့် တပြိုင်တည်းနီးပါးမှာပင် စုန့်ချွဲနှင့် အခြားကျင့်ကြံသူများက အံကြိတ်လိုက်ပြီး ထိုနည်းတူ တိုက်ခိုက်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် များပြားသော နတ်စွမ်းအင်နှင့် မှော်ပစ္စည်းများက ရောင်စုံခြယ်အလင်းတန်းဖြစ်သွားပြီး လေဆင်နှာမောင်းကြီးထံ ထိုးခွင်းသွားလေသည်။

ဝုန်းခနဲ အသံကြီးက ပဲ့တင်ထပ်သွားပြီး မြေပြင်မှာ တသိမ့်သိမ့်တုန်ခါသွားသည်။ လေဆင်နှာမောင်းကြီးက ပုံပျက်ရှု့တွသွားကာ ပေါက်ကွဲသွား၏။ ပိုင်ရှောင်ချန်းမှာ ပေါ်ထွက်လာပြီး ကောင်းကင်နတ်ဆိုးက ဟိန်းဟောက်လိုက်ကာ သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

“အားလုံးက ငါနဲ့ ဂိုဏ်းအတူတူပဲမလို့.. ငါသတ်လဲမသတ်ချင်ဘူး စလဲ မတိုက်ခိုက်ချင်ခဲ့ဘူး ။ ငါ ဒီသောက်သော့တွေကို တမင်တကာ စုပ်ယူနေတာမဟုတ်ဘူးကွ ။ မင်းတို့ သိပ်တရားလွန်လာပြီနော် ”

“ ဆယ့်လေးနာရီမပြည့်ခင် အမွှေးတစ်တိုင်ချိန်လောက် ရှိသေးတာပဲ..။ အဲဒီအချိန်မှာ မင်းတို့ကပဲငါ့ကို အလဲထိုးနိုင်မလား…ငါကပဲ မင်းတို့ကို ရှင်းထုတ်ပစ်နိုင်မလား..ကြည့်ကြသေးတာပေါ့”

ပိုင်ရှောင်ချန်းမှာ အစုလိုက်အပြုံလိုက်လူသတ်တော့မည့်ပုံပေါ်နေလေသည်။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် နှစ်အတော်ကြာကြာ နေထိုင်ခဲ့ပြီးသော်လည်း ယခုကဲ့သို့ ရက်စက်သောကျင့်ကြံသူများနှင့် ပေါင်းပြီးနောက် သူတို့၏ စိတ်ရင်းမှန်ကို သဘောပေါက်လိုက်သည်။

သူတို့ကို အကြောင်းပြချက် နားထောင်ခိုင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ထက်ပို၍ သွေးအေးရက်စက်ရမည်ဖြစ်သည်။

သူ့ပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့် တပြိုင်နက် သူက စုန့်ကျိမ်း၏ ရှေ့တည့်တည့်သို့ရောက်သွားသည်။ စုန့်ကျိမ်း၏ မျက်လုံးအိမ်မှာ ကျဥ်းသွားပြီး သူ၏လက်မှာ ရဲရဲတောက်နီသွားကာ ပိုင်ရှောင်ချန်းကို ထိုးလိုက်လေသည်။

” ဖယ်စမ်း ”
ပိုင်ရှောင်ချန်းက တောင်ဖြိုသိုင်းကို ထုတ်ဖော်လိုက်ပြီး ဒေါသတကြီးအော်ပြောလိုက်သည်။ ပိုင်ရှောင်ချန်းသည် သူ့ကို ပြင်းပြင်းထန်ထန် ထိုးလိုက်သောကြောင့် စုန့်ကျိမ်းမှာ မျက်နှာပျက်သွားပြီး နောက်သို့လွင့်ထွက်သွားကာ သွေးတို့က သူ၏ ပါးစပ်ထောင့်မှ ယိုစီးကျလာသည်။ ပိုင်ရှောင်ချန်းက သူ့ကိုကျော်၍ ကျန်ရှိနေသည့် တစ်ဒါဇင်ထက်ပိုသော ဓမ္မစောင့်ရှောက်သူများထံ လက်သီးကို တင်းတင်းဆုပ်လျက် ပျံသန်းသွားသည်။ သူက ထိုးလိုက်သောအခါ ကောင်းကင်နတ်ဆိုးခန္ဓာ စွမ်းအားအပြည့်အဝ ပေါ်ထွက်လာလေသည်။

ထိုအရာက ဝိညာဥ်ရိုင်းဆယ်ကောင်နှင့် ဆင်အကောင်တစ်ရာအားဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူမှန်သမျှ မယုံကြည်နိုင်စရာဖြစ်သည့် အပြင်အား ဖြစ်သည်။

နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို လက်သီးဖြင့် ထိုးလိုက်သောကြောင့် ဝုန်းခနဲ ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်သွားသည်။ သူ့ကိုယ်သူ မခုခံနိုင်နိုင်ကြောင်း သိရှိသွားကာ သူ့ မျက်လုံးများမှာ လက်ဖက်ရည်ပန်းပြားသဖွယ် ပြူးကျယ်သွားလေသည်။ မျက်စိတစ်မှိတ်တွင်းမှာပင် သူ၏ အရိုးများစိစိညက်ညက်ကြေသွားပြီး ကြိုးဖြတ်ခံလိုက်ရသည့်စွန်သဖွယ် နောက်သို့ လွင့်သွားကာ သူ့ပါးစပ်မှ သွေးများပန်းထွက်လာ၏။

ထိုလူထံမှ စူးစူးဝါးဝါးအော်သံထွက်လာသည့်တိုင် ပိုင်ရှောင်ချန်းက ရှေ့သို့ ထပ်တိုးလိုက်သည်။ ထိုအခိုက်တွင် ဝန်းရံထားသည့် ကျင့်ကြံသူများထံမှ နတ်စွမ်းအင်နှင့် မှော်ပညာများက နီးကပ်လာနေသည်။ ၄င်းတို့မှာ သွေးဓားခြောက်ချောင်း၊ သွေးနဂါးတစ်ကောင်နှင့် သာမန်ဓားပျံသုံးချောင်းတို့ဖြစ်သည်။

ပိုင်ရှောင်ချန်းက လေကို အဝရှူလိုက်ပြီးနောက် ရှေ့သို့တိုးလိုက်ပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနောက်တစ်ယောက်ရှေ့တွင် ပေါ်လာသည်။ သူ့လက်က ထိုလူကို ဖတ်ခနဲ ဆွဲလိုက်ပြီး ခေါင်းနှင့် ဆောင့်တိုက်ပစ်လိုက်သဖြင့် ထိုလူမှာ ကြောက်ဒူးတုန်ကာ မျက်လုံးပြူးသွားသည်။

အုန်းခနဲ အသံကြီးကြားလိုက်ရပြီးနောက် ထိုအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူမှာ ဓားပျံနှစ်ချောင်းနှင့် သွေးဓားသုံးချောင်းကို တားဆီးရန် မြှောက်တင်ခံလိုက်ရသဖြင့် စူးစူးဝါးဝါးအော်လိုက်လေသည်။ အခြားနေရာမှ လာနေသည့် ဓားများမှာ ပိုင်ရှောင်ချန်းထံ အကုန် စိုက်ဝင်ကုန်သည်။

ပိုင်ရှောင်ချန်းက အနည်းငယ်တုန်ရီသွားသော်လည်း ထိခိုက်ခြင်းမရှိသည့်ပုံပင်။ သူ၏ ဘယ်လက်ဖြင့်ပင် သွေးနဂါးကို ဖမ်းဆွဲလိုက်လေသည်။

သူ၏ လက်ချောင်းဖြင့် ဖြစ်ညှစ်လိုက်သည့်အခါ ၄င်းမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွား၏။ ထိုအခိုက်အတန့်မှာပင် လူများက ထပ်မံတိုက်ခိုက်ပြန်သည်။ ယခုအခေါက်တွင်မူ ရန်ဟုန်ဝူက သူ၏အမွှေးတိုင်ကို ထုတ်ဖော်လိုက်ပြီး ကျန်းယွမ်ရှန်းကလည်း သူ၏ စွမ်းအားကြီးမှော်ရတနာကို ခေါ်ထုတ်လိုက်သည်။ စုန့်ချွဲသည်လည်း တစ်ဖွဲ့တည်းပင်။

ပိုင်ရှောင်ချန်းက ခံစားချက်မဲ့စွာ နှာခေါင်းရှုံ့လိုက်ပြီး တောင်ဖြိုသိုင်းကို ထပ်မံထုတ်သုံးလိုက်သည်။ သူက တိုက်ကွက်များကို ရှောင်တိမ်းနေသော ရှေးဟောင်းသားရဲရိုင်းကြီးတစ်ကောင်နှင့်တူပြီး စုန့်ချွဲနား တိုးကပ်သွားလေသည်။ ခြောက်ကပ်ကပ်ချောင်းဆိုးသံနှင့်အတူ စုန့်ချွဲ၏ ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သူက မြေစီးကြောင်းခိုင်မာခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိပြီး အသက်ကယ်မှော်ပစ္စည်းများရှိလေသည်။ ထိုအရာများကြောင့်သာ သူက မထိခိုက်ပဲ ရုန်းထွက်သွားခြင်းဖြစ်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက တောင်ဖြိုသိုင်း၏ အဟုန်ဖြင့် သူ့ကို ဖြတ်ကျော်ကာ ပျံသွားသည်။

” ထွက်ပြေးဖို့ ကြိုးစားတာလား” ရှောင်ချင်းက သတ်ဖြတ်လိုစိတ်များ တောက်လောင်လျက် ပြောလိုက်သည်။ သူက နောက်လိုက်ရန်ပြင်လိုက်ဆဲမှာပင် ပိုင်ရှောင်ချန်းက သူ့ကို လှမ်းကြည့်ပြီး ခံစားချက်မဲ့စွာ ရယ်လိုက်သည်။

“ဘယ်သူ ထွက်ပြေးတယ်ပြောလို့လဲ” သူက တွေဝေတုံ့ဆိုင်းမနေဘဲ တောင်ဖြိုသိုင်းကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်နတ်ဆိုး၏ ပုံရိပ်ကြီးက ဟိန်းဟောက်လိုက်ပြီး ပိုင်ရှောင်ချန်းက ခုန်ဝင်သွားရာ ရှောင်ချင်းမှာ ချက်ချင်းမျက်နှာပျက်သွားသည်။ သူသည် ပိုင်ရှောင်ချန်း၏ တောင်ဖြိုသိုင်းကို အတော်လေး ကြောက်လန့်တုန်လှုပ်နေပြီး မည်သည့်အတွက်ကြောင့် ထပ်ခါတလဲလဲ အသုံးပြုနိုင်သည်ကို စဥ်းစားနေမိသည်။ အံကြိတ်လိုက်ပြီး ထွက်ပြေးရန်ကြံစည်လိုက်ပါသော်လည်း သူ၏ လမ်းကို လူများစွာက ပိတ်နေလေသည်။

ဝုန်းခနဲ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး နောက်လိုက်ဓမ္မစောင့်ရှောက်သူထက်ဝက်ကျော်မှာ နောက်သို့ ယိမ်းယိုင်သွားကာ သူတို့၏ စွမ်းအားများ လွင့်ပျယ်သွားလေသည်။ ထိုစွမ်းအားများ ပျောက်သွားသည်နှင့် တစ်ပြိုက်နက် ပိုင်ရှောင်ချန်းက သူတို့အပေါ် ရောက်လာသဖြင့် နာကျင်စွာ အော်သံများ ထွက်ပေါ်လာသည်။ ထိုစဥ် ပိုင်ရှောင်ချန်းက ထပ်မံပျံသန်းသွားပြီး နောက်ထပ်ကျင့်ကြံသူတစ်ယောက်မှာ အသတ်ခံရလိုက်ပြန်သည်။

ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သူသတ်ခဲ့သည့်လူများ၏ သွေးများနှင့် ဖုံးလွှမ်းေနသည်။ သူ၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျနေသော်လည်း သူရရှိခဲ့သည့် ဒဏ်ရာမှန်သမျှ ပျောက်ကင်းလာနေသည်။

သူသည် အနည်းငယ်မောဟိုက်နေသော်လည်း သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နေလျက် ဘယ်သူမှ မဟန့်တားနိုင်အောင် အဆက်မပြတ် တိုက်ခဲ့ခြင်းနှင့် သွေးများစိုရွှဲေနသော သူ့အသွင်က မြင်လိုက်ရသူအပေါင်းကို တအံ့တသြဖြစ်သွားစေသည်။

မည်မျှများပြားသော နတ်ဘုရားစွမ်းအင်များနှင့် မှော်သိုင်းများက သူ့အား ထိခိုက်သွားကြောင်း မည်သူမှ တပ်အပ် မပြောနိုင်ပေ။ သူတို့ထဲရှိ တစ်ယောက်မှ သူ့ကို နှေးသွားအောင်ပင် မလုပ်နိုင်ခဲ့ချေ။ လူအားလံုး စုပေါင်းတိုက်ခိုက်ေနသည့်တိုင် သူ့ကို နောက်ဆုတ်ရန် မစွမ်းဆောင်နိုင်ရုံမျှမက ယခင်ကထက်ပင် ပိုမိုပြင်းထန်စွာ သူ တိုက်ခိုက်နေသည်။

အမှန်တကယ်တော့ ထိုကျင့်ကြံသူများမှာ စိတ်တူကိုယ်တူ တိုက်ခိုက်နေခြင်း မဟုတ်လေရာ သူတို့၏စုပေါင်းတိုက်ကွက်သည် ထင်သလောက် မပြင်းထန်ချေ။ သို့သော် သာမန် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအနေဖြင့် ပြန်လည်မခုခံနိုင်လောက်သည့်အဆင့်တော့ ရှိသေးသည်။

သို့တိုင် ပိုင်ရှောင်ချန်းက တစ်ယောက်တည်း ထိန်းနိုင်ပြီး ပြန်တိုက်ခိုက်နေသည်။ အခြားဓမ္မစောင့်ရှောက်သူများ၏ နှလုံးအိမ်ထဲမှာ ကြောက်ရွံ့စိတ်များသာ ပို၍ တိုးပွားလာလေသည်။

ရှောင်ချင်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေဆဲဖြစ်သည်။ သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့သုံးယောက်စလုံးမှာ တစ်စုံတစ်ခုကို စောင့်နေကြသည့်အလား ချုပ်တည်းထားသည်မှာ ထင်ရှားသည်။

သူတို့သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်သည်နှင့် တပြိုင်နက် အလင်းတန်းနှစ်ခုက ရုတ်ခြည်း အနီးတစ်ဝိုက်တွင် ပေါ်ပေါက်လာသည်။

ပိုင်ရှောင်ချန်းက တိတ်ဆိတ်စွာ အပေါ်မော့ကြည့်လိုက်ပြီး ထုတ်လွှတ်ရန် ကြံရွယ်ထားသည့် သူ၏ တောင်ဖြိုသိုင်းစွမ်းအားမှာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့နှစ်ယောက်စလုံးက မိစ္ဆာနတ်ဘုရားများအလား ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်လေသည်။ စုန့်ကျင်းဝမ်၏ မျက်နှာမှာ တင်းမာခက်ထန်ေနပြီး ရွှယ်မေ့နှင့်တိုက်ခိုက်ခဲ့ရခြင်းကြောင့် သူမ၏နှုတ်ခမ်းထောင့်စွန်းတွင် သွေးများခဲနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် သူမ၏မျက်လုံးတွေထဲမှာ ခံစားချက်များ ရောပြွမ်းနေ၏။

သူမ၏ ဘေး၌ မျက်နှာဖုံးအောက်တွင်သွေးများခဲနေသော ရွှယ်မေ့ရှိသည်။ သူမ၏ညာလက်နောက်ဘက်တွင် သွေးချီများ စီးကျနေသည့် ဒဏ်ရာတစ်ခုကို တွေ့နိုင်လေသည်။ စုန့်ကျင်းဝမ်က ဓားနှင့်ထိုးလိုက်သောကြောင့် ထိုဒဏ်ရာရသွားခြင်းဖြစ်သည်။ ထိုအနာက သေးငယ်စေကာမူ သူမ၏ ကျင့်ကြံခြင်းအခြေခံကို မတည်မငြိမ်ဖြစ်စေသည်။ ရွှယ်မေ့မှာ ဒဏ်ရာများရရှိနေသည့်တိုင် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်စဥ် သူမ၏ မျက်လုံးများတွင် အေးစက်စက်အငွေ့အသက်များဖြင့် တလက်လက်တောက်ပနေဆဲဖြစ်သည်။ ထို့နောက် သူမက တခဏမျှအံကြိတ်ကာ အော်ရယ်လိုက်သည်။

သူမ၏ ရယ်သံကြီးဟိန်းသွားကာ ဆယ့်လေးနာရီမြောက်အချိန်စေ့ရန် တရွေ့ရွေ့ နီးကပ်လာနေပြီး ဧရာမလက်ကြီးက အရာအားလုံးအပေါ် ဖိနှိပ်ချနေသည့်အလား ဤကမ္ဘာထဲတွင် ဖော်ပြရန်ခဲယဥ်းသော ခံစားချက်များ ဖြစ်ပေါ်လာ၏။

အရာအားလုံးက တည်ရှိနေဆဲဖြစ်သည်။ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ယင်နေသည်။ အခြားဓမ္မစောင့်ရှောက်သူများမှာလည်း ချောင်ပိတ်မိနေသဖြင့် မည်သည်မျှ မစဥ်းစားနိုင်တော့ချေ။ သူတို့မှာ ကျောက်ရုပ်ကြီးများသဖွယ် ခံစားချက်ကင်းမဲ့နေကြသည်။

စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့သာ တောက်ပနေသော အမိန့်လည်ဆွဲများကြောင့် သက်ရောက်မှုမရှိသည့်ဟန်တူသည်။

စည်းတစ်ခုက အုပ်စုနှစ်ခုကြား မည်သူနိုင်သည်၊ ရှုံးသည်ကို နှိုင်းယှဥ်နေဟန်တူသည်။ အသက်ရှုချိန်အနည်းငယ်မျှ ကုန်ဆုံးသွားပြီးနောက် အလိုဆန္ဒက ဆုံးဖြတ်ချက်မချနိုင်ဟန်တူပြီး ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာပင် တွန်းအားတစ်ခုက မလှုပ်မယှက်ရှိနေသောကျင့်ကြံသူများကို ရစ်ပတ်လာသည်။ သွေးဘိုးဘေကြီး၏ခန္ဓာကိုယ်ထဲမှ သူတို့ ထုတ်ပယ်ခံရတော့မည်။

Comment

Leave a Reply

Options

not work with dark mode
Reset