Switch Mode

အပိုင်း (၅၃၅):

မွေးနေ့အခမ်းအနား

ဝမ်လင်းက သစ်တောထဲ၌ အလင်းတန်းတစ်ခုအလား လှုပ်ရှားလို့နေသည်။ များစွာ စမ်းသပ်စစ်ဆေးပြီးနောက် သူက သစ်တော၏ အစပ်ကို ရှာတွေ့နိုင်ခဲ့၏။

သည်အစပ်က ငွေရောင်အလင်းတန်းဖြင့် ဝန်းရံလို့ထားသည်။သူ့တွင် ၎င်းကို ဖျက်စီးပစ်ရန် နည်းလမ်း မရှိပေ။

နောက်ဆုံးတော့သူက ထိုင်ချလိုက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ထွက်ပေါ်လာပြီး သူ့ပတ်လည်၌ ဝန်းရံလို့သွား၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ဝမ်လင်းက အလွန်မျက်စိဖမ်းစားနိုင်စွမ်း ရှိလို့နေသည်။ အကြောင်းကတော့ သူ့ကို ကောင်းကင်ဘုံကျောက်စိမ်းပြားများက ဝန်းပတ်ထားသောကြောင့် ဖြစ်လေ၏။

ခုလက်ရှိတွင့် သူ့မျက်လုံးများက တောက်ပလျက်ရှိနေ၏။ သူက ကောင်းကင်ဘုံကျောက်စိမ်းပြားများကို လက်ညွှန်လိုက်သည်။ ရုတ်တရပ် ၎င်းတို့ထဲကတစ်ခုက သူ့လက်ချောင်းထိပ်ပေါ်သို့ ပျံသန်းလာခဲ့၏။

ဝမ်လင်း လက်ချောင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားကို ထိမိလိုက်သည့်အခါတွင် ကွဲအက်သံများကို ကြားလိုက်ရ၏။ ၎င်းကျောက်စိမ်းပြားပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့တော့သည်။ ၎င်း၏ အရောင်က နို့နှစ်ရောင်ကနေ မီးခိုးရောင်အဖြစ်သို့ ပြောင်းသွား၍ ဖုန်မှုန်အဖြစ်သို့ အက်ကွဲလို့သွားကာ မြေပေါ်သို့ ပြန့်ကျဲသွားလေသည်။ ၎င်းဖုန်မှုန့်က မြေကြီးပေါ်သို့ မကျခင် လေတိုက်ခတ်မှုကြောင့် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို လှည့်ပတ်သွားကာ သည်ဧရိယာအနှံ့သို့ လွင့်ပြယ်ပြန့်ကျဲသွားသည်။

ကျောက်စိမ်းပြားတစ်ခုက ကွဲကြေသွားပြီးနောက် နောက်ထပ်တစ်ခုက ပျံသန်းလာပြန်သည်။ ခုတစ်ကြိမ်၌ ဝမ်လင်းလက်ချောင်းထိပ်က ညအခါရှိ မီးတောက်ကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ဘုံကျောက်စိမ်းပြားများက ထိုမီးတောက်ထံသို့ တိုးဝင်လာနေသည့် ပိုးပလံကောင်များကဲ့သို့ ထင်မှတ်ရလေသည်။

တစ်ခု,နှစ်ခု,သုံးခု,လေးခု….အစရှိသဖြင့် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ခုပြီးတစ်ခုက ၎င်းတို့ထဲရှိ ကောင်းကင်ဘုံစိတ်ဝိဉာဉ်စွမ်းအင်များကို ထုတ်ယူခံရကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားကြတော့၏။ သည်ဖြစ်စဉ်က အချိန်အတန်ကြာဆက်၍ ဖြစ်လို့နေ၏။

ဝမ်လင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေစဉ် ၎င်း၏ ကိုယ်ဟန်ပန်က ပြောင်းလဲခြင်းမရှိပဲ ယင်းစွမ်းအင်များကိုသာ သိပ်သည်း၍ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နေခဲ့သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။ ဝမ်လင်းက အချိန်ကိုပင် မေ့နေခဲ့ကာ သူ့အာရုံအားလုံးက ကျင့်ကြံခြင်းနှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းတို့၌သာ နစ်မြုပ်လို့နေသည်။

တဖြည်းဖြည်းဖြင့် သူ့နောက်တွင် ရွှေရောင်စက်ဝန်းတစ်ခု ဖြစ်တည်လာခဲ့၏။ သည်စက်ဝန်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေပြီး အလွန်ပင် နိုင်လိုမင်းထက် ရှိလွန်းလှ၏။

သည်စက်ဝန်းက လူတစ်ယောက် သူ့ခန္ဓာကိုယ်ထဲသို့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဖြည့်ဆည်းသည့်အချိန်တွင် ပေါ်လာခဲ့ခြင်းပင်။ ၎င်းက ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အခါ လူတစ်ယောက် ကိုင်တွယ်နိုင်သည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမာဏက တိုးလာမည် ဖြစ်ပြီး ထိုလူကလည်း သည်စွမ်းအင်များကို စိတ်ကြိုက်သုံးဆွဲလာနိုင်မည်သာ ဖြစ်၏။

ဝမ်လင်းက ကျင့်ကြံခြင်းကို လုံးဝရပ်တန့်ခြင်း မရှိပေ။ ခုချိန်၌ သူ့ကို ဝန်းပတ်နေသည့် ကောင်းကင်ဘုံကျောက်စိမ်းပြားက အနည်းငယ်သာ ကျန်ရှိတော့သည်။ သည့်နောက် သူ့နတ်ဘုရားအာရုံဖြင့် သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ထပ်မံ ထုတ်ယူလိုက်၏။

သူ့အကြည့်က သူ့ပတ်လည်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များပေါ်သို့ ကျရောက်နေသည်။ သူက အနည်းငယ်စဉ်းစားပြီးနောက် စတင်စုပ်ယူလေတော့သည်။

ဝမ်လင်းပတ်လည်ရှိ ကောင်းကင်ဘုံကျောက်စိမ်းအားလုံးက စတင် ပျက်စီးလာခဲ့သည်။ သည်ပြိုကျပျက်စီးမှုက အလွန်ပင် မြန်ဆန်လှ၍ ခဏအကြာတွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာနေတော့သည်။

သည်ကောင်းကင်ဘုံကျောက်စိမ်းများ ပျက်စီးခြင်းကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ထောက်ပံမှုက အဆုံးမရှိသည့်အလား ထွက်ပေါ်လို့လာနေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ဝမ်လင်းထံသို့ ဦးတည်မြင့်တက်လာခဲ့၏။

သည်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့အာရုံတစ်ခုလုံးကို ကျင့်ကြံခြင်း၌သာ စူးစိုက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်က သုံးလကုန်ဆုံးသွားခဲ့၏။ သည်နေ့က ထျန်ယွမ်ဂြိဟ်ပေါ်တွင် နှစ်တစ်သောင်းကြာတိုင်း တစ်ခါ ကျင်းပသည့် ကြီးကျယ်ခမ်းနားလှသော ပွဲကြီးတစ်ခုရှိနေသည်။ သည်နေ့ကတော့ ရှေ့ဖြစ်ဟောသူ၏ နှစ်တစ်သောင်းသက်တမ်းရှိ နှစ်ပတ်လည် မွေးနေ့ပင်။

ရှေ့ဖြစ်ဟောသူက နှစ်တစ်သောင်းကြာတိုင်း သူ့မွေးနေ့အခမ်းအနားကို ပြုလုပ်လေ့ရှိ၏။ ခုချိန်၌ အလွန့်အလွန်နည်းပါးသည့် လူအချို့သာ သူ့မွေးနေ့ အကြိမ်မည်မျှ ပြုလုပ်ပြီးသည်ကို သိကြလေ၏။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ သူ့ မွေးနေ့ပွဲကျင်းပသည့်အချိန်တိုင်း သည်ဂြိုဟ်တစ်ခုလုံးက သည်ပွဲသို့ လာရောက်ပါဝင်ကြရသည်။ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးပင် တက်ရောက်ရန်အတွက် လူတစ်ယောက် စေလွတ်ရ၏။

အဆင့်ခုနှစ်နိုင်ငံတစ်ခုဖြစ်နေလျှင်ပင် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့က လာရောက်တက်ရသည့်အဖြစ်က ရှားပါးလွန်းနေသည် မဟုတ်လား။

လွန်ခဲ့သောတစ်လက ခရမ်းရောင်မြူအကွာအကွယ်အစီအရင်က သည်ဂြိုဟ်ပတ်လည်တွင် ခရမ်းရောင်ရပ်ဝန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာကလန်၏ တပည့်များက ထိုနေရာသို့ ဧည့်သည်များကို ကြိုဆိုရန် စေလွှတ်ခြင်း ခံခဲ့ရသည်။

အပြင်မှ ကျင့်ကြံသူများအပြင် ထျန်ယွမ်ဂြိုဟ်ရှိ နေထိုင်သူကျင့်ကြံသူများကပါ လက်ဆောင်များနှင့်အတူ ရောက်ရှိလာကြ၏။

ထျန်ယွမ်ဂြိုဟ်ကို ဝန်းပတ်နေသည့် ဂြိုဟ်ငယ်ငါးခုမှ လူများစွာကလည်း ရှေ့ဖြစ်ဟောသူကို ဂုဏ်ပြုရန် ရောက်လာကြလေသည်။

အပြင်ဘက်ဂြိုဟ်များကို ထိန်းချုပ်သည့် မွန်းစတားအိုကြီးများပင် ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ကြလေ၏။

ထျန်ယွမ်ဂြိုဟ်ပေါ်၌ သည်ပွဲတော်ကို မသိသည့်သူမရှိဟူပင် ပြော၍ ရလေ၏။ တစ်လအတွင်း မွေးနေ့ပွဲအတွက် ဧည့်သည်များကို လက်ခံရန် အဆောက်အဦများစွာကို ဆောက်လုပ်ခဲ့ကြပေ၏။

ကောင်းကင်ကံကြမ္မာကလန်၏ အုပ်စုခွဲခုနှစ်ခုလုံး၏ တပည့်များအားလုံးက အလွန်ပင် အလုပ်ရှုပ်နေကြသည်။အပြင်ဘက်ဂြိဟ်များ၏ အခြားကလန်များမှ လူများစွာကလည်း သည်နေရာတွင် လာရောက်စုဝေးနေကြသည်။ တစ်ယောက်နှင့်တစ်ယောက်စကားပြောဆိုနေမှုများက နေရာမလပ် ရှိလို့နေသည်။ သည်နေရာသို့ ရောက်လာကြသည့် လူတိုင်းတွင် မည်သူကမျှ အားနည်းကျခြင်း မရှိပေ။ သည့််အတွက်ကြောင့် တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးဖလှယ်ကြခြင်းက သူတို့ကို အကျိုးရှိစေလေ၏။

သည်နေ့တွင် ထျန်ယွမ်ဂြိုဟ်ပေါ်သို့ လာရောက်သည့်သူများကို ခရီးဦးကြိုပြုနေသည့်သူကတော့ ခရမ်းရောင်အုပ်စုခွဲ၏စီနီယာအကိုကြီး ဖြစ်သူ ကျောက်ရှန်းရှ ဖြစ်လေ၏။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူ့တုန်ကင်ကတော့ ပုခုံးပေါ်၌ ချိတ်ဆွဲထားသည်။ ရှေးဟောင်းဓားတစ်လက်က သူ့နောက်ကျောက်ဘက်၌ ရှိလို့နေသည်။ သူက သပ်ရပ်လို့နေကာ နူးညံသောအပြုံးကိုပါ ထည့်ပေါင်းလျှင် သူ့ကိုမြင်လိုက်သည့်လူတိုင်းက ခံစားချက်ကောင်းရှိပေလိမ့်မည်။

ခုချိန်တွင် သူက ခရမ်းရောင်မြူတောင်ထပ်ပေါ်၌ မတ်တပ်ရပ်ကာ ဂြိဟ်ကို ကြည့်လို့နေ၏။ သူက ပြုံး၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီနေ့က ဆရာ့ရဲ့ မွေးနေ့ကို ပထမဆုံး ကြုံရတာပဲ…။ ငါက မိတ်ဆွေတော်တော်များများနဲ့ သေချာတွေ့ရမယ်…။ အထူးသဖြင့် ယွမ်လျိုကလန်ရဲ့ ဂျူနီယာကလန်ခေါင်းဆောင်နဲ့ပဲ…။ သူ့ကျင့်ကြံမှုအဆင့်က တော်တော်လေး ကောင်းတယ်…။ သူ့စိတ်နေစိတ်ထားကလည်း ငါ့ နဲ့တူတယ်…”

“ကံမကောင်းစွာနဲ့ ညီခုနှစ်နဲ့ငါက မိတ်ဆွေတွေ ဖြစ်မလာနိုင်တော့ဘူး…။ညီခုနှစ်…ငါတို့ကြားမှာ ဘာမုန်းတီးမှုမှ မရှိခဲ့ဖူးဘူး…။ဒါပေမဲ့ မင်းက ငါနဲ့ယှဉ်ပြီး အစစ်အမှန်တပည့်နေရာအတွက် တိုက်ခိုက်ဖို့ ဘယ်တော့မှ မကြိုးစားသင့်ခဲ့ဘူး…”

“ဆရာ့ရဲ့မွေးနေ့အခမ်းအနားက ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့် ရွေးချယ်ပွဲလည်း ဖြစ်တယ်…။ ဒုတိယညီက အစောကတည်းက လက်လျော့ခဲ့ပြီ…။ ငါက တတိယညီလေးတစ်ယောက်သာ ငါ့ရန်သူအဖြစ် ထိုက်တန်တယ်လို့ မှတ်ယူလို့ရတယ်…။လေးယောက်မြောက်ညီမလေးကတော့ သူက ငါနဲ့ ပြိုင်ဖို့ကြိုးစားလာရင် ငါ့မှာ သူ့ကိုရင်ဆိုဖို့ နည်းလမ်း ရှိပြီးသား…။ ညီမငါးကတော့ ဆရာကိုယ်တိုင်အပြစ်ပေးတဲ့အနေနဲ့ ကောင်းကင်အချုပ်ခန်းမှာ တံခါးပိတ်ကျင့်ကြံခိုင်းထားတယ်…။ ညီခြောက်ကလည်း သူဟာသူ လေ့ကျင့်ဖို့ ထွက်သွားခဲ့ပြီ။ သူက သေသလားရှင်သလားတောင် မသိရဘူး…။ ဒါ့ကြောင့်သူကလည်း ပြန်လာနိုင်မှာ မဟုတ်ဘူး…။ ဒါ့ကြောင့်ငါက ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်နေရာက ငါ့ဟာပဲ…”

ကျောက်ရှန်းရှမျက်လုံးများက ထူးဆန်းသောအလင်းတို့ ထွက်ပေါ်နေကာ ပြုံးလို့နေလေ၏။

ခရမ်းရောင်မြူက ရုတ်တရပ် ရွေ့လျားလို့လာလေ၏။ ကျောက်ရှန်းရှက နူးညံ့စွာပြုံး၍ အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်လိုက်သည်။

သူက ကြီးမားသည့် စစ်ရထားကြီးကို ဂြိုဟ်သို့ ဖြည်းညင်းစွာ ပျံသန်းလာနေ၏။ သည်စစ်ရထားက အလွန်ပင်ကြီးမားသည်။၎င်းက အနည်းဆုံး ပေထောင်ချီ ရှိလေသည်။ သည်စစ်ရထားကို ကြီးမားသည့်နတ်ဆိုးသားရဲကြီးလေးကောင်က ဆွဲလာနေ၏။

၎င်းက နီးကပ်လာခြင်းမရှိသေးခင်မှာပင် လူတစ်ယောက်က သည်ရထားရှိရာကနေ မိုးခြိမ်းသံလိုအသံမျိုးကို ကြားလိုက်ရလေ၏။

သည်ဟိန်းသံများက စစ်ရထားကို ဆွဲနေသည့် သားရဲလေးကောင်ထံကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များကလည်း ကြီးမားလွန်းကာ အာကာသဟင်းလင်းပြင်တွင်ပင် ပျံသန်းနိုင်စွမ်း ရှိလေ၏။ ၎င်းတို့က မည်သည့်မန္တာန်မှ အသုံးမပြုနိုင်သော်လည်း အထင်သေး၍ မရချေ။

သည်စစ်ရထားပေါ်ရှိ နေရာထောင့်စုံတွင် လူဆယ်ယောက် မတ်တပ်ရပ်လျက် ရှိနေ၏။ သူတို့က ငွေရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ အေးစက်သည့်ဟန်ပန်များ ရှိလေ၏။

စစ်ရထား၏ အလယ်တွင်တော့ ကုလားထိုင်တစ်ခု ရှိလို့နေသည်။သည်လူက ကုလားထိုင်ပေါ်တွင် လှဲလျောင်း၍ နေ၏။ သည်လူက အလွန်အမင်းဝကာ ကုလားထိုင်ပေါ်တွင် ထိုင်နေပုံက ဘောလုံးကြီးတစ်ခုနှင့်ပင် တူလို့နေသည်။ သူ့အသားအရည်ကတော့ ချောမွတ်ကာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။

ကျောက်ရှန်းရှက သည်စစ်ရထားကို မြင်လိုက်သည့်အခိုက်တွင် သူက တုန်လှုပ်မိသွားလေ၏။ ချက်ခြင်းပင် သူက ရှေ့သို့တိုးသွား၍ လေးစားစွာ ပြောလိုက်သည်။ “ကောင်းကင်ကံကြမ္မာကလန် ခရမ်းရောင်အုပ်စုခွဲတပည့်ရဲ့ ကျောက်ရှန်းရှက စီနီယာ ရွေရောင်နတ်ဆိုးကို နှုတ်ဆက်ပါတယ်…”

သည်ရွှေရောင်စစ်ရထားက ကျောက်ရှန်းရှနှင့် ပေတစ်ရာ အကွာတွင် ရပ်တန့်လို့သွားသည်။ အားကောင်းသော အော်ရာတစ်ခုက သူ့ထံသို့ လျင်မြန်စွာ ကျရောက်လာ၏။ ၎င်းအော်ရာကတော့ ကြမ်းကြုတ်လှသည့် သားရဲလေးကောင်ထံမှ ဖြစ်လေ၏။

ရွှေရောင်စစ်ရထားပေါ်ရှိ လူဆယ်ယောက်ကတော့ ကျောက်ရှန်းရှကို အေးစက်သည့်အကြည့်များဖြင့် ကြည့်နေကြသည်။

ကျောက်ရှန်းရှနှဖူးထက်ကနေ ချွေးအေးများ ကျဆင်းလာ၏။ သူက သူ့ကိုယ်ဟန်အနေထားကိုပင် ဆုံးရှုုံးလို့သွားရ၏။အကြောင်းကတော့ သူက သည်ရွှေရောင်နတ်ဆိုး၏အဆင့်အတန်းကို သိရှိနေသောကြောင့် ဖြစ်လေ၏။

သည်ရွှေရောင်နတ်ဆိုးက သည်စနစ်ကြီးတစ်ခုလုံးရှိ သေးငယ်သောဂြိုဟ်များထဲက တစ်ခုကို အုပ်ချုပ်သည့်သူပင် ဖြစ်သည်။ သူက သည်ဂြိုဟ်ကို သူကိုယ်တိုင်အုပ်ချုပ်ကာ အလွန်လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်၏။ လူတစ်ယောက်က သူ့ကိုသွားနှောက်ယှက်မည်ဆိုပါက ထိုလူသည့် မည်သည့်အကျိုးဆက်ကိုမှ ထည့်မတွက်ဘဲ ထိုလူကို လက်စားချေမည် ဖြစ်၏။ သူက သူ့လူများကို အတော်လေး မျက်နှာသာပေးတက်သည်။ သူက တွေးတောခြင်းမရှိဘဲနှင့် လူများကို မကြာခဏ သက်ပစ်လေ့ရှိကာ သူ့လက်ချက်ဖြင့် မရေမတွက်နိုင်သောလူများက သေဆုံးခဲ့ရပြီး ဖြစ်လေ၏။

သည်လူ့၏ကျင့်ကြံမှုအဆင့်က အလွန်အားကောင်းလှ၏။ လက်ရွေးစင်လူအနည်းငယ်ကလွဲ၍ သူ့ကို ရပ်တန့်နိုင်သည့်လူ မရှိချေ။ ပြောကြသည်ကတော့ သည်ရွှေရောင်နတ်ဆိုး၏ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင်နှင့် အထည်ဒြပ်ယန် အဆင့်တို့ကို ကျော်လွန်၍ ဒဏ္ဌာရီလာနယ်ပယ်ထဲသို့ ခြေလှမ်းနိုင်ခဲ့ပြီဟု ဆိုကြလေ၏။

ကုလားထိုင်ပေါ်ရှိ အသားတုံးကြီးက မျက်မှောင်ကြုတ်ကာ လှမ်းအော်လိုက်၏။ “ကောင်လေး ဒီနေရာဘာလို့ ကြောင်ရပ်နေရတာလဲ…။လမ်းပြစမ်း…”

ကျောက်ရှန်းရှက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်နှာပေါ်ရှိ အပြုံးကလည်း ပြန်ပေါ်လာခဲ့ကာ သူက လေးစားစွာ ပြောလိုက်၏။ “ဒီလမ်းပါ…စီနီယာ…” သူက လက်ဝှေ့ရမ်းလိုက်ရာ ခရမ်းရောင်မြူက ရွေ့လျားကာ ရှည်လျားသည့်လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်သွားစေ၏။

ကျောက်ရှန်းရှ၏ လမ်းပြမှုဖြင့် ကြီးမားသည့်ရွှေရောင်စစ်ရထားကြီးက ထျန်ယွမ်ဂြိုဟ်သို့ ဖြည်းညင်းစွာ ပျံသန်းသွားတော့သည်။

သည်လိုမြင်ကွင်းမျိုးက သည်နေ့တွင် ထျန်ယွမ်ဂြိုဟ်ပေါ်၌ အကြိမ်များစွာ ဖြစ်ပျက်လို့နေ၏။ ထျန်ယွမ်ဂြိဟ်ပတ်လည်ရျိ အားကောင်းသော ကျင့်ကြံသူများကလည်း ရောက်ရှိလာကြကာ သူတို့အချင်းချင်းဆွေးနွေးမှုများက နေရာအနှံ့ပင်။

ကောင်းကင်ကံကြမ္မာကလန်၏ အုပ်စုခွဲခုနှစ်ခု၏ ဧရိယာနှင့် အပြင်ကလန်ခွဲနေရာတို့တွင် ဇိမ်ခံအအောက်အဦများနှင့် ပြည့်လို့နေ၏။ သည်အဆောက်အဦများက သည်လအနည်းငယ်အတွင်း မန္တာန်များအသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်လေသည်။ သည်အဆောက်အဦများက ဧည့်သည်များ အနားယူနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခဲ့ခြင်းပင်။

တစ်စုံတစ်ယောက်က ကောင်းကင်ကံကြမ္မာကလန်ကို အထက်စီးမှ ကြည့်လျှင် သူတို့က အလယ်ရှိတောင်တစ်ကောင်ကို မြင်ရလိမ့်မည် ဖြစ်သည်။ သည်တောင်ကတော့ ကောင်းကင်ကံကြမ္မာကလန်၏ ပင်မနေရာ ဖြစ်ကာ မတူညီသောအရောင်ရှိသည့် ကြယ်ခုနှစ်ခုက ယင်းတောင်ကို ဝန်းပတ်လို့ထားသည်။ သည်ကြယ်ခုနှစ်လုံးက ကောင်းကင်ကံကြမ္မာကလန်၏ အုပ်စုခွဲခုနှစ်ခုကိုပင် ဖြစ်လေ၏။

သည်တောင်၏အပြင်ဘက်ခြမ်းတွင်တော့ အဆောက်အဦများက ပင်လယ်ကြီးတစ်ခုအလား တည်ရှိနေသည်။ ရှေ့ဖြစ်ဟောသူကမွေးနေ့ပွဲတစ်ခု ကျင်းပတိုင်း တက်ရောက်လာသည့်လူပမာဏက အံ့မခန်းပင်။

သို့သော် နောက်ဆုံးတွင်တော့ ကလန်၏ပင်မနေရာသို့ ဝင်လာနိုင်သည့်လူက လူအယောက်တစ်ရာထက် မပိုပေ။ တစ်ခါတစ်ရံဆိုလျှင် လူဆယ့်နှစ်ယောက်ခန့်သာ ဝင်လာခွင့် ရှိလေ၏။

ရှေ့ဖြစ်ဟောသူ၏ မွေးနေ့အခမ်းအနားနေ့ နောက်ဆုံးတွင် ကျရောက်လာသည့်အထိ လူများစွာက ဆက်၍ ရောက်လာနေကြတုန်းပင်။

သည်နေ့တွင် ကောင်းကင်ထက်၌ တိမ်ကင်းစင်လျက် ရှိနေ၏။ ကောင်းကင်က အပြာရောင်တောက်ပကာ လေပြင်ညင်းများက ပန်းရနံ့များကို သယ်ဆောင်နေသည်။ မွေးနေ့ပွဲအတွက် စုစုပေါင်းနေရာ ရှစ်ခု ရှိလေ၏။

ခုနှစ်ခုကတော့ အုပ်စုခွဲခုနှစ်ခုတွင် ကျင်းပကာ ကျန်သည့်တစ်ခုကတော့ ပင်မကလန်တွင် ကျင်းပခြင်း ဖြစ်သည်။ ပင်မကလန်က အဓိကအခမ်းအနားဖြစ်ကာ ထိုနေရာသို့ လာရောက်နိုင်သည့်လူက လုံးဝသာမန်မဟုတ်ကြချေ။

ရွှေရောင်နတ်ဆိုးပင် သည်နေရာသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မှီပေ။ သူ့အဆင့်အတန်းဖြင့်ပင် သူက မွေးနေ့ပွဲအခွဲကျင်းပသည့်နေရာများထဲကတစ်ခုတွင်သာ ပါဝင်နိုင်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset