ဝမ်လင်းက ရတနာခန်းမ၏ ခုနှစ်ထပ်မြောက် အပြင်ဘက်တွင် ပေါ်လာခဲ့သည်။ သူက ပေါ်ထွက်ချင်းချင်း အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ အကွာအဝေးတစ်ခုသို့ ပျံသန်းလို့သွားသည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက အလွန်မြန်ဆန်စွာ လှုပ်ရှားနေပြီး ခရမ်းသစ်တောခန်းမသို့ ဦးတည်ပျံသန်းနေ၏။ သူက ခုချိန်တွင် လုံလောက်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ ရရှိပြီး ဖြစ်သည့်အတွက် ၎င်းတို့ကို စုပ်ယူရန် တံခါးပိတ်ကျင့်ကြံကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်သို့ တက်နိုင်သမျှ မြန်မြန်ရောက်အောင် လုပ်ရမည် ဖြစ်သည်။ သည့်နောက်သူက နောက်လသုံးလာကြာတွင် အစစ်အမှန်တပည့်နေရာအတွက် ဝင်ရောက်တိုက်ခိုက်နိုင်စွမ်း ရှိမည် ဖြစ်သည်။
ဝမ်လင်းက အလွန်မြန်ဆန်လှ၏။ ဝမ်လင်း ပျံသန်းသွားသည့်အခိုက်တွင် သပ်ရပ်သည့် ဝါးနှင့်ပြုလုပ်ထားသည့် ဆင်ဝင်တစ်ခုတွင် အဘိုးအိုသုံးယောက်က ထိုင်လျက်ရှိနေ၏။ သည်သုံးယောက်က ခရမ်းရောင်အုပ်စုခွဲ၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသုံးယောက် ဖြစ်ကြသည်။ သူတို့ထဲကတစ်ယောက်က ဝမ်လင်းပျောက်ကွယ်သွားသည့်နေရာသို့ ကြည့်၍ နှာခေါင်းရှုံ့ကာ မကျေမနပ်လေသံဖြင့် ပြောလိုက်၏။ “ဒီဝမ်လင်းက တကယ့်ကို မောက်မာတယ်…။ သူက ဒီကလန်ထဲမှာတောင် ဒီလို အမြန်နှုန်းနဲ့ ပျံသန်းဝံ့နေတယ်ပေါ့…”
သူ့ဘေးရှိ အဘိုးအိုတစ်ယောက်က ခေါင်းရမ်းကာ ပြောလိုက်၏။ “သူတို့က ကလန်ကို သစ္စာမဖောက်ဖူးဆိုရင် ဘိုးဘေးရဲ့တပည့်တွေနဲ့ ပတ်သတ်ပြီး သွားရှုပ်တာ မကောင်းဘူး…။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က သိပ်မမြင့်ပေမဲ့ သူ့မှာ တိုက်ပွဲအတွေ့အကြုံတွေ အများကြီး ရှိနေတယ်…။ ငါတို့ သုံးယောက်ပေါင်းရင်တောင် ငါတို့က အလွန်ဆုံးမှ သူနဲ့ တိုက်ရင် သရေပဲ ကျလိမ့်မယ်…”
နောက်ဆုံးအကြီးအကဲ တစ်ယောက်က ခရမ်းရောင်ရေနွေးခွက်ကို ကောက်ကိုင်၍ ပြောလိုက်သည်။ “ ငါတို့ စိုးရိမ်ရမယ့်ကိစ္စ မဟုတ်ဘူး…။ ဘိုးဘေးတပည့်တွေကြား ပြိုင်ပွဲက တကယ့်ကိုပဲ ကြမ်းကြုတ်လှတယ်…။ငါတို့သုံးယောက်က ကလန်မှာ ရောက်နေတာ နှစ်ထောင်ပေါင်းများစွာ ရှိနေပေမဲ့ မင်းက ဒါကို ခုထိ ဖြတ်မြင်နိုင်စွမ်း မရှိသေးတာလား…”
သည့်နောက် သူတို့သုံးယောက်လုံးက စဉ်းစားလို့နေကြသည်။
ဝမ်လင်းက အမြန်ဆုံးနှုန်းဖြင့် လမ်းတစ်လျှောက်ပျံသန်းလာသည့်အတွက် သိပ်မကြာခင်မှာပင် ခရမ်းသစ်တောခန်းမသို့ ပြန်ရောက်လာခဲ့လေ၏။ သူက မြေပေါ်သို့ ဆင်းသက်လိုက်သည်။
သူက ဆင်းသက်လာသည့်အခိုက်မှာပင် သူ့အသွင်က ရုတ်တရပ် ပြောင်းလဲသွားပြီး သူက အကွာအဝေးတစ်ခုထံသို့ လှည့်၍ ကြည့်လိုက်သည်။ အလင်းတန်းတစ်ခုက ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်ကို တွေ့ရမည် ဖြစ်၏။
သည်အလင်းတန်းက လေထဲတွင် ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့် တစ်ယောက်၏ ပုံရိပ်တစ်ခု ပေါ်လာလေသည်။ သည်ပုံရိပ်ကတော့ လေးယောက်မြောက်အမ ပင် ဖြစ်လေသည်။
တစ်ပြိုင်နက်တည်းမှာပင် အလင်းတစ်ချက် ဖျပ်ခနဲလင်းလက်သွားပြီး ကျောက်ရှန်းရှ၏ နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာခဲ့တော့၏။
သူ့ညာဘက်တွင်တော့ ခရမ်းရောင်အလင်းတစ်ခုနှင့်အတူ အကိုနှစ်က သုန်မှုန်သည့်ဟန်ဖြင့် ထွက်လာခဲ့တော့သည်။
ဝမ်လင်းက သူတို့သုံးယောက်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ “ပုန်းနေတဲ့ ရောင်းရင်း ကျင့်ကြံသူ…ဘာလို့ ဒီလိုကစားပွဲမျိုး လုပ်နေရတာလဲ…။ထွက်လာခဲ့ပါ…” သူက သည်နေရာတွင် မည်သူကိုမျှ ထောက်လှမ်းမိခြင်း မရှိပေ။သို့သော် သူတို့သုံးယောက်က တည်ငြိမ်စွာ ပေါ်ထွက်လာသည်ကို ကြည့်၍ ဝမ်လင်းက သူတို့တွင် နောက်ခံကောင်းတစ်ခု ရှိနေရမည် ဆိုသည်ကို သိရှိနေပေ၏။
ဝမ်လင်းက ထိုသို့ပြောလိုက်ပြီးနောက် လေဟာနယ်ထဲကနေ ရယ်မောသံတစ်ခု ထွက်ပေါ်လာကာ အပြာရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထက်၌ ပေါ်လာခဲ့၏။ သည်လူကတော့ အသက်သုံးဆယ်ပတ်လည်သာ ရှိဦးမည့် လူငယ်တစ်ယောက်ပင်။ သို့သော် ကျင့်ကြံသူများအတွက် အသက်ကို ပုံပန်းသဏ္ဌာန်ကိုကြည့်၍ ဆုံးဖြတ်လို့ မရချေ။
သည်လူက ဝတ်စုံအနားစွန်း၌ အပြာရောင်နဂါးသုံးကောင်ကို ရေးထိုးထားသည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်လို့ထားသည်။
“ကောင်းကင်ကံကြမ္မာကလန်ရဲ့ အဆင့်သုံးအုပ်စုခွဲ ဖြစ်တဲ့ အပြာရောင်အုပ်စုခွဲရဲ့ စီမာယုဖန်…” သည်လူက ညင်သာစွာပြုံး၍ ပေါ်ထွက်လာပြီးနောက် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ရောက်လာခဲ့၏။
“စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်…။သူက လေးယောက်မြောက်အမထက် အနည်းငယ်သာတဲ့ ကျင့်ကြံမှုအဆင့်ရှိတယ်…။ ဒီတော့ သူက နောက်ဆုံးအထွတ်အထိပ် အဆင့် ဖြစ်လိမ့်မယ်…” ဝမ်လင်းက အနည်းငယ် မျက်လုံးသူငယ်အိမ် ကျုံ့သွားမိသည်။
စီမာယုဖန်က ကျယ်လောင်စွာ ပြောလိုက်၏။ “ဂျူနီယာညီလေး ဝမ်လင်း…ငါတို့က တူညီတဲ့အုပ်စုက မဟုတ်ပေမဲ့လည်း ငါက မင်းအကြောင်း ကြားဖူးထားပါတယ်…။ ဒီနေ့ငါက မင်းကို နောက်ထပ် စီနီယာအကို တစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့…။ အကိုဝမ်…မင်း ရောက်လာပြီဆိုလဲ မင်းကိုယ်မင်း ဖော်ပြတော့လေ…”
“ဟက်…” အေးစက်သောအသံတစ်ခုက လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။ သည်အသံထဲ၌ အေးစိမ့်မှုတို့ ပါဝင်နေသည်။ ဝမ်လင်းက သူပင်မသိလိုက်ရဘဲ သူ့နောက် ဆယ်နှစ်ပေခန့်တွင် ပေါ်လာသည့်လူကို လှည့်၍ ကြည့်လိုက်သည်။
သည်လူကလည်း အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဘယ်တော့မှမပျော်နိုင်သည့် ရေခဲတောင်အလား မတ်တပ်ရပ်လို့နေ၏။ သူက ဝမ်လင်းကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးပြန်မှိတ်သွားလေသည်။
သူ့အကြည့်က အရာအားလုံးကို ထိန်းချုပ်နိုင်သကဲ့သို့ အေးစက်မှုအာရုံကို ထုတ်လွှတ်လို့နေသည်။ ဝမ်လင်းက သူကိုယ်တိုင်လှုပ်ရှားရန် မထိုက်တန်သကဲ့သို့ပင်။
“သူက အာဏာတက်ခြင်းအဆင့်ကို မရောက်သေးပေမဲ့ ခြေတစ်ဝက် နင်းထားပြီးပြီးပဲ…” ဝမ်လင်းအသွင်က သုန်မှုန်လို့သွား၏။ သည်ငါးယောက် သည်နေရာတွင် ရှိနေခြင်း၏ ရည်ရွယ်ချက်က သိသာပေသည်။ သူက သူ့သိုလှောင်အိတ်ပေါ်သို့ လက်တင်ထားလိုက်၏။
သည်အခိုက်တွင် ခရမ်းရောင်အုပ်စုခွဲ၏ လေးယောက်မြောက်အမ၏ မျက်နှာပေါ်၌ အကူအညီမဲ့နေအသွင် ရှိနေသည်။ သူမက ပြောလိုက်သည်။ “မောင်လေးခုနှစ်…ငါက ဒီလိုလုပ်ဆောင်ဖို့ ငါ့ကို တစ်စုံတစ်ယောက်က ပြောထားလို့ပဲ…။ဒါ့ကြောင့် ငါ့မှာ ရွေးချယ်စရာမရှိဘူး…။နင်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ထိုသို့ပြောပြီးနောက် သူမက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ ဝမ်လင်းထံသို့ လက်ညွှန်လိုက်၍ ရွတ်ဆိုမှုတစ်ခု ပြုလုပ်သည်။ ငွေရောင်အလင်းတန်းတစ်ခုက သူမထံကနေ ထွက်ပေါ်လာပြီးနောက် တစ်ဆယ်ကီလိုမီတာပတ်လည်ကို ဖုံးလွှမ်းလို့သွားလေသည်။
“တားမြစ်ခံနည်းစနစ်…တည်နေရာရွေ့ပြောင်းခြင်း…” သည်အသံနှင့်အတူ ငွေရောင်အလင်းတန်းကလည်း တောက်ပလာပြီးနောက် သဲလွန်စမရှိ ပြန်ပျောက်ကွယ်လို့သွားသည်။
ဝမ်လင်းသည်လည်း အမျိုးသမီးနှင့်အတူ ပျောက်ကွယ်လို့သွား၏။
ကောင်းကင်ကံကြမ္မာကလန်တွင် ကီလိုမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းသည့် တောအုပ်တစ်ခု ရှိလေသည်။ သည်တောအုပ်ထဲ၌ သစ်ပင်များ ထူထဲစွာ ပေါက်ရောက်လျက် ရှိနေ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် သည်နေရာတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်နေသည်ကို တွေ့ရမည် ဖြစ်လေ၏။
သည်အခိုက်တွင် သည်တောအုပ်၏ အပေါ်၌ ငွေရောင်လှိုင်းတစ်ခုက ရုတ်တရပ် ထွက်ပေါ်လာခဲ့သည်။ သည်ငွေရောင်အလင်းလှိုင်းက သည်ဧရိယာ၏ တစ်ဆယ်ကီလိုမီတာကို ဖုံးလွှမ်းလို့သွားလေသည်။
သည်နေရာက လူသူကင်းမဲ့လှ၏။ သည်နားပတ်လည်၌ ကျင့်ကြံသူများ ရှိနေမည်ဆိုလျှင်ပင် လေလွင့်ကျင့်ကြံသူများသာ ရှိပေလိမ့်မည်။ သူတို့က ငွေရောင်အလင်းကို မြင်လိုက်သည့်အခါတွင် သူတို့အားလုံးက အဝေးသို့ ထွက်သွားခြင်း သို့မဟုတ် စုံစမ်းခြင်းကို ပြုကြလေ၏။သို့ရာတွင် မည်သူကမျှ ၎င်းအလင်းနားသို့ ကပ်မလာဝံ့ကြချေ။
သည်ငွေရောင်အလင်း၏ အလယ်၌ ပုံရိပ်နှစ်ခုပေါ်လာခဲ့သည်။ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ပင်။ အမျိုးသမီးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်လှပ၏။ သူမ၏ နက်မှောင်သောဆံနွယ်များက ကြော့ရှင်းလှပမှုကို ပေးစွမ်းသည်။
အမျိုးသားသည်လည်း ခရမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သို့သော် သူ့မျက်လုံးများကတော့ အလွန်တရာ အေးစက်လို့နေ၏။ သူက တည့်မတ်စွာ မတ်တပ်ရပ်လျက် ရှိနေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “လေးယောက်မြောက်အမရဲ့ တားမြစ်နည်းစနစ်က ငါ့ကို တကယ် အမြင်ကျယ်စေတယ်…”
သူမက ထိုနည်းစနစ်ကို စောနက အသုံးပြုလိုက်သည့်အခါတွင် ဝမ်လင်းက သူ့ပတ်ဝန်းကျင်လေဟာနယ်သည် တစ်ခုခု ဖြစ်သွားကာ သူက တည်နေရာ ရွှေ့ပြောင်း၍ မရတော့သည်ကို ရှင်းလင်းစွာ ခံစားမိခဲ့သည့် မဟုတ်လား။
သည့်အပြင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒလေးခုကလည်း ဝမ်လင်းအပေါ်၌ ပိတ်ဆို့ထား၏။ သူက လှုပ်ရှားရန် ကြိုးစားသည်နှင့် သည်သတ်ဖြတ်ခြင်းစိတ်ဆန္ဒလေးခုက သူ့ကို တိုက်ခိုက်လာပေလိမ့်မည်။
သည်သတ်ဖြတ်ခြင်းစိတ်ဆန္ဒလေးခုက ကျောက်ရှန်းရှ၊၊အကိုနှစ် နှင့် အပြာရောင်အုပ်စုခွဲ၏နှစ်ယောက်တို့ကနေ ဖြစ်တည်လာခြင်းပင်။ သူတို့၏ ရည်ရွယ်ချက်က ဝမ်လင်းကို သတ်ဖြတ်ရန် မဟုတ်ဘဲ ဖိနှိပ်ထားနိုင်ရန် ဖြစ်လေ၏။
သည်လူများက စုပေါင်းရှိနေသည့်အတွက် ဝမ်လင်းက အဆင်အခြင်မဲ့စွာ မလုပ်ဆောင်ဝံ့ချေ။သည့်အတွက် သူက လေးယောက်မြောက်အမကို တည်နေရာရွှေ့ပြောင်းခွင့် အသာတကြည် ပေးလိုက်ခြင်းပင်။ လေးယောက်မြောက်အမက ဖြည်းညင်းစွာ ပြောလိုက်၏။ “မောင်လေးခုနှစ်က ဒီမန္တာန်ကို စိတ်ဝင်စားရင် ငါက ဒီကိစ္စတွေ ပြီးသွားတဲ့အခါ သင်ပေးမယ်…။ ဒါပေမဲ့ ခုချိန်မှာတော့ နင်က နောက်သုံးနှစ်အထိ ဒီမှာ တံခါးပိတ်ကျင့်ကြံနေဖို့ မျှော်လင့်တယ်…။ ဒီသုံးနှစ်ပြီးရင် ငါ ပြန်လာပြီး နင့်ကို လွှတ်ပေးပါ့မယ်…”
ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်၍ သူ့အသွင်က နဂိုအတိုင်းသာ ရှိနေသည်။ သည်နေရာက ထူးဆန်းသောအားတစ်ခုနှင့် ဝန်းရံထားလေသည်။ လူတစ်ယောက်က အပေါ်ကနေ ကြည့်လျှင် သည်နေရာရှိ အတားအဆီးများကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
“စီနီယာအမက ငါ့ကို ဒီလို အတားအဆီးလောက်နဲ့ ပိတ်ထားနိုင်မယ် တွေးနေတာလား…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ညာလက်ကို ဝှေ့ရမ်းလိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွား၏။ ဝမ်လင်းက သည်ဓားကို ဆွဲကိုင်ကာ မြေကြီးပေါ်ရှိ ကျောက်တုံးတစ်ခုထံသို့ ပစ်လွှတ်လိုက်၏။
သို့သော် သည်ဓားက ပေတစ်ရာ မရောက်ခင်မှာပင် အောက်သို့ ပြုတ်ကျကာ ပျက်စီးသွားတော့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိ၏။
“ဂျူနီယာမောင်လေး…ဒီအတားအဆီးက စီနီယာအကိုကြီးကိုယ်တိုင် လုပ်ထားခဲ့တာ…။ သူသာ ယုံကြည်ချက် မရှိရင် နင့်ကို ဒီနေရာမှာ လာထားခိုင်းမှာ မဟုတ်ဘူး…။ဒါ့ကြောင့် နင်းစွမ်းအားကို ဖြုန်းတီးမနေတော့နဲ့…” လေးယောက်မြောက်အမက သက်ပြင်းချကာ သူမက ငွေရောင်အလင်းအပြင်ဘက်သို့ ပျံသန်းသွားတော့၏။
သူမက ပြန်လှည့်၍ ဝမ်လင်းက အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “စီနီယာအကို…အတိတ်တုန်း နင့်အပေါ်မှာ ငါအကြွေးတင်ခဲ့တာကို ပြန်ဆပ်ပြီးပြီး…။ခုက စပြီး ငါတို့နှစ်ယောက်ကြားမှာ ဘာပတ်သတ်မှုမှ မရှိတော့ဘူး…” ထိုသို့ပြောပြီးနောက် သူမက ကောင်းကင်ကံကြမ္မာကလန် ရှိရာသို့ ပျံသန်းသွားတော့သည်။
ဝမ်လင်းက တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ပုံရိပ်ကိုကြည့်၍ သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သူ့မျက်လုံးက တဖြည်းဖြည်း အေးစက်သထက် အေးစက်လာခဲ့ကာ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ ဓားချက်တစ်ခုတည်းဖြင့်ပင် ပေပေါင်းအတော်လေးကျယ်သည့် ဓားစွမ်းအင် တစ်ခု ဖြစ်ပေါ်လာပြီး အနီးရှိ ကျောက်တုံးပေါ်သို့ လှီးဖြတ်သွားလေသည်။
အစပိုင်း၌ ဓားစွမ်းအင်က အားကောင်းလွန်းလှသော်လည်း တဖြည်းဖြည်းဖြင့် အားပျောလို့သွားခဲ့သည်။ အသက်သုံးခါရှုချိန်အတွင်း ၎င်းစွမ်းအင် လုံးဝ ပျောက်ကွယ်လို့သွားတော့၏။
ဝမ်လင်းက အနည်းငယ်စဉ်းစားကာ ကောင်းကင်ထက်သို့ တဟုန်ထိုး ထိုးတက်လိုက်၏။ သူက ပျံသန်းနေရင်းဖြင့် ပြင်းထန်သောအားတစ်ခုက သူအပေါ်ကနေ တားဆီးလာသည်ဟု ခံစားလိုက်ရ၏။
သည်အားက ပြင်းထန်သထက် ပြင်းထန်လာပြီး သူ့ပေါ်သို့ ကောင်းကင်ဘုံတစ်ခုလုံး ပြိုကျဖိနှိပ်လာသည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်းက လက်လျော့ခြင်း မရှိသည့်အပြင် မာန်သွင်း၍ ပိုမြန်အောင် ပျံသန်းလိုက်သည်။ သူက ပေရာပေါင်းများစွာသို့ ထိုးတက်သွားလေ၏။
သည်အခိုက်တွင် တောအုပ်အပေါ်ဘက်ရှိ အကွာအဝေးတစ်ခုကနေ ခရမ်းရောင်ပုံရိပ်တစ်ခုက တဟုန်ထိုးဆင်းသက်လို့လာသည်။သို့သော် သည်ငွေရောင်အလင်းတန်းက ဝမ်လင်းအပေါ်ဘက်တွင်သာ ရပ်တန့်လို့နေ၏။ သူက ထပ်၍ အပေါ်သို့ တက်သည်နှင့် သည်ငွေရောင်အလင်းတန်းက သူ့ကို ဖိနှိပ်ချလာသည်။
ဝမ်လင်းနှဖူးထက်၌ သွေးကြေများပင် ပေါ်လာခဲ့သည်။ သူက မာန်သွင်း၍ ထပ်မံ ထိုးထွက်သည်။ ခုချိန်၌ သူ့အပေါ်မှ ဖိလာသည့်အားက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တစ်ယောက်၏အစွမ်းကုန်စွမ်းအားနှင့် ညီမျှလာခဲ့သည်။
ဝမ်လင်းမျက်နှာက ဖြူရောလာကာ သူ့ခန္ဓာကိုယ်ကအောက်သို့ တဟုန်ထိုး ပြန်ပြုတ်ကျသည်။ သူက မြေပြင်ပေါ်သို့ တဟုန်ထိုး ပြန်ဆင်းသာလာရပြီးနောက် မြေပြင်သို့ ရောက်ခါနီးတွင် သည်ဖိအားများအားလုံးကို ရုတ်တရပ် အရည်ပျော်သွားကြသည့်အလား ပျောက်ကွယ်သွားတော့၏။ သူက ကျောက်တုံးတစ်ခုပေါ်တွင် မတ်တပ်ရပ်၍ ကောင်းကင်ထက်သို့ သုန်မှုန်စွာ စူးစိုက်ကြည့်နေပြီး တိတ်ဆိတ်စွာ စဉ်းစားလို့နေ၏။
သိပ်မကြာခွင်တွင် သူက သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။ ဝမ်လင်းက ရှေ့သို့ ညွှန်လိုက်သည်။ ရှုလီကောကကလည်း သူ့အမိန့်ကို ချက်ခြင်းနားလည်ကာ မာန်သွင်း၍ ရှေ့သို့ ထိုးတက်သွားလေ၏။
လခြမ်းကွေးဓားသွားကလည်း သူ့နောက်ကနေ လျင်မြန်စွာ လိုက်ပါသွား၏။ ၎င်းဓားနှင့်ဓားသွားတို့က ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ဖိအားက တစ်ဖန်ပြန်ရောက်လာကာ သည်တစ်ကြိမ်၌ ပို၍ပင် အားကောင်းနေခဲ့သည်။ ရှုလီကောက အထိတ်တလန့်အော်ဟစ်လိုက်လေ၏။
“အရှင်…ဒါက မဖြစ်နိုင်ဘူး…ငါက ဒီထူးဆန်းတဲ့အရာကို မချိုးဖျက်နိုင်ဘူး…။ ညီလေးဓားသွားလည်း မချိုးဖျက်နိုင်ဘူး…”
ဝမ်လင်းမျက်လုံးကလက်ခနဲ ဖြစ်သွားလေ၏။ သူက လက်ဝှေ့ရမ်းလိုက်ရာ ကောင်းကင်ဘုံဓားက ပြန်ရောက်လာ၏။ လခြမ်းကွေးဓားသွားကလည် ကောင်းကင်ဘုံဓားကို ဝန်းပတ်ကာ ဓားသွားတေးသံလှိုင်းများကို ထုတ်လွှတ်နေသည်။၎င်းက အလွန်မကျေမနပ် ဖြစ်နေသည့်ပုံပင်။
“သူတို့က ငါ့ကို ဒီနေရာမှာ အစစ်အမှန်တပည့် ရွေးချယ်တာ ပီးတဲ့အထိ ပိတ်ထားဖို့ ဆုံးဖြတ်ထားကျတာပဲ…။ ငါက သူတို့ ဆန္ဒကို ဘယ်လိုလုပ် ခွင့်ပြုပေးပါ့မလဲ…။ ဒီနေရာက လူသူကင်းမဲ့တဲ့အတွက် ငါက ဒီနေရာကို ကျင့်ကြံဖို့အတွက် အသုံးပြုလို့ရတယ်…။ ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်ကို ချိုးဖြတ်ပြီးရင် ဒီနေရာရဲ့ အတားအဆီးကို ချိုးဖျက်နိုင်မှာ သေချာတယ်…။ပြီးရင် ငါက အစစ်အမှန်တပည့်နေရာအတွက် သွားရောက်ရမယ်…” ထိုသို့ပြောပြီးနောက် ဝမ်လင်းအသွင်က ကျောက်တုံးပေါ်ကနေ ပျောက်ကွယ်သွားပြီး တောအုပ်အနက်ပိုင်းသို့ တိုးဝင်သွားတော့သည်။