ရှီမာယူယူနောက်မှလိုက်လာသောလူသည် အစကတည်းကပင် ရှီမာယူယူ ဒီလမ်းကြားကို ဘာလုပ်ဖို့လာသလဲဆိုသည်ကို သိချင်နေခဲ့သည်။ သူ့စကားများကိုနားထောင်လိုက်ရာ သူသည် တမင်တကာခေါ်လာသည်ကို ထိုလူသဘောပေါက်လိုက်သည်။
“မင်းက အမှိုက်ဖြစ်နေရဲ့သားနဲ့ ငါတို့ရှိနေတာကို သိလိမ့်မယ်လို့ ငါထင်မထားဘူး” အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ဦးသည် အကွယ်တစ်ခုနောက်မှထွက်လာကာ ရှီမာယူယူအား အေးစက်စွာကြည့်လိုက်သည်။
နောက်တစ်ယောက်သည် အခြားလမ်းကြားမှထွက်လာရာ ရှီမာယူယူအား ထိုလမ်းကြားတွင် ချောင်ပိတ်လိုက်သည်။
မကြာခင်က စကားပြောလိုက်သော ထိုလူအား ရှီမာယူယူကြည့်ကာ ပြောလိုက်သည် “နာလန်ရွှီ မင်းက အားအရမ်းနည်းတယ် ဒါပေမယ့် မင်းကတခြားသူရဲ့ နောက်လိုက်အဖြစ်နေချင်နေတာလား ငါ့ကို ရယ်အောင်မလုပ်နဲ့”
“အမှိုက်ကောင်.. မင်းကသေတော့မှာကို ပါးစပ်ဖွာနေသေးတယ်” နာလန်ရွှီသည် ရှီမာယူယူအား သွေးဆာနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ငါ့အစ်မ အကျယ်ချုပ်ခံနေရတာ မင်းကြောင့်ပဲ၊ ဒီနေ့ငါသေချာပေါက် လက်စားချေမယ်”
“ငါ့ကို သတ်ချင်တာလား” ရှီမာယူယူသည် သွေးဆာနေသော အရာများနှင့် အလွန်ရင်းနှီးခဲ့သည်။ သူမ အေးစက်စွာရယ်လိုက်သည်။ “မင်းငါ့ကိုသတ်နိုင်မယ်လို့ ထင်နေလား”
“ဟားဟား မင်းနောက်က လူယုံက အဆင့်တစ် ဝိညာဉ်သခင်၊ ငါက အံ့ဖွယ် အဆင့်ရှစ် ဝိညာဉ်စစ်သည်ဆိုတာ မင်းမသိလို့ပြောနေတာလား၊ မင်းကိုမနိုင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်တဲ့ အမှိုက်ကများ..” နာလန်ရွှီသည် ရှီမာယူယူအား အရူတစ်ယောက်အနေနှင့်ကြည့်လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က မင်းကိုသေအောင်မရိုက်လိုက်ရဘူး၊ ဒီနေ့တော့ ငရဲမင်းနဲ့တွေ့အောင် လုပ်ပေးမယ်၊ ပြီးတော့ ငါ့မျက်စိရှေ့မှာပဲ ကြောက်ရွံ့မှုရဲ့ အရသာအစစ်အမှန်ကို သိစေရမယ်”
“အမ်.. မင်းစကားပြောကတော့ ကောင်းတာပဲ၊ ငါလည်းပဲ မင်းကို ငါ့မျက်စိရှေ့မှာ ကြောက်ရွံ့မှုရဲ့ အရသာအစစ်ကိုပြပေးမယ်၊ ငါတို့ရည်ရွယ်ချက်က တစ်ခုထဲဖြစ်သွားပြီးဆိုတော့ အပိုစကားတွေမပြောတော့ဘူး၊ ချက်ချင်းစလိုက်ကြအောင်” ရှီမာယူယူ ပြောပြီးနောက် လှည့်လိုက်ကာ ပြေးသွားလိုက်သည်။
“မင်းက ပြေးချင်တာလား၊ သူ့ကိုဖမ်း” ရှီမာယူယူပြေးသည်ကိုတွေ့သည်နှင့် လွတ်မြောက်ရန်ကြိုးစားသည်ဟု ထင်သွားသည်။ တခြားလမ်းကြားမှလူအား သူ့အားဖမ်းရန် ပြောလိုက်သည်။
ရှီမာယူယူ လျှပ်စီးလက်သလိုအလျင်နှင့်ပြေးသည်ကို လူယုံမြင်လိုက်ရသည်။ ထိုအမှိုက်သည် လမ်းကြားအလယ်မှ သူ့ရှေ့တည့်တည့်သို့ မျက်စိတစ်မှိတ်အတွင်းရောက်လာမည်ကို မထင်လိုက်မိပေ။
နာလန်ရွှီ၏ အမိန့်ကိုကြားသည်နှင့် သူသည် ဝိညာဉ်စွမ်းအင်ကို စုစည်းလိုက်သည်။ သူအံ့သြနေသောကြောင့် ဝိညာဉ်ဘောလုံးအား ရှီမာယူယူဆီသို့ပစ်ရန်မေ့သွားခဲ့သည်။
ဝိညာဉ်ဘောလုံး သူမဆီသို့ရောက်လာသည်ကို ရှီမာယူယူမြင်လိုက်ချိန်တွင် သူမခန္ဓာကိုယ်အား ရွေ့လိုက်ကာ ပြေးပြီး နံရံတစ်လျှောက်ခုန်ကာ ဝိညာဉ်ဘောလုံးလာသည့်လမ်းကြောင်း အား ပြည့်စုံစွာရှောင်လိုက်သည်။
“ဘုန်း”
ဝိညာဉ်ဘောလုံးသည် မြေပေါ်တွင်ကျသွားကာ ဖုန်မှုန့်ပေါက်ကွဲမှုကိုဖြစ်သွားစေသည်။
လူယုံသည် သူအောင်မြင်သည်ဟု ထင်သွားချိန်တွင် ရှီမာယူယူ၏အရိပ်သည် နံရံပေါ်မှ ပေါ်လာလေသည်။ သူမ လက်ထဲတွင် ဓားမြှောင်ကိုင်ထားကာ အရှိန်ဖြင့် မုန်းတီးသော အပြုံးပြုံးလျက်ပေါ်လာတော့သည်။ သူအံ့သြနေစဉ်တွင် သူ့လည်ပင်းအား လှီးဖြတ်လိုက်ကာ ခုန်ပြေးလိုက်သည်။
လူယုံသည် ရှီမာယူယူ၏ အပြုံးကိုမြင်သော်အခါ နှလုံးသားမှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူထိုကဲ့သို့ တုန့်ပြန်မည်ကို မထင်ထားခဲ့ပါ။ သူ့လည်ပင်းသည် ထုံကျင်နေသည်ကို ခံစားလိုက်ရပြီး သူ့လည်ပင်းမှ ပန်းထွက်လာသော သွေးများကို စောင့်ကြည့်နေခဲ့သည်။
“ဘုန်း”
သူ့ခန္ဓာကိုယ်သည် နောက်ပြန်လဲကျသွားသည်။ သူသေသွားချိန်ရောက်သည်အထိပင် ထိုလူအားနားမလည်နိုင်သေးပါ။ အမှိုက်လို့ နာမည်ထွက်နေတဲ့သူက ဘယ်လိုလုပ်သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်နိုင်ပြီး ဘာလို့အဲလောက်မြန်မြန်လှုပ်ရှားနိုင်ရတာလဲ၊ ပြီးတော့ အဲအလိုလိုက်ခံရတဲ့အမှိုက်ရဲ့ ခန္ဓာကိုယ်ကနေ ဘယ်လိုလုပ်လူသတ်တဲ့ရောင်ဝါကို တွေ့ရတာလဲဆိုတာ နားမလည်နိုင်တော့ပါ။
နာလန်ရွှီသည် ဖုန်လုံး၏ အစွန်းတွင်ရောက်နေပြီး ရှီမာယူယူ၏ အလောင်းအား ဖျောက်ဖျက်ရန် စောင့်ဆိုင်းနေသည်။ အဲအစား ရှီမာယူယူ၏ ခန္ဓာကိုယ်သည် အကောင်းပတိအတိုင်းသူ့ရှေ့တွင်ရပ်နေမည်ကို သူမထင်ခဲ့ပါ။ ထို့အပြင် ရှီမာယူယူအနောက်မှ သူ့လူယုံတော်သည် မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့လိုက်ရသည်။
“မင်းမသေဘူးလား” အံ့သြမှုကြောင့် သူပြောလိုက်သည်။
သူ့လူယုံ၏ တိုက်ခိုက်မှုကို ခံရလျှင် အသက်ရှင်ရန်ကြိုးစားရသောကြောင့် ဒဏ်ရာကြီးကြီးမားမား ရနေရမှာမဟုတ်ဘူးလား၊ သို့သော် ရှီမာယူယူတွင် ပွန်းပဲ့ဒဏ်ရာတစ်ခုမှမရှိပါ၊ ဘယ်လိုဖြစ်နိုင်မှာလဲ။
ရှီမာယူယူ အန္တရာယ်ရှိသော အပြုံးကိုပြုံးလိုက်သည် “မင်းတောင်မသေသေးတာ ငါကဘယ်လိုလုပ်သေရမှာလဲ”
“ဟမ်… မင်းကံကောင်းလို့ရှောင်သွားနိုင်ပေမယ့် ဒီတစ်ခါတော့မင်းကံမကောင်းနိုင်ဘူး” သူစကားပြောပြီးသည်နှင့် နာလန်ရွှီသည် ဝိညာဉ်စွမ်းအင်ကို စတင်စုစည်းတော့သည်။
“တကယ်တော့ မင်းရဲ့အသက်ကို စောစောစီးစီးမယူချင်ပါဘူး၊ ဒါပေမယ့် မင်းက ကိုယ်တိုင်ငါ့ရှေ့ရောက်လာမှတော့ အဲဒါကို လက်မခံလို့ဘယ်ဖြစ်မလဲ” သူမပြောပြီးသည်နှင့် ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်အား စတင်စုစည်းလိုက်သည်။
ရှီမာယူယူအား မြင်သည်နှင့် နာလန်ရွှီသည် အလွန်အမင်းအံ့အားသင့်စွာအော်လိုက်မိသည် “မင်းက ဝိညာဉ်သခင်လား”
ရှီမာယူယူ မေးခွန်းကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ သူမအား အကြိမ်ပေါင်းများစွာ သတ်ရန်ကြိုးစားသောသူအား ကြင်နာမှုတစ်ခုမှ ပြသရန်မဖြစ်ပေ။
နာလန်မျိုးနွယ်…
နာလန်လန်သည် သူမအိမ်တွင်ထိုင်နေသော်လည်း တစ်စုံတစ်ရာဖြစ်နေသကဲ့သို့ သူမစိတ်များ လေးလံနေခဲ့သည်။
“ငါ့မောင်က ရှီမာယူယူကို ပြဿနာရှာဖို့ သွားရှာတာတော့မဟုတ်လောက်ပါဘူးနော်” နာလန်လန်သည် သူမဘာသာ ရေရွတ်လိုက်သည်။
မနက်က နာလန်ရွှီရောက်လာကာ ရှီမာယူယူသည်မနေ့က အိမ်ပြန်၍ ဒီနေ့ကျောင်းကို သွားမည်ဖြစ်ကြောင်းကို သူမအားပြောပြခဲ့သည်။ သူ့အပြန်လမ်းတွင် လူတချို့ခေါ်သွားကာ သူ့အားသတ်မည့် အစီစဉ်ဆွဲထားသည်။
အစပိုင်းကတည်းက သူမသဘောမတူခဲ့ပါ။ သို့သော် နာလန်ရွှီဦးဆောင်ကာ သူ့လူယုံနှင့်အတူ ထွက်သွားခဲ့သည်။
နာလန်ရွှီထွက်သွားချိန်မှစ၍ သူမစိတ်များလေးလံနေခဲ့ပြီး သူ့တွင် တစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ရှီမာယူယူ အမှိုက်ဖြစ်သည့်အကြောင်းကိုတွေးလိုက်သောအခါ နာလန်ရွှီနှင့် လူယုံ၏အားကို ပေါင်းလိုက်လျှင် သူ့ကိုရှင်းပစ်ရသည်မှာ အလွယ်လေးပင်ဖြစ်သည်။ ထိုအတိုင်းစဉ်းစားလိုက်ပါက သူမစိတ်များ တည်ငြိမ်သွားခဲ့သည်။
“ရှီမာယူယူ ငါ့လက်နဲ့ ကိုယ်တိုင်မင်းရဲ့အသက်ကို မယူခဲ့မိတာ နောင်တရတယ်၊ ဒါပေမယ့် ငါ့မောင်လက်နဲ့ သေရတာလည်း အတူတူတော့ အတူတူပါပဲ” သူမကျောင်းမှ အထုတ်ခံရသည်ကို တွေးလိုက်သောအခါ နာလန်လန် လက်သီးဆုပ်မိသည်။
လမ်းကြားထဲတွင်…. ရှီမာယူယူသည် နာလန်ရွှီ၏ ဘေးသို့ရောက်လာခဲ့သည်။ ဝမ်းနည်းသည့်အဆင့်မှာပင် ရှီမာယူယူ၏ ဝိညာဉ်မီးတောက်သည် သူ့အားလောင်ကျွမ်းသည်ကို မြင်ကာ မျက်လုံးများတွင် ကြောက်ရွံမှုနှင့် တုန်လှုပ်မှုများပြည့်နှက်နေခဲ့သည်။ သူမ ကန်လိုက်ကာ ပြောလိုက်သည် “ဘာတွေအဲလောက်အံ့သြနေရတာလဲ၊ ငါ ကျင့်ကြံနိုင်နေလို့လား၊ ဒါမှမဟုတ် ဒီလောက်မြန်မြန်ရှုံးမယ်လို့မထင်ထားလို့လား”
နာလန်ရွှီ စကားပြောရန်မဖြစ်နိုင်သကဲ့သို့ မျက်တောင်ခတ်လိုက်သည်။
ရှီမာယူယူ ကျင့်ကြံနိုင်သည်၊ ထို့အပြင် သူ့ထက်ပင်ပိုအားကောင်းနေသည်ကို နာလန်ရွှီလုံးဝထင်မထားခဲ့ပါ။ ရှီမာယူယူ ဝိညာဉ်စွမ်းအင်ကို အသုံးပြုစဉ်တွင် လနှင့်ကြယ်များသည် သူ့အဆင့်ကို ပြသရန် ဘာလို့ပေါ်မလာလဲဆိုသည်ကို လည်းသူမသိတော့ပါ။ သို့သော် သူသည် အနည်းဆုံး ဝိညာဉ်သခင်အဆင့်ရောက်နေသည်ဟု ခံစားမိသည်။
သူ့မျက်လုံးတွင် လူသတ်မည့်အငွေ့အသက်များကိုကြည့်၍ သူနောင်တရလာသည်။ ဒီနေ့ရှီမာယူယူအား သတ်ရန် လူခေါ်မလာခဲ့ရင် ဒါမှမဟုတ် သူ့ကိုယ်သူ အထင်မကြီးခဲ့ရင် ဒါမှမဟုတ် ဒီထက်ပိုပြီး လူများများခေါ်ခဲ့ရင် သူဒီလို အဆုံးသတ်မည် မဟုတ်ပေ။
“ငါကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူ ငါဒီနေ့မင်းအသက်ကို ယူမယ်လို့ပြောပြီးမှတော့ ငါ့စကားကို တည်ရတော့မှာပဲ” ရှီမာယူယူ ဓားမြောင်ကိုထုတ်ကာ လင်းလုံးသည် အသွင်ပြောင်းသွားပြီး ပြောလိုက်သည် “မင်းက ဒီဘဝမှာ ကြမ်းကြုတ်တဲ့သူပဲ ဒါပေမယ့် အားမလုံလောက်တာတော့ သနားစရာပဲ နောက်ဘဝမှာ ငါနဲ့ မတွေ့ရပါစေနဲ့လို့ ဆုတောင်းပေးလိုက်တယ်”
ထိုသို့ပြောပြီးနောက် နာလန်ရွှီ၏ နှလုံးတည့်တည့်သို့ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်ကာ အဆုံးသတ်ပေးလိုက်သည်။
နာလန်ရွှီ၏ အလောင်းအား တခြားသူများတွေ့လျှင် ဖြစ်လာမည့်ပြဿနာများအားရှောင်ရှားရန် နာလန်ရွှီနှင့် သူ့လူယုံ၏ အလောင်းများကို ဝိညာဉ်ပုလဲအတွင်းထည့်ကာ ဝိညာဉ်လေးအားဖြေရှင်းခိုင်းလိုက်သည်။
ရှီမာယူယူ ပစ်ထည့်လိုက်သော အလောင်းများကို ဝိညာဉ်လေးတွေ့သောအခါ လက်ခုပ်တီးလိုက်လေသည်။ အလောင်းနှစ်ခုသည် ဖုန်အဖြစ်ပြောင်းသွားကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ထိုကိစ္စအား ဖြေရှင်းပြီးနောက် သူမသည် လမ်းကြားမှထွက်လာကာ ကျောင်းသို့ဦးတည်သွားလေသည်။
အနည်းငယ်ကြာမှ လမ်းကြားထဲတွင် လူနှစ်ယောက်ပေါ်လာသည်။ မြေပေါ်မှ သွေးကွက်များကိုကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် မယုံနိုင်စွာနှင့် တုန်လှုပ်စွာကြည့်လိုက်ကြသည်။
“ဒီအချိန်တိုအတွင်းမှာ ငါးယောက်မြောက်သခင်လေးက သတ်ပစ်လိုက်တာပဲ သူ့အားက နိမ့်တော့မနိမ့်ဘူး၊ ငါ ငါးယောက်မြောက်သခင်လေးနောက်ကို ဆက်ပြီးလိုက်လိုက်မယ်၊ မင်းက စစ်သူကြီးအိမ်တော်ကို ပြန်ပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အစီရင်ခံလိုက်”
“ကောင်းပြီ”
သူတို့စကားပြောပြီးနောက် ခွဲထွက်သွားလေသည်။
ရှီမာယူယူ ကျောင်းသို့ရောက်သည်။ သူမအဆောင်သို့မရောက်ခင်တွင် လမ်းဘေးတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော သူအား သူမတွေ့လိုက်ရသည်။