Switch Mode

အပိုင်း (၅၃၂):

ရှေ့ဖြစ်ဟောသူ၏ အစစ်အမှန် တပည့်ခုနှစ်ယောက်

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိပြီး ခန်းမထဲကနေ လှမ်းလျှောက်၍ ထွက်လာခဲ့၏။ အပြင်ဘက်တွင် ဘိုင်ဝေက မတ်တပ်ရပ်လျက် ရှိနေသည်။ ဘိုင်ဝေက အမှန်ပင် ချောမောသည့်သူ ဖြစ်သည်။ သို့သော် နေရောင်အောက်တွင်တော့ သူက မိန်းမဆန်သော ခံစားချက်ကို ပေးစွမ်းလို့နေ၏။

ဝမ်လင်းက ဘိုင်ဝေနှင့် အကွာအဝေးတစ်ခုတွင် ရပ်ကာ ပြောလိုက်သည်။ “အကိုသုံးက ဘာကိစ္စများ ရှိလို့လဲ ငါသိချင်မိတယ်…”

ဘိုင်ဝေက လှပစွာပြုံး၍ သူ့အောက်နှုတ်ခမ်းကို မထိတထိ ကိုက်ကာ ပြောလိုက်သည်။ တကယ့်တော့ ငါ့မှာ ကိစ္စရှိပါတယ်…။ညီခုနှစ်…မင်းက ခုထိ မင်းရဲ့ တုန်ကင်နဲ့အဝတ်အစား တွေမရသေးဘူးလေ…။ ငါ့မှာ မင်းအတွက်အဲ့တာတွေ ရှိလို့ ဒီကို ယူလာပေးတာ…” ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ရမ်းလိုက်ရာ သိုလှောင်အိတ်တစ်ခုက ဝမ်လင်းထံသို့ ပျံသန်းလာခဲ့သည်။

ဝမ်လင်းက သိုလှောင်အိတ်ကို ဖမ်းယူ၍ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သည်အိတ်ထဲ၌ အမှန်ပင် ခရမ်းရောင်ဝတ်စုံနှစ်ထည်နှင့် တုန်ကင်ပြားတစ်ခု ရှိလို့နေ၏။

ဝမ်လင်းက လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ်…”

ဘိုင်ဝေက ပြုံးလိုက်သည်။ “ပြသနာမရှိဘူး…။ မင်းက ခုခရမ်းရောင်အုပ်စုခွဲနဲ့ ရင်းနှီးမှုမှ မရှိသေးတာ…။ ဒီတော့ မင်းရဲ့ စီနီယာအကိုက ဒီနားပတ်လည်ကို လိုက်ပြပေးမယ် ဆိုရင်ရော…”

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတို့ ဖြတ်ပြေးသွား၏။သည့်နောက်သူက ငြင်းဆိုလိုက်သည်။ “ကျေးဇူးပါ စီနီယာအကို…ဒါပေမဲ့ ငါ့မှာ ကျင့်ကြံမှုလုပ်စရာ ရှိနေတယ်…ဒါ့ကြောင့် နောက်နေ့တွေကြမှပဲ ဒီလိုလုပ်ကြတာပေါ့…”

ဝမ်လင်းက ထိုသို့ပြောပြီးပြီးချင်း နောက်သို့ ခြေနှစ်လမ်းခန့် ဆုတ်လိုက်သည်။ သူက သည်ဘိုင်ဝေထံကနေ ထူးဆန်းသောခံစားချက်ကို ရရှိနေ၏။ ဘိုင်ဝေနှင့်စကားပြောရခြင်းက သူ့အတွက် သက်တောင့်သက်သာမဖြစ်မှုကို ခံစားရစေသည်။

ဘိုင်ဝေက ဝမ်လင်းကို ညှိုးငယ်သောဟန်ပန်နှင့်ကြည့်၍ ညင်သာစွာ ပြောလိုက်သည်။ “ညီခုနှစ်…ငါက အန္တရာယ် ရှိတယ်လို့ပြောတာတော့ မဟုတ်ဘူး…ဒါပေမဲ့ ခရမ်းရောင်အုပ်စုခွဲက တကယ့်ကို ရှုပ်ထွေးလွန်းတယ်…။ငါက မင်းအတွက် ဒီသတင်းကို ရဖို့ တညလုံး ကုန်ဆုံးခဲ့ရတယ်…။မင်းက ဒီသတင်းကို တကယ်ပဲ မကြားချင်ဘူးလား…”

ဝမ်လင်းက အနည်းငယ်စဉ်းစားလိုက်၏။သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဖြူရောင်အလင်းတစ်ချက် တောက်ပသွားပြီးနောက် ထိုင်ခုံနှစ်ခုနှင့် ရေနွေးကြမ်းအိုးတစ်စုံ ပေါ်လာခဲ့တော့သည်။

ဝမ်လင်းမျက်လုံးများက ကြည်လင်လို့နေပြီး သူက ခုံပေါ်တွင် ထိုင်ချ၍ ပြောလိုက်သည်။ “အကိုသုံး…ကျေးဇူးပြု၍ ထိုင်ပါ…”

ဘိုင်ဝေက ပြုံး၍ ထိုင်လိုက်သည်။ သူက ဝမ်လင်းအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ပြီးနောက် သူ့အတွက်ပါ တစ်ခွက်ထပ်ငှဲ့လိုက်သည်။ သူက ရေနွေးအိုးကို ပြန်ချပြီးနောက် ပြောလိုက်၏။ “ငါက မင်းနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းက ငါက မင်းကို ဆရာတစ်ခါသား ပြောခဲ့ဖူးတဲ့ ဂုဏ်ပြုဖွယ်တပည့်လို့ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းက ပြုံးရုံသာပြုံးနေ၍ မည်သည့်စကားမျှ ပြန်မဆိုချေ။

ဘိုင်ဝေက ရေနွေးခွက်ကို ကောက်၍ တစ်ငုံသောက်လိုက်သည်။ သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ဝမ်လင်း…စီနီယာအကိုကြီးကို သတိထားပါ…”

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက ခေါင်းမော့၍ ဘိုင်ဝေကို ကြည့်လိုက်သည်။

ဘိုင်ဝေက ရေနွေးခွက်ကို ပြန်ချကာ ဖြည်းဖြည်းချင်းပြောလိုက်၏။ “စီနီယာအကိုကြီးက ခရမ်းရောင်အုပ်စုခွဲမှာ ဆရာ့နောက်ကို လိုက်ခဲ့တဲ့ နှစ်အများဆုံး တပည့်တစ်ယောက်ပဲ။ ဒါ့ကြောင့် သူက ငါတို့မသိတဲ့ တော်တော်များများကို သိထားတယ်။ ဥပမာ ဆရာက ဘာကြောင့် ဒီဂြိုဟ်မှာ နှစ်သောင်းချီပြီး ရှိနေတာလည်း ဆိုတာမျိုးပေါ့။ ထျန်ယွမ်ဂြိုဟ်ရဲ့ ကျင့်ကြံသူအများစုက နှစ်ထောင်ပေါင်းများစွာသာ ကျင့်ကြံကြတယ်…။ အလွန်နည်းပါးတဲ့ တစ်ချို့သာ နှစ်သောင်းချီပြီးကျင့်ကြံကြတာ။ စီနီယာအကိုက ဒီလိုမျိုးအရာတွေရဲ့ အမှန်တရားကို သိနေတဲ့သူ ဖြစ်တယ်…”

ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်လို့သွား၏။ သူက အရင်တုန်းကတည်းက သည်မေးခွန်းနှင့် ပတ်သတ်၍ တွေးတော့ခဲ့ဖူးသည်။ သို့သော် သူက သည်ဂြိုဟ်အကြောင်း များစွာ မသိသဖြင့် နက်နက်နည်းနည်း တွေးကြည့်နိုင်ခြင်း မရှိချေ။ သူက ဘိုင်ဝေထံကနေ သည်အကြောင်းကို ကြားလိုက်ရသည့်အခါ စတင်၍ တစ်ဖန်စဉ်းစားကြည့်နေပြန်သည်။

“ဆရာ့ရဲ့ အရင်တုန်းက တပည့်တွေက ဘယ်နေရာကို ရောက်သွားကြတာလဲ…”

“စီနီယာအကိုကြီးအပြင် ဒီအကြောင်းတွေရဲ့ လျို့ဝှက်ချက်တွေကို သိတဲ့လူက အရင်တုန်းက ညီခုနှစ်ဖြစ်ခဲ့တဲ့ စွန်ယွမ်ပဲ…။ ငါက သူ ကလန်ကို သစ္စာဖောက်သွားရတာက ဒီအကြောင်းတွေ ကြောင့်ပဲလို့ ထင်ထားတာ…”

ဝမ်လင်းက အနည်းငယ်စဉ်းစားလိုက်၏။ သိပ်မကြာခင်တွင် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အကိုသုံး…ငါတို့မှာ ခိုင်မာတဲ့ သက်သေမရှိတဲ့အတွက် အကြမ်းဖျဉ်း လျောက်မခန့်မှန်းတာက အကောင်းဆုံး ဖြစ်လိမ့်မယ်…”

ဖျော့တော့သည့် ထူးဆန်းသောအလင်းတစ်ခုက ဘိုင်ဝေမျက်လုံးထဲ၌ ဖြတ်သန်းသွား၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ ခရမ်းရောင်အုပ်စုခွဲက အုပ်စုခွဲတွေကြားထဲမှာ အားအနည်းဆုံးပဲ…။ဒါပေမဲ့ ဒီနေရာမှာ ရှိတဲ့ ယှဉ်ပြိုင်မှုတွေကတော့ မြင့်မားနေတုန်းပဲ…။စီနီယာအကိုကြီးက အချိန်အတန်ကြာကတည်းက ဒီခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်နေရာကို ရည်ရွယ်နေခဲ့တာ…”

“စီနီယာအကိုကြီးကို လျော့မတွက်ပါနဲ့…သူ့ကျင့်ကြံမှုအဆင့်က အရင်တုန်းက ဒီလိုမဟုတ်ဘူး…။ အတိတ်တုန်းက သူက အစစ်အမှန်တပည့်နေရာအတွက် ညီခြောက်နဲ့ ယှဉ်ပြိုင်ရာမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်…။ဒါ့ကြောင့်ပဲ သူ့ကျင့်ကြံမှုအဆင့်က ထိုးကျသွားခဲ့ရတာ…။ ဒါပေမဲ့သူက စိတ်ဓာတ်ပြင်းပြတဲ့ လူတစ်ယောက်ဖြစ်တော့ သူ့ကိုယ်သူ ပြန်ကောင်းမွန်အောင် နှစ်ရာချီပြီး တံခါးပိတ်ကျင့်ကြံခဲ့တော့တာပဲ…”

“ကံမကောင်းစွာနဲ့ စွန်ယွမ် ပေါ်လာခဲ့ပြန်တယ်…အဲ့နောက်မှာ ညီခြောက်နဲ့ စီနီယာအကိုကြီးကို ဆရာ့ရဲ့အစစ်အမှန်တပည့်နေရာအတွက် အနိုင်ယူခဲ့တယ်လေ…”

“နောက်သုံးလဆို စမယ့် ဆရာ့ရဲ့ မွေးနေ့အခမ်းအနားမှာ ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်ကို ရွေးချယ်လိမ့်မယ်…။ ညီခြောက်သာ ပြန်မလာရင် မင်းက စီနီယာအကိုကြီးရဲ့နေရာကို ဖယ်ရှာပစ်ရမယ်…”

ဝမ်လင်းက အနည်းငယ်မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဆရာ ရှေ့ဖြစ်ဟောသူရဲ့ အစစ်အမှန်တပည့် ခုနှစ်ယောက်ဆိုတဲ့ ခေါင်းစဉ်က ခေါင်းစဉ်သာသာလေးပဲလေ…။ဘာကြောင့် ဒီနေရာအတွက် တိုက်ခိုက်နေရတာလဲ…”

ဘိုင်ဝေက မှင်တက်သွားမိ၏။ သူက ဝမ်လင်းအကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ ခေါင်းစဉ်သာသာလေး…ဟုတ်လား ညီခုနှစ်…။ မင်းက ရှေ့ဖြစ်ဟောသူရဲ့ အစစ်အမှန်တပည့်ခုနှစ်ယောက်ထဲကတစ်ယောက်ဖြစ်လာတာက မင်းဟာ လူအနည်းငယ်ရဲ့ အောက်မှာသာ ရှိပြီး လူထောင်ပေါင်းများစွာရဲ့ အပေါ်မှာ ရောက်သွားတယ်ဆိုတာကော သိရဲ့လား…။ ဘယ်ကျင့်ကြံခြင်းနိုင်ငံမဆို မင်းကို လေးလေးစားစား ဆက်ဆံလိမ့်မယ်….။ မရေမတွက်နိုင်တဲ့ လူတွေက မင်းနောက်ကိုလိုက်ဖို့လည်း ဆန္ဒရှိလိမ့်မယ်…”

“ဒါ့အပြင် အစစ်အမှန်တပည့်ခုနှစ်ယောက်လုံးက လေ့ကျင့်ဖို့ ကျင့်ကြံခြင်းနိုင်ငံ တစ်ခုလုံးကို အပိုင်းစား ရလိမ့်မယ်…။မင်းက ထျန်ယွမ်ဂြိုဟ်ထဲက ကြိုက်တဲ့ ကျင့်ကြံခြင်းနိုင်ငံကို ရွေးနိုင်တယ်…ဒါမှမဟုတ် ဒီနားပတ်လည်က ပတ်ဝန်းကျင် ဂြိုဟ်တွေမှာ ရှိတဲ့ နိုင်ငံကိုတောင် ရွေးလို့ရသေးတယ်…”

“ဒါတွေက အရေးကြီးဆုံးအစိတ်အပိုင်းတော့ မဟုတ်သေးဘူး…မင်းနဲ့ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေ ဖြစ်ကြတယ်…။ဒီတော့ ငါတို့ အလိုချင်ဆုံးက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိဖို့ပဲ ဖြစ်တယ်…။ အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိခြင်းဆိုတာက တာအိုကို ရှာဖွေခြင်း ဒါမှမဟုတ် သေဆုံးခြင်း မည်တယ် မဟုတ်လား…။ မင်းက အရင်တုန်းကလည်း ဒီအကြောင်းကို ကြားဖူးမှာပါ…။ ကျင့်ကြံသူတစ်ယောက်က အာဏာတက်ခြင်းအဆင့်ကို တက်လှမ်းတဲ့အခိုက်က အလွန့်ကို အန္တရာယ်များလှတယ်…။ ရှင်သန်နိုင်ဖို့ ဆယ်ရာခိုင်နှုန်းပဲ ရှိတယ် မဟုတ်လား…”

“ဒါပေမဲ့ မင်းက အစစ်အမှန်တပည့်ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်လာရင် ဆရာက မင်းကို ကိုယ်တိုင် ကြည့်ရှုပေးတော့မှာ…ဒါဆိုရင် မင်းက အာဏာတက်ခြင်းအဆင့်ကို ရောက်အောင် လုပ်နေတဲ့အချိန်မှာ ရှင်သန်နိုင်ဖို့ တစ်ရာရာခိုင်နှုန်းမဟုတ်တောင် သူက မင်းကို သုံးဆယ်ရာခိုင်နှုန်းအထိ ရှင်သန်နိုင်အောင် ကူညီပေးနိုင်တယ်…”

“မင်းငါ့ကို ပြောပါဦး…ဘယ်သူက လောဘမတက်မိဘဲ နေပါ့မလဲ…”

ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။

ဒါတင် မကသေးဘူး…။ ငါတို့ကျင့်ကြံခြင်းအဆင့်တွေမှာ လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက များပြားလွန်းတယ် မဟုတ်လား…။ မင်းက ဆရာ့ရဲ့ တပည့်တစ်ယောက်ဖြစ်လာတဲ့အတွက် လစဉ်ထောက်ပံမှု ရမှာ ဖြစ်ပေမဲ့ မင်းကျင့်ကြံခြင်းအဆင့်တိုးတက်လာတာနဲ့ အမျှ ဒါက လုံလောက်မှာ မဟုတ်တော့ဘူး…။ ဒါပေမဲ့ မင်းက အစစ်အမှန်တပည့်ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ရင်တော့ မင်းက ကောင်းကင်ကံကြမ္မာကလန်ရဲ့ အဆုံးမရှိနိုင်လောက်အောင် သိုလှောင်ထားတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကိုပါ လက်ခံရလိမ့်မယ်…”

“မင်းက ဒါကို မလိုချင်သေးဘူးလား…”

ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားလေသည်။

“မင်းက ဒီခေါင်းစဉ်နေရာကို ဂရုမစိုက်ဘူး…အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ ဂရုမစိုက်ဘူး… ကောင်းကင်ဘုံကျောက်စိမ်းပြားတွေနဲ့ ပတ်သတ်ပြီး ဂရုမစိုက်ဘူးဆိုရင်တောင် မင်းက ဆရာ့ရဲ့ အစစ်အမှန်တပည့် ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်လာရင် မင်းက ဆရာ့ရဲ့အစစ်အမှန်တာအိုကို အမွေအနှစ် ဆက်ခံရမယ်ဆိုတာကော သိရဲ့လား…”

“ဆရာ့ရဲ့ အမွေအနှစ်က အချို့မသဲမကွဲ တာအိုမျိုး မဟုတ်ဘူး…။ဒါပေမဲ့ အစစ်အမှန်ကောင်းကင်ဘုံမန္တာန်တွေ ဖြစ်တယ်…။ အစစ်အမှန်တပည့်အဖြစ် နှစ်ပေါင်းတစ်ရာ မင်းက နေထိုင်ပြီးသွားရင် မင်းက အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ကို လက်ခံရလိမ့်မယ်…ဒါက ပြီးပြည့်စုံတဲ့ အစစ်အမှန် အဆင့်နိမ်ကောင်းကင်ဘုံမန္တာန် ဖြစ်တယ်…”

“အစစ်အမှန်တပည့်အဖြစ် နှစ်တစ်ထောင်ကြာရင်တော့ နောက်ထပ် အဆင့်နိမ်ကောင်းကင်ဘုံ မန္တာန်ထပ်ရဦးမာ။ မင်းက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီး ထံကိုလည်း ပိုမိုလေ့လာနိုင်ဖို့အတွက် စေလွှတ်ခြင်း ခံရဦးမာ…။ ပြီးရင် ကျင့်ကြံခြင်းလောကရဲ့ အစစ်အမှန် စွမ်းအားမဏ္ဌိုင်တစ်ခု ဖြစ်လာလိမ့်မယ်…”

ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်လာပြီး သူက တစ်လုံးချင်း မေးလိုက်၏။ “ငါက နှစ်ပေါင်းတစ်ထောင်ကြာ အစစ်အမှန်တပည့်တစ်ယောက် ဖြစ်လာရင် ငါက ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံမန္တာန်ကို ရမှာပေါ့…။ဒါက အမှန်ပဲလား…”

ဘိုင်ဝေက ခေါင်းညိတ်ပြလိုက်၏။ “ဒါက တကယ့်ကို အမှန်ပဲ…။ အစိမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့် လီရှန်းနန်…သူက နှစ်တစ်ထောင်ကြာ အစစ်အမှန်တပည့်တစ်ယောက် ဖြစ်လာခဲ့တဲ့သူပဲ…။ လွန်ခဲ့တဲ့ နှစ်တစ်ရာက သူက ဆရာ့ဆီကနေ ပြည့်စုံတဲ့ အဆင့်နိမ်ကောင်းကင်ဘုံမန္တာန်ကို ရရှိခဲ့တယ်…။ သူက ခုထိ ဒီမန္တာန်ကို တံခါးပိတ်ကျင့်ကြံနေတုန်းပဲ…။ သူ ထွက်လာတာနဲ့ သူ့ခွန်အားကလည်း အံ့မခန်းအဆင့်ကို ရောက်သွားလိမ့်မယ်…”

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတို့ ထွက်ပေါ်လာ၏။ သူက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ မတ်တပ်ထရပ်လိုက်၏။ သူက ဘိုင်ဝေကို လက်သီးနှစ်ဖက်ဆုပ်၍ ပြောလိုက်၏။ “အကိုသုံး…ငါပင်ပန်းနေပြီ…။နောက်နေ့ကြမှပဲ မင်းနဲ့ ဆက်ပြောတော့မယ်…။ငါ မင်းရှိကို လာလည်ပါ့မယ်…”

ဘိုင်ဝေက ပြုံး၍ မတ်တပ်ထရပ်လာသည်။ သူက ပြောလိုက်၏။ “ပြသနာမရှိဘူး…ဒီတော့ ငါက မင်းကို ဆက်ပြီး မနှောက်ယှက်တော့ဘူး…။ညီခုနှစ် …ပြသနာတစ်ခုခုရှိရင် ငါကို လာရှာနိုင်တယ်…” ထိုသို့ပြောပြီးသည်နှင့် ဘိုင်ဝေကလည်း နှုတ်ဆက်ဟန်ပြု၍ ထွက်ခွာဟန် လှည့်လိုက်၏။

သူက လှည့်လိုက်သည်နှင့် သူ့မျက်နှာပေါ်ရှိ အပြုံးကလည်း ပျောက်ကွယ်သွားကာ သုန်မှုန်မှုက အစားထိုးဝင်လာခဲ့သည်။

“စီနီယာအကိုကြီး…မင်းက အစစ်အမှန်တပည့် တစ်ယောက် ဖြစ်လာချင်တယ်ပေါ့…ငါ ဘိုင်ဝေ ရှိနေသ၍ မင်းကို ဒီလိုအောင်မြင်ဖို့ ခွင့်မပြုနိုင်ဘူး…။ငါက မင်းကို အကြိမ်တိုင်း ကျရှုံးအောင် လုပ်ရမှာပဲ…။ ဒါကသာ အတိတ်တုန်းက မင်းငါ့ကို လုပ်ခဲ့တဲ့ အရာအတွက် တစ်ခုတည်းသော လက်စားချေတဲ့ အရာလည်း ဖြစ်တယ်…”

ဝမ်လင်က ခရမ်းသစ်တောခန်းမသို့ ပြန်လာခဲ့၏။ သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။

အရင်တုန်းက ဝမ်လင်းက အပြည့်အစုံရှိသည့် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်နှင့် ပတ်သတ်၍ မသိခဲ့ပေ။ သို့သော် စစ်ထူနန်ရှိကနေ သတ်ဖြတ်ခြင်းမန္တာန်ကို တစ်လကြာ သင်ယူပြီးသည့်နောက်တွင်တော့ ဝမ်လင်းက ကောင်းကင်ဘုံမန္တာန်များ၏ တန်ဖိုးကို နားလည်လာခဲ့ပေသည်။

စစ်ထူနန် တစ်ပျက်တစ်ပျက် ကောင်းကင်ဘုံမန္တာန်ကနေ ဆင့်ကဲ ထုတ်ယူထားသည့် သည်သတ်ဖြတ်ခြင်းမန္တာန်သုံးခုကပင် အလွန်စွမ်းအားကောင်းလွန်းနေပြီ မဟုတ်လား။ သည့်အတွက်ကြောင့် လူတစ်ယောက်က အပြည့်အစုံကောင်းကင်ဘုံမန္တာန်၏ စွမ်းအားက အံ့မခန်း ဖြစ်မည်ဟု ယူဆနိုင်ပေသည်။

ကောင်းကင်ဘုံသားများက ကောင်းကင်ဘုံရတနာနှင့် ကောင်းကင်ဘုံမန္တာန်များကြောင့် စွမ်းအားပြည့်ဝနေကြခြင်းပင်။

ထိပ်တန်းအရည်အသွေးရှိသည့် ကောင်းကင်ဘုံရတနာနှင့် မန္တာန်များ၏ စွမ်းအားက စိတ်ကူးနိုင်သည့်ထက်ပင် ပိုလေသည်။ ကျင့်ကြံမှုအဆင့်မြင်လေလေ ၎င်းရတနာများ၊မန္တာန်များ၏ စွမ်းအားကလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလာလေ ဖြစ်သည်။

ကောင်းကင်ဘုံမန္တာန်များနှင့် နှိုင်းယှဉ်နိုင်သည့် မန္တာန်များလည်း ရှိပေသည်။ ယင်းမန္တာန်များကတော့ ဝမ်လင်း သိထားသည့် ရှေးဟောင်းနတ်ဘုရား၏နည်းစနစ်များပင် ဖြစ်ချေသည်။

ဝမ်လင်းတွင် ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲရှိ ရှေးဟောင်းနတ်ဘုရားနည်းစနစ်အများအပြားကို ပိုင်ဆိုင်ထားပေသည်။သို့ရာတွင် သည်အရာအားလုံးက လိုအပ်ချက် ရှိ၍ သူ့ခုလက်ရှိ မူလခန္ဓာကိုယ်၏ ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းတို့ကို အသုံးပြုနိုင်ခြင်း မရှိသေးချေ။

“ရှေ့ဖြစ်ဟောသူရဲ့ အစစ်အမှန်တပည့် ခုနှစ်ယောက်…စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက်သူက ကလန်အုပ်စုခွဲဝတ်စံကို ဝတ်ကာ ခန်းမထဲကနေ လှမ်းထွက်လာခဲ့၏။

အချိန်က နေ့မွန်းတည်နေလေပြီ။ တောက်ပသောနေမင်းက ကောင်းကင်ထက်၌ မြင့်တက်လျက်ရှိနေ၏။ ဝမ်လင်းက ဝတ်စုံရှည်ကြီးကို ဝတ်ဆင်၍ လှမ်းလျှောက်လို့နေသည်။ သူ့ဝတ်စုံက လေနှင့်တဖျပ်ဖျပ်လွင့်နေပြီး သူ့အား ကြောရှင်းမှု ပေးစွမ်းလို့နေ၏။

သူက ခရမ်းရောင်အုပ်စုခွဲကို ဖြတ်လျောက်လာသည့်အခါတွင် သူ့ကို မြင်သည့်တပည့်တိုင်းက ရပ်တန့်၍ ဦးညွတ်အရိုအသေးပေးကာ နှုတ်ဆက်ကြသည်။ “ဘိုးဘေးခုနှစ်…”

လမ်းတစ်လျှောက်တွင် ဝမ်လင်းက တစ်စုံတစ်ရာကို သဘောပေါက်လိုက်၏။ သည်ကောင်းကင်ကံကြမ္မာကလန်က ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကလန်များနှင့် မတူပေ။

၎င်းက အသက်ကြီးရင့်သူများကို လေးစားရမည့် နည်းလမ်းကို ထိန်းသိမ်းထားလေ၏။ ကလန်ထဲ၌ လူတစ်ယောက်၏ အနေအထားက သူတို့ဝင်လာခဲ့သည့် အချိန်ပေါ် မူတည်လို့နေ၏။

ထို့အတွက်ကြောင့်လည်း စွန်ယွမ်က အစစ်အမှန်တပည့်တစ်ယောက် ဖြစ်လာချိန်တွင်လည်း ကျောက်ရှန်းရှကို စီနီယာအကိုကြီးဟူသာ ခေါ်တွင် ခဲ့ရသည်မဟုတ်လား။

ခရမ်းရောင်အုပ်စုခွဲက အလွန်ကြီးမားလှ၏။ သူက သည်ဧရိယာကို အကြိမ်များစွာ စစ်ဆေးပြီးဖြစ်၏။ သည့်အတွက်သူက သည်နေရာရှိ လမ်းများနှင့် ရင်းနှီးနေခဲ့ပြီး ဖြစ်နေသည်။ ခုတစ်ကြိမ် သူ့ပန်းတိုင်က ခရမ်းအုပ်စုခွဲ၏ ရတနာခန်းမသို့ သွားရန် ဖြစ်လေ၏။

သည်ခန်းမက တပည့်များ ဆေးလုံးများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိနိုင်သော နေရာလည်း ဖြစ်၏။ သည်နေရာက ဘိုင်ဝေ ဝမ်လင်းအတွက် ဝတ်စုံနှင့် တုန်ကင်းပြား ယူလာပေးခဲ့သည့် နေရာလည်း ဖြစ်နေသည်။

ရှေ့ဖြစ်ဟောသူ၏ တပည့်တစ်ယောက်အနေဖြင့် သူက ကောင်းကင်ဘုံကျောက်စိမ်းပြားကို လစဉ်ရရှိသလိုမျိုး အထူးအခွင့်ရေးများကို ရရှိလေ၏။ သူက ဘိုင်ဝေထံကနေ သည်အကြောင်းကို ကြားပြီးကတည်းက သည်နေရာသို့ လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

“ငါက အစစ်အမှန်တပည့်ခုနှစ်ယောက်နေရာအတွက် ဝင်ပြိုင်ချင်ရင် ငါ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်ကို ရောက်နေဖို့လိုတယ်…။ ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ငါ ဝမ်လင်းက လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်လာရမယ်…။ ဒီနေရာက လူတစ်ယောက်ရဲ့ ခွန်အားကို ဖုံးကွယ်ထားရမယ့် နေရာ မဟုတ်ဘူး…။ ငါက အားနည်းကြောင်းသာပြရင် ငါက ချက်ခြင်းပဲ တစ်စုံတစ်ယောက်ရဲ့ ခြေနင်းအောက် ရောက်သွားလိမ့်မယ်…။ ရှေ့ဖြစ်ဟောသူကတောင် ဒီလို ခွင့်ပြုထားတာပဲ…။ မဟုတ်ရင် အရင်တုန်းက တိုက်ခိုက်မှုလိုမျိုးတွေ ဖြစ်လာစရာ အကြောင်း မရှိဘူး…”

“ဒီတော့ ငါက ဒီကောင်းကင်ကံကြမ္မာကလန်မှာ ဘယ်အထိ ဆက်တက်နိုင်မလဲ စောင့်ကြည့်ရမယ်…။ ငါက ဆရာ့ရဲ့ အခြေခံစည်းမျဉ်းကို မဖျက်သေးသ၍ ငါက ငါ့ဆန္ဒရှိသလို လုပ်နိုင်တယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset