လီရှင်းဝမ်မှာလည်း သံသယစိတ်များနှင့် တွေဝေတုံ့ဆိုင်းနေရပြီဖြစ်သည်။ တစ်အောင့်ခန့် ကြာမြင့်သွားပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ခရမ်းရောင် အလင်းရောင်အကာအရံကြီးအား တရိုတသေဦးညွှတ်လိုက်၏။ ထို့နောက် သူသည် အခြားသူများနှင့်အတူ လိုဏ်ခေါင်းကြီးထဲမှ ထွက်ခွာသွားတော့သည်။
သူတို့ လိုဏ်ခေါင်းကြီး၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် လီရှင်းဝမ်မှာ မည်သူ့ကိုမှ အတွင်းသို့ ဝင်ခွင့်မပေးရန် အမိန့်ထုတ်ပြန်လိုက်၏။ ထို့နောက် သူသည် ဘုရင်ခံနှင့်အတူ ထွက်ခွာသွားတော့သည်။ ဤကိစ္စကြီးမှာ သူ၏ ဆုံးဖြတ်ပိုင်ခွင့်အောက်တွင် မရှိကြောင်း သိသာထင်ရှားပေသည်။ သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် အစည်းဝေးပွဲတစ်ခု ကျင်းပကာ အနာဂတ်အစီအစဉ်များနှင့် ပတ်သတ်၍ ဆွေးနွေးရဦးမည် ဖြစ်သည်။
သူသည် ထွက်ခွာမသွားခင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ရီနေသည့်ပုံပေါ်သော ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် မျက်လုံးများမှေးသွားပြီး ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်တံ့ကွေးတစ်ခုအသွင် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။
အခြား အမြုတေအဆင့် ကျင့်ကြံသူများ အားလုံးမှာလည်း သံသယစိတ်ကိုယ်စီနှင့် ဖြစ်နေကြ၏။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အသီးသီးကို ချက်ချင်းပင် လှမ်း၍ဆက်သွယ်လိုက်ကြ၏။ သို့သော် အများစုမှာ ဤမြို့တော်ထဲ၌ မနေရဲကြတော့သဖြင့် ပင်မ အင်္ဂါဂြိုဟ်မြို့တော်ဆီသို့ ပြန်လည်ထွက်ခွာသွားကြတော့သည်။ သူတို့မှာ ထိုမြို့တော်ထဲ၌ ပြည်ထောင်စုကြီးနှင့် သူတို့၏ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများဆီမှ ချမှတ်ပေးမည့် အမိန့်များကို ဆက်လက်စောင့်ဆိုင်းနေမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ ပြည်ထောင်စုကြီးအကြောင်း သူ နားလည်ထားသလောက်ဆိုလျှင် အရာအားလုံးမှာ သူ့စီစဉ်ထားသည့်အတိုင်း ဖြစ်နေလိမ့်မည်ဟု သူက မှတ်ယူထား၏။ ပြည်ထောင်စုကြီးမှာ ယခုကဲ့သို့ သေရေးရှင်ရေးတမျှ အရေးကြီးနေသော အခိုက်အတန့်မျိုးတွင် ” တျန်ရွှိုက်ကျိ “ဟု ခေါ်သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးအား ရန်စကကာ မလိုလားအပ်သော ပြဿနာများကို မီးထွန်းရှာနေမည် မဟုတ်ပေ။
သို့ဖြစ်ရာ သူတို့မှာ ညှိညှိနှိုင်းနှိုင်း ပူပေါင်းဆောင်ရွက်ကာ အင်္ဂါဂြိုဟ်ပေါ်မှ နတ်ဘုရားလက်နက်ကြီးအား ရယူသိမ်းပိုက်လိုသည့် အစီအစဥ်များကို ဖျက်သိမ်းပစ်နိုင်ခြေ အများကြီးရှိပေသည်။
” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဂုဏ်ကျက်သရေရှိတဲ့ လူတစ်ယောက်ပါကွ။ ငါက… ပြည်ထောင်စုကြီး ပိုင်ဆိုင်ရမယ့် ပစ္စည်းတစ်ခုကို ယူထားတာမလို့ တျန်ရွှိုက်ကျိအဖြစ်နဲ့ အနာဂတ်မှာ နှစ်ဆတိတိ ပြန်ပြီးတော့ အကြွေးဆပ်မှာပါ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ တွေးလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံထဲ၌ ပြည့်နှက်နေသည့် သင်္ဘောပျံကြီးများကို လှမ်း၍ ငေးကြည့်နေလိုက်တော့သည်။ ထိုသို့ ငေးကြည့်နေရင်း တျန်ရွှိုက်ကျိဆိုသော အမည်မှာ သူနှင့် အလွန်အင်မတန်မှ ကိုက်ညီမှုရှိနေသည်ဟု ခံစားနေရတော့သည်။
” တျန်ရွှိုက်ကျိတဲ့လား ” ပင်မ အင်္ဂါဂြိုဟ်မြို့တော်သို့ ပြန်ရောက်လာသော လီရှင်းဝမ်မှာ ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုအသီးသီး ပါဝင်သည့် အစည်းအဝေးပွဲတစ်ခုကို ချက်ချင်းပင် ကျင်းပလိုက်၏။ ထို့နောက် သူသည် ဖြစ်ကြောင်းကုန်စင်အား အသေးစိတ်ပြောပြလိုက်၏။
သူသည် မည်သည့်အကြောင်းအရာကိုမှ ထိမ်ချန်ထားခြင်းမရှိပေ။ အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ အမြုတေအဆင့် ကျင့်ကြံသူများအားလုံးမှာ ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် လီရှင်းဝမ်၏နှုတ်မှ ” တျန်ရွှိုက်ကျိ “ဆိုသည့် အမည် ထွက်ပေါ်လာသောအခါ အစည်းအဝေးပွဲတစ်ခုလုံးမှာ ငြိမ်ကျသွား၏။
၎င်းမှာ အလွန်အင်မတန်မှ အရေးကြီးသော ကိစ္စကြီးတစ်ခုဖြစ်ပေသည်။ ထို့ကြောင့် သွမ့်မုချွယ်ပင်လျှင် တံခါးပိတ်လေ့ကျင့်နေရာမှ ပြန်ထွက်လာပြီး အစည်းအဝေးပွဲအား တက်ရောက်လိုက်၏။ လီရှင်းဝမ်တစ်ယောက် တျန်ရွှိုက်ကျိဆိုသည့် အမည်အား တိုးတိုးလေး ပြောပြလိုက်ချိန်တွင် အစည်းအဝေးပွဲထဲတွင် ရှိနေသော လူတိုင်းမှာ မျက်နှာပျက်သွားကြ၏။
တျန်ရွှိုက်ကျိဆိုသည့် လူကြီးမှာ မည်သည့်နေရာကမှန်းမသိ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်ပေါက်လာသည်မဟုတ်ပါလော။ ထို့အပြင်… လီရှင်းဝမ်ပင်လျှင် သူ့အား ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။ သို့ဖြစ်ရာ ထို တျန်ရွှိုက်ကျိဆိုသည့် လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကြီးမှာ ပြည်ထောင်စုကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားရပေမည်။
အစည်းအဝေးပွဲကြီးတစ်ခုလုံး ငြိမ်ကျသွားပြီးနောက် ခဏအကြာတွင် ဘုရင်ခံက ရုတ်တရက် ထပြောလိုက်၏။
” အဲဒီ နတ်ဘုရားလက်နက်ကြီး အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနေခဲ့တာ အချိန်အကြာကြီး ရှိပြီဆိုပေမယ့် တစ်ချိန်လုံး ဘာကြီးကြီးမားမား ဖြစ်ရပ်ကြီးတစ်ခုမှ ပေါ်ပေါက်လာခဲ့တာ မဟုတ်ဘူး။ ကျမတို့တွေ အမြော်အမြင်ရှိရှိနဲ့ ဒီကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်လို့ အကြံပေးပါရစေ ”
” သူစိမ်းတစ်ယောက်ကို ကိုယ့်အိပ်ရာဘေးမှာ ပျော်ပျော်ကြီး အိပ်ခွင့်ပေးလို့ ဘယ်ဖြစ်ပါ့မလဲ။ သူ့ဘက်က ဒီလောက်တောင်ကောင်းတဲ့ ကမ်းလှမ်းချက်ကြီးတစ်ခုကို တွေဝေမနေဘဲ ထုတ်ပေးခဲ့တာဆိုတော့ သူ တစ်ခုခုကို ဖုံးကွယ်ထားမှာ အသေအချာပဲ ” ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ချန်းမိသားစု၏ ခေါင်းဆောင်ကြီးမှာ မျက်လုံးများအရောင်လက်သွားပြီး အင်္ဂါဂြိုဟ်ဘုရင်ခံအား ကြားဖြတ်ပြောလိုက်၏။ ထို့နောက် သူသည် စကားဆက်လိုက်ပြန်သည်။
” ဒါ အထူးဒေသမြို့တော်ထဲက မြို့တော်သခင်ရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်လာရတာ။ ပြည်ထောင်စုကြီးက ဒီမြို့တော်ကြီးအတွက် နှစ်ပေါင်းများစွာ အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ပေးခဲ့တာလေ။ အဲ့တာတောင် သူက ဒီနတ်ဘုရားလက်နက်ကြီး အထူးတဆန်းဖြစ်နေတာကို သတိမထားမိခဲ့ဘူးတဲ့လား ”
” အခုက သူများတွေကို အပြစ်လိုက်တင်နေရမယ့် အချိန်မဟုတ်ဘူး။ လက်ရှိမှာ အဲဒီပုဂ္ဂိုလ်ကြီးက ငါတို့ကို လှည့်စားဖို့ ကြံစည်နေတာလားဆိုတာ အရင်ဆုံး သိအောင်လုပ်ဖို့လိုတယ် ”
သူတို့၏ စကားဝိုင်းမှာ ပို၍ ဆူညံလာ၏။ အင်္ဂါဂြိုဟ်ဘုရင်ခံကမူ စကားဆက်ပြောခြင်းမရှိသလို လွှတ်တော်အမတ် ခေါင်းဆောင်ကြီးမှာလည်း ပါးစပ်ပိတ်ထားဆဲပင်။ ထို့နောက် သူတို့အားလုံးမှာ အတွေးများထဲ၌ နစ်မျောသွားကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည်။ ထိုအချိန်တွင် လီရှင်းဝမ်မှာ စိတ်မရှည်တော့ပေ။
” မင်းတို့က ဘဝင်မြင့်နေကြတာလားကွ။ ပြည်ထောင်စုကြီးရဲ့ အခြေအနေကို မင်းတို့က မေ့နေကြတာလား။ ငါတို့ကို လှည့်စားဖို့ကြံစည်နေတယ် ဟုတ်လား။ မင်း အသက်နဲ့ လောင်းကြေးထပ်ရဲလား။ ငါပြောမယ်။ ငါ့ရဲ့ အကဲဖြတ်သုံးသပ်ချက်တွေအရဆိုရင် အမှောင်အဆောင်ပစ္စည်းထဲမှာ ရှိနေတဲ့ အဲဒီ တျန်ရွှိုက်ကျိဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အဲဒီနတ်ဘုရားလက်နက်ရဲ့ ပိုင်ရှင်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်မှာ ရှိနေလောက်ပြီ။ အဲလိုမှမဟုတ်ရင် သူက သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ထုတ်လွှတ်လိုက်ရုံနဲ့ အခုလောက်အထိ ဖြစ်သွားအောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်စွမ်းရှိမှာလဲ ”
” ဒီကိစ္စကြီးကို ဖြေရှင်းရမယ့်နည်းလမ်းနဲ့ ပတ်သတ်လို့က…. မင်းတို့တွေ အသေမစောချင်ဘူးဆိုရင် ငါတို့တွေ ဘယ်လိုနည်းနဲ့မှ ပြန်ပြီးတော့ ခုခံတိုက်ခိုက်လို့မရတဲ့ ပုဂ္ဂိုလ်ကြီးကို သွားပြီးတော့ ရန်မစတာကောင်းဆုံးပဲ။ ဒီကိစ္စကြီးကို ငါတို့တွေ ပလူတိုဂြိုဟ်ပေါ်က အငွေ့အသက်ကြီးကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ နည်းလမ်းအတိုင်းပဲ ဆက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းဖို့ ငါကတော့ အကြံပေးချင်တယ် ” လီရှင်းဝမ် ထိုသို့ဆိုလိုက်သည်နှင့် ဆွေးနွေးငြင်းခုံနေခဲ့ကြသည့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကျင့်ကြံသူများမှာ နှုတ်ဆိတ်သွားကြ၏။ သူတို့ဆီတွင် အကြံအစည် အမျိုးမျိုးရှိနေနိုင်ပါသော်လည်း လီရှင်းဝမ်ပင်လျှင် ထိုပုဂ္ဂိုလ်ကြီးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိသည်ဖြစ်ရာ အကောင်းဆုံးသောနည်းလမ်းမှာ သဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန်သာဖြစ်ကြောင်း သူတို့အားလုံးကသိထားကြ၏။
သွမ့်မုချွယ်မှာ အစည်းအဝေးပွဲကြီးတစ်ခုလုံး နောက်ထပ်တစ်ကြိမ်ပြန်၍ ငြိမ်ကျသွားသည်ကို မြင်လိုက်ရသောအခါ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ သူသည် အနည်းငယ်ခန့် မောပန်းနွမ်းနယ်နေသလို ခံစားနေပြီး တစ်ခုခုမှာ လွဲနေသည်ဟု အာရုံခံမိနေပါသော်လည်း လက်ရှိတွင် သူ၏ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန်ကိုသာ အာရုံစိုက်နေရ၏။ ထို့အပြင် ပြည်ထောင်စုပျိုးပင်တစ်ရာ အစီအစဉ်နှင့် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ဆင်းသက်မှု ပူးတွဲလုပ်ငန်းများမှာလည်း စတင်တော့မည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ပြဿနာများ ထပ်၍ပေါ်ပေါက်လာမည်ကို မလိုလားပေ။
ထို့ကြောင့် သွမ့်မုချွယ်မှာ နှုတ်ဆိတ်ကာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
” အစ်ကိုကြီးလီရဲ့ အကြံပေးချက်အတိုင်း လိုက်လုပ်ကြတာပေါ့။ ငါတို့တွေ အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက် တူးဖေါ်ခြင်းအစီအစဉ်ကို အရှိန်လျှော့လိုက်မယ်။ ပြီးရင် ဒီကိစ္စကြီးကို အဆင့်နှစ် လျှို့ဝှက်ချက်တစ်ခုအဖြစ် သတ်မှတ်ထားလိုက်။ ငါတို့တွေ အထူးဒေသမြို့တော်ထဲမှာပဲ နေပြီးတော့ ဘယ်သူ့ကိုမှ အပြစ်မလုပ်မိစေဖို့ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်ကြတာပေါ့ ”
သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့ နှစ်ယောက်စလုံး သဘောတူညီသွားကြပြီဖြစ်ရာ အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက်ကိစ္စကြီးနှင့် ပတ်သတ်သော ကိစ္စရပ်ကြီးမှာ အဆုံးသတ်သွားပြီဖြစ်သည်။ သူတို့မှာ တူးဖော်ခြင်းလုပ်ငန်းအား အရှိန်လျှော့ချပြီး လိုဏ်ခေါင်းထဲရှိ ပထမအကာအရံကြီး၏ နောက်တွင် ဒုတိယမြောက် အကာအရံကြီးတစ်ခု ထပ်၍ ရှိနေသေးသည်ဖြစ်၍ ပြည်ထောင်စုကြီးမှာ လေ့လာစမ်းသပ်မှုများနှင့် သုသေသနလုပ်ငန်းများ ထပ်လုပ်ရဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်၏။ ထိုကြေညာချက်မှာ ပြည်သူလူထု၏ သံသယစိတ်များကို လျော့ကျသွားစေတော့သည်။
အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ထဲတွင် ရှိနေသည့် အားကောင်းသော သက်စောင့်စွမ်းအားများ၏ အကြောင်းကို လျှို့ဝှက်ထားခြင်း မရှိသောကြောင့် ထိုသတင်းများမှာ အလျင်အမြန် ပျံ့နှံ့သွားခဲ့၏။ ပင်မ အင်္ဂါဂြိုဟ်မြို့တော်ထဲတွင် ရှိနေကြသော ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ စုံစမ်းစစ်ဆေးနိုင်ရန် ရောက်ရှိလာကြ၏။ ထို့နောက် လေထုထဲတွင်ရှိနေသော သက်စောင့်စွမ်းအားများကို အာရုံခံမိလိုက်သောအခါ သူတို့အားလုံးမှာ အံ့သြတုန်လှုပ်သွားရတော့သည်။ အများစုမှာဆိုလျှင် လေ့ကျင့်ခန်းများ ချက်ချင်းစတင်နိုင်ရန် အလို့ငှာ ဤ အထူးဒေသ မြို့တော်ထဲ၌ အခြေချနေထိုင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ယခုကဲ့သို့ သက်စောင့်စွမ်းအား အမြောက်အမြားရှိသော နေရာများတွင် လေ့ကျင့်ရသည်မှာ အကျိုးကျေးဇူး မြောက်မြားစွာရှိပေသည်။ သတင်းဌာနများမှာလည်း ဤကိစ္စကြီး၏ အကြောင်းကို စိတ်ဝင်စားသွားကြ၏။ ထိုသို့ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ထဲရှိ အားကောင်းသော သက်စောင့်စွမ်းအားများအကြောင်းကို သိရှိသွားကြတော့သည်။
အတိတ်တုန်းက ဒဏ်ရာများရထားခဲ့သည့် ကျင့်ကြံသူ အချို့မှာဆိုလျှင် ထိုအကြောင်းကို ကြားသိလိုက်ရသဖြင့် မြို့တော်ထဲ၌ ဒဏ်ရာများကို ပျောက်ကင်းအောင်ကုသရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ဖြင့် နှစ်ပတ်အတွင်းတွင် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ကြီးမှာ ယခင်ကထက်ပင် ပို၍ နာမည်ကျော်လာပြီး ပို၍ပင် စည်ကားသိုက်မြိုက်လာတော့သည်။
လက်ရှိအခြေအနေတွင် ကျင့်သိုမင်မှာ အလွန်အင်မတန်မှ အရေးပါအရာရောက်သော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေ၏။ သူသည် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာသည်ကို သတိထားမိခဲ့သည့် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ခုန်းတောက်နှင့် အခြားလူများအား ချက်ချင်းပင်ဆက်သွယ်လိုက်၏။ ထို့အပြင် သူသည် ဤမြို့တော်ကြီးအား အင်္ဂါဂြိုဟ် ဆေးကုသလေ့ကျင့်ရေးစခန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲရန် အစီအစဉ်တစ်ခုရေးဆွဲခဲ့ပြီး ဝမ်ပေါင်လဲ့ဆီသို့ တင်ပြလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ရင်ထဲ၌ တဆစ်ဆစ် နာကျင်နေရပါသော်လည်း ထိုအစီအစဉ်အား ငြင်းပယ်၍မဖြစ်ကြောင်း သိထား၏။ ပြည်ထောင်စုကြီးမှာ နတ်ဘုရားလက်နက်တူးဖော်ခြင်းလုပ်ငန်းအား အရှိန်လျော့ချရန် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ရာ ၎င်းမှာ ဤမြို့တော်ကြီးအပေါ် အတိုင်းအတာတစ်ခုအထိ လက်လျှော့လိုက်ပြီဖြစ်ကြောင်း သိနိုင်ပေသည်။ သို့ဖြစ်ရာ ဤမြို့တော်ကြီး၏ တန်ဖိုးမှာ အဆက်မပြတ် ကျဆင်းလာမည်ဖြစ်သလို သူသည်လည်း ဤမြို့တော်ကြီးအတွက် အရင်းအနှီး အထောက်အပံ့များ အလွယ်တကူ ရရှိနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ အထူးဒေသမြို့တော်ကြီး ဆက်လက်လည်ပတ်ကာ တန်ဖိုးများ တိုးတက်လာနိုင်စေရန် အလို့ငှာ ထိုမြို့တော်ကြီးအား တမူထူးခြားလာအောင် ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။
ထို့ကြောင့် သူသည် အံကြိတ်ကာ ကျင့်သိုမင်၏ အဆိုပြုချက်အား လက်ခံလိုက်ရ၏။ ထိုသို့ဖြင့် ကြော်ငြာများ ဆက်တိုက်ဆိုသလို ဖြန့်ဝေခဲ့ပြီးနောက် မြေကွက်များ၏စျေးနှုန်းများမှာ တရိပ်ရိပ်နှင့် တက်လာခဲ့ပြီး နောက်ဆုံးတွင် ရွှေဈေးနီးပါးအထိ မြင့်တက်သွားခဲ့၏။
” မြေကွက်တွေ ဈေးတက်သွားရုံနဲ့ မလုံလောက်သေးဘူး။ လူအများစုက မြေကွက်တွေ ဝယ်နိုင်ကြမှာ မဟုတ်ဘူးလေ။ အဲ့တာမလို့ ငါတို့တွေ ဟိုတယ်တွေ အများကြီးဆောက်ဖို့လည်း လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးအမြင်များနှင့် ပေါင်းစပ်၍ ကျင့်သိုမင်၏ အဆိုပြုချက်အား ပြီးပြည့်စုံသွားအောင် ပြုပြင်မွမ်းမံလိုက်၏။ သူတို့မှာ အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်အား ဆေးကုသလေ့ကျင်ရေးစခန်း တစ်ခုအဖြစ်သာ မဟုတ်ဘဲ ခရီးသွားဧည့်သည်များ အနားယူနိုင်မည့် အပန်းဖြေနေရာတစ်ခုအဖြစ်ပါ ပြောင်းလဲပစ်ရန် ကြံရွယ်ထားကြ၏။
ထိုအခါ ကျင့်သိုမင်မှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး လိုအပ်သည့် အစီအစဉ်များကို စိတ်အားထက်သန်စွာ ရေးဆွဲနေလိုက်တော့သည်။ သက်စောင့်စွမ်းအား အမြောက်အမြား စုပ်ယူခံရတော့မည်ဖြစ်သောကြောင့် အမှောင်အဆောင်ပစ္စည်း၏ စွမ်းအင်များ လျော့ကျသွားတော့မည်ဖြစ်၍ ဝမ်ပေါင်လဲ့မှာ ရင်ထဲ၌ တဆစ်ဆစ်နာကျင်နေရပါသော်လည်း ထိုဆုံးရှုံးမှုပမာဏမှာ သူ လက်သင့်ခံနိုင်လောက်သည့် အနေအထားတွင် ရှိပေသည်။
ထို့အပြင် အထူးဒေသမြို့တော်ကြီးမှာ ဆေးကုသလေ့ကျင့်ရေးစခန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် အခွန်ကောက်ခံခြင်း တစ်ခုတည်းနှင့်တင် ငွေကြေးအမြောက်အမြား ပြန်လည်ရရှိနိုင်မည် ဖြစ်ကြောင်းကိုလည်း သူက သိထား၏။ သို့ဖြစ်ရာ သူတို့မှာ အရင်းကျေသွားပြီးပါက အသားတင်အမြတ် မြောက်မြားစွာ ကျပ်ရစ်ခဲ့မည်သာ ဖြစ်သည်။
သို့သော် ၎င်းမှာ ရေရှည်အစီအစဉ်တစ်ခုဖြစ်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်အဆောင်ပစ္စည်းအား ယခုချက်ချင်း ပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိနေသည် မဟုတ်ပါလော။ သူသည် ထိုအမှောင်အဆောင်ပစ္စည်းအား တစ်ရာရာခိုင်နှုန်းအထိ ပြုပြင်ပြီးသွားပါက ထုတ်လွှတ်နိုင်မည့် စွမ်းအားပမာဏအကြောင်းကို စဉ်းစားမိလိုက်တိုင်း နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုမီးတောက်များ တောက်လောင်လာရသည်သာ ဖြစ်သည်။
” ငါ အရင်းအနှီးတွေ အများကြီးလိုတယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ပြည်ထောင်စုကြီးမှာ အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက် တူးဖော်ခြင်းလုပ်ငန်းအား အရှိန်လျှော့ချရန် ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ စိုးရိမ်နေရဆဲပင်။ သူသည် ပြည်ထောင်စုကြီးထဲမှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များ၏ အကျင့်စရိုက်များကို ကောင်းကောင်းကြီး သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ပြည်ထောင်စုကြီးအပေါ် ဆက်၍ ဖိအားပေးထားနိုင်ခြင်း မရှိပါက သူတို့မှာ အနှေးနှင့်အမြန် နောက်ထပ်တစ်ကြိမ်ထပ်၍ ကြိုးစားအားထုတ်ကြမည်သာ ဖြစ်သည်။
” လောလောဆယ်အတွက်တော့ ဘေးကင်းပါသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ သူသည် အမှောင်အဆောင်ပစ္စည်းအား ပြုပြင်ရန် အရင်းအနှီးမြောက်မြားစွာ အရေးတကြီး လိုအပ်နေရသည့် အကြောင်းအရင်းကို ကောင်းကောင်းကြီးသိထား၏။ သူ၏ ပြဿနာအားလုံး၏ အဓိကအကြောင်းအရင်းမှာ သူ အလွန်အင်မတန်မှ အားနည်းနေသေးသည့် အချက်ပင် ဖြစ်သည်။
အကယ်၍ သူသာ လီရှင်းဝမ်ကဲ့သို့ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဆိုပါက သူသည် ထိုအမှောင်အဆောင်ပစ္စည်း၏ ပိုင်ရှင်ဖြစ်သည်ဟု လူသိရှင်ကြား ကြေညာလိုက်လျှင်တောင် မည်သူကမှ သူ့အား ပြဿနာရှာရဲကြမည် မဟုတ်ပေ။
” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာဖို့ လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အံကြိတ်လိုက်ပြီး တံခါးပိတ်ကျင့်စဉ်အား ပြန်လည်စတင်လိုက်တော့သည်။ သူသည် အလယ်အလတ် အမြုတေအဆင့်သို့ အမြန်ဆုံးဖောက်ထွက်နိုင်ရန် ကြံရွယ်ထား၏။ သူ တံခါးပိတ်လေ့ကျင့်နေစဉ်တွင် ကျင့်သိုမင်မှာ စီးပွားရေးအမြင်ကျယ်သော သူ၏ဦးနှောက်ကို အသုံးချ၍ သူ၏ အစီအစဉ်ကြီးအား အမှားအယွင်းမရှိ အကောင်အထည် ဖော်နေတော့သည်။
ထိုသို့ဖြင့် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ လူပြောများသော အကြောင်းအရာတစ်ခု ဖြစ်လာတော့သည်။ သတင်းဌာနအားလုံးမှာ ကျင့်ကြံသူများနှင့် နာမည်ကျော် လူပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာပါဝင်သော ကြော်ငြာများအား ထုတ်လွှင့်ပြသနေကြ၏။ ထိုကြော်ငြာများမှာ အမျိုးအစားစုံလင်ပြီး အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်၏ အလှတရားများကို ပေါ်လွင်အောင် ပြသနေကြ၏။
သူသည် လသုံးစင်းမဟာမိတ်အဖွဲနှင့်ပင် ပူးပေါင်းကာ လည်ပတ်စရိတ်များအား လျှော့ချပေးနိုင်သည့် အင်္ဂါဂြိုဟ်ခရီးသွား အစီအစဥ်တစ်ခုကိုလည်း ဖန်တီးခဲ့သေးသည်။ ထိုသို့ဖြင့် ကမ္ဘာနှင့် အခြားဂြိုဟ်များမှနေ၍ အင်္ဂါဂြိုဟ်ဆီသို့ ရောက်ရှိလာကြသော သင်္ဘောပျံကြီးများ၏ အရေအတွက်မှာ အဆပေါင်းများစွာပို၍ များပြားလာတော့သည်။
လင်းတျန်ဟောက်မှာလည်း အစွမ်းကုန်ကြိုးစားအားထုတ်ကာ ကျင့်သိုမင်အား ကူညီပေးနေပြီး ဧည့်သည်များအား ဧည့်ခံသည့်အပိုင်း၌ တာဝန်ယူထား၏။ ခုန်းတောက်မှာမူ လုံခြုံရေးကိစ္စများကို ဆောင်ရွက်နေပြီး မြို့တော်ကြီးတစ်ခုလုံးအား ဘေးကင်းလုံခြုံမှုရှိစေရန် တာဝန်ယူထား၏။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ကြီး၏ အမည်မှာ ပြည်ထောင်စုကြီးထဲ၌ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေတော့သည်။ နှစ်လဆိုသည့် အချိန်တိုလေးအတွင်းတွင် ၎င်း၏ ဂုဏ်သတင်းမှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ တောမီးများကဲ့သို့ ပျံ့နှံ့သွား၏။
အကယ်၍ နောက်ထပ် ကိစ္စရပ်ကြီးတစ်ခုသာ ပေါ်ပေါက်မလာခဲ့ပါက ကျင့်သိုမင်၏ ကြိုးစားအားထုတ်မှုများကြောင့် အထူးဒေသမြို့တော်၏ ဂုဏ်သတင်းများမှာ ဆက်လက်ပျံ့နှံ့နေဦးမည်သာ ဖြစ်သည်။ သို့သော် ထိုကိစ္စရပ်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေသောကြောင့် အထူးဒေသမြို့တော်၏ ဂုဏ်သတင်းများကိုပင် ဖုံးလွှမ်းသွား၏….
ရှေ့ဦးဝိညာဥ်ခေတ်၏ လေးဆယ့်ငါးခုနှစ် ဇူလိုင်လတွင်… ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားပြီဖြစ်သည်…