ထိုဒုတိယမြောက် အကာအရံကြီးမှာ ပထမအကာအရံကြီးထက်ပင် သိသိသာသာ ပို၍ ခိုင်မာနေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များကြောင့် လိုဏ်ခေါင်းကြီးထဲရှိ လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားရသည်။
ထို ခရမ်းရောင် အကာအရံကြီးမှာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်သို့ ပြန့်ထွက်လာ၏။ ၎င်းမှာ ခရမ်းရောင် အလင်းခြုံလွှာကြီးတစ်ခုနှင့် တူနေပြီး အပြင်ဘက်သို့ ပြန့်ထွက်လာသည့် လှိုင်းများမှာ အဖွဲ့ကြီး၏ ရှေ့ဆုံး၌ ရပ်နေသည့် လီရှင်းဝမ်အား ရိုက်ခတ်သွားကြ၏။
ထိုအခါ လီရှင်းဝမ်၏ မျက်နှာပေါ်၌ အထိတ်တလန့် ဖြစ်သွားရသည့် အရိပ်အယောင်များ ထင်ဟပ်သွားသည်။ သူသည် ထိုအလင်းရောင်များအား ခုခံတွန်းလှန်နိုင်ခြင်း မရှိသောကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သို့ဖြစ်ရာ ဘုရင်ခံနှင့် အမြုတေအဆင့် ကျင့်ကြံသူများမှာဆိုလျှင် ၎င်းအား လုံးဝမယှဉ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ ထို့ကြောင့် သူတို့အားလုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပြီး ချက်ချင်းဆိုသလိုပင် ထိုအလင်းရောင်ကြီးကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။
ဘုရင်ခံမှာ အသက်ရှူသံများ မြန်ဆန်လာပြီး နောက်သို့ဆုတ်ခွာသွား၏။ သူမ၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင်များကို မြင်နေရသည်။ သို့ဖြစ်ရာ သူမသည် ပထမအကာအရံကြီး၏ နောက်တွင် နောက်ထပ် အကာအရံကြီးတစ်ခု ထပ်၍ရှိနေလိမ့်မည်ဟု ထင်မှတ်ထားခြင်းမရှိကြောင်း သိနိုင်ပေသည်။ ထို့အပြင် သူမသည် ဤ ဒုတိယမြောက်အကာအရံကြီးအား တစ်စုံတစ်ယောက်က ထိန်းချုပ်နေခြင်း ဖြစ်ရမည်ဟုပင် တွေးတောနေ၏။
” မဟုတ်မှလွဲရော… ဒီ နတ်ဘုရားလက်နက်၊ ဒီ အမှောင်အဆောင်ပစ္စည်းဆီမှာ တကယ်ပဲ ပိုင်ရှင်တစ်ယောက် ရှိနေတာလား ” ဘုရင်ခံ၏ စိတ်ထဲ၌ သံသယများ ပေါ်ပေါက်လာရ၏။ ထို့နောက် သူမသည် နောက်သို့ဆုတ်ခွာရင်း လီရှင်းဝမ်အား လှမ်းကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင်လည်း သံသယအရိပ်အယောင်များ သန်းနေသည်ကို သတိထားမိလိုက်သည်။
ထို အလင်းရောင်အကာအရံကြီးများ ကျင့်ကြံသူများအား ရန်ပြုလိုစိတ် မရှိကြောင်း သိသာထင်ရှားပေသည်။ ၎င်းမှာ သူတို့အား နောက်သို့သာ တွန်းထုတ်လိုက်သည်ဖြစ်ပြီး မည်သူ့ကိုမှ ဒဏ်ရာရအောင်မလုပ်ခဲ့ပေ။ သို့သော်ငြားလည်း လူအုပ်ကြီးတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားရပြီး လူအများစုမှာဆိုလျှင် ပင့်သက်များပင် ရှိုက်မိသွားကြ၏။
ထိုထဲတွင် ဝမ်ပေါင်လဲ့လည်း အပါအဝင်ဖြစ်သည်။ သူသည် အံ့ဩတုန်လှုပ်နေသည့် မျက်နှာအမူအရာဖြင့် ဆွံ့အမှင်တက်နေရ၏။
ထို အကာအရံကြီး၏ စွမ်းအားများမှာ သူတို့ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာ ပို၍သာလွန်နေသည်ကို အထင်အရှား မြင်နိုင်ပေသည်။ ကျင့်ကြံသူများ နောက်သို့ဆုတ်ခွာသွားချိန်တွင် လီရှင်းဝမ်မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏ ထို့နောက် ရုတ်တရက်ဆိုသလို သူ၏လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာ၏။ အကယ်၍ သူသာ ၎င်းအား ခြေမွှလိုက်မည်ဆိုပါက ဝိညာဉ်ဆန့်ကျင်ဗုံးများနှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတို့ကို အချက်ပေးလိုက်သလို ဖြစ်သွားမည်သာ ဖြစ်သည်။ သို့သော် သူသည် ၎င်းအား ချက်ချင်းခြေမွှလိုက်ခြင်း မရှိဘဲ သံသယဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် ထိုခရမ်းရောင် အလင်းရောင်အကာအရံကြီးထဲမှ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းသည့် ဝိညာဉ်စွမ်းအင်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။
ထို ဝိညာဉ်စွမ်းအင်၏ ပြင်းအားမှာ အမြုတေအဆင့်ထက် ပို၍သာလွန်ပြီး ယွမ်ယင်အဆင့်ကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေ၏။ ထို့နောက် ၎င်းမှာ လိုဏ်ခေါင်းကြီးထဲ၌ ပြည့်နှက်သွားကာ အသိစိတ်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ အပါအဝင် အခြားသူများအားလုံးကို လွှမ်းခြုံသွား၏။ ထိုအခါ သူတို့အားလုံးမှာ အသိစိတ်များ ကယောင်ချောက်ချား ဖြစ်သွားကြ၏။
ထို့နောက် တင်းမာခက်ထန်ကာ ဩဇာညောင်းပြီး အနည်းငယ်ခန့် မကျေမနပ်ဖြစ်နေသည့်လေသံ ပေါက်နေသော စကားသံကြီးတစ်သံမှာ သူတို့၏အားလုံး၏ အသိစိတ်ထဲ၌ ပေါ်ထွက်လာ၏။
” နားငြီးလိုက်တာ ”
ထိုစကားသံကြီးမှာ မိုးခြိမ်းသံကြီးနှင့်တူပြီး လိုဏ်ခေါင်းထဲ၌ ပဲ့တင်ထပ်ကာ လူတိုင်း၏ နားထဲ၌ မြည်ဟည်းသွား၏။ ထို့ကြောင့် သူတို့အားလုံးမှာ ဆွံ့အမှင်တက်နေရတော့သည်။ သူတို့မှာ ထိုစကားသံကြီးထဲရှိ ရှေးဟောင်းအငွေ့အသက်များကို ခံစားမိလိုက်သောကြောင့် ထိုအသံပိုင်ရှင်ကြီး၏ သက်တမ်းမှာ အလွန်အင်မတန်မှ ရှည်ကြာနေလောက်ပြီဖြစ်ကြောင်း တွေးမိလိုက်၏။
ထိုအသံကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူအားလုံးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။ သူတို့ထဲမှ အချို့မှာ နတ်ဘုရားလက်နက်ကြီးနှင့် ပတ်သတ်၍ အမျိုးမျိုး ခန့်မှန်းထားကြပြီး ထိုနတ်ဘုရားလက်နက်၏ ပိုင်ရှင်မှာ လက်နက်ကြီး၏ အတွင်းပိုင်းထဲ၌ ရှိနေလိမ့်မည်ဟု တွေးထားကြ၏။ သို့သော် ပြည်ထောင်စုကြီးမှာမူ ထိုဖြစ်နိုင်ခြေမှာ အလွန်အင်မတန်မှ နည်းပါးကြောင်း မှတ်ယူထားသည်။
ယခုတွင်မူ လိုဏ်ခေါင်းကြီးထဲ၌ ပဲ့တင်ထပ်နေသော အသံကြီးကြောင့် ထိုခန့်မှန်းချက်များမှာ အမှန်အတိုင်း ဖြစ်လာတော့မည့်ပုံပင်။ အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက်၏ ပိုင်ရှင်မှာ အမှန်တကယ်ပင် နတ်ဘုရားလက်နက်ထဲ၌ ရှိနေသည် မဟုတ်လော။
သူသည် သာမန်စိတ်ကူးမျိုးဖြင့် မှန်းဆ၍ မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သည့် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရပေမည်။ သူ၏ စကားသံများမှာ စိတ်ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့အားလုံး၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ၎င်းမှာ ဘာသာစကားကွဲပြားမှု၏ အခက်အခဲ အတားအဆီးများကို ကျော်လွှားကာ အသိစိတ်များ ဖလှယ်သည့်နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ထိုနည်းလမ်းကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်နေကြရတော့သည်။
” တကယ်ကို အထဲမှာ လူတစ်ယောက် ရှိနေတာပဲ ” အင်္ဂါဂြိုဟ်ဘုရင်ခံမှာ မျက်လုံးများ မှေးသွား၏။ ၎င်းမှာ သူမ၏ ဂြိုဟ်ပေါ်တွင်ရှိနေသော နတ်ဘုရားလက်နက်တစ်ခု ဖြစ်ပါသော်လည်း ၎င်း၏ အတွင်းပိုင်းထဲတွင် အခြားဂြိုဟ်မှ ကျင့်ကြံသူတစ်ယောက်ရှိနေသည်ကို သူမသည် ယနေ့မှ သိလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမမှာ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားရပြီး သတိကြီးကြီးထားမိသွား၏။ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ရပ်ဆိုးကြီးမှာ သူမ၏ အသိစိတ်ထဲ၌ နေရာယူထားဆဲ မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများပြူးသွားပြီး အံ့ဩမှင်တက်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူသည် တစ်ခဏမျှပင် အသက်ရှူသံများ ရပ်တန့်သွားရပြီး နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွား၏။ လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့သည် ဤ အမှောင်အဆောင်ပစ္စည်းနှင့် ဆက်နွယ်မှုတစ်ခုခု ရှိနေရမည်ဟု သံသယများ ဝင်နေခဲ့ပါသော်လည်း ယခုတွင်မူ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားလိုက်ပြီးမှ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ထိုခရမ်းရောင် အလင်းရောင်အကာအရံကြီးအား အရိုအသေပေးလိုက်၏။
” အစ်ကိုကြီးခဗျား။ ကျနော်တို့က နေအဖွဲ့အစည်းထဲမှာရှိတဲ့ ကမ္ဘာပေါ်က ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းတစ်ခုပါ။ ဒီဂြိုဟ်ကလည်း… ကျနော်တို့ရဲ့ လူမှုအဖွဲ့အစည်းထဲမှာ ပါပါတယ်။ ကျနော်တို့က အစ်ကိုကြီး ဒီနေရာမှာ အနားယူနေမှန်း မသိလို့ နှောင့်ယှက်မိတာပါ။ ကျေးဇူးပြုပြီးတော့ ကျနော်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ် ”
လီရှင်းဝမ်မှာ ထိုသို့တောင်းပန်ရင်း အစွမ်းကုန်ကြိုးစားကာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်နေလိုက်၏။ ထိုဝိညာဉ်အာရုံခံနိုင်စွမ်းများထဲတွင်လည်း သူတို့ဘက်မှ ရန်ပြုလိုခြင်းမရှိကြောင်း အသိပေးလိုသည့် အငွေ့အသက်များလည်း ကိန်းအောင်းနေသည်။ အမှန်တွင် သူသည်လည်း ထို ခရမ်းရောင်အလင်းရောင်အကာအရံကြီးကြောင့် ကြောက်ရွံ့တုန်လှုပ်နေရပြီ ဖြစ်သည်။
လီရှင်းဝမ် ထိုသို့ စကားပြောလိုက်ချိန်တွင် လူတိုင်းမှာ စိတ်ဝိညာဉ်များ တုန်ရီသွားကြ၏။ ထိုအချိန်တွင် ခရမ်းရောင် အလင်းရောင်အကာအရံကြီးထဲမှ မယုံသင်္ကာဖြစ်နေသည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။
” မင်းတို့ရဲ့ လူမှုအဖွဲ့အစည်း ဟုတ်လား။ ငါ မှတ်မိသလောက်ဆိုရင် ငါတံခါးပိတ်ကျင့်စဉ်ထဲ ဝင်သွားတုန်းက စကြဝဠာကြီးရဲ့ ဒီဘက်အခြမ်းကို အမှောင်ဂိုဏ်းက ပိုင်တာပါ… ” ထိုစကားသံကြီးမှာ ထိုသို့ဆိုကာ ရပ်တန့်သွားပြီးနောက် ၎င်း၏ အသိစိတ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ပြန့်ထွက်လာပြန်သည်။ တစ်ခဏမျှကြာပြီးမှ ၎င်းမှာ ပျောက်ကွယ်သွား၏။ ထို့နောက် အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ သက်ပြင်းချသံကြီးတစ်သံ ထွက်ပေါ်လာသည်။
” အချိန်တွေ ဒီလောက်တောင် ကုန်သွားပြီတဲ့လား… ”
ထိုအသိစိတ်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသောကြောင့် လီရှင်းဝမ်နှင့် ဘုရင်ခံတို့ နှစ်ယောက်စလုံးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ အခြား အမြုတေအဆင့်ကျင့်ကြံသူများမှာလည်း အသက်ရှူသံများ မြန်ဆန်လာကြ၏။ သူတို့မှာ ဒူးများတုန်နေကြပြီး လီရှင်းဝမ်မှာလည်း သူ၏ လက်ထဲ၌ ကျောက်စိမ်းပေလွှာလေးအား ဆုပ်ကိုင်ထားဆဲပင်။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေလိုက်ပြီးနောက် ထိုခရမ်းရောင် အလင်းရောင်အကာအရံကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြန်သည်။
” အစ်ကိုကြီးခဗျား။ အခု ဒီနေရာက ကမ္ဘာကြီးရဲ့ လူအဖွဲ့အစည်း ရှိနေတဲ့နေရာ ဖြစ်နေပါပြီ ”
လီရှင်းဝမ် ထိုသို့ဆိုလိုက်သည်နှင့် ခရမ်းရောင် အလင်းရောင်အကာအရံထဲမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
” တျန်ရွှိုက်ကျိဆိုတဲ့ ငါက ဒီနေရာမှာ ကောင်းကင်နင်းခြေခြင်းတာအိုကို လေ့ကျင့်နေခဲ့တာ နှစ်သိန်းပေါင်းများစွာ ရှိနေပြီ။ နှလုံးသားထဲမှာရှိတဲ့ တာအိုက ထာဝရရှင်သန်နိုင်စွမ်း ရှိပေမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာတော့ အချိန်တွေက ဆက်ပြီးတော့ လည်ပတ်နေခဲ့တာပါလား။ ကြယ်တာရာတွေ ပြောင်းလဲသွားပြီးတော့ ခေတ်တစ်ခေတ် ကုန်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ… ”
ရှေးဟောင်းအငွေ့အသက်များ ကိန်းအောင်းနေသည့် ထိုစကားသံကြီးမှာ ခရမ်းရောင် အလင်းရောင်အကာအရံကြီးထဲမှ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြီး လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် သူတို့အားလုံးမှာ တျန်ရွှိုက်ကျိဆိုသည့် နာမည်အား စိတ်ထဲ၌စွဲနေအောင် မှတ်မိသွားကြပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်ရ၏။ ထို့နောက် သူတို့သည်လည်း အလောတကြီးနှင့် ဦးညွှတ်ကာ အရိုအသေများ ပေးလိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုလူအုပ်ထဲတွင် ရှိနေပြီး ကတုန်ကယင်နှင့် ဦးညွှတ်အရိုအသေပေးလိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်အားရနေပြီ ဖြစ်သည်။ ထိုနတ်ဘုရားလက်နက်ကြီး၏ ပိုင်ရှင်ဟု လူအများက ထင်ထားကြသည့် လူကြီးမှာ လက်တွေ့တွင်မူ သူ၏ အဆောင်ဝိညာဉ်တစ်ခုဖြစ်သော တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီး ဖြစ်နေသည် မဟုတ်ပါလော…
ထို့အပြင် သူ စောစောကပြောခဲ့သည့် စကားများမှာလည်း ဝမ်ပေါင်လဲ့၏ အတွေးများဖြစ်သလို တျန်ရွှိုက်ကျိဆိုသည့် နာမည်မှာလည်း သူ၏ ဉာဏ်ကွန့်၍ ဖန်တီးထားသည့် နာမည်တစ်ခုသာ ဖြစ်သည်။ အစပိုင်းတွင် တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးပင်လျှင် ထိုနာမည်ကို မပြောချင်ခဲ့ပါသော်လည်း နောက်ဆုံးတွင် ထိုအဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ အမိန့်အား နာခံလိုက်ရသည်သာဖြစ်သည်။
တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား စိတ်ပျက်အောင်မလုပ်ခဲ့ပေ။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် သူပြောခဲ့သည့် စကားများကို ယုံကြည်မိလုနီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။
ခရမ်းရောင် အလင်းရောင်အကာအရံမှာမူ အမှောင်သမ္ဗန်ကြီး ဆယ်ပုံတစ်ပုံခန့် ပြန်လည်ကောင်းမွန်လာပြီးနောက် ထုတ်လွှတ်လိုက်သည့် အကာအရံဒိုင်းကာကြီးပင် ဖြစ်သည်။ ၎င်း၏စွမ်းအားမှာ ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်တွင် ရှိနေ၏။ ထို အံ့ဩမှင်တက်ဖွယ်ရာ ဖြစ်ရပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ အစီအစဉ်ထဲမှ ပထမအဆင့်ဖြစ်သည်။
” ပြည်ထောင်စုကြီး ဒီနတ်ဘုရားလက်နက်ကြီးကို ထပ်ပြီးတော့ လောဘမတက်နိုင်တော့အောင် ငါ့ဘက်ကနေ ပြည်ထောင်စုကြီးကို အံ့သြတုန်လှုပ်သွားအောင် လုပ်ဖို့လိုတယ်လို့ ဘိုးဘိုး မဟာထိပ်သီးအကြီးအကဲကြီးက အရိပ်အမြွက် ပြောပြခဲ့တာ။ ဒီလောက်ဆို ရလောက်ပြီမလား။ ငါ အရမ်းကြီး လွန်လွန်ကျူးကျူး လုပ်မိလိုက်လို့ မဖြစ်ဘူး။ တော်ကြာ မဟာထိပ်သီးအကြီးအကဲကြီး ဝိညာဉ်ဆန့်ကျင်ဗုံးတွေ ထုတ်သုံးလိုက်လို့ အကုန်လုံး ကိစ္စတုန်းသွားလိမ့်မယ် ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ရင်း တွေးတောနေ၏။ သူသည် သူ့အစီအစဉ်ထဲမှ ပထမအဆင့်အား အောင်မြင်စွာ အကောင်အထည် ဖော်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီး နောက်ထပ်တစ်ကြိမ်ထပ်၍ စကားပြောမည့်အချိန်ကို စောင့်ဆိုင်း၍ သူ့အစီအစဉ်၏ ဒုတိယအဆင့်အား ဆက်လက်အကောင်အထည်ဖော်ရန်သာ လိုအပ်တော့သည်။
သူ၏ အစီအစဉ်အရဆိုလျှင် ပထမအဆင့်မှာ ပြည်ထောင်စုကြီးအား အံ့ဩတုန်လှုပ်သွားအောင် လုပ်ရန်ဖြစ်ပြီး ဒုတိယအဆင့်မှာ အကြောက်တရားများ ရိုက်သွင်းကာ ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် အခြားနိုင်ငံရေး အင်အားစုများ၏ အမှောင်အဆောင်ပစ္စည်းအပေါ် ထားရှိသော လိုချင်တက်မက်စိတ်များကို အပြီးတိုင် ဖျောက်ဖျက်ပစ်ရန်ဖြစ်သည်။ သို့သော် ပြည်ထောင်စုကြီးမှာ အင်္ဂါဂြိုဟ်မှ နတ်ဘုရားလက်နက်ကြီးအား ရယူသိမ်းပိုက်နိုင်ရန် အများကြီး ပေးဆပ်ထားခဲ့ရသည်ကို သူက သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် သူတို့အား လက်ဗလာနှင့် ပြန်လည်ဆုတ်ခွာသွားရန် ဖိအားပေးနိုင်ခဲ့လျှင်တောင် အနာဂတ်တွင် သူတို့မှာ ဆက်လက်၍ ကြိုးစားလျှင် ကြိုးစားနေကြဦးမည် ဖြစ်သည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူတို့အတွက် အကျိုးအမြတ် အနည်းငယ် ကျန်ရစ်ခဲ့စေရန် စီစဉ်ခဲ့ပေသည်။ ထိုအချိန်တွင် ခရမ်းရောင် အလင်းရောင်အကာအရံကြီးထဲမှ တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီး၏ စကားသံများ ထပ်၍ ပေါ်ထွက်လာ၏။
” ကြယ်တာရာတွေက ပြောင်းလဲသွားပြီး ဒီနေရာက မင်းတို့ရဲ့ လူမှုအဖွဲ့အစည်း စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်နေပြီဆိုမှတော့ ငါကလည်း အမှောင်ဂိုဏ်းကို ကတိပေးခဲ့အတိုင်း လုပ်နိုင်တော့မှာ မဟုတ်ပါဘူးလေ…. ထားပါတော့။ ငါက နတ်ဘုရားတစ်ပါး ဖြစ်နေတာမလို့ မင်းတို့ရဲ့ ဂြိုဟ်ပေါ်မှာ အလကားမနေပါဘူး။ အခုကစပြီးတော့ ငါ့ရဲ့ ဂူဗိမာန်အပြင်ဘက်မှာ လေ့ကျင့်တဲ့လူတိုင်းကို သက်စောင့်စွမ်းအားတွေ အများကြီး ချီးမြှင့်ပေးမယ် ”
ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် ခရမ်းရောင် အလင်းရောင်အကာအရံကြီးထဲမှ အားကောင်းသော ဝိညာဉ်စွမ်းအင်တစ်မျိုး ထွက်ပေါ်လာ၏။ ထိုစွမ်းအင်များထဲ၌ သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့မှာ အထူးဒေသမြို့တော်ထဲမှ ထွက်ပေါ်လာကြပြီးနောက် မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးအား တုန်ခါသွားစေ၏။ မြို့တော်ကြီး၏ အောက်တွင်ရှိနေသော မြေပြင်ကြီးထဲမှလည်း အသံအကျယ်ကြီးများ ထွက်ပေါ်လာသည်။ မြို့တော်ကြီးတစ်ခုလုံးထဲတွင်မူ ထူထဲသိပ်သည်းသော သက်စောင့်စွမ်းအားများ လွှမ်းခြုံသွားသဖြင့် လိုဏ်ခေါင်းအပြင်ဘက်တွင် ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများမှာ ဆွံ့အမှင်တက်နေကြတော့သည်။ တစ်ချိန်ထဲမှာပင် သစ်ပင်ပန်းမန်များလည်း ချက်ချင်းဆိုသလိုပင် ပူးဖွင့်လာကြ၏။ ကျင့်ကြံသူများအပြင် သာမန်ပြည်သူများ အားလုံးမှာလည်း ရုတ်တရက်ဆိုသလို အသက်ရှူသံများ မြန်ဆန်လာကြပြီး ခန္ဓာကိုယ်များ ပေါ့ပါးသွားသလို ခံစားလိုက်ကြရသည်။ ထို့နောက် သူတို့၏ စိတ်များကို ကြည်လင်သွားစေပြီး စိတ်ဓာတ်များကို မြှင့်တင်ပေးလိုက်သည့် စွမ်းအင်တစ်မျိုး ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသည်ကို ခံစားလိုက်ရတော့သည်။
ထို့ကြောင့် လိုဏ်ခေါင်းထဲတွင် ရှိနေသော ကျင့်ကြံသူများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကယောင်ချောက်ချား ဖြစ်သွားရပြန်သည်။ သူတို့အားလုံးမှာ ဆွံ့အသွားကြပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားကြသောကြောင့် လီရှင်းဝမ်အား စိုက်ကြည့်နေလိုက်ကြတော့သည်။