ဆေးခဲဖော်ရန်လိုအပ်သော ပါဝင်ပစ္စည်းများကို ရှီမာယူယူ အဆက်လိုက်ပြင်ဆင်လိုက်သည်။ မိုရှား၏ ဂရုတစိုက်ကြည့်ရှုမှုအောက်တွင် သူမ အမျိုးအစားတစ်ခုချင်းစီအား သန့်စင်လေသည်။
သူမ သန့်စင်နေသည်ကို မိုရှားစောင့်ကြည့်ရင်း ချီးကျူးမိသည်။
သူမ ဆေးဖော်ခြင်းအား လေ့ကျင့်သည်မှာ အချိန်မကြာသေးပေ။ သို့သော် သူမ၏ လှုပ်ရှားမှုများသည် ကျွမ်းကျင်သည်။ သူမသည် ဆေးဖော်ခြင်းတွင် အရည်အချင်းရှိရုံသာမကပဲ အလုပ်ကြိုးစားသည်။
ဆေးပါဝင်ပစ္စည်းများကို သန့်စင်ပြီးနောက်တွင် ရှီမာယူယူသည် ဘေးတွင်ရှိသော မိုရှားအား ကြည့်လိုက်သည်။
“ပါဝင်ပစ္စည်းတွေကို ဆေးဖိုထဲကို အစဉ်လိုက်ထည့်၊ အဆင့်တိုင်းမျာ ဘာလုပ်ရမယ်ဆိုတာ ငါပြောပေးမယ်” မိုရှားပြောလိုက်သည်။
ရှီမာယူယူ သက်ပြင်းရှည်ချလိုက်သည်။ ဖေးဖိုထဲသို့ သန့်စင်ပြီးသော ပါဝင်ပစ္စည်းများကို အောင်မြင်စွာ ထည့်လေသည်။ နောက်ပစ္စည်းထည့်ရန်အချိန်ရောက်လျှင်သော်လည်းကောင်း၊ မီးထိန်းချုပ်ရမည့်အချိန်ရောက်လျှင်သော်လည်းကောင်း မိုရှားသည် အသံထွက်ကာ ညွှန်ကြားလေသည်။
မိုရှား၏ ညွှန်ကြားချက်ဖြင့် နာရီဝက်အကြာတွင် ဆေးအနံ့ရေးရေးထွက်လာသည်။
“ရပြီ မီးငြှိမ်းလိုက်တော့” မိုရှားပြောလိုက်သည်။
ရှီမာယူယူသည် ဆေးဖိုအောက်မှ မီးအားငြှိမ်းလိုက်လေသည်။ သူမစိတ်ထဲတွင်တော့ ထိုမီးသည် သူမကိုယ်ပိုင်မီးဖြစ်ပါက သူမ မီးငြှိမ်းချင်သည်ဆိုရင်တောင် ပြဿနာဖြစ်မည်မဟုတ်ဟု စောဒကတက်မိသည်။
သူမ ဆေးဖိုအဖုံးအားဖွင့်ကာ အထဲတွင်ရှိသော ဆေးအားကြည့်လိုက်သည်။
ပုံပန်းသဏ္ဌာန်အရ ရုပ်ဆိုးသော်လည်း ထိုဆေးသည် သူမအနေနှင့် ဆေးဖော်ရာတွင် ပထမဆုံးအောင်မြင်သော ဆေးဖြစ်သည်။ သူမ စိတ်ခံစားချက်ကိုပင် စဉ်းစားရအောင်။
သို့သော် မိုရှားသည် နောက်ဆုံးရလဒ်အား စိတ်ကျေနပ်မှုမရှိပဲ ပြောလိုက်သည် “ငါတစ်ခါလောက်ဆေးဖော်မယ် မင်းဘေးကနေရပ်ပြီး သေချာကြည့်ထား”
“အိုး” သူမ ထုတ်ကုန်အား မိုရှားကြည့်သောအကြည့်ကို ရှီမာယူယူသိသည်၊ သို့သော် ထိုအကြည့်သည် သူမအား အခုလောလောဆယ်တွင် လွမ်းမိုးမှုမရှိပါ။
သူမ ကျောက်စိမ်းဆေးပုလင်းအား ထုတ်ယူလိုက်ကာ ဆေးကိုထည့်လိုက်ပြီး မိုရှားလုပ်သည်ကို ကြည့်ရန် ဘေးတွင်ရပ်နေလိုက်သည်။ ဆေးဖိုရှေ့တွင် သူမလှုပ်မယှက်ရပ်နေသည်ကို ကြည့်ကာ သူမသည် မေးစေ့အားကိုင်ရင်း စဉ်းစားလိုက်သည် “ဝိညာဉ်တွေလည်း ဆေးဖော်လို့ရတာလား”
“ငါဖြေးဖြေးချင်းလုပ်သွားမယ် မင်းသေချာကြည့်ထား” မိုရှားထိုသို့ပြောပြီးနောက် အနက်ရောင်မီးဘောလုံးသည် လက်ထဲတွင်ပေါ်လာသည်။ သူသည် ထိုမီးလုံးအား ဆေးဖိုအောက်သို့ ပစ်ပေါက်လိုက်သည်။ ဆေးဖိုပူလာသည်နှင့် ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီထည့်တော့သည်။
အနက်ရောင်မီးတောက်ပေါ်လာချိန်တွင် ကြောက်စရာကောင်းသော မီးအပူချိန်ကို ရှီမာယူယူခံစားလိုက်ရသည်။ သို့သော် သူမသည် ထိုဖိအားကြောင့် ဖိနှိပ်ခံလိုက်ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမဝိညာဉ်သည် အထိမခံ၍မဟုတ်ပဲ ကာကွယ်ရန်ခက်သောကြောင့်ဖြစ်သည်။
ထိုမီးတောက်အမျိုးအစားကို မိုရှားအားမေးချင်သော်လည်း သူသည် ဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ပြုလုပ်ဆဲဖြစ်၍ သူမ မေးခွန်းအားမျိုသိပ်ကာ သူလုပ်သမျှကို လေးနက်စွာလေ့လာနေလိုက်သည်။
မိုရှား ဖြေးဖြေးချင်းလုပ်ရှားနေသော်လည်း နာရီဝက်မျှသာ ကြာ၍ ဆေးဖော်ခြင်းပြီးစီးသွားသည်။
သူမီးတောက်အား ပြန်သိမ်းလိုက်ကာ ဆေးလုံးအားထုတ်ယူရန် ရှီမာယူယူအားပြောလိုက်သည်။
ရှီမာယူယူ ရှေ့တိုးကာ အဖုံးအား ဖွင့်ချိန်တွင် အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။ အထဲတွင်ရှိနေသော ဆေးလုံးသည် မူးယစ်စေသောအနံ့နှင့် ပြီးပြည့်စုံစွာရှိနေလေသည်။ တစ်ချက်ကြည့်ရုံနဲ့ပင် သူမဖော်စပ်သော ဆေးထက် အဆပေါင်းများစွာကောင်းသည်ကို သိနိုင်သည်။
“ကောင်းပြီ မင်းကို ပြောပြတဲ့အချက်အလက်တွေကို ကျေညက်အောင်လုပ်ပြီးမှ မင်းဘာသာမင်းကြိုးစားကြည့်” ထိုသို့ပြောပြီးနောက် မိုရှားသည် ဝိညာဉ်ကျောက်တုံးဆီသို့ပြန်သွားလိုက်သည်။ သူ၏ အနက်ရောင်မီးတောက်အကြောင်းကို ရှီမာယူယူ မမေးလိုက်ရပေ။
“သွားတာလည်းမြန်လိုက်တာ” ရှီမာယူယူ နှုတ်ခမ်းဆူလိုက်ကာ နောက်တစ်ကြိမ်မှမေးတော့မည်ဟု တွေးလိုက်သည်။ သူပစ္စည်းများနေရာချကာ မျက်စိမှိတ်လိုက်သည်။ မျက်စိထဲတွင် မိုရှားပြုမူသည်များကို ပြန်တွေးလိုက်သည်။
တစ်ရက်အကြာတွင် ဝိညာဉ်လေးသည် မွှေးကြိုင်သော အနံ့ရသည်နှင့် မျက်လုံးများတောက်ပလာသည်။ အချိန်တစ်ခဏအတွင်းတွင် သူသည် ဆေးဖော်သည့်အခန်းတွင် ပေါ်လာလေသည်။
“သခင် ဆေးဖော်တာအောင်မြင်သွားပြီလား”
ရှီမာယူယူသည် ဖော်ထားသော ဆေးလုံးအား ကျောက်စိမ်းပုလင်းထဲသို့ ထည့်ကာ အစားကြီးသော ဝိညာဉ်လေး ပေါ်လာမှုကို လျစ်လျူရှုလိုက်သည်။ “ဟုတ်တယ်၊ အခုလေးတင် တစ်လုံးအောင်မြင်သွားတယ်”
“ဟားဟား မင်းက သေချာပေါက်အဂ္ဂိရတ်ဆရာဖြစ်မှာပါလို့ ငါမပြောဘူးလား” ဝိညာဉ်လေးသည် ပျော်ရွှင်စွာ ရယ်မောကာ အဖိုးတန်ကလေးတစ်ယောက်အားကြည့်သကဲ့သို့ ရှီမာယူယူအားကြည့်လိုက်လေသည်။
ရှီမာယူယူသည် ကျောက်စိမ်းပုလင်းအား ဝိညာဉ်လေးလက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောလိုက်သည် “သေချာသိမ်း”
ထို့နောက် လျှက်တစ်ပြတ်ပင် သူမသည် ဝိညာဉ်ပုလဲမှ ထွက်သွားလေသည်။
ဆေးဖော်ခန်းသည် လုံးဝရှုပ်ထွေးနေသည်ကို ဝိညာဉ်လေးတွေ့လိုက်ရပြီး သူလက်တစ်ချက်ဝှေ့လိုက်သည်နှင့် အခန်းသည် မူပုံစံအတိုင်းသန့်ရှင်းသွားတော့သည်။ ထို့နောက် သူသည် ကျောက်စိမ်းပုလင်းအား ဝမ်းသာအားရကိုင်ကာ ပျောက်ကွယ်သွားတော့သည်။
အိမ်ထဲတွင် ရှီမာယူယူသည် အိပ်ရာပေါ်တွင် ခြေထောက်ချိတ်ကာထိုင်နေသည်။ အချိန်ခဏကြာသော် ရှီမာယူယူသည် မျက်လုံးဖွင့်လိုက်ကာ မွန်းကြပ်စွာသက်ပြင်းချလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဆေးဖော်ရာတွင် ပင်ပန်းနွမ်းနယ်မှုသည် လုံးဝပင် ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်သည်။
“ယူယူ မင်း ဒီရက်ပိုင်းအတွင်း တံခါးသော့ခတ်ထားတုန်းက ဖက်တီးကျူက မင်းကို ခဏခဏလာရှာတယ်” ရှီမာယူယူနိုးလာသည်ကို ဟိန်းသံလေးမြင်သည်နှင့် စားပွဲပေါ်တွင် လှဲကာပြောလိုက်သည်။
“တစ်ခုခုရှိလို့လား” ရှီမာယူယူ အိပ်ရာပေါ်မှဆင်းလိုက်သည်။
“ငါမသိဘူး၊ သူတို့ တံခါးပေါက်ကိုလာပြီးမှ မင်းကျင့်ကြံနေတယ်ဆိုတယ်ထင်လို့နေမှာ တံခါးမခေါက်ဘူး” ဟိန်းသံလေး၏ သေးငယ်သော ခြေလက်များသည် လှန်ရန်ကြိုးစားသော်လည်း အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင်တော့ မအောင်မြင်ပေ။
ရှီမာယူယူလျှောက်သွားလိုက်ပြီး ခေါင်းငုံ့ကာ လှန်ပေးလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် “မင်းဝိတ်လျော့သင့်ပြီ”
ထိုသို့ပြောပြီးနောက် သူမတံခါးဖွင့်ကာထွက်သွားလေသည်။
ဟိန်းသံလေးသည် စားပွဲပေါ်တွင် လှဲနေသည်။ ရှီမာယူယူ၏နောက်ကျောအားကြည့်ရင်း မျက်လုံးတွင် မျက်ရည်များပြည့်နှက်လာပြီး ဝမ်းနည်းစွာညည်းညူလိုက်သည်။ အရင်တုန်းက ငါ့ကို ဝအောင်လုပ်ခဲ့တာ မင်းပဲလေ၊ အခုတော့ ငါက ဝလို့လျစ်လျူရှုသွားတယ်ပေါ့။
ရှီမာယူယူ အခန်းမှထွက်သွားသည်နှင့် အပြင်မှ အထဲကိုဝင်လာသော ဝူရန်ဖေနှင့်တွေ့လေသည်။ သူ့ခန္ဓာကိုယ်မှ သွေးနံ့ ဖျော့ဖျော့ကို ရလိုက်သည်။
“မင်းဒဏ်ရာရလာတာလား”
ဝူရန်ဖေသည် ဘာစကားမှမပြောပဲ သူမအားကြည့်ပြီးနောက် သူ့ကိုယ်ပိုင်အိမ်သို့ ပြန်သွားလေသည်။
ရှီမာယူယူ သူမနှာခေါင်းအားထိလိုက်သည်။ အဲလူရဲ့ ဝန်းကျင်ကဖိအားက ခါတိုင်းနဲ့ယှဉ်ရင် ဒီနေ့နိမ့်နေတယ်၊ တစ်ယောက်ယောက်က ရိုက်လိုက်တာများလား။
“ယူယူ ပေါ်လာသေးတယ်နော်” ဝေကျိရွှီသည် အိမ်မှထွက်လာကာ ရှီမာယူယူအား ပြုံးပြလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည် “ဒီအချိန်အတွင်း မင်းတို့ငါ့ကို လာရှာတယ်လို့ ဟိန်းသံလေးပြောလို့်”
“ဟုတ်တယ် ငါတို့မစ်ရှင်လုပ်ဖို့ကိုလေ၊ မင်းနဲ့ဆွေးနွေးစရာရှိတာ မင်းအခန်းထဲမှာရှိနေတော့ ဘာမှမလုပ်ရသေးဘူး မင်းကိုလည်းမနှောင့်ယှက်ချင်ဘူးလေ” ဝေကျိရွှီပြောလိုက်သည်။
“တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည်။
“ဒီတစ်ခါ မစ်ရှင်ကနည်းနည်းခက်လို့ စောစောလှုပ်ရှားမလို့ စဉ်းစားထားတယ်၊ အဲဒါကြောင့် အတန်းလည်း မကြာသေးခင်က ရပ်နားထားတယ်၊ မင်းလာမှ လှုပ်ရှားဖို့စီစဉ်ထားကြတာ” ဝေကျိရွှီအားနာနာနှင့်ပြောလိုကသည်။ အမှန်တကယ်တော့ ပစ္စည်းများစုဆောင်းခြင်းပင် ၊ ရှီမာယူယူထွက်လာသည်ကို မစောင့်ပဲ ဆုံးဖြတ်ချလိုက်ကြသည်။
“အဲလောက်မြန်တာလား” ရှီမာယူယူ အနည်းငယ်အံ့သြသွားလေသည်။ ဝေကျိရွှီအား ကြည့်ရင်း သူမပြုံးကာပြောလိုက်သည် “ကြည့်ရတာ ငါအားလုံးရဲ့ အချိန်တွေကို အလဟသဖြစ်စေပြီနဲ့တူတယ်၊ ဒါပေမယ့် ငါအထုတ်အပိုးပြင်ပြီး မသွားခင်အဘိုးကို သွားပြောလိုက်ပါဦးမယ်”
“မင်း အလျင်လိုဖို့မလိုပါဘူး” ဝေကျိရွှီပြောလိုက်သည် “ဝူရန်ဖေကိုကြည့်ရတာ နောက်နှစ်ရက်လောက်တော့ ငါတို့သွားလို့မရသေးဘူး၊ ပြင်ဆင်ဖို့အချိန်ယူလို့ရပါသေးတယ်”
“ကောင်းပြီ အဲဒါဆိုလည်း ငါအရင်ပြန်ပြီး မနက်ဖြန်မှပြန်လာမယ်” ရှီမာယူယူပြောလိုက်သည်။
“ကောင်းပြီ” ဝေကျိရွှီခေါင်းညိတ်လိုက်ကာ ရှီမာယူယူပိတ်သွားသော တံခါးအားစောင့်ကြည့်နေလိုက်သည်။ သူရုတ်တရက် တစ်စုံတစ်ခုအားစဉ်းစားမိပြီး သူမအားအော်ပြောလိုက်လေသည် “သြော် ဟုတ်သားပဲ မင်း တံခါးပိတ်ပြီး ကျင့်ကြံနေတုန်းကို မြို့ထဲမှာ ဟီကျူကျိသေသွားတယ်၊ တခြားအဖွဲ့ကလုပ်တာပဲ နာလန်မျိုးနွယ်က လုပ်တယ်တာဖြစ်နိုင်တယ်
ဟီကျူကျိသေဆုံးခြင်း သတင်းအားကြားခြင်းကို ရှီမာယူယူ မအံ့သြတော့ပါ။ နာလန်မျိုးနွယ်က သူမအား အလွတ်ပေးမည်မဟုတ်သည်ကို သူမသိသည်။
သူမ ဝေကျိရွှီကို လက်ပြပြီး လှည့်ထွက်သွားလိုက်သည်။
သူမအား ဒုက္ခပေးသူသည် အရင်သေမလား နောက်ကျမှသေမလားပဲ။
စစ်သူကြီးအိမ်တော်သို့ ပြန်သည်နှင့် သူမ မစ်ရှင်ထမ်းဆောင်ရန် အချိန်ကာလတစ်ခုထွက်သွားမည်ကို အသိပေးရန် ရှီမာလိုင်အားရှာလိုက်သည်။ ပထမတွင်တော့ ရှီမာလိုင်သဘောမတူပေ၊ သို့သော် ချော့မောခြင်းနှင့် အပူကပ်ခြင်းတို့ကြောင့် အောင့်သက်သက်ဖြင့် သဘောတူလိုက်ရသည်။
သူမထွက်သွားသည်ကို ကြည့်ရင်း သူ့လူယုံတော်ကို ခေါ်လိုက်သည် “ငါးယောက်မြောက်သခင်လေးက အပြင်သွားချင်နေတယ်ဆိုတော့ သူ့ကိုကာကွယ်ဖို့ လူနည်းနည်းထည့်ပေးလိုက်”
“ဟုတ်ကဲ့ သခင်ကြီး” လူယုံတော်သည် အမိန့်လိုက်နာပြီး လူတချို့အား သူနှင့်အတူစောင့်ရှောက်ရန် စီစဉ်တော့သည်။
ရှီမာယူူယူသည် ထိုညတွင် အိမ်မှနေ၍ ဒုတိယမြောက်မနက်ခင်းတွင် ကျောင်းသို့ပြန်သွားလေသည်။ လမ်းအနည်းငယ်လျှောက်ပြီးနောက် သူမ လမ်းကြားထဲသို့ဝင်သွားလေသည်။
“မင်းရောက်လာမှတော့ ဘာလို့ပုန်းနေတာလဲ”