ရတနာမုဆိုးစခန်း၌ ခေါင်းဆောင်လဲ့သည် ရှေ့မှာသွား၍ ရွှီချင်းသည် နောက်မှလိုက်နေသည်။ နေရောင်ခြည်တန်းများသည် ယခုအခါ သူတို့နှစ်ဦးအပေါ် ဖြာကျနေ၏။
ခပ်လှမ်းလှမ်းမှကြည့်လျှင် အရပ်ရှည်ရှည်လူတစ်ယောက်နှင့် အရပ်ပုပုလူတစ်ယောက်တို့ မြင်ကွင်းထက် အဘိုးကြီးတစ်ဦးနှင့် လူငယ်လေးတစ်ယောက်မြင်ကွင်းသည် ပို၍ မျက်စိပသာဒဖြစ်စေသည်။
ရက်စက်ကြမ်းတမ်းသော ဤကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ လိုက်ဖက်ညီသော မြင်ကွင်းမျိုး ရှာတွေ့ရန် ခဲယဉ်းသည်။
ခေါင်းဆောင်လဲ့၏လက်ထဲရှိ စပါးအုံးမြွေသေကြီးထံမှ လွင့်ပျံနေသော အန္တရာယ်အငွေ့အသက်များကြောင့်ပေလော၊ သားရဲစိန်ခေါ်ပွဲကွင်းပြင်သို့ မရောက်ခဲ့သော လမ်းသွားလမ်းလာများသည် သူတို့ကို ခပ်ဝေးဝေးမှ ရှောင်သွားကြသည်။
မြွေသားကိုစားသောအခါတွင် ဖြစ်စေ၊ ယခုလက်ရှိ နေရောင်ခြည်တန်းများကို ခံစားနေသော အခါတွင် ဖြစ်စေ ထိုအခြင်းအရာနှစ်ရပ်လုံးက ရွှီချင်းကို လွန်စွာ နွေးထွေးသွားစေသည်။ သူ အလွန် စိတ်သက်သာရာရနေပြီး သဘောကျနေမိသည်။
ခေါင်းဆောင်လဲ့ ကိုင်ထားသော မြွေသေကြီးထံ သူ့အကြည့်ရောက်သွားတိုင်း သူ သရေကျနေရတော့သည်။
သူသည်လည်း မြွေသားကို ကြိုက်သည်။
ခေါင်းဆောင်လဲ့၏နေအိမ်သည် စခန်း၏အလယ်ခေါင်တွင် တည်ရှိသည်။
စခန်း၏အတွင်းပိုင်း အုတ်အိမ်များနှင့် စခန်း၏အပြင်ဘက် ရွက်ဖျင်တဲများနှင့် ယှဉ်ပါက အလယ်ခေါင်တွင် ရှိနေသော အိမ်များသည် အများအားဖြင့် ကျောက်တုံးများ၊ သစ်သားများဖြင့် ဆောက်လုပ်ထားသည်။ ယင်းအပြင် အိမ်အသေးသုံးလုံးကို တစ်တန်းတည်း ဆောက်ထားကြသည်။ အိမ်တစ်အိမ်စီက မကျယ်ပါသော်လည်း သူ နေထိုင်ခဲ့သော ဆင်းရဲသားရပ်ကွက်ထဲရှိ နေရာများနှင့်ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်သည်ကို ရွှီချင်း မြင်လိုက်ရသည်။
ခေါင်းဆောင်လဲ့၏ နေအိမ်သည်လည်း ခြံဝန်းလေးတစ်ခုထဲတွင် ရှိသည်။ ယင်းနေရာကို ရောက်လာရန်ပင် ခဲယဉ်းသည်။
ထိုစဉ် ခေါင်းဆောင်လဲ့သည် ခြံတံခါးကို တွန်းဖွင့်လိုက်သည်။ ရွှီချင်းသည် ဘေးပတ်လည်ကို ကြည့်နေစဉ် ခေါင်းဆောင်လဲ့သည် သူ့အိမ်ထဲရှိ ဒုတိယမြောက်အခန်းကို လျှောက်သွားသည်။ ထို့နောက် သူသည် ထိုအခန်းကို ညွှန်ပြကာ ပြောသည်။
“ ကလေး၊ မင်း အခု ဒီနေရာမှာ နေလို့ရတယ်။ အရင်ဆုံး ဒီအခန်းနဲ့ အသားကျသွားအောင် နေကြည့်လိုက်ဦးပေါ့။ မြွေသား ချက်ပြီးတာနဲ့ မင်းကို လှမ်းခေါ်လိုက်မယ် ”
စကားပြောပြီးနောက် ခေါင်းဆောင်လဲ့သည် ထွက်ခွာသွားပြီး မကြာခင် မြွေသားခုတ်ထစ်သံများ လွင့်ပျံလာတော့သည်။
ရွှီချင်းသည် တံတွေးကို မျိုချလိုက်၏။ သူသည် အခန်းထဲ မဝင်ခင် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အခန်းထဲတွင် ခုတင်တစ်လုံး၊ အိပ်ရာခင်းတစ်ခု၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံတစ်ခုံရှိသည်။ ယင်းပစ္စည်းများကို လူတစ်ယောက်က မကြာခဏ သန့်ရှင်းထားမှန်း သိသာသည်။ အိပ်ရာခင်းသည်ပင် လွန်စွာ သန့်ရှင်းနေအောင် လျှော်ဖွပ်ထားပြီး နေလှန်းရာမှ ထွက်လာတတ်သည့် ရနံ့လေး သင်းပျံ့နေသည်။
အရာအားလုံးက ရွှီချင်းကို လွန်စွာ စိတ်ကျေနပ်သွားစေသည်။
သူသည် အိမ်ကြီးကြီးများကို သဘောမကျပေ။ တစ်ချက်ကြည့်ရုံဖြင့် အိမ်ထဲရှိ အရာအားလုံးကို မြင်နိုင်သော အိမ်မျိုးကို သူ သဘောကျသည်။ အိမ်လေးထဲရှိ အရာအားလုံးကို သူ့စိတ်ထဲ မှတ်ထားနိုင်သည်ဖြစ်၍ ယင်းက သူ့ကို ပို၍ ဘေးကင်းသည်ဟု ခံစားရစေသည်။
သို့ဖြစ်၍ ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် ရွှီချင်းသည် သန့်ရှင်းသပ်ရပ်သော ခုတင်ကို ကြည့်လိုက်သည်။ သူသည် တခဏမျှ စဉ်းစားလိုက်ပြီးသော် မသွားသေးဘဲ မြေပြင်ပေါ် ထိုင်ရန်သာ ဆုံးဖြတ်လိုက်သည်။
သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်၍ တစ်နေ့တာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ကျင့်ကြံနေစဉ် ဝိညာဉ်စွမ်းအားများ သူ့ကိုယ်ထဲ စီးဆင်းလာသည်နှင့် အခန်းတံခါးမှ ဆီပွက်ပွက်မြည်သံများ လွင့်ပျံလာသည်။
မကြာခင် ဟင်းရနံ့များက ကျောက်တုံးနှင့်သစ်သားအကြားအလပ်များမှနေ၍ သူ့အခန်းထဲ လွင့်ပျံလာသည်။ ရွှီချင်း၏အစာစားချင်စိတ် မြင့်တက်လာရပြီး ဆာလောင်သော ခံစားချက်များ ရုတ်ခြည်း ထိုးတက်လာကာ ဗိုက်ထဲမှ တဂွီဂွီမြည်သံများ ထွက်လာတော့သည်။ ဟင်းရနံ့က မွှေးပျံ့လွန်းလှပေသည်။
ရွှီချင်းသည် တံတွေးကို အလိုလို မျိုချမိလိုက်ပြီး မျက်လုံးများဖွင့်ကာ ဟင်းချက်ရာအခန်းထံ လှမ်းကြည့်မိလိုက်သည်။
ဆင်းရဲသားရပ်ကွက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်ဖြစ်၍ ထိုကဲ့သို့ ဟင်းနံ့မျိုး ဘယ်အချိန်တုန်းက နောက်ဆုံးအကြိမ် ရှူရှိုက်ခဲ့ဖူးသည်ကို သူ မမှတ်မိတော့ပေ။
သူသည် ဗိုက်ထဲမှ ဆာလောင်သောစိတ်ကို ချိုးနှိမ်၍ မျက်လုံးများ မှိတ်ကာ ဆက်လက်ကျင့်ကြံနေတော့သည်။
ထိုနည်းအားဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။ မကြာခင် ညနေစောင်းအချိန်သို့ ရောက်လာတော့သည်။
အပြင်မှနေ၍ ခေါင်းဆောင်လဲ့၏ သူ့ကို လာစားရန် ခေါ်သံကို ကြားလိုက်ရသောအခါ ယခုလေးတင် တစ်နေ့တာ ကျင့်ကြံခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသော ရွှီချင်း၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာသည်။
သူသည် မတ်တတ်ရပ်၍ အပြင်ဘက်သို့ ပေါ့ပါးစွာ ထွက်သွားသည်။ ထို့နောက် ဘေးအစွန်ဆုံးအခန်းတွင် မတ်တတ်ရပ်၍ သူ့ကို လက်ပြနေသော ခေါင်းဆောင်လဲ့ကို မြင်လိုက်ရသည်။
ခေါင်းဆောင်လဲ့ဘေးရှိ ထမင်းစားပွဲပေါ်တွင် မြွေသားဟင်းရှစ်မျိုးကို တွေ့လိုက်ရသည်။ တချို့မြွေသားများမှာ ကြော်ထားပြီး တချို့မှာ ပေါင်းထားခြင်း ဖြစ်ကာ မြွေသားစွပ်ပြုတ်များပင် ပါသည်။
ခေါင်းဆောင်လဲ့သည် ဟင်းချက်ရာတွင် အလွန်ထူးချွန်ပြီး သူ ပြင်ဆင်ထားသည့် ဟင်းပန်းကန်များထဲတွင် ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနှင့် မွှေးကြိုင်သင်းပျံ့သော ရနံ့ကိုယ်စီ ရှိပေသည်။
ရွှီချင်း၏မျက်လုံးများသည် ဟင်းပွဲများကို ကြည့်ပြီးသည်နှင့် မခွာနိုင်တော့ပေ။ ထိုအခြင်းအရာကြောင့် ခေါင်းဆောင်လဲ့သည် တဟားဟား ရယ်မောကာ တူများနှင့် ပန်းကန်လုံးများကို ယူရန် လှည့်ထွက်သွားသည်။
ရွှီချင်းသည်လည်း တဖြည်းဖြည်း လျှောက်လာပြီး အစွန်ဆုံးအခန်းထဲ ဝင်ရောက်လာသည်။ ထိုအခန်းထဲတွင် ဟင်းရနံ့က ပို၍ မွှေးပျံ့နေသည်။ သို့သော်လည်း သူသည် ချက်ချင်း မထိုင်သေးဘဲ ခေါင်းဆောင်လဲ့ချထားသည့် တူများနှင့် ပန်းကန်လုံးများကိုမြင်၍ ရုတ်တရက် မှင်သက်သွားရသည်။
ထိုနေရာတွင် တူသုံးစုံနှင့် ပန်းကန်လုံးများ ရှိနေသည်။
“ တခြားတစ်ယောက် ရှိသေးတာလား ”
ဟင်းရနံ့က လွန်စွာ ဆွဲဆောင်နိုင်စွမ်း ရှိနေသော်လည်း တူသုံးစုံနှင့် ပန်းကန်လုံးများက ရွှီချင်း၏ အစာစားချင်စိတ်ကို ဘေးဖယ်ထားစေသည်။
သူသည် ခေါင်းဆောင်လဲ့ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။
“ စိုးရိမ်မနေပါနဲ့။ ဒါက ငါ့အလေ့အကျင့်လေ။ ဘယ်တော့မှ ပြန်မလာတော့မယ့်လူအတွက် လုပ်ပေးတာပဲ ”
ခေါင်းဆောင်လဲ့သည် တည်ငြိမ်စွာ ပြောလိုက်ပြီး သူ့မျက်ဝန်းများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် အတိတ်ကိုလွမ်းဆွတ်သည့်အရိပ်အငွေ့များ ပေါ်လာသည်။ သို့သော်လည်း ထိုအရိပ်အငွေ့များသည် ခဏအကြာ ပျောက်ကွယ်သွားပြီး သူသည် ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
ရွှီချင်းသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုင်ချလိုက်သည်။ သူ၏ဆန္ဒများကို သူ ထိန်းချုပ်မထားနိုင်တော့ဘဲ မြွေသားကြော်ပန်းကန်ကို ဆတ်ခနဲ လှမ်းယူလိုက်သည်။ ထို့နောက် သူသည် မြွေသားကြော်တစ်တုံးကို ပါးစပ်ထဲထည့်ကာ တဂျွတ်ဂျွတ် ဝါးစားလိုက်သည်။
မြွေသားကြော်သည် ပူပူနွေးနွေး ရှိနေသေးသော်လည်း ရွှီချင်းသည် မြွေသားကြော်ကို စားနေရင်း လွန်စွာ ကျေနပ်အားရနေတော့သည်။ သူ့ပါးစပ်ပတ်လည်တွင် ဆီများ ပေကျံနေတော့သည်။
သူသည် မြွေသားကြော်တစ်တုံးစားပြီးနောက် နှုတ်ခမ်းဘေးရှိ ဆီများကို လျှာဖြင့်သပ်လိုက်ပြီး မြွေသားနှပ်တစ်တုံးကို ယူရန် လက်လှမ်းလိုက်သည်။ ထိုအခိုက် ခေါင်းဆောင်လဲ့က တဟွတ်ဟွတ် ချောင်းဆိုးလိုက်သည်။
“ တူတွေသုံးလေ ”
“ သြော်… ”
ရွှီချင်းသည် တူတစ်စုံကို ပရမ်းပတာ လှမ်းကိုင်လိုက်ပြီး တူကိုင်ရသည်ကို အသားကျသွားသောအခါ မြွေသားနှပ်တစ်တုံးကို လှမ်းနှိုက်၍ ပါးစပ်ထဲသို့ ပလွတ်ခနဲ ထည့်လိုက်သည်။
စားသောက်နေစဉ်အတောအတွင်း သူတို့နှစ်ဦးသည် စကားတစ်ခွန်းမဆိုကြဘဲ အစားအစာကိုသာ မြိန်ရေယှက်ရေ စားနေကြသည်။
ခေါင်းဆောင်လဲ့သည် ရတနာမုဆိုးတစ်ယောက်နှင့်မတူဘဲ အသားကို ကြေညက်အောင် ဝါးစားပြီးမှသာ မျိုချသည်။ သူသည် ပန်းကန်ထဲရှိ ဟင်းတုံးနှစ်တုံး၊ သုံးတုံးခန့်သာ စားရသေးသည်။ ရွှီချင်းမှာမူ ပလုပ်ပလောင်း စားနေ၏။ ရွှီချင်းစားနေပုံကိုကြည့်၍ ခေါင်းဆောင်လဲ့သည် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
“ ငါ မင်းကို ပေါင်မုန့်ပေးတုန်းက ဒီလိုမျိုး မဟုတ်ပါဘူး။ တဖဲ့ချင်းစားတာပါ ”
ရွှီချင်းသည် မြွေသားတစ်တုံးကို ပါးစပ်ထဲ အတင်းသွတ်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့၍ ခေါင်းဆောင်လဲ့အား ကြည့်ကာ လေးလေးနက်နက်ဖြင့် ဖြေလိုက်သည်။
“ ပေါင်မုန့်လုံးတွေက အဘိုးပိုင်တာလေ၊ ဒါပေမဲ့ ဒီမြွေသားကတော့ ကျုပ် ပိုင်တာ ”
တစ်ခုသည် တခြားလူက သူ့အား ကျွေးမွေးသောအစားအစာဖြစ်ပြီး တခြားတစ်ခုသည် သူက တခြားလူကို ကျွေးမွေးခြင်း ဖြစ်သည်။
ထိုလူငယ်လေး၏ တွေးခေါ်ပုံမှာ လွန်စွာ ရိုးရှင်းသည်။ ဤမြွေသားသည် သူ ပိုင်သော အစားအစာဖြစ်၍ ထိုသို့ သူ စိတ်တိုင်းကျစားသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
ခေါင်းဆောင်လဲ့သည် ရယ်ရအခက် ငိုရအခက် ဖြစ်သွားရ၏။ ထို့နောက် မြွေသားကို စားလိုက်၊ မြွေသားစွပ်ပြုပ်သောက်လိုက် လုပ်နေသော ရွှီချင်းအား သူ ကြည့်လိုက်သည်။ သို့သော်လည်း လူငယ်သည် မြွေသားဟင်းပွဲတိုင်းကို လိုက်နှိုက်နေခြင်းမဟုတ်ဘဲ သူ့အနီးအနားရှိ ဟင်းပွဲများကိုသာ စားနေခြင်း ဖြစ်သည်ကို သူ သတိထားမိလိုက်သည်။
သူသည် သူ့အတွက်ပေးထားသောအပိုင်းကိုသာ ထိုသို့ စားနေခြင်း ဖြစ်သည်။
“ မင်းမြွေကြီးက သိပ်ကြီးတော့ ငါတို့နှစ်ယောက် လဝက်လောက် ကောင်းကောင်းစားလို့ရတယ်ကွ။ ပြီးတော့ မြွေအရေပြားနဲ့ အရိုးတွေလည်း ရှိသေးတယ်။ ဒီတော့ …”
ခေါင်းဆောင်လဲ့က တွေးတွေးဆဆ ပြောသည်။
“ ကျုပ် အဘိုးကို အကြွေးပေးရဦးမယ်။ အဲဒီထဲကနေတော့ အကြွေးမယူပါနဲ့ ”
ရွှီချင်းသည် ရုတ်တရက် ပြောလိုက်သည်။
မြွေသားသည် ပေါင်မုန့်လုံးများနှင့် အိပ်စက်ရာအိတ် ပေးခဲ့ခြင်းအတွက် ဖြစ်သည်။ မြွေအရေပြားနှင့် အရိုးများသည် နွားရိုင်းကြီးကိစ္စအား ဖုံးကွယ်ပေးခဲ့ခြင်းအတွက် ဖြစ်သည်။
မြို့ပျက်ကြီးမှနေ၍ စခန်းဆီသို့ ခေါ်ဆောင်လာခြင်းမှာ ကျေးဇူးကြွေးဖြစ်သည်။
ထိုကျေးဇူးအကြွေးအား အရာဝတ္ထုပစ္စည်းများဖြင့် ပေးဆပ်ရန် ကြိုးစားလျှင် မသင့်တော်ကြောင်း ရွှီချင်း ခံစားမိသည်။ သို့ဖြစ်၍ ထိုကျေးဇူးကြွေးအား သူ့စိတ်ထဲတွင် မှတ်သားထား၏။
ခေါင်းဆောင်လဲ့သည် ရွှီချင်းကို စူးရှစွာ စိုက်ကြည့်၍ ရွှီချင်း၏ လေးနက်တည်ကြည်သောအကြည့်နှင့် ကျေးဇူးတရားနှင့် ရန်ငြှိုးအား ခွဲခြားထားသော စရိုက်ကို မြင်သွားသည်။ သို့ဖြစ်၍ သူက ခေါင်းညိတ်ပြလိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။
“ ကလေး၊ လမ်းခရီးမှာ ငါနဲ့ပတ်သက်ပြီး မင်း အမျိုးမျိုး တွေးနေမယ်ထင်တယ် ”
ရွှီချင်းသည် စကားတစ်ခွန်းမဆိုပါသော်လည်း ဖြည်းဖြည်းသာ စားနေလေသည်။
“ တခြားလူတွေကတော့ ငါ့ကို ခေါင်းဆောင်လဲ့လို့ ခေါ်ကြတယ်။ နာမည်ကတော့ အရေးမကြီးပါဘူး။ ရတနာမုဆိုးစခန်းမှာဆိုရင် ဘယ်သူမှ နာမည်အရင်း မသုံးကြဘူး ”
ခေါင်းဆောင်လဲ့သည် ပေါင်းထားသော မြွေသားတစ်တုံးကို တူဖြင့် ညှပ်၍ ပါးစပ်ထဲထည့်ကာ ဖြည်းညင်းစွာ စားလိုက်သည်။
“ အဲဒီနာမည်ဘာလို့ရလာတာလဲဆိုတော့ စခန်းထဲမှာ သက်စွန့်ဆံဖျားအန္တရာယ်တွေကို ငါနဲ့အတူ ရင်ဆိုင်ချင်တဲ့ မိတ်ဆွေနည်းနည်းပါးပါးကို ငါတွေ့ခဲ့လို့ပဲ ”
“ ငါတို့က အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့လိုက်တယ်။ ဒါပေမဲ့ ငါတို့အဖွဲ့နာမည်ကတော့ နည်းနည်းကြောင်တောင်တောင်နိုင်တယ်။ မိုးကြိုးတဲ့ ”
“ အများအားဖြင့်တော့ လူတိုင်းက ကိုယ့်တာဝန်ကိုယ်ယူပြီးလုပ်ကြတာ။ ငါတို့အဖွဲ့ကတော့ ကြီးမားတဲ့အခက်အခဲတွေ ရှိလာရင် အတူပူးပေါင်းဖြေရှင်းကြတာပဲ။ ငါရောပေါင်းရင်း အဖွဲ့ဝင်လေးယောက်ရှိတယ်။ ဒါပေမဲ့ တခြားလူသုံးယောက်ကတော့ အပြင်သွားနေကြတုန်းပဲ။ ပြန်မလာကြသေးဘူး ”
“ သူတို့ ပြန်လာရင် ငါ မင်းကို မိတ်ဆက်ပေးမယ်။ နောက်ကျရင် မင်းလည်း ငါတို့နောက်လိုက်ပြီး မိုးကြိုးအဖွဲ့ဝင်သစ် လုပ်လို့ရတယ်။ ဒါဆိုရင် မင်းလည်း နေထိုင်စရိတ်နဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် အလုပ်လုပ်လို့ရတာပေါ့ ”
ခေါင်းဆောင်လဲ့သည် စကားကုန်ပြောပြီးသွားဟန်တူသည်။ တူနှစ်ချောင်းကို ချလိုက်ပြီး ရွှီချင်းအား ကြည့်လိုက်သည်။
ရွှီချင်းသည် ကျင့်ကြံခြင်းအရင်းအမြစ် ဆိုသည့်စကားကြောင့် အံ့အားသင့်မသွားပေ။
ခေါင်းဆောင်လဲ့သည် လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ရွှီချင်း အာရုံခံမိနေသည်။ တစ်ဦးနှင့်တစ်ဦး အချိန်အတော်ကြာအထိ ပြောဆိုဆက်ဆံပြီးနောက် ရွှီချင်းသည် ချီသန့်စင်ခြင်းအဆင့် ရောက်နေသည့်တိုင်အောင် ခေါင်းဆောင်လဲ့က သိနေသည်မှာ သဘာဝပင်။
“ အင်း ”
ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြလိုက်သည်။
ယင်းသည် သူ့ရင်ထဲတွင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချသွားစေသည်။ ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းခဲ့သော သူ့အတွက် လူတစ်ယောက်က အတုံ့အလှည့်မရှိဘဲ အလကား ပေးကမ်းနေမည်မဟုတ်သည်ကို ကောင်းစွာ နားလည်ထားသည်။
“ မင်း ဆက်စားလိုက်ဦး။ ငါက အသက်ကြီးနေပြီဆိုတော့ အစားများများစားရင် အစာချေနိုင်မှာ မဟုတ်ဘူး ”
ခေါင်းဆောင်လဲ့သည် ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး သူ့မျက်နှာသည်လည်း နီမြန်းသွားသ်။ သို့သော်လည်း မကြာခင် သူ ပြန်လည်သက်သာသွားသည်။ သူက မတ်တတ်ရပ်၍ အပြင်သို့ လျှောက်သွားရင်း လှမ်းပြောလိုက်သည်။
“ ဒီကမ္ဘာထဲက ဝိညာဉ်စွမ်းအင်တွေက အဆိပ်လိုပဲ။ လမ်းမှာ လုပ်သလိုမျိုး မင်း ကျင့်ကြံခြင်းကိုသာ အရူးအမူးလေ့ကျင့်နေရင် သန္ဓေပြောင်းလဲသွားပြီး မင်းခန္ဓာကိုယ်က ကြာကြာခံမှာ မဟုတ်ဘူးနော်။ ကျင့်ကြံတယ်ဆိုတာ အခြေခိုင်မာဖို့ လိုတယ်။ မြန်မြန်လုပ်လို့မရဘူး ”
ရွှီချင်းသည် တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမပြောပေ။
တံခါးကို လျှောက်သွားနေသော အဘိုးအိုသည် ရွှီချင်းအား လှည့်ကြည့်၍ ခေါင်းယမ်းလိုက်သည်။
“ ဒါပေမဲ့ အဲဒီလိုမျိုး ကျင့်ကြံတာက မှန်တော့လည်း မှန်ပါတယ် ”
“ ရတနာမုဆိုးစခန်းက တားမြစ်နယ်မြေဘေးမှာ ရှိသလို မင်းလာခဲ့တဲ့ တားမြစ်နယ်မြေနဲ့လည်း မတူဘူး။ ဒီတားမြစ်နယ်မြေက ပစ္စည်းတွေက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေနဲ့ လူဆိုးတွေကို ဒီကို စုဆုံသွားစေတယ် ”
“ မင်းက ဒီမှာနေမှာဆိုတော့ အနှေးနဲ့အမြန် တားမြစ်နယ်မြေကို သွားရမှာပဲ။ ဒီတော့ အားသွန်ခွန်စိုက် ကျင့်ကြံထားတာကလည်း ကောင်းပါတယ် ”
ထို့နောက် ခေါင်းဆောင်လဲ့က ထွက်ခွာသွားသည်။
ရွှီချင်းသည် တစ်ယောက်တည်း ထိုင်နေခဲ့ပြီး မြွေသားအားလုံးကို စားပစ်လိုက်သည်။ သို့သော် သူသည် ချက်ချင်း ထွက်ခွာမသွားသေးဘဲ ပန်းကန်များကို ဆေးကြောကာ စားပွဲခင်းကို ခင်းပြီးနောက် သူ့အခန်းသို့ ပြန်လာခဲ့သည်။
အခန်းသို့ ပြန်ရောက်သောအခါ သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ကျင့်ကြံလိုက်သည်။
ရွှီချင်းသည် သေမင်းနှုတ်ခမ်းဝသို့ မရောက်လိုဘဲ တခြားလူများ၏ လက်ထဲတွင် သူ့အသက်ကို ဝကွက်အပ်ထားရသလိုမျိုး မဖြစ်စေရန် သူ အစွမ်းထက်နေရန် လိုအပ်ကြောင်း ကောင်းစွာ သိထားသည်။
အထူးသဖြင့် ယခုလို ရတနာမုဆိုးစခန်းတွင် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွင် သူ ခြောက်နှစ်တာ မြင်ခဲ့ရသည့် အရေအတွက်ထက် ဤစခန်းတွင်ရှိသော လေလွင့်ကျင့်ကြံသူပမာဏက ပို၍ များသည်။ ထိုလူများအနက်တစ်ယောက်မှ လူကောင်းမဟုတ်ပေ။
ဆင်းရဲသားရပ်ကွက်ကို ခွေးအသိုက် ဟူ၍ ခေါ်ဆိုလျှင် ဤစခန်းကို ဝံပုလွေတွင်းဟု ပြောရပေမည်။
သူသာ အပြင်းအထန် မကြိုးစားလျှင် သူ သန္ဓေမပြောင်းလဲခင် ရန်ငြှိုးရန်စ သို့မဟုတ် ရန်စစော်ကားခံရခြင်းကြောင့် သေသွားရပေမည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများကိုမူ သူလေ့လာနေသော တောင်တန်းပင်လယ်ပညာရပ်တွင် ၎င်းတို့အား ဓာတ်ပျယ်စေနိုင်သည့်ဆေးများရှိကြောင်း ဖော်ပြထားသည်ကို သူ တွေ့ခဲ့ရသည်။
၎င်းတို့သည် ဓာတ်နှောလက္ခဏာရပ်များကိုသာ ကုသပေးနိုင်ပြီး အမြစ်မှ ပျောက်သွားအောင် မလုပ်ပေးနိုင်ပါသော်လည်း သန္ဓေပြောင်းလဲခြင်းကို ထိန်းထားနိုင်သေးသည်။ လမ်းခရီးတွင် ရတနာမုဆိုးများ၏ စကားများထဲမှနေ၍ ထိုကဲ့သို့ ဆေးတစ်မျိုးအမည်ကို သူ ကြားခဲ့ရသည်။ ထိုဆေး၏အမည်မှာ အဖြူရောင်ဆေးလုံး ဖြစ်သည်။
တားမြစ်နယ်မြေအနီးအနားတွင် အဖြူရောင်ဆေးလုံးဖော်စပ်ရာတွင် အဓိကလိုအပ်သော ဆေးပင်များ ရှိသည်။ သို့ဖြစ်၍ စခန်းထဲ၌လည်း အဖြူရောင်ဆေးလုံးများ ရောင်းချသောလူများ သေချာပေါက် ရှိပေလိမ့်မည်။
ထိုအကြောင်း တွေးတောပြီးနောက် ရွှီချင်းသည် သူ့ဗိုက်ထဲရှိ သလင်းကျောက်နေရာကို စမ်းလိုက်သည်။
ထိုအတောအတွင်း ခရမ်းရောင်သလင်းကျောက်က သူ့ဒဏ်ရာသက်သာနိုင်စွမ်းအား မြင့်မားသွားစေသည့်အပြင် သူ၏အမြန်နှုန်းနှင့် ခွန်အားကိုလည်း တိုးတက်သွားစေကြောင်း သူ ပြတ်ပြတ်သားသား အာရုံခံမိနေသည်။
ယင်းသည် တောင်တန်းပင်လယ်ပညာရပ်၏ ပထမအဆင့်ကို သူ အောင်မြင်သွားခဲ့ရခြင်းနှင့် ပတ်သက်နေလိမ့်မည်။ သို့သော်လည်း သူ၏ပထမအဆင့်သည် ဝါးပေလွှာထဲတွင် ဖော်ပြထားသော ပထမအဆင့်ကို အောင်မြင်ပါက ကျားတစ်ကောင်၏ခွန်အားမျိုးရမည်ဆိုသော ပထမအဆင့်မိတ်ဆက်နှင့် ကွဲပြားနေသည်ကို သူ ခံစားမိနေသည်။
“ ငါ ကျားတွေအများကြီးကို သေအောင် ထိုးနိုင်မယ်ထင်တယ် ”
ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားကို အာရုံခံလိုက်သည်။ လမ်းခရီးတစ်လျှောက် သူသည် အပြင်းအထန် ကျင့်ကြံနေခဲ့သည်ဖြစ်၍ မကြာခင် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်တော့မည် ဖြစ်သည်။
“ ဒီနေ့တော့ ငါ ဒုတိယအဆင့်ကို ကျော်ဖြတ်ရမယ် ”
ရွှီချင်း၏အကြည့်ထဲတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်များ လှစ်ဟပြနေသည်။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ ဝင်လေထွက်လေရှုမှတ်လိုက်သည်။
မကြာခင် ဝိညာဉ်စွမ်းအင်အငွေ့အသက်များ အရပ်မျက်နှာအနှံ့မှ စီးဆင်းလာသည်။ တားမြစ်နယ်မြေအပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားသည် တားမြစ်နယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအားများနှင့် ယှဉ်လျှင် ဓာတ်နှောပါဝင်မှု လွန်စွာ နည်းပါးသည်။ သို့ဖြစ်၍ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို သိသိသာသာ တိုးတက်သွားစေသည်။
ထိုအကြောင်းကို ယမန်နေ့က သားရဲစိန်ခေါ်ပွဲကွင်းပြင်၏ သစ်သားရုံများထဲတွင် ရှိစဉ် သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူသည် အကြောလျော့ထားပြီး ဝင်လေထွက်လေရှုမှတ်ရင်းဖြင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူရန် ကြိုးစားနေသည်။ သားရေအင်္ကျီဖြင့် ဖုံးထားသော သူ့ဝမ်းဗိုက်နေရာမှ ခရမ်းရောင်ဖျော့ဖျော့ လင်းလက်နေသည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ တပွက်ပွက်မြည်သံသဲ့သဲ့ လွင့်ပျံလာပြီး သူ၏မွေးညင်းပေါက်များမှတစ်ဆင့် မည်းနက်သော အညစ်အကြေးများ စိမ့်ထွက်လာသည်။
သူ့ခန္ဓာကိုယ်ရှိ အသွေးအသားများသည် အားအင်ပြည့်ကာ ကျစ်ကျစ်လျစ်လျစ် ရှိလာဟန်တူသည်။ ၎င်းတို့ထဲတွင် ပေါက်ကွဲထွက်လာတော့မည့် ခွန်အားများ ကိန်းအောင်းနေသည့်အလားပင်။
ထိုစဉ် အပြင်ဘက်အမှောင်ထုထဲ၌ ရွှီချင်းနှင့် ဝါးခြမ်းပြားချင်း လဲလှယ်ခဲ့သော မိန်းကလေးသည် ရွှီချင်းနေထိုင်ရာ ခြံသို့ လျှောက်လာသည်။
သူမသည် နေရာမှာပင် ရပ်နေပြီး ချီတုံချတုံ ဖြစ်နေသည်။ ခြံတံခါးကို ခေါက်ချင်နေပါသော်လည်း မဝံ့မရဲ ဖြစ်နေဟန်တူသည်။
အချိန်အတော်ကြာပြီးနောက် သူမသည် သတ္တိမွေးလိုက်ပြီး ခြံတံခါးကို အသာအယာ ခေါက်လိုက်သည်။ ထိုကဲ့သို့ ခေါက်သံသည် လွန်စွာ တိုးညှင်းလှသည်ဖြစ်၍ တစ်ဖက်သား ကြားနိုင်လောက်မည် မဟုတ်ချေ။
မိန်းကလေး ခြံတံခါးကို ခေါက်လိုက်သည့်အချိန်တွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ တပွက်ပွက်မြည်သံများသည်လည်း အကျယ်လောင်ဆုံးအနေအထားသို့ ရောက်နေသည်။
ရွှီချင်းသည် ခေါင်းထဲတွင် တဝုန်းဝုန်းမြည်သံ ကြားလိုက်ရပြီးနောက် မျက်လုံးများ ပွင့်လာသည်။ သူ့မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သောအရိပ်အယောင်များ လွှမ်းနေပြီး သူ့မျက်လုံးများထဲတွင် ခရမ်းရောင်အလင်းတန်း ဝင်းလက်သွားသည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူ့လက်မောင်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် ဒုတိယမြောက် သန္ဓေပြောင်းအမှတ်အသား တစ်ခု ပေါ်လာ၏။
ချီသန့်စင်ခြင်းအဆင့်နှစ် …
***