Switch Mode

အပိုင်း (၅၃၁)

ကောင်းကင်ဘုံ မန္တန်

အမျိုးသမီး၏ မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ် အလံအတွင်း၌ ချိပ်ပိတ်ထားရာကနေ ပြန်လွတ်လာ၏။ ခရမ်းရောင် အလင်းတန်းတစ်ခုက ဝမ်လင်း ပါးစပ်ထဲကနေ ပျံသန်းထွက်သွားပြီး သူနှင့် ပေများစွာ အကွာတွင် အမျိုးသမီးပုံရိပ် အသွင်သို့ ပြောင်းလဲသွား၏။

အမျိုးသမီးက ပေါ်ထွက်လာသည်နှင့် သူမက ဒေါသတကြီး မာန်သွင်း၍ ဝမ်လင်းထံသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက တစ်လက်မပင် မရွေ့ချေ။ သို့သော် သူ့မျက်လုံးကတော့ အေးစက်လာ၏။

ရှေ့ဖြစ်ဟောသူက တည်ငြိမ်စွာ ပြောလိုက်သည်။

“တော်လောက်ပြီ … ”

စကားတစ်ခွန်းဖြင့်ပင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မူလစိတ်ဝိညာဉ်က ပျက်စီးကာ အလင်းမှုန်များအဖြစ်သို့ ပြောင်းသွား၏။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ရှေ့ဖြစ်ဟောသူက သည်အလင်းစက်များ အားလုံးကို သူ့အင်္ကျီ လက်အိုးထည့်သို့ စုဆောင်းပစ် လိုက်နိုင်သည်။

ဝမ်လင်းနှလုံးသားက တုန်ယင်သွားပြီး သူက သူ့ရှေ့ရှိ ခရမ်းရောင် အမျိုးသမီး ပျောက်ကွယ်သွားသည်ကို စူးစိုက်ကြည့်ကာ သူ့မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားမိ၏။ သူက တိတ်တဆိတ် စဉ်းစားလို့နေ၏။

“ဝမ်လင်းက လွဲလို့ အကုန်လုံး ထွက်သွားကြတော့ … ”

ရှေ့ဖြစ်ဟောသူက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ခရမ်းသစ်တော ခန်းမ အပြင်ဘက်သို့ ခြေချလိုက်၏။

ဘိုင်ဝေက လေးစားမှုပြသ၍ နောက်သို့လှည့်ကာ ပျံသန်းသွားတော့သည်။

သည့်နောက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် အမျိုးသမီးသည်လည်း အလွန်လေးစားဟန်ဖြင့် ဘိုင်ဝေနှင့် အတူ ထွက်ခွာ သွားတော့သည်။

သက်လတ်ပိုင်း လူကြီးနှင့် ကျောက်ရှန်းရှ တို့အသွင်က သုန်မှုန်နေ၏။ အထူးသဖြင့် ကျောက်ရှန်းရှပင်။ သူ့အသွင်က ဝမ်လင်းက အဓိပ္ပာယ်ပါပါ ကြည့်၍ ရုပ်စိုးစွာ ထွက်ခွာလို့ သွားတော့သည်။

အခြား ခရမ်းရောင်အုပ်စုခွဲ၏ တပည့် အားလုံးသည်လည်း တဖြည်းဖြည်းချင်း ထွက်သွားကြတော့၏။ ဝမ်လင်းအပေါ် သူတို့ သဘောထားများ သည်လည်း ပြောင်းလဲသွား ကြလေ၏။ ခုချိန်၌ ခရမ်းရောင် အုပ်စုခွဲတွင် မည်သူ့ကမျှ ဝမ်လင်းကို မလေးမစား မဆက်ဆံဝံ့တော့ချေ။

ဝမ်လင်းက ခေါင်းငုံ့၍ ရှေ့ဖြစ်ဟောသူ ဘေးနား၌ မတ်တတ်ရပ်လို့ နေလေ၏။ ရှေ့ဖြစ်ဟောသူ၏ စွမ်းအားက သူစိတ်ကူးနိုင်သည့်ထက် ပိုနေခဲ့၏။ သူက ကျိတ်၍ စစ်ထူနန်နှင့် နှိုင်းယှဉ် ကြည့်လိုက်ရာ စစ်ထူနန်ပင် ရှေ့ဖြစ်ဟောသူနှင့် ယှဉ်နိုင်ရန် အလှမ်းကွာနေကြောင်း သိလိုက်၏။

တကယ်တော့ စစ်ထူနန်က စကားတစ်ခွန်းဖြင့် မူလစိတ်ဝိညာဉ် တစ်ခုကို ပျက်စီးသွားအောင်လုပ်၍ လက်ဝှေ့ယမ်းလေးဖြင့် အရာအားလုံးကို အကောင်းတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်စွမ်း မရှိပေ။ ခု ရှေ့ဖြစ်ဟောသူ အသုံးပြုခဲ့သည့် မန္တန်က ကောင်းကင်ဘုံမန္တန် ဖြစ်ပေရမည်။ သည်အရာက သာမန်ကျင့်ကြံသူများ လုပ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။

သူနှင့် စစ်ထူနန် အတူရှိခဲ့သော တစ်လအတွင်း စစ်ထူနန်က သူ့ကို ကျင့်ကြံသူများ အသုံးပြုသော မန္တန်အမျိုးအစားများ အကြောင်း ရှင်းပြခဲ့ဖူး၏။ ဝမ်လင်းကို ခုလိုမျိုး မှက်တက်သွား စေနိုင်သည့်မန္တန်ကတော့ ကောင်းကင်ဘုံမန္တန်ပင် ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြု၍ ထုတ်ဖော်သည့် မန္တန်များကို ကောင်းကင်ဘုံ မန္တန်များဟု အလိုလို ယူဆ၍ မရေချေ။ အစစ်အမှန် ကောင်းကင်ဘုံ မန္တန်များက ကျင့်ကြံခြင်းမဟာမိတ် အဖွဲ့အစည်းကြီးက ကျင့်ကြံခြင်းဂြိုဟ်များ၏ ခေါင်းဆောင်များကို ပေးအပ်သည့် မန္တန်များထက် များစွာ စွမ်းအား ပိုကောင်းမွန်လေ၏။

သို့ရာတွင် သည်မန္တန်များက အမွေအနှစ် ဆက်ခံရန်သာလို၍ ကောင်းကင်ဘုံ မန္တန်များကတော့ ချိပ်တံဆိပ်နှင့် ရွတ်ဆိုရန်သာ လိုအပ်လေသည်။

ကောင်းကင်ဘုံနယ်မြေ ပြိုကျသွားခဲ့ ပြီးသည့်နောက် ကောင်းကင်ဘုံမန္တန် အများအပြားသည်လည်း ပျောက်ကွယ်သွား ခဲ့လေ၏။ အချိန်ကြာလာသည် နှင့်အမျှ သည်လိုမန္တန် အမျိုးအစားက ပို၍ လျော့နည်းလာ ခဲ့သည်သာ။ ကောင်းကင်ဘုံ မန္တန်များကိုလည်း အဆင့်နိမ့်၊ အလယ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ ခွဲခြားထားသေး၏။ ထိပ်တန်း အရည်အသွေးရှိသည့် ကောင်းကင်ဘုံမန္တန် အမျိုးအစားလည်း ရှိလို့နေသေး၏။ သို့သော် ၎င်းက ရှားပါးလွန်းသဖြင့် စစ်ထူနန်ပင် ၎င်းမန္တန်အကြောင်း ကောလာဟာလ အနည်းငယ်သာ ကြားဖူးလေ၏။ သည့်အတွက်ကြောင့် သူက ယင်းမန္တန်နှင့် ပတ်သက်၍ များများစားစား မပြောနိုင်ချေ။

စစ်ထူနန် ဝမ်လင်းကို သင်ပေးခဲ့သည့် သတ်ဖြတ်ခြင်း မန္တန်သုံးခုကတော့ သူက ရီဝူယောင်ထံတွင် ရှိခဲ့သည့် မပြည့်မစုံ အဆင့်နိမ့် ကောင်းကင်ဘုံ မန္တန်ကနေ ဆင့်ကဲ ထုတ်ယူထားသည့် မန္တန်အမျိုးအစား ဖြစ်လေ၏။

စစ်ထူနန်က ၎င်းမန္တန်ကို တုပထားခြင်းသာ ဖြစ်၏။ နှစ်ပေါင်းများစွာ လေ့လာပြီးနောက် သူက သည်မန္တန်ကနေ သတ်ဖြတ်ခြင်း မန္တန်သုံးခုကို ဆင့်ကဲ ထုတ်ယူဖန်တီး နိုင်ခဲ့လေ၏။

သည်သတ်ဖြတ်ခြင်း မန္တန်သုံးခုတွင် နတ်ဆိုးအလင်းတို့ ရှိနေခြင်းက စစ်ထူနန်သည် နတ်ဆိုးလမ်းကြောင်းကို လိုက်ခဲ့သူ ဖြစ်သောကြောင့်ပင်။

ရှေ့ဖြစ်ဟောသူက ခရမ်းရောင်သစ်တော နန်းတော်အပြင်ဘက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေ၍ သစ်တော ဆိုသည့် စာလုံးကို စူးစိုက်ကြည့်လို့ နေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ ဝမ်လင်းကလည်း ထိုနေရာတွင် မတ်တတ်ရပ်နေရင်း ရှေ့ဖြစ်ဟောသူနှင့်အတူ တိတ်ဆိတ်စွာ ရှိနေ၏။ သူက သူ့ဆရာအသစ်တွင် မည်သို့သော စိတ်နေစိတ်ထား ရှိကြောင်းမသိချေ။ သူက သူ့ဆရာ ဘာတွေးနေသည် ကိုလည်း ဖြတ်မြင်နိုင်စွမ်း မရှိချေ။ သို့ရာတွင် ရှေ့ဖြစ်ဟောသူ မျက်နှာပေါ်ရှိ အသွင်အပြင်အရ ရှေ့ဖြစ်ဟောသူက‌ ဒေါသထွက်နေခြင်း မရှိသည်ကတော့ ကျိန်းသေ၏။

အချိန်အတန်ကြာ ပြီးနောက် ရှေ့ဖြစ်ဟောသူက သက်ပြင်းချ၍ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ သူက ဝမ်လင်းကို ပြုံး၍ ကြည့်သည်။

“သစ်တော … ဒီစကားလုံးက မဆိုးဘူး …။ ဒီစကားလုံးကနေ ကောင်းကင်ဘုံထိ ထွင်းဖောက်နိုင်တဲ့ နိုင်လိုမင်းထက် အော်ရာ ပါဝင်နေတယ် …။ ဟုတ်တယ် … မင်းနဲ့ ကောင်းကောင်းသိတဲ့ နတ်ဆိုးလမ်းကြောင်းကို ကျင့်ကြံတဲ့သူ တစ်ယောက်တော့ ရှိလိမ့်မယ် … ဒီလူက နတ်ဆိုးအော်ရာ အမျှင်တန်းကို မင်းထဲမှာ စွဲကျန်စေခဲ့တယ် … ”

ဝမ်လင်း နှလုံးသားက တုန်ယင်သွား၏။ သူ့အသွင်က ပြောင်းလဲခြင်း မရှိသော်လည်း သူ့စိတ်ထဲတွင်တော့ ကစုန်ပေါက်လို့ သွား၏။ သည့်နောက် သူက ဆုံးဖြတ်ချက်ချ၍ ခေါင်းညိတ်ကာ အမှန်ပြောဆိုလိုက်သည်။

“တပည့်က ဒီလိုလူမျိုးကို တကယ်သိပါတယ် … ဒါပေမဲ့ ဒီခရမ်းမှာ ငါတို့က တစ်လမ်းစီ ခွဲပြီး လျှောက်လမ်းခဲ့ကြတယ် … ”

ရှေ့ဖြစ်ဟောသူက သူ့မုတ်ဆိတ်ရှည်ကို ပွတ်သပ်၍ ပြုံးလာ၏။

“သူက ထျန်ယွမ်ဂြိုဟ်ကို လာမယ်ဆိုရင်တောင် သူ့အတွက် အဆင်ပြေလိမ့်မယ် …။ မင်း ဆရာရဲ့အမြင်မှာ လူကောင်း၊ လူဆိုးဆိုတာ မရှိဘူး … လူတစ်ယောက်က သူ့စိတ်ဆန္ဒနောက်ကို လိုက်ဖို့ပဲ လိုတယ် … ကောင်းကင်ဘုံ ကံကြမ္မာ … ကောင်းကင်ဘုံကံကြမ္မာ … ဒီလောကထဲမှာ ရှိတဲ့ အရာအားလုံးက ကံကြမ္မာပေါ် မူတည်တယ် … လူတစ်ယောက်ရဲ့ နှလုံးသားက ဆုံးဖြတ်ချက် ခိုင်မာနေသ၍ အဲဒီလူကလည်း သန်းချီတည်ရှိတဲ့ အမျိုးမျိုးတာအိုထဲက ကြိုက်တဲ့ဟာ ကျင့်ကြံနိုင်တယ် … ”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက ဒုတိယအစ်ကို အသုံးပြုခဲ့သည့် နည်းလမ်းကို တွေးလို့နေသည်။ သည်နည်းလမ်းက သဘာဝကိုက နတ်ဆိုးနည်းစနစ် ဆန်လွန်းလှ၏။ သည့်အတွက်ကြောင့်လည်း သူက လိမ်ညာခြင်းမရှိဘဲ အမှန်ကို ပြောခဲ့ခြင်းပင်။ ရှေ့ဖြစ်ဟောသူ ကလည်း သည်အရာကို ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သည် မဟုတ်လား။

“ကောင်းကောင်း သွားနားတော့ … ခုကစပြီး နောက်သုံးလကြာရင် ငါ့မွေးနေ့ အခမ်းအနား ရှိတယ် … ထျန်ယွမ်ဂြိုဟ်ရဲ့ အားကောင်းတဲ့ ကျင့်ကြံသူများစွာနဲ့ အနီးပတ်ဝန်းကျင်က ကျင့်ကြံသူတွေပါ လာကြလိမ့်မယ် … ငါက ဒီအခမ်းအနားမှာ မင်းကို တပည့်အဖြစ် လက်ခံကြောင်း ကြေညာပြီး ထျန်းယွမ်ဂြိုဟ်ပေါ်က လူတွေက မင်းအပေါ်မှာ ဘယ်လို ထင်မြင်လဲ သိစေမယ် … သိပ်မကြာခင်မှာ မင်းစီနီယာ အစ်ကိုက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုပြောလာလိမ့်မယ့်လို့ ငါ ယူဆထားတယ် … ”

ဝမ်လင်းက လေးစားစွာဖွင့် ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်ပြီးနောက် ခရမ်းသစ်တော ခန်းမထဲသို့ လှမ်းလျှောက်၍ ဝင်လာခဲ့တော့သည်။

နန်းတော်ခန်းမထဲရိ သုံးထပ်မြောက် လျှို့ဝှက်ခန်းထဲတွင် ဝမ်လင်းက စိတ်သက်သာရာ ရဟန်ဖြင့် သူ့ပတ်လည်ကို ထူးဆန်းစွာ ကြည့်လိုက်၏။

“ကြည့်ရတာ ငါက ကောင်းကင်ကံကြမ္မာ ကလန်မှာ ခြေကုပ် ယူရတော့မှာပဲ … ဒီနေရာမှာက ပိုပြီး လွှမ်းမိုးနိုင်တဲ့လူကသာ ရှင်သန်နိုင်ဖို့ အခွင့်ရေး ပိုရှိတယ်တဲ့ပုံပဲ … ”

“ရှေ့ဖြစ်ဟောသူက တစ်ချိန်လုံး အာရုံစိုက်ထားတဲ့အတွက် ငါ အသုံးပြုတဲ့ ရတနာတွေကို မြင်မှာပဲ။ စစ်ရထားက ကောင်းမွန်လှပေမဲ့ အဓိကအချက်ကတော့ ကောင်းကင်ဘုံဓားပဲ … အရာအားလုံးကတော့ ငါမျှော်လင့်ထားတဲ့ အတိုင်းပဲ …။ ဒါပေမဲ့ ငါက ဒီနေမှာ ကောင်းကောင်း ခြေကုပ်ယူနိုင်ဖို့ ဆိုရင် ငါက ကောင်းကင် ကောင်းကင်ဘုံဓားကို ဖုံးကွယ်ထားလို့ မရဘူး။ ရှေ့ဖြစ်ဟောသူ အမြင်ကနေလည်း ဒီဓားကို ဖုံးကွယ်ထားနိုင်ဖို့ နည်းလမ်း မရှိဘူး … သူ့ထံကနေ ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့တော့ ဘာနည်းလမ်းမှ မရှိဘူး …။ ဒါပေမဲ့ ရှေ့ဖြစ်ဟောသူက သူ့တပည့်တစ်ယောက် ဖြစ်တဲ့ ငါ့ဆီကနေ ဒီဓားကို တိုက်ရိုက် မျက်နှာချင်းဆိုင် တောင်းမှာတော့ မဟုတ်ဘူး …။ တကယ်လို့ သူတောင်းဆိုလာရင်လည်း ငါက သူ့ကို ပေးလိုက်ရုံပဲ၊ ဒါဆိုရင် ငါ့အတွက်တော့ အကျိုးတစ်ခုခု ပြန်ရမှာပါ … အစ်ကိုနှစ် အသုံးပြုခဲ့တဲ့ တားမြစ်ခံ ကိုယ်ပွားနည်းစနစ်က အတော်လေးမိုက်တယ် … ”

“ခုချိန်မှာ ငါ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အထွတ်အထိပ် အဆင့်ကို ရောက်နေခဲ့ပြီ … လူသားစမ်းသပ်ချက် အတွင်းမှာ ငါက မရေမတွက်နိုင်တဲ့ သံသရာစက်ဝိုင်းကို တွေ့ကြုံခဲ့ရတဲ့အတွက် ငါ့တာအို နှလုံးသားကလည်း ခိုင်မာလာခဲ့ပြီ … ”

“ကောင်းကင် စမ်းသပ်ချက်မှာလည်း ငါက ကောင်းကင်ဘုံရဲ့ တာအိုကို နားလည်းနိုင်စွမ်း ရှိခဲ့ပြီး ငါ့နယ်ပယ်အတွက် ဉာဏ်အလင်း ရရှိနိုင်ခဲ့တယ် …။ ဒါပေမဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်ကို ရောက်ဖို့က ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီး လိုသေးတယ် … ငါ့မှာ ရှိတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေက မလုံလောက်သေးဘူး … ”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ခရမ်းသစ်တောခန်းမကို ကာကွယ်ရန် အတားအဆီးအချို့ ပြုလုပ်လိုက်၏။ သည့်နောက်သူက စတင်ကျင့်ကြံတော့သည်။

ခရမ်းရောင်အုပ်စုခွဲ အရှေ့ဘက်ရှိ ကျောက်စိမ်းတာင်များ ပေါ်၌ ကြီးကျယ်လှသည့် ခန်းမတစ်ခု ရှိနေသည်။ သည်ခန်းမပေါ်၌ ခရမ်းကြယ်ခန်းမ ဟူသည့်စာသုံးလုံးကို ရေးထွင်းထားသည်။

ကျောက်ရှန်းရှက ခရမ်းကြယ်ခန်းမထဲသို့ သုန်မှုန်စွာဖြင့် ဝင်လာခဲ့သည်။ သူက အထဲသို့ ရောက်သည်နှင့် လက်သီး ကျစ်ကျစ်ဆုပ်ကာ သူ့ရှေ့ရှိ လေထဲသို့ ထိုးချလိုက်၏။

“ဝမ်လင်း … ငါက ဆရာ့နောက်ကို လိုက်လာတာ နှစ်နှစ်ထောင် ရှိနေပြီ …။ ဒါ့ကြောင့် ငါက ဆရာ့ရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်း နားလည်တယ် … သူက မင်းကို ဘိုးဘေးဘုရားကျောင်းကို တိုက်ရိုက် ပို့မှာ မဟုတ်သလို အသက်ကယ်နည်းစနစ် တစ်ခု ဖြစ်တဲ့ တားမြစ်ခံ နည်းစနစ်ကိုလည်း မင်းကို ပေးဦးမှာ မဟုတ်ဘူး …။ ငါထင်တာ မမှားရင် ဆရာက မင်းကို စမ်းသပ်နေတာပဲ … နောက်သုံးလာကြရင် လာမယ့်မွေးနေ့မှာ မင်းက မင်းအရည်အချင်းကို ပြသရလိမ့်မယ် … အဲဒီနောက်မှာ သူက မင်းကို အစစ်အမှန် တပည့် တစ်ယောက်အဖြစ် လက်ခံလိမ့်မယ် … .။ ဒါပေမဲ့ ဝမ်လင်း … ငါက မင်းကို ဒီအခွင့်အရေး ပေးမှာ မဟုတ်ဘူး … ”

“ငါက ခရမ်းသစ်တော ခန်းမကို လုံဝဂရုမစိုက်ဘူး …။ ဒါပေမဲ့ ခရမ်းရောင်အုပ်စုခွဲရဲ့ တိုက်ရိုက်တပည့်က ငါပဲ ကျိန်းသေဖြစ်ရမယ် … ညီနှစ်က ဒဏ်ရာရထားတော့ မင်းကို အငြိုးထားနေဦးမှာပဲ …။ ညီသုံး … ဿူကတော့ တကယ့်ကို မခန့်မှန်းနိုင်ဘူး…။ ဒါ့ကြောင့် သူကတော့ ပြဿနာနည်းနည်း ရှိနိုင်တယ် …။ ဒါပေမဲ့ ငါ့မှာ သူ ငါ့စကားနားထောင်ဖို့ နည်းလမ်းတစ်ခု ရှိနေတာပဲ … ”

“လေးယောက်မြောက် ညီမကတော့ … သူ့ကျင့်ကြံမှု အဆင့်က မြင့်တယ် …။ ဒါပေမဲ့ ငါ့မှာ သူနဲ့ ရင်ဆိုင်ဖို့ နည်းလမ်း ရှိပြီးသား။ ညီခြောက်ကတော့ အာဏာတက်ခြင်း အဆင့်ကို ရောက်သွားခဲ့ပြီး ဖြစ်တယ် …။ ဒါပေမဲ့ သူ့နေရာကို စွန်ယွမ်က အစားထိုး ယူသွားခဲ့တဲ့အတွက် သူက ကောင်းကင်ကံကြမ္မာ ကလန်ကနေ ထွက်ပြီး အပြင်မှာ သူ့ဟာသူ လေ့ကျင့်နေတယ် …။ သူသာ ပြန်လာရင် ငါက ဘာမှ တက်နိုင်တော့မှာ မဟုတ်ဘူး … ဒါပေမဲ့ သူသာ မလာရင်တော့ ငါ့ရဲ့ တစ်ဦးတည်း ပြိုင်ဘက်က ဝမ်လင်းပဲ … ”

“ငါက အစတုန်းကတော့ ဒီလူ့ကို ကြောက်ဖို့ ကောင်းလိမ့်မယ်လို့ မတွေးထားမိဘူး … ဒါပေမဲ့ ဒီနေ့ ငါမြင်လိုက်ရတာက သူ့မန္တန်တွေက တကယ့်ကို မဆိုးဘူး …။ သူ့ရတနာ တွေကလည်း ကောင်းမွန်လှတယ် …။ သူ့ကျင့်ကြံမှုက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမဲ့ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် တစ်ယောက်ကိုတောင် ထိန့်လန့်နိုင်စေခဲ့တယ် … သူက ငါ့အတွက် အကြီးမားဆုံး ရန်သူပဲ … ကံမကောင်းစွာနဲ့ ဒီနှစ်တွေမှာ ငါ့ဒဏ်ရာ ပြန်ကောင်းမွန် မလာခဲ့ဘူး … မဟုတ်ရင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်လောက်က ခုလိုမျိုး ငါ့အာရုံစိုက်မှု ရနေမှာ မဟုတ်ဘူး … ”

ကျောက်ရှန်းရှက ခရမ်းသစ်တောခန်းမ ရှိရာသို့ ကောက်ညစ်စွာ ကြည့်နေ၏။ သူက သူ့ ရက်စက်ယုတ်မာသည့် အသွင်ကို ထုတ်ဖော်လို့နေ၏။

“ညီခုနစ် … ငါကမင်းကို လေးယောက်မြောက် ညီမနဲ့ အရင်ဆုံး တိုက်ခိုက်ခိုင်းမယ် … ငါက မင်းကို မသတ်ဘူး …။ ဒါပေမဲ့ မင်းက ပြန်ကောင်းမွန်ဖို့ နှစ်တွေများစွာ လိုတဲ့အထိ ဆိုးဆိုးရွားရွားတော့ ဒဏ်ရာ ရစေရမယ် … အဲဒီလိုဆိုရင် ငါက တိုက်ရိုက်တပည့် ခုနစ်ယောက်ထဲက တစ်ယောက် ဖြစ်နေပြီ … ငါ့ကျင့်ကြံမှု အဆင့်ကလည်း ပြန်ကောင်းနေပြီ … ဒါ့ကြောင့် ငါက အဲဒီအချိန်ကျရင် မင်းကို ဆက်ပြီး အာရုံစိုက်စရာတောင် မလိုတော့ဘူး … ”

ခရမ်းရောင်အုပ်စုခွဲ၏ အနောက်ဘက်ခြမ်းတွင် နို့နှစ်ယောင်ရှိသည့် ခန်းမတစ်ခု ရှိနေသည်။ သည်နေရာက ခရမ်းဝေနန်းတော် ရှိသည့်နေရာပင်။ ဘိုင်ဝေက ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေ၍ သူ့ရှေ့ရှိ သစ်ကိုင်းတစ်ခု ရှိလို့နေ၏။

သည်သစ်ကိုင်းက ခုမှ သစ်ပင်ကနေ ချိုးဖဲ့လာသည့်ဟာ ဖြစ်သည်။ ၎င်းသစ်ကိုင်းပေါ်၌ အပင်စို့ ပေါက်စလေးများပင် ရှိလို့နေသေးသည်။

ဘိုင်ဝေက ထိုသစ်ကိုင်းကို စဉ်းစားသည့် အသွင်ဖြင့် ကြည့်လို့နေ၏။

“ဒီဝမ်လင်းရဲ့ ကျင့်ကြံခြင်းက ထူးဆန်းတယ် …။ ငါက သူ့ကို ကုန်သွယ်ရေးဂြိုဟ်မှာ တွေ့တုန်းကတည်းက သူက ခုသူပြသခဲ့တဲ့ ခွန်အားမျိုး ရှိကြောင်း ငါခံစားမိခဲ့တယ်။ အဲဒီတုန်းကတော့ သူက သူ့ရတနာတွေနဲ့ မန္တန်တွေကို အသုံးမပြုခဲ့ဘူး..။ ညီခုနစ်က တကယ့်ကို လျှို့ဝှက်ချက်တွေ များတာပဲ …။ ဒါပေမဲ့ သူက လျှို့ဝှက်ချက် ပိုရှိလေလေ ပိုဆွဲဆောင်နိုင်လေပဲ … ”

သူက ထိုသို့ခပ်တိုးတိုး သူ့ကိုယ်သူ ပြောလိုက်၏။ သူ့မျက်လုံးထဲ၌လည်း အဓိပ္ပာယ် ဖော်ရခက်သည့် ဟန်ပန်တို့ ရှိလို့နေ၏။

သူက သူ့ညာလက်ညှိုးကို သူ့ပါးစပ်ထောင့်သို့ တေ့လိုက်လေ၏။

ညရောက်လာခဲ့လေပြီ။ ခရမ်းရောင်အုပ်စုခွဲ တစ်ခုလုံးက လရောင်အောက်၌ တိတ်ဆိတ်လို့နေသည်။ သည်ညတွင် ခရမ်းရောင်အုပ်စုခွဲ၏ တပည့်များက ဝမ်လင်း အကြောင်းကိုသာ ပြောဆိုနေကြမည် ဖြစ်၏။

ဝမ်လင်းနာမည်က ချက်ချင်းပင် လူအားလုံးကို စွဲဆောင်သွားနိုင် ခဲ့ပေသည်။ လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခုသာ ရှိနေ၏။ သည်နာမည်က ခဏတာသာ ခံမည်လား၊ သို့မဟုတ် ထာဝရတည်ရှိ နိုင်မလား ဆိုသည့်မေးခွန်းပင်။

ဝမ်လင်းက တစ်ညလုံး ကြာပွင့်သဏ္ဌာန်ထိုင်၍ ကျင့်ကြံလျက် ရှိခဲ့သည်။

ဒုတိယနေ့ မနက်ခင်းတွင် ပထမဆုံးကြိမ်အဖြစ် အလင်းတန်းတစ်ခုက သူ့ခန်းမ၏ ခေါင်မိုးစွန်းကနေ ထွက်ပေါ်လာသည်။ ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။ သူက မတ်တတ် ထရပ်လိုက်ပြီး တတိယအလွှာကနေ အောက်သို့ ဆင်းသွား၏။

“ကောင်းကင်ဘုံ ကျောက်စိမ်းပြား … ”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့လက်ကိုမြှောက်၍ ခမ်းမအပြင်ဘက်သို့ ဆန့်ထုတ်လိုက်၏။

သိပ်မကြာခင်တွင် ခန်းမ အပြင်ဘက်ကနေ ညင်သာသော အသံတစ်ခု ပျံ့လွင့်လာ၏။

“ညီခုနစ် … မင်းအားလား … ”

ဝမ်လင်းအသွင်က ချက်ချင်းပင် ထူးဆန်းလို့သွား၏။ ခရမ်းရောင် အုပ်စုခွဲတွင် သူက ကျောက်ရှန်းရှ သို့မဟုတ် လေးယောက်မြောက် အစ်မ တို့ကို မကြောက်ရွံ့ပေ။ သို့သော် ဘိုင်ဝေကတော့ သူက သည်ဘိုင်ဝေနှင့် မပတ်သက်ပဲ ရှောင်ရန် လိုအပ်သည် ဟုခံစားမိနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset