သူ့လက်ချောင်းထံကနေ ခရမ်းရောင် မီးတောက်တန်းတစ်ခု ထွက်ပေါ်လာ၏။ သည်မီးတောက်က တဖျတ်ဖျတ် တောက်ပလို့နေ၏။ ၎င်းက အချိန်မရွေး ပျောက်ကွယ်သွား မလားဟုပင် ထင်မှတ်ရသည်။
သို့ရာတွင် သည်မီးတောက် အမျှင်တန်းက စစ်ထန်နန်ကနေ ဝမ်လင်း တစ်လလုံးလုံး ကြိုးစား သင်ယူထားသည့် အရာ ဖြစ်သည်။ သည်မီးတောက်က နတ်ဆိုးမီးတောက် မည်၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စွမ်းအင်များကို လောင်စာအဖြစ် အသုံးပြု၍ သည်မီးတောက်ကို ဖန်တီးထားကာ နတ်ဆိုး မီးတောက်အဖြစ် ပြောင်းလဲစေ ခဲ့ခြင်းပင်။ စစ်ထူနန် အပြောအရ မည်သည့် သာမန်စိတ်ဝိညာဉ် အလယ်အဆင့်မဆို ၎င်းမန္တန်နှင့် ထိတွေ့သည်နှင့် ချက်ချင်း သေဆုံးသွားရမည်သာ ဖြစ်လေ၏။
မီးတောက်က သူ့လက်ချောင်းများ ကြားတွင် လှုပ်ရှားနေစဉ် ဝမ်လင်းအသွင်က အလွန်အေးစက်လို့ နေခဲ့သည်။ သည်မီးတောက်ကြောင့် ဝမ်လင်းက နတ်ဆိုး ပိုဆန်လာပြီး သူက ၎င်းကို အဘိုးအိုထံသို့ လက်ညွှန်လိုက်လေ၏။
အနက်ရောင်မြူက နီးကပ်လာသည့် အခိုက်တွင်ပင် ဝမ်လင်း လက်ချောင်းများမှ နတ်ဆိုး မီးတောက်ကလည်း ပျံသန်းထွက်သွားပြီး သည်မြူနက်နှင့် ပေါင်းစပ်သွား လေတော့၏။
ဖျတ်ခနဲပင် အနက်ရောင်မြူက ဆူပွက်နေသော ရေအလား လှုပ်ခတ်လာလေ၏။ အနက်ရောင်မြူက ပြင်းထန်စွာ လှုပ်ခတ်လာပြီးနောက် ၎င်းက ဝမ်လင်းနှင့် သုံးလက်မအကွာတွင် ရပ်တန့်လို့ သွားတော့သည်။ သည်မြူနက်အတွင်းမှ တုန်လှုပ်နေသော အသံတစ်ခုကို ကြားလိုက်ရပြီး ၎င်းက ပြန်ဆုတ်သွား၏။
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်သည်။ သူက ရှေ့သို့ ထိုးတက်၍ စိတ်ဝိညာဉ် ကျာပွတ်က သူ့လက်ထဲတွင် ပေါ်လာခဲ့တော့၏။ သူက သည်ကျာပွတ်ကို ကြမ်းတမ်းစွာ အနက်ရောင်မြူထံသို့ လွှဲရိုက်ချလိုက်၏။
အနက်ရောင်မြူက ပို၍ပင် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ၎င်းက ပြိုကျပျက်စီး တော့မည်အလား ထင်မှတ်ရလေ၏။ ဝမ်လင်းက ၎င်းနောက်သို့ နီးကပ်စွာ လိုက်ပါသွား၍ ကျာပွတ်ဖြင့် ဆက်ကာဆက်ကာ ရိုက်ချပစ်သည်။
သည်အခိုက်တွင် တိုက်ပွဲကို ကြည့်နေသော သုံးယောက်ထဲမှ ကျန်းရှရှန်း၏ အသွင်က ပြောင်းလဲသွားလေ၏။ သူက အလျင်အမြန် ရှေ့သို့ တိုးလာကာ အော်ဟစ်လိုက်၏။
“ညီခုနစ် … ရပ်လိုက်တော့ … ”
ကျောက်ရှန်းရှက ထိုသို့ပြောလိုက်ရင်း သူ့သိုလှောင်အိတ် ထဲကနေ အလင်းဘီးကို ထုတ်ယူ၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု ပေါ်လာခဲ့ပြီး သူက ၎င်းကို ပစ်လွှတ်ရန် ဟန်ပြင်သည်။
သို့သော ထိုအခိုက်မှာပင် ဝမ်လင်းက ရုတ်တရက် ကျောက်ရှန်းရှ ရှိရာသို့ လှည့်လာကာ ပြောလိုက်သည်။
“သင် … ထွက်သွားစမ်း … ”
ကျောက်ရှန်းရှ အသွင်က ပြောင်းလဲသွားပြီး သူက နှာခေါင်းရှုံ့လိုက်၏။ သူက နောက်သို့ ပြန်ဆုတ်ရမည့်အစား ပို၍ပင် မြန်ဆန်စွာ တိုးလာ၍ သူ့လက်ထဲရှိ အလင်းဘီးကို ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်လေ၏။
ဝမ်လင်းက ဒေါသတကြီး ကြည့်၍ သူ့ဘေးရှိ စစ်ရထားကို လက်ညွှန်၍ ပြောလိုက်၏။
“ချိပ်ပိတ်ခြင်း … ပြေလျော့ … ”
သူက သည်စကား နှစ်ခွန်းကို ပြောလိုက်သည့်နောက် စစ်ရထားထံကနေ ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ်လို့ သွားလေ၏။
သည်ဟိန်းသံထဲ၌ အလျှော့မပေးတက်သည့် သဘောသဘာဝ တို့ပါဝင်နေသည်။ သည်အသံက ကောင်းကင်ဘုံကိုပင် အညံ့ခံလိမ့်မည် မဟုတ်ပေ။
ကျောက်ရှန်းရှ ခန္ဓာကိုယ်က ရပ်တန့်သွားကာ သူ့မျက်နှာက လုံးဝ ဖြူရော်လို့သွားသည်။ သူက လှည့်၍ စစ်ရထားထံသို့ မှင်ငေးစွာ ကြည့်၍ နောက်သို့ အမြန် ပြန်ဆုတ်လိုက်၏။
ပေတစ်ရာကျော်ရှသည့် သားရဲစိတ်ဝိညာဉ်ကြီး တစ်ခုက စစ်ရထားထံကနေ ထွက်ပေါ်လို့လာသည်။ ၎င်းက သူ့ခေါင်းကိုမော့၍ အေးစက်သော မျက်လုံးများကို လှစ်ဟ၏။ ၎င်းမျက်လုံးမျာက နတ်ဆိုးအလင်း တောက်ပမှုကို ပေးစွမ်းကာ လူတိုင်းကို တုန်ရီစေသည်။
သည်သားရဲပေါ်လာသည့် အခါတွင် ဘိုင်ဝေက တုံ့ဆိုင်းခြင်း မရှိ နောက်သို့ ဆုတ်လိုက်၏။ သူက ပေတစ်ထောင်ကျော်ထိ ရပ်တန့်ခြင်း မရှိပဲ သားရဲကို အထိတ်တလန့် ကြည့်လို့နေသည်။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွင် ရှိနေသည့် အမျိုးသမီး၏ အသွင်ဟန်ပန် သည်လည်း ပြောင်းလဲသွားပြီး သူမက နောက်သို့ ပေတစ်ရာခန့် ဆုတ်လိုက်လေ၏။ သူမ အကြည့်ထဲတွင်ပင် သည်သားရဲကို ကြောက်လန့်နေသည့်ပုံ ပေါ်နေ၏။
သူတို့နှစ်ယောက်တောင် ထိုသို့ဖြစ်လျှင် ကျန်သည့် ခရမ်းရောင် အုပ်စုခွဲ၏ တပည့်များဆိုလျှင် ပြောစရာပင် လိုအပ်တော့မည် မဟုတ်ပေ။ တစ်ယောက်ပြီး တစ်ယောက်၏ မျက်နှာပေါ်၌ တုန်လှုပ်သည့်အသွင်တို့ ဖြစ်ပေါ်လာကြ၏။ စောနကဟိန်းသံက သူတို့နှလုံးကို တုန်ခါစေကာ အချို့ဆိုလျှင် လေထဲ၌ ဆက်မရပ်တန့်ပဲ ဖြစ်ရလေ၏။
ပတ်ဝန်းကျင်ရှိ တပည့်တပန်းများ ကြားတွင် စည်းကမ ထိန်းသိမ်းရေး အကြီးအကဲများလည်း ပါနေ၏။ သူတို့က ဘိုးဘေး၏ တပည့်များကြားရှိ တိုက်ပွဲက သူတို့ ပါဝင်ပတ်သက်လို့ မရမှန်း သဘောပေါက် ထားကြ၏။ ဘိုးဘေး ကိုယ်တိုင် တိုက်ရိုက် လက်ခံထားသည့် တပည့်များက မည်သို့ သာမန် ဖြစ်နိုင်ပါ့မည်နည်း။ သူတို့က ဝမ်လင်းကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်သာ ရှိသေးသဖြင့် လျှော့တွက်ထားမိ ခဲ့ကြပေသည်။ သို့သော် ခုသူ့တိုက်ပွဲဝင်အားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံး အဆင့်ကိုပင် တုန်လှုပ်စေနိုင်နေသည် မဟုတ်လား။
ပတ်ဝန်းကျင်ရှိ တပည့်များက နောက်သို့ ဆုတ်သွားကြပြီး ဝမ်လင်းက တုန်လှုပ်စွာ ကြည့်နေကြ၏။ သည့်အပြင် သူ့တို့စိတ်ထဲ၌လည်း ဝမ်လင်းအပေါ် လေးစားသည့် အရိပ်အယောင်များ ရှိလာခဲ့တော့၏။
သည်အရာကပင် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းပင်။ အားနည်းသူက အားကြီးသူကို လေးစားရမည် မဟုတ်လား။
ဝမ်လင်းက ကျောက်ရှန်းရှကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက အေးစက်လို့နေ၏။ သူက အေးစက်စွာ ပြောလိုက်၏။
“သူ့ကို သတ် … ငါက သူ့စိဝိညာည်ကို ဆုအဖြစ် ဝါးမျိုခွင့်ပြုပေးမယ် … ”
စိတ်ဝိညာဉ်သားရဲက သူ့ခေါင်းကြီးကို ရုတ်တရက် လှည့်လာပြီး ဝမ်လင်းကို ကြည့်၏။ သည့်နောက်သူက နောက်ထပ် တစ်ဖန် ဟိန်းလိုက်၏။ သည်တစ်ကြိမ်၌ သူက လှုပ်ရှားလာခဲ့သည့်အတွက် သည်သားရဲကို စစ်ရထားနှင့် တွဲချုပ်နှောင်ထားသည့် ချိန်းကြိုးများလည်း ပေါ်လာခဲ့တော့၏။ သို့ရာတွင် သည်ချိန်းကြိုးများက ဖြောင့်တန်း သွားသည့်အထိ ဆွဲယူခြင်း ခံလိုက်ရပြီး ၎င်းတို့က ပျက်စီးတော့မည့် အလားပင် ထင်မှတ်စေလေ၏။
စစ်ရထားပင် သည်သားရဲ စိတ်ဝိညာဉ်၏ ဆွဲယူခြင်းကို ခံလိုက်ရလေ၏။
ကျောက်ရှန်းရှအသွင်က ကြီးစွာ ပြောင်းလဲသွားပြီး သူကနောက်သို့ အလျင်အမြန် ဆုတ်ကာ အော်ပြောလိုက်၏။
“တတိယညီလေး…။ စတုတ္ထညီမလေး … ခုလှုပ်ရှားတော့ … ”
ဝမ်လင်းက နှာခေါင်းရှုံ့၍ ကျောက်ရှန်းရှကို လျစ်လျူရှုထားကာ အနက်ရောင်မြူကို ကျာပွတ်ဖြင့် ဆက်လက် ရိုက်ခတ်နေ၏။ အနက်ရောင်မြူထဲက အော်သံက ပိုပို ကျယ်လောင်လာ ခဲ့တော့သည်။ အသက်သုံးခါ ရှူချိန်ကြာပြီးနောက် အနက်ရောင်မြူက ပြိုကျသွားကာ သက်လတ်ပိုင်း လူကြီးအသွင်သို့ ပြန်ပြောင်း သွားတော့၏။
သက်လတ်ပိုင်း လူကြီးအသွင်က လုံးဝ ဖြူရော်နေကာ သူ့မျက်လုံးများကလည်း မှိန်ဖျော့လို့နေ၏။ သူက ပြန်၍ ခြေချလာသည့် အခိုက်၌ သူ့ခြေထောက်များက တုန်ယင်နေကာ ပြိုလဲလုနီး ဖြစ်နေ၏။ သည်အခိုက်မှာပင် ဝမ်လင်း ကျာပွတ်ရိုက်ချက်က ရောက်ရှိလာတော့၏။ ထိုအခါ သက်လတ်ပိုင်းလူကြီး၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ သုံးလက်မခန့် ဆောင့်ထွက်လာခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းက စိတ်ဝိညာဉ် ကျာပွတ်ကို ပြန်သိမ်းဆည်းလိုက်ပြီး စိတ်ဝိညာဉ်အလံကို ထုတ်ယူ၏။ တစ်ချက် လှုပ်ယမ်းလိုက်ရာ မူလစိတ်ဝိညာဉ်များက ထွက်ပေါ်လာကာ သက်လတ်ပိုင်းလူကြီး ထံသို့ တိုးဝင်သွားတော့၏။
သည်အရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက လေထဲတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ့ပတ်ဝန်းကျင်ကို ငုံ့ကြည့်လို့နေ၏။ အကွာအဝေး တစ်ခုတွင် ခရမ်းရောင်အုပ်စုခွဲမှ တပည့်များက သူတို့ခေါင်းကို ငုံ့ထားကာ သူ့နှင့် အကြည့်ချင်း မဆုံဝံ့ကြပေ။
စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲများပင် ခေါင်းငုံ့နေကြ၏။ သူတို့စိတ်ထဲ၌လည်း ကြောက်ရွံ့မှုတို့နှင့် ပြည့်နေ၏။
“ဒီဝမ်လင်းက အစုတ်အပဲ့ဂြိုဟ်ကနေ လာပြီး သူ့မှာ ဘာလို့ ဒီလိုမန္တန်မျိုးတွေ ရှိနေရတာလဲ… ”
သည်မေးခွန်းက လူတိုင်း စိတ်ထဲ၌ ရှိလို့နေ၏။
အဆုံးသပ်၌ ဝမ်လင်းအကြည့်က ဘိုင်ဝေနှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် အမျိုးသမီးထံသို့ ကျရောက်သွား၏။ သူက သူတို့ကို တည်ငြိမ်စွာ မေးလိုက်သည်။
“သင်တို့နှစ်ယောက်ကကော ပါဝင်လှုပ်ရှား ချင်သေးလား … ”
ဘိုင်ဝေက ခါးသက်စွာပြုံး၍ ခေါင်းယမ်းသည်။
အမျိုးသမီးမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူမက ရယ်မောကာ ပြောလိုက်၏။
“မောင်လေးခုနှစ် … နင်က ဒီနေ့မှာ နင့်ရဲ့ ခွန်အားကို ပြသခဲ့တယ် …။ အခွင့်ရေးရှိရင် ငါတို့ နောက်တစ်ကြိမ် တိုက်ကြည့် ကြတာပေါ့ … ”
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သည့်နောက်သူက သူ့ညာလက်ကို လှုပ်ယမ်းလိုက်ရာ သက်လတ်ပိုင်း လူကြီးထံသို့ လိုက်လံနေသည့် မူလစိတ်ဝိညာဉ် အပိုင်းအစများက ရပ်တန့်သွားပြီး သူ့ထံသို့ ပြန်လာကြတော့၏။ သူတို့က နီးကပ်လာသည့်အခါ ဝမ်လင်းက သူ့ပါးစပ်ကို ဟ၍ သူတို့ကို စုပ်ယူလိုက်ပြီး စိတ်ဝိညာဉ်အလံကို သူ့မူလစိတ်ဝိညာဉ်ထဲသို့ ပြန်သိမ်းလိုက်လေ၏။
သက်လတ်ပိုင်းလူကြီး၏ မူလစိတ်ဝိညာဉ်က ကြောက်ရွံ့မှုများနှင့် ပြည့်နေ၏။ သူက ခုချိန်တွင် အမှန်တကယ် ကြောက်လန့် နေခြင်းပင်။ အစောပိုင်းတုန်းက သူအသုံးပြုခဲ့သည့် တားမြစ်ခံကိုယ်ပွား နည်းစနစ်က သူ့ခန္ဓာကိုယ်ကို မသေမျိုးနတ်ဆိုး ခန္ဓာကိုယ်သို့ ပြောင်းလဲပေးခဲ့သည်။ သို့သော် သူက ဓားနှင့် ဓာသွားတို့ကို ဝါးမျိုနိုင်ခြင်း မရှိသည့်အပြင် သူ့ခန္ဓာကိုယ်ထဲသို့ မီးတောက်တစ်ခု ကျူးကျော်လာခဲ့ခြင်းကို ခံလိုက်ရသည်။ မီးတောက်က သူ့မသေမျိုးနတ်ဆိုး ခန္ဓာကိုယ်ထဲ၌ ပျက်စီးသွားစေခဲ့၏။ သည်မီးတောက်က သူ့ခန္ဓာကိုယ်ထဲရှိ သွေးများကိုပင် ဆူပွက်စေခဲ့လေသည်။
သို့သော် သည်အရာက အဆုံးသတ် မဟုတ်သေးပေ။ သည်ထူးဆန်းသည့် ကျာပွတ် ရိုက်ချက်များကလည်း သူ့ကို တိုက်ခိုက်လာကာ သူ့မူလစိတ်ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေလေ၏။ နောက်ဆုံး ကျာပွတ်ရိုက်ချက်တွင် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ် ထဲကနေ ကန်ထွက်သွားခဲ့ရ၏။ သည်လို မန္တန်နှင့် ရတနာများက သူ့နှလုံးသားကို တုန်ယင်စေ ခဲ့လေ၏။
သည့်နောက် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် စိတ်ဝိညာဉ် အပိုင်းအစများက သူ့နောက်သို့ လိုက်လာသည်ကိုပါ တွေ့ကြုံခဲ့ရ၏။ ဝမ်လင်းကသာ သူတို့ကို ပြန်မခေါ်လျှင် သူက ခုချိန်၌ သူအသက်ရှင် လွတ်မြောက်ရန် သူ့ကျင့်ကြံမှုအဆင့် ပမာဏ အများအပြားကို အဆုံးရှုံးခံရတော့မည် ဖြစ်ပေသည်။
ကျောက်ရှန်းရှက သူမည်မျှ မြန်ပါစေ သည်စိတ်ဝိညာဉ် သားရဲထံကနေ မလွတ်နိုင်ဖြစ်နေ၏။ သူက တိုက်ခိုက်ရန် ကြံရွယ်လိုက်စဉ် ကောင်းကင်ထက်ကနေ ညင်သာသော အလင်းတစ်ခုက ဆင်းသက်လို့လာ၏။
သည်အလင်းတန်းက အဘိုးအိုတစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။ သည်အဘိုးအိုက ညင်သာစွာ ပြုံးနေပြီး သူ့သွယ်တန်းသည့် မျက်ခုံးများက လေနှင့်အတူ မျောလွင့်လို့နေ၏။ သူက စိတ်ဝိညာဉ် သားရဲထံသို့ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“တယ်ကောင်းတဲ့ ကောင်းကင်ဘုံသားရဲပဲ … ”
စိတ်ဝိညာဉ်သားရဲက ရုတ်တရက်လှည့်၍ အဘိုးအိုကို ဟိန်းလိုက်၏။ သို့သော် ၎င်း၏မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ရှိလို့နေသည်။
အဘိုးအိုက ခေါင်းအနည်းငယ် ယမ်း၍ သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်သည်။ စိတ်ဝိညာဉ်သားရဲက အော်သံတစ်ချက်ပြု၍ သူ့ခန္ဓာကိုယ်က ပြန်ကျုံ့သွား၏။ သည့်နောက်အဘိုးအိုက ၎င်းသားရဲ စိတ်ဝိညာဉ်ကို စစ်ရထားထံသို့ ပြန်ပစ်ထုတ်လိုက်၏။ ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ စစ်ရထားကလည်း သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲသို့ ပြန်ဝင်ရောက် သွားလေတော့သည်။
ကျောက်ရှန်းရှ မျက်နှာက အလွန်အမင်း ဖြူရော်နေသည်။ အဘိုးအိုကို တွေ့လိုက်ပြီးနောက် သူက လေးစားစွာ နှုတ်ဆက်လိုက်သည်။ ”
ဆရာ့ကို နှုတ်ဆက်ပါတယ် … ”
ဘိုင်ဝေနှင့် အမျိုးသမီးတို့ သည်လည်း အလေးအနက် ဖြစ်လာပြီး လေးစားစွာ ပြောလိုက်ကြ၏။
“ဆရာ့ကို နှုတ်ဆက်ပါတယ် … ”
သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်နိုင်ခြင်း မရှိသေးသည့် သက်လတ်ပိုင်း လူကြီး၏ မူလစိတ်ဝိညာဉ်ကလည်း လေးစားဟန် ဖြစ်ပေါ်လာ၏။ သူက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် လုပ်နေသည်ကို ရပ်တန့်၍ လေးစားစွာ ပြောလိုက်သည်။
“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ် … ”
ထိုအခိုက်တွင် ပတ်ဝန်းကျင်ရှိ ခရမ်းရောင်အုပ်စုခွဲ၏ တပည့်များ အားလုံးကလည်း ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
အဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။ သည့်နောက်သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သက်လတ်ပိုင်းလူကြီး မူလစိတ်ဝိညာဉ်က ညင်သာသော အလင်းဖြင့် ဖုံးလွှမ်းသွားတော့၏။ သက်လတ်ပိုင်းလူကြီး မူလစိတ်ဝိညာဉ်ကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားပြီး သူ့ဒဏ်ရာအားလုံးလည်း ပျောက်ကွယ်သွား လေတော့၏။
ထိုသို့ပြုလုပ်ပြီးနောက် အဘိုးအိုအကြည့်က ဝမ်လင်းထံသို့ ရောက်လာကာ သူကပြုံး၍ ပြောသည်။
“အမှန်တော့ မင်းက ငါ့ကို လွန်ခဲ့တဲ့ နှစ်များထဲက တွေ့ခဲ့ပြီးပါပြီ … ”
ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သားရဲချုပ်နှောင်ခြင်း လက်ကောက်က သူ့လက်ကောက်ဝတ်စို့ ပြန်ရောက်သွားတော့၏။ သူ့လွှမ်းမိုးနိုသည့် အော်ရာကလည်း ပျောက်ကွယ်သွားပြီး အဘိုးအိုသို့ ကြည့်ကာ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။
“ဂျူနီယာ ဝမ်လင်းက စီနီယာ ရှေ့ဖြစ်ဟောသူကို နှုတ်ဆက်ပါတယ် … ”
အဘိုးအိုက တိုက်ပွဲအတွင်း များစွာ ပျက်စီးသွားသည့် ခရမ်းသစ်တော ခန်းမကို ကြည့်လိုက်၏။ ခရမ်းသစ်တောခန်းမ ဆိုသည့် စာလုံး သုံးလုံးကတော့ နဂိုအတိုင်း ရှိလို့နေလေ၏။
“နာမည်ကောင်းပဲ … ”
အဘိုးအိုက သူ့ အဖြူရောင် မုတ်ဆိတ်ရှည်ကို ပွတ်သပ်လိုက်၏။ သည့်နောက် သူက ခန်းမထံသို့ လက်ညွှန်လိုက်သည်။ ညင်သာသော အဖြူရောင် အလင်းတစ်ခုက အဆောက်အဦ ပတ်လည်သို့ ဝန်းရံသွားပြီး အဆောက်အဦက တစ်ခါမှ မပျက်စီးသွားသည့်ဟန်ဖြင့် မူလအတိုင်း ပြန်ကောင်းမွန်သွား၏။ မြေကြီးပေါ်ရှိ အက်ကွဲကြောင်များ၊ ပြန့်ကျဲနေသော ကျောက်စများ၊ နှင့် ပြိုလဲနေသော သစ်ပင်များပင် အကောင်းတိုင်း ပြန်ဖြစ်လို့သွားလေ၏။
သည်မန္တန်က ဝမ်လင်းနှလုံးသားကို ပြင်းထန်စွာ တုန်ယင်စေလေသည်။
“ဝမ်လင်း … အတိတ်တုန်းက ငါမင်းကို ဟင်္သာပြဒါးဂြိုဟ်မှာ တွေ့ခဲ့တုန်းက ငါက မင်းကို ငါ့တပည့် တစ်ယောက် ဖြစ်လာစေချင်ခဲ့တယ် … ငါက မင်းကို နှစ်တစ်ရာကြာ ဂုဏ်ယူဖွယ် တပည့်အဖြစ် လက်ခံဖို့ အစတုန်းက စီစဉ်ထားခဲ့တာ …။ ဒါပေမဲ့ ခုချိန်မှာ ငါမင်းကို ထပ်တွေ့ရတော့ ငါ စိတ်ပြောင်းသွားပြီ။ ဝမ်လင်း ငါ့ကို မင်းဆရာအဖြစ် အသိအမှတ်ပြုဖို့၊ ကောင်းကင်ဘုံရဲ့ တာအိုကို ကျင့်ကြံဖို့ နဲ့ ခရမ်းရောင် အုပ်စုခွဲရဲ့ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒ ရှိလား … ”
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို အလေးအနက် ကြည့်နေ၏။
ဝမ်လင်းက ရှေ့ဖြစ်ဟောသူကို ပြန်၍ စူးစိုက်ကြည့်နေသည်။ ခဏအကြာတွင် သူက ဒူးတစ်ဖက် ထောက်ချ၍ လေးစားစွာ ပြောလိုက်သည်။
“တပည့် ဝမ်လင်းက ဆရာ့ကို နှုတ်ဆက်ပါတယ် … ”
“ကောင်းတယ် … ”
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို ကြည့်၍ ရယ်မောကာ နူးညံစွာ ပြုံးသည်။
“မင်းက မင်းအမငါးကို ပြန်လွှတ်ပေးဖို့ ဆန္ဒမရှိဘူးလား … ”
ဝမ်လင်းက ခေါင်းမော့၍ တည်ငြိမ်စွာ ပြောလိုက်၏။
“တပည့်က အမငါးရဲ့ မူလစိတ်ဝိညာဉ်ကို ပြန်လွှတ်ပေး နိုင်ပါတယ် …။ ဒါပေမဲ့ အခြားနှစ်ယောက်ကတော့ တပည့်အပေါ် လေးစားမှု မရှိကြဘူး …။ ဒါ့ကြောင့် ငါက သူတို့နှစ်ယောက်ကို မလွှတ်ပေးနိုင်ဘူး … ”
ရှေ့ဖြစ်ဟောသူက အနည်းငယ် စဉ်းစားပြီးနောက် ပြုံးလာ၏။ သူက ဝမ်လင်းကို နက်နက်စွာ ကြည့်၍ ပြောလိုက်သည်။ “ကောင်းတယ် … ”
***