ဝမ်လင်းက အမျိုးသမီးကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်၏။
“ဘာလို့လဲ…”
အမျိုးသမီး၏ မျက်နှာတွင် သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နေပြီး အေးစက်စွာပင် ဖြေလိုက်၏။
“အကြောင်းပြချက် မရှိဘူး။ နင် ဒီနေရာကလွဲရင် ကြိုက်တဲ့နေရာမှာ နေနိုင်တယ်…”
ဝမ်လင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ခရမ်းတိမ်ခန်းမကို ကြည့်လိုက်၏။ သူက အနည်းငယ် စဉ်းစားလိုက်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။ ထို့နောက် ထိုင်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ဝမ်လင်းက ပြဿနာဖြစ်လို့ စိတ်မရှိပေ။ သူသည် ကျင့်ကြံရန် ထျန်ယွမ်ဂြိုဟ်ကို ငြိမ်းချမ်းသည့် နေရာတစ်ခု လာရှာခြင်းဖြစ်၏။ ထို့ကြောင့် သူသည် သည်နေရာရှိ တစ်ဦးတစ်ယောက်ဖြင့် မုန်းတီးမှုကို ဖန်တီးရန် ဆန္ဒမရှိပေ။
သည်နေရာတွင် အခြေအနေသည် အနည်းငယ် ရှုပ်ထွေးနေ၏။ ခဏတာ စဉ်းစားပြီးနောက် သည်အရာအားလုံးသည် ခရမ်းတိမ်ခန်းမနှင့် ဆက်စပ်နေမည်ဟု သူခန့်မှန်းမိ လိုက်သည်။
အမျိုးသမီးသည် ဝမ်လင်း ထိုင်လိုက်သည်ကို မြင်သောအခါ မျက်မှောင်ကြုတ် လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“နင် အဲဒီနေရာမှလည်း နေလို့မရဘူး။ နင်ကို ခရမ်းတိမ်ခန်းမရဲ့ ၅၀ ကီလိုမီတာအတွင်း ခြေလှမ်းတစ်ဝက်တောင် လှမ်းခွင့်မပြုဘူး။ အခု ထွက်သွား…”
ဝမ်လင်းက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အကြည့်တစ်ခုသည် သူ့မျက်လုံးများတွင် ဖျက်ခနဲ ဖြစ်သွား၏။ သည်အမျိုးသမီးသည် စိတ်ဝိညာဉ် ကူးပြောင်းခြင်း အစောပိုင်းသာလျှင် ရှိ၏။ ထို့ကြောင့် ဝမ်လင်းသည် သူမကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် မယူဆပေ။
အမျိုးသမီးက တွန့်ဆုတ်မှု မရှိဘဲ ဝမ်လင်းကို ပြန်ပြီး စိုက်ကြည့်နေ၏။
မကြာမီ ဝမ်လင်းက အကြည့်လွှဲလိုက်သည်။ သူသည် မတ်တတ်ရပ်လိုက်ပြီး အကွာအဝေးသို့ လမ်းလျှောက်လိုက်သည်။
အမျိုးသမီး၏ မြင်ကွင်းမှ ဝမ်လင်း မပျောက်ကွယ်မီ လေပြေလေညင်း တိုက်ခတ်လာသည်။ အမျိုးသမီးသည် သူမကျောပြင်တွင် ချွေးစေးများ ရွှဲနေသည်ကို ခံစားလိုက်ရသည်။
သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမသည် ဝမ်းနည်း ညှိုးငယ်သော အသွင်ဖြင့် ခရမ်းတိမ်ခန်းမ အပြင်ဘက်သို့ ထွက်လိုက်၏။ သူမက ခန်းမဘေးတွင် ထိုင်လိုက်ပြီး ကောင်းကင်ကို ငေးကြည့်လိုက်၏။ ပြီးနောက် တီးတိုးရေရွတ် လိုက်သည်။
“စီနီယာ အစ်ကို စွန်ယွမ် … ဂျူနီဟာ ညီမလေး ဒီနေရာမှာရှိနေချိန် တစ်လျှောက်လုံး အစ်ကိုနေရာကို ဘယ်သူမှ အစားမထိုးဘူး။ ဘယ်သူကိုမှ အစားထိုးဘူး…”
ဝမ်လင်းသည် ခရမ်းတိမ်ခန်းမမှ ၅၀ကီလိုမီတာ အကွာအဝေးရှိ လှပသည့် ချောက်ကမ်းပါးပေါ်တွင် ရပ်လိုက်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်သော အခါ ဓားပျံတစ်ချောင်း ပေါ်လာသည်။ ဓားပျံသည် ချောက်ကမ်းပါးဆီ ပျံသန်းသွားပြီးနောက် မကြာမီ ဂူတစ်ခု ဖြစ်ပေါ်လာ၏။
ဝမ်လင်းက ဓားပျံကို သိမ်းလိုက်ပြီး ဂူအတွင်း ဝင်သွားသည်။ အတားအဆီးများစွာ နေရာချပြီး သူသည် ထိုင်လိုက်ကာ သက်ပြင်းချလိုက်၏။
သူမျက်လုံးများတွင် အတွေးများဖြင့် ပြည့်နေ၏။
“ငါ စမ်းသက်ချက် သုံးခု မဖြတ်ကျော် နိုင်သေးဘူး။ ပြီးတော့ ကျောက်ရှန်းရှက ငါ့ကို ဂျူနီယာညီလေးလို့ ခေါ်တယ်။ ဆရာက ခရမ်းတိမ်ခန်းမမှာ ငါနေဖို့လည်း သတ်မှတ်ထား သေးတယ် … ”
“ပြီးတော့ အခုဆို ဒီခရမ်းတိမ်ခန်းမကို စောင့်ရှောက်နေတဲ့ သူလည်း ရှိတယ်။ သူမကလည်း တစ်ယောက်မှ အနားကပ်ခွင့် မပြုဘူး…”
“ဒီအရာအားလုံးက မြူတွေနဲ့ ဖုံးထားသလို နောက်ကွယ်ကို ငါ ဖြတ်မြင်နိုင်စွမ်း မရှိဘူး …
ငါ အားလုံးကို သိမြင်နိုင်မယ့် နည်းလမ်းကို စဉ်းစားရမယ်။ အထူးဖြင့် ခရမ်းတိမ်ခန်းမ နောက်ကွယ်က ဇာတ်လမ်းကို…”
ကောင်းကင်ကံကြမ္မာ ကလန်သည် ညနက်ပိုင်းတွင် အလွန် တိတ်ဆိတ်နေ၏။ အစောင့်တာဝန် ကျနေသည့် တပည့် အနည်းငယ်မှလွဲ၍ လူတိုင်းသည် ကျင့်ကြံနေကြသည်။
ဝမ်လင်းသည် ညဘက်တွင် မျက်လုံးများကို ဖွင့်သည်။ သူသည် မတ်တတ်ရပ်ပြီး သူကိုယ်တိုင် ဖန်တီးထားသည့် ဂူအပြင်ဘက်သို့ ထွက်လိုက်သည်။ ထို့နောက် သူက ခြေတစ်လှမ်းလိုက်သည်နှင့် အနက်ရောင် မီးခိုးအဖြစ် ပြောင်းသွားပြီး ပျောက်ကွယ်သွားသည်။
ခရမ်းတိမ်ခန်းမသည် အိပ်ပျော်နေသည့် သားရဲကဲ့သို့ အကွာအဝေး တစ်ခုတွင် တည်ရှိနေသည်။ သည်အချိန်တွင် အနက်ရောင်မီးခိုး အငွေ့တန်းတစ်ခုသည် ခရမ်းတိမ် ခန်းမအတွင်း ဝင်ရောက်လာ၏။
ခရမ်းတိမ်ခန်းမသည် အထပ်သုံးခုရှိ၏။ ဝမ်လင်းသည် ပထမထပ်တွင် ပေါ်လာသည်။ အနီးအနားရှိ အခင်းအကျင်းသည် အလွန်ရိုးရှင်းပုံ ပေါ်နေသည်။ သို့သော် အလွန် ရိုးရှင်းသည့်အသွင် ဖြစ်ရမည့်အစား ထူးခြားသည့် ခံစားချက် ပေးစွမ်းနေသည်။
လှည့်ပတ်ကြည့်ရှု ပြီးနောက် ဝမ်လင်းသည် ဒုတိယထပ်သို့ လျှောက်သွား၏။ ဒုတိယထပ်တွင် အိပ်ယာတစ်ခုနှင့်အတူ ထိုင်ခုံအနည်းငယ် ရှိ၏။ နံရံပေါ်တွင် တောင်နှင့်မြစ်ပုံ ပန်းချီတစ်ချပ် ချိတ်ဆွဲထားပြီး ပန်းချီကားဘေးတွင် ရှေးဟောင်းဓား တစ်ချောင်း ချိတ်ထားသည်။
အရာအားလုံးသည် ပုံမှန်ဖြစ်ကာ အလွန်ရိုးရှင်းလွန်း၏။
တတိယထပ်တွင် ကျင့်ကြံခြင်းအတွက် အသုံးပြုသည့် လျှို့ဝှက်ခန်း တစ်ခုရှိသည်။ မျက်နှာကြက်သည် ဝမ်လင်း မတွေ့ဖူးသည့် ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထား၏။ မျက်နှာကြက်သည် ဘာမှမရှိပုံပေါ်နေပြီး အပြင်ဘက် ကောင်းကင်ကို မြင်နေရ၏။
ဝမ်လင်းသည် သည်နေရာတွင် ပုံမှန်မဟုတ်သည့် အရာကို ရှာမတွေ့ပေ။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေသည်။ ဝမ်လင်း ကောင်းကင်ကံကြမ္မာ ကလန်၏ ခရမ်းရောင် အုပ်စုခွဲတွင် ရောက်ရှိနေသည်မှာ လဝက်ပင် ကြာပြီ ဖြစ်၏။
သည်လဝက် အတွင်းတွင် မည်သူမျှ ဝမ်လင်းကို လာမရှာပေ။ အခြားတပည့် အားလုံးပင် သူကို လူစိမ်းသဖွယ် ဆက်ဆံပြီး သူကို နတ်ဆိုး တစ်ကောင်ကဲ့သို့ ရှောင်ရှားနေကြ၏။
ရှေ့ဖြစ်ဟာသူက သူကို ဆင့်ခေါ်ခြင်းမရှိပေ။ ရှေ့ဖြစ်ဟောသူသည် သူ့ကို မေ့လျော့နေပုံ ရသည်။
မည်သူမျှ သူဖန်တီးထားသည့် ဂူ၏ ၁၀ကီလိုမီတာအတွင်း ဝင်ရောက်ခြင်း မပြုဝံ့ပေ။ ထိုဂူနေရာသည် တားမြစ်နေရာကဲ့သို့ ဖြစ်နေ၏။
သည်လဝက် အချိန်အတွင်း မည်သူမျှ သူ့ကို စကားမပြောပေ။ ကျောက်ရှန်းရှသည် ပျောက်ကွယ်နေပုံပေါ်ပြီး သူကို နောက်ထပ် မမြင်ရပေ။
အမျိုးသမီးသည် နေထွက်ချိန်တိုင်းတွင် ခရမ်းတိမ် ခန်းမရှေ့တွင် ပေါ်လာ၏။ သူမသည် တစ်နေ့လုံး ခရမ်းတိမ်ခန်းမကို စိုက်ကြည့်နေ၏။ လွန်ခဲ့သည့် လဝက်တွင် သူမသည် နေ့တိုင်း ခန်းမကို ငေးကြည့်နေ၏။
သည်လိုမျိုး ဆက်ဖြစ်နေမည် ဆိုရင်ပင် ဝမ်လင်းက စိတ်မရှိပေ။ မည်သူမျှ အနှောင့်အယှက်မပြုဘဲ ကျင့်ကြံနိုင်ခြင်းသည် သူ့အတွက် အလွန် အေးချမ်းလှသည်။ သို့ရာတွင် (၁၇)ရက်မြောက်နေ့ နေ့လည်တွင် ဝမ်လင်းသည် သူ့ဂူအတွင်း၌ ကျင့်ကြံနေစဉ် သူသည် ရုတ်တရက် မျက်မှောင် ကြုတ်လိုက်ပြီး ဂူအပြင်ဘက်သို့ ကြည့်လိုက်သည်။
ဂူအပြင်ဘက်တွင် အလင်းတန်း နှစ်ခုသည် အကွာအဝေးတစ်ခုမှ ပျံသန်းလာသည်။ စက်ဝိုင်းပုံ တစ်ပတ် လှည့်လိုက်ပြီးနောက် ဂူအနီးတွင် မြေပြင်ပေါ် ဆင်းလာ၏။ ထို့နောက် အလင်းတန်း နှစ်ခုသည် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အဘိုးအို နှစ်ဦးအသွင် ပြောင်းလဲသွား၏။
အဘိုးနှစ်ဦးအနက် တစ်ဦးသည် ဝဝတုတ်တုတ်ဖြစ်ပြီး အခြားတစ်ဦးမှာ ပိန်ပိန်ပါးပါး ဖြစ်၏။ သူတို့နှစ်ဦးက အေးစက်သည့် အမူအရာရှိပြီး ဝမ်လင်း၏ ဂူကို ကြည့်နေ၏။ ထို့နောက် တစ်ယောက် အော်ပြောလိုက်သည်။
“အကြီးအကဲတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဒီနေရာမှာ ဂူတစ်ခု လုပ်ရဲတာ ဘယ်တပည့်လဲ။ အခုချက်ချင်း အပြင်ကို ထွက်လာစမ်း…”
ဝမ်လင်းသည် ဂူထဲမှ ထွက်လာ၏။ သူ့မျက်နှာသည် သုန်မှုန်နေပြီး အဘိုးအို နှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့နှစ်ဦးစလုံးသည် စိတ်ဝိညာဉ် ကူးပြောင်းခြင်း အစောပိုင်းအဆင့်သာ ရှိ၏။
အဘိုးအိုတစ်ဦးက အော်ပြောလိုက်သည်။
“မင်းကို ဘယ်သူက ဒီနေရာမှာ ဂူပြုလုပ်ခွင့် ပေးတာလဲ။ မင်းကို ဒီဂူဖျက်ဆီးဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ ပြီးရင် ဒီနေရာကနေ ထွက်သွား။ ဒါမှမဟုတ်ရင်တော့ မင်းကို ကလန်စည်းမျဉ်းအရ အပြစ်ပေးရလိမ့်မယ်…”
ဝမ်လင်း မျက်လုံးများက တည်ငြိမ်လျက်ရှိ၏။ ထို့နောက် သူက မေးလိုက်သည်။
“မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ…”
စကားတစ်ခွန်းမျှ မပြောသေးသော အဘိုးအိုသည် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။
“ခရမ်းရောင်အုပ်စုခွဲရဲ့ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲတွေပဲ…”
ဝမ်လင်းက ညာလက်ကို သူနောက်ဘက်တွင် ဝှေ့ယမ်းလိုက်၏။ ပေါက်ကွဲသံအတူ သူလဝက်ကြာအောင် နေထိုင်ခဲ့သည့် ဂူသည် ပြိုကျပြီး ဖုန်မှုန့်ထု ဖြစ်ပေါ်လာသည်။
ဝမ်လင်း၏ ပုံရိပ်သည် ဖုန်မှုန့်ထုထဲတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ သို့သော် သူ့မျက်လုံးများသည် တည်ငြိမ်နေ၏။
ရန်လိုနေသည့် အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်သည်။
“မင်း ဂူကို ဖျက်ဆီးလိုက်ပေမဲ့ ကလန်စည်းမျဉ်းကို ချိုးဖောက်ထားတယ်။ ငါတို့နဲ့ ပင်မခန်းမဆောင်ကို လိုက်ခဲ့။ အဲဒီမှာ မင်းရဲ့ အပြစ်အတွက် မင်းကို ပြစ်ဒဏ် ချမှတ်ရမယ်…”
ဝမ်လင်းက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူက အဘိုးအိုနှစ်ဦး ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ငါက အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တာ။ စည်းမျဉ်းအားလုံးကို မလုပ်ဆောင်နိုင်ဘူး။ ဒါပေမဲ့ ငါဒီကို ရောက်ကတည်းက ငါကြုံနေရတဲ့ အရာက မလိုမုန်းတီးမှုပဲ။ အဲဒါကို မေ့လိုက်တော့…”
ထိုသို့ပြောပြီးနောက် သူက ရှေ့တိုးလိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ စိတ်ဝိညာဉ် ကျာပွတ်သည် သူလက်အတွင်း ရုတ်တရက် ပေါ်လာသည်။ သူက အဘိုးအို နှစ်ယောက်ကို ကျာပွတ်ဖြင့် ရိုက်လိုက်သည်။
အဘိုးအိုနှစ်ယောက်၏ အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်သို့ အမြန်ဆုတ်လိုက်၏။ သူတို့နှစ်ယောက်သည် အော်ဟစ်လိုက်၏။ ထို့နောက် တစ်ယောက်စီမှ အဖြူရောင်နှင့် အမည်းရောင် အလင်းတန်း တစ်ခုစီ ထွက်ပေါ်လာသည်။
အဘိုးအိုတစ်ဦးက အော်ပြောလိုက်သည်။
“မင်းက စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲတွေကို တိုက်ခိုက်ရဲတယ်ပေါ့…”
သို့ရာတွင် စိတ်ဝိညာဉ် ကျာပွတ်သည် အလွန်လျင်မြန်၏။ အော်ပြောလိုက်သည့် အဘိုးအို၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်သည် တုန်ခါသွား၏။ ထို့နောက် တစီစီ မြည်သံနှင့်အတူ သူ့ကို နောက်သို့ တွန်းထုတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်ဆီမှ သွေးများကျလာ၏။ သူ့၏ မူလစိတ်ဝိညာဉ်သည် သုံးလက်မခန့် သူ့ခန္ဓာကိုယ်မှ မြှောက်တက်လာအောင် ကျာပွတ်ဖြင့် အရိုက်ခံလိုက်ရ လိုက်၏။
စိတ်ဝိညာဉ် ကျာပွတ်သည် မူလစိတ်ဝိညာဉ် တိုက်ခိုက်ခြင်းတွင် အထူးလုပ်ဆောင် နိုင်သည်။
သူ့အမူအရာသည် မှန်းဆမရ လောက်အောင် ကြောက်ရွံ့မှုကို ဖော်ပြနေပြီး သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေ၏။ သို့သော် ဝမ်လင်းက သူကို အခွင့်အရေး မပေးချေ။ ဝမ်လင်း၏လက်ချောင်းသည် စက်ဝန်းတစ်ခုကို ရေးဆွဲလိုက်၏။
အနီရောင် အလင်းစက်ဝန်းသည် အဘိုးအိုဆီသို့ ပြေးသွား၏။ အဘိုးအို၏ အသွင်အပြင်သည် အလွန်ရုပ်ဆိုးနေပြီး သူသည် အလင်းတန်းစက်ဝန်းကို တားဆီးရန် မြူခိုးတိမ်တစ်ခု ထုတ်လိုက်၏။
အခြားအကြီးအကဲ၏ မျက်နှာသည် ချက်ချင်း အဖြူရောင် ပြောင်းသွား၏။ စကားတစ်ခွန်းမျှ မဆိုပဲ သူက လက်ထဲရှိ အဖြူရောင် အလင်းတန်းကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ခရမ်းရောင်ဓား တစ်ချောင်းသည် သူလက်ထဲတွင် ချက်ချင်း ပေါ်လာ၏။ ထို့နောက် သူက ဝမ်လင်းကို ညွှန်ပြပြီး အော်လိုက်၏။
“ကြယ်စင်ခုနစ်ခု ကွဲစမ်း”
သူပြောပြီးနောက် ခရမ်းရောင်ဓားသည် အက်ကွဲကာ ခုနစ်ပိုင်းကွဲသွား၏။ ဓားပိုင်းခုနစ်ပိုင်းသည် စစ်သည် ၁၀၀၀၏ အော်ရာကို သယ်ဆောင်ပြီး ဝမ်လင်းဆီသို့ ပြေးသွား၏။
ဝမ်လင်းက ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သတ်ဖြတ်လိုမှု စိတ်ဆန္ဒ အများအပြားသည် သူမျက်လုံးများထဲမှ တဟုန်ထိုး ထွက်ပေါ်နေ၏။
“ဒါဟာ ဘဟ်လို… ဘယ်လို အကြည့်မျိုးလဲ။ ငါရန်စလိုက်တာ ဘယ်လို မကောင်းဆိုးဝါးလဲ…”
အဘိုးအိုသည် ဝမ်လင်း မျက်လုံးများထဲရှိ သတ်ဖြတ်လိုမှု စိတ်ဆန္ဒကို မြင်လိုက်ရပြီးနောက် သူ့နှလုံးသား တုန်လှုပ်သွားသည်။ သည်အချိန်တွင် ဝမ်လင်းက သိုလှောင်အိတ်ကို ရိုက်လိုက်၏။ ကောင်းကင်ဘုံဓားသည် အလင်းတန်းကဲ့သို့ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာသည်။
ကောင်းကင်ဘုံဓား ပေါ်လာပြီးနောက် ဝမ်လင်းပင် အလွန် သတိထားရသည့် လခြမ်းကွေး ဓားသွားကပါ ကပ်လျက် ထွက်ပေါ်လာခဲ့၏။
မြည်သံလှိုင်းများသည် ပဲ့တင်ထပ်နေသည်။ ဓားပိုင်းခုနစ်ခုသည် အနားမရောက်ခင်ပင် ကောင်းကင်ဘုံဓားကြောင့် ပျက်စီးသွားကြ၏။ ရူလီကော၏ ရယ်သံသည် ကောင်းကင်ဘုံဓား အတွင်းမှ ကြားနေရ၏။
တွေဝေခြင်းမရှိပဲ အဘိုးအိုသည် ထွက်ပြေးရန် နောက်လှည့်လိုက်သည်။ သူသည် အစောပိုင်း ဖြစ်ပျက်မှုများကို သေချာမြင်လိုက်ရ၏။ ဓားအပိုင်းအစခုနှစ်ခု ကွဲထားသွားရခြင်းမှာ ကောင်းကင်ဘုံဓားကြောင့် မဟုတ်ဘဲ သူ့နောက်ရှိ လခြမ်းကွေး ဓားသွားကြောင့် ဖြစ်သည်ကို တွေ့မြင်လိုက်ရလေ၏။ သည်လခြမ်းကွေး ဓားသွားက မျက်စိ တစ်မှိတ်အတွင်း ခုတ်ပိုင်းချက် ခုနစ်ခုကို ထုတ်ဖော်ကာ ဓားအပိုင်းအစ ခုနစ်ခုလုံးအား ပျက်စီးသွား စေခဲ့လေ၏။
သို့ရာတွင် အမြန်နှုန်းသည် အလွန်လျင်မြန်၏။ ထို့ကြောင့် ဓားပိုင်းခုနစ်ခုသည် တစ်ချိန်တည်း ပျက်စီးသွားသည်ဟု ထင်မှတ်ရလေ၏။
သည်အရာကို မြင်ပြီးနောက် အဘိုးအိုသည် မထိတ်လန့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သူသည် တိတ်တဆိတ် ညည်းညူလိုက်၏။ သည်အရာများ ဖြစ်လာမည်ဟု သူသိခဲ့လျှင် ကျောက်ရှန်းရှ ပြောသည်ကို နားထောင်မည် မဟုတ်ပေ။ ယခုအခါ သူနောင်တရ သော်လည်း နောက်ကျသွားပြီ ဖြစ်၏။
ဝမ်လင်းက သည်အကြီးအကဲကို မကြည့်တော့ပေ။ ခြေတစ်လှမ်းဖြင့် သူသည် မူလစိတ်ဝိညာဉ်ကို ကျာပွတ် ရိုက်ခံထားရသည့် အခြားအကြီးအကဲ ဘေးသို့ ရောက်သွား၏။ သည်အကြီးအကဲသည် စက်ဝိုင်း အလင်းတန်းကို ခုခံနေစဉ် ဝမ်လင်း သူ့အနား ရောက်လာသည်ဟု ခံစားလိုက်ရ၏။
ဝမ်လင်း မျက်လုံးများသည် အလွန်အေးစက်နေ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။ အတားအဆီး အလံသည် သူ့လက်ထဲတွင် ပေါ်လာသည်။ တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မရေတွက်နိုင်သော အတားအဆီးများ ထွက်ပေါ်လာပြီး အကြီးအကဲ၏ မူလစိတ်ဝိညာဉ် ထွက်ပြေးမည့် လမ်းကြောင်းကို ချိပ်ပိတ်လိုက်၏။
တစ်ချိန်တည်းတွင် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ပြန်လာခဲ့…”
မူလစိတ်ဝိညာဉ်သည် စွမ်းအားပြည့်သည့် အားတစ်ခုကို သူနောက်မှ လာနေသည့်ဟု ခံစားလိုက်ရ၏။ သူသည် အတားအဆီးများဖြင့် ဝန်းရံခံထားရ သော်လည်း ဖောက်ထွက်ရန်အချိန် အနည်းငယ်သာလျှင် လိုအပ်၏။ သို့သော် သည်အချိန် အနည်းငယ်သည် ယခုအခါ မရနိုင်တော့ပေ။
သူသည် အံကြိတ်လိုက်ပြီး ရုတ်တရက်လှည့်ကာ အော်ပြောလိုက်သည်။
“ငါက စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲပဲ။ မင်းက ရှေ့ဖြစ်ဟောသူရဲ့ တပည့် ဖြစ်နေရင်တောင် ငါ့ကိုသတ်လိုက်ရင် ကလန်က မင်းကို အပြစ်ပေးလိမ့်မယ်…”
ဝမ်လင်း လှောင်ပြုံးပြုံးလိုက်၏။
“ကြည့်ရတာ မင်းက ငါ့ ပုံရိပ်ကို သိတဲ့ပုံပဲ … ”
ဝမ်လင်းက ညာလက်ဖြင့် ဆွဲလိုက်ရာ မူလစိတ်ဝိညာဉ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ ဆွဲခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ပြန်သည်။ ခေါင်းလောင်းတစ်လုံး ထွက်လာသည်။ ခေါင်းလောင်းသည် သုံးမီတာ ရှည်လျား၏။ ထို့နောက် ဝမ်လင်းက မူလစိတ်ဝိညာဉ်ထံသို့ ခေါင်းလောင်းဖြင့် ပစ်လိုက်၏။ ခေါင်းလောင်းသည် မူလစိတ်ဝိညာဉ်ကို ပိတ်လှောင်လိုက်သည်။
“သန့်စင်လိုက်…”
ဝမ်လင်းက အော်လိုက်ပြီး လှည့်ပတ်ကြည့် လိုက်သည်။
ထိုနေရာတွင် အခြားအဘိုးအိုက နာကျည်းသော အကြည့်များကို မျိုသိပ်လိုက်၏။ သူက ဝမ်လင်းနှင့် ပေ၁၀၀ အတွင်းရပ်နေပြီး လုံးဝလှုပ်ရှားမှု မပြုဝံ့ပေ။ လခြမ်းကွေး ဓားသွားသည် အန္တရာယ်ပြုမည့် အသွင်ဖြင့် သူရှေ့တွင် ရွေ့လျားနေပြီး ရှုလီကော၏ ရယ်သံသည် ကောင်းကင်ဘုံဓား အတွင်းမှ ထွက်ပေါ်နေ၏။
”မြေးလေး၊ မင်းရဲ့ အဖိုးရှုက ဒီမှာ ရပ်နေတယ် … မင်း တစ်လက်မလောက် လှုပ်ရှားလိုက်တာနဲ့ ငါမင်းကို အပိုင်းပိုင်း လုပ်ပစ်မယ်…”
ဝမ်လင်းက အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒီနေရာက ငါကို အေးအေးဆေးဆေး မနေစေချင်တော့ ငါက အနည်းငယ်တော့ အစွမ်းပြပြီး လွှမ်းမိုးအောင် လုပ်ပြရမှာပေါ့ …။ အခုငါကို ပြောစမ်း ခရမ်းတိမ်ခန်းမထဲမှာ အရင်က ဘယ်သူနေတာလဲ…”
***