Switch Mode

အပိုင်း (၅၂၆)

ခရမ်းတိမ်ခန်းမ

မြေကမ္ဘာ စမ်းသပ်ချက် တည်ရှိရာ နေရာက အနီရောင်ကမ္ဘာ တစ်ခုပင်။ မြေကြီးများထဲကနေ မီးတောက်တိုင်များက ကောင်းကင်ထက်သို့ ထိုးတက်လို့နေသည်။

ဝမ်လင်းက သူပတ်လည်ကို ကြည့်၍ မတ်တတ်ရပ် နေဆဲပင်။ သူ့အသွင်က တည်ငြိမ်လျက် ရှိနေ၏။

“ဒီနေရာက ကျင့်ကြံခြင်းကို စမ်းသပ်တာ …။ ဒါပေမဲ့ ဘယ်လို နည်းလမ်းနဲ့တော့ ငါမသိဘူး… ”

ဝမ်လင်းက စဉ်းစားနေရင်း ရှေ့သို့ ခြေချလိုက်၏။

သည်အခိုက်တွင် သိပ်မဝေးသော အက်ကွဲကြောင်း တစ်ခုကနေ မီးတောက်တိုင် တစ်ခုက လေထဲသို့ ထိုးထွက်လာခဲ့သည်။ ထိုမီးတောက်က ကောင်းကင်ထက်၌ အနီရောင်ပုံရိပ် တစ်ခု အဖြစ်သို့ ပြောင်းသွားလေသည်။

သည်လူ၏ တစ်ခေါင်းလုံးက ဆံပင် အနီရောင်များဖြင့် ပြည့်နေပြီး လေမတိုက်ဘဲ လှုပ်ရှားလို့နေ၏။ ၎င်းဆံပင်များက ရေဘဝဲလက်တံများ လှုပ်ရှားနေသည့်အလား ထင်မှတ်ရ၏။ သူက သူ့လက်ကို ရင်ဘက်ရှေ့သို့ ထားလိုက်သည်။ တစ္ဆေဆန်သည့် အလင်းတန်းနှစ်ခုက သူ့မျက်နှာပေါ်၌ ပေါ်လာခဲ့၏။

နီရဲရဲပုံရိပ်ထဲကနေ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။

“ငါက မြေကမ္ဘာ စမ်းသပ်ချက်ရဲ့ အစောင့်အကြပ်ပဲ …။ ငါ့ကို နိုင်အောင်လုပ်ပါ … ပြီးရင် မင်း ဆက်သွားနိုင်ပြီ … ”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ထိုပုံရိပ်ကို ကြည့်နေသည်။ ထို့နောက် သူက ရှေ့သို့ တဟုန်ထိုး တိုးဝင်လိုက်လေ၏။ သူ့လက်က ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်၍ ရှေ့သို့ တွန်းထုတ်လိုက်၏။

ဝမ်လင်းထံကနေ ပြင်းထန်သော အားတစ်ခုက ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့ရှေ့တွင် စုဝေးသွားသည်။

ဝမ်လင်းက ညင်သာစွာဆို၏။

“ပျက်စီးခြင်း … ”

သူ့ခန္ဓာကိုယ်က ရွှေရောင် တောက်ပလာသလို အနီရောင်ပုံရိပ်၏ မျက်လုံးများကလည်း ရုတ်တရက် လက်ခနဲ ဖြစ်သွားလေ၏။ သည်ပုံရိပ်က လျင်မြန်စွာ နောက်သို့ ဆုတ်၍ သူ့လက်မောင်း နှစ်ဖက်ကို လှုပ်ရှားကာ ပိတ်ဆို့သည်။

ပေါက်ကွဲသံ တစ်ချက်နှင့်အတူ မြေကြီးပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သည်အက်ကြောင်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။ အနီရောင် ပုံရိပ်ကလည်း နောက်သို့ လွင့်သွားခဲ့သည်။ သူ့လက်နှစ်ဖက်လုံး၌ သွေးများစွာ ထွက်နေ၏။ သူက ရပ်တန့်သွား ပြီးနောက် ဝမ်လင်းကို သူ့နီရဲရဲ မျက်လုံးများဖြင့် စူးစိုက်ကြည့်သည်။

ဝမ်လင်းက ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားလေ၏။ သည့်နောက် သူက ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။

“ဖယ်ပေးတော့ … ”

အနီရောင်ပုံရိပ်က အနည်းငယ် စဉ်းစားသွားပြီးနောက် ဝမ်လင်းကို ဦးညွှတ်ကာ မီးတောက်အဖြစ်သို့ ပြောင်း၍ ပြန်ပျောက်ကွယ် သွားလေတော့သည်။

ဝမ်လင်းက အကွာအဝေး တစ်ခုထံသို့ တည်ငြိမ်စွာ ကြည့်နေ၏။ သူ့ကျင့်ကြံမှု အဆင့်ကို စမ်းသပ်ရန် သည်လိုအရာမျိုး နောက်ထပ်များစွာ ရှိနေနိုင်သေးသည်။

“ကောင်းကင်ကံကြမ္မာ ကလန်က တစ်ယောက်ယောက်က အပြင်ကနေ ငါ့ကို ထောက်လှမ်းနေ ရလိမ့်မယ် … ”

ဝမ်လင်းက အပြုံးတစ်ခု ဆင်မြန်းလိုက်၏။ သူက ရှေ့သို့ ဆက်သွားရမည့်အစား နောက်သို့ ပြန်ဆုတ် လိုက်လေသည်။

“မြေကမ္ဘာ စမ်းသပ်ချက်ကို ငါ လက်လျှော့တယ် … ”

ထိုသို့ပြောပြီးနောက် ဝမ်လင်းပုံရိပ်က သည်စမ်းသပ်ချက် အတွင်းကနေ ပျောက်ကွယ်လို့ သွားလေ၏။

ထိုအချိန်တွင် ဗောဓိပင်အောက်ရှိ နူးညံ့သည့်လူကြီးက မျက်မှောင်ကြုတ် သွားပြီး သူ့မျက်လုံးထဲ၌ မသေချာ မရေရာမှုများ ရှိလို့နေသည်။

“ဒီလူက လက်လျှော့ဖို့ တကယ့်ကို ဆုံးဖြတ်ခဲ့တာပဲ …။ ကံမကောင်းစွာနဲ့ ငါက ဒီအခွင့်အရေးကို အသုံးပြုပြီး သူ့ကျင့်ကြံမှု အတိုင်းအတာကို မမြင်နိုင်တော့ဘူး ပေါ့လေ …။ ဒါပေမဲ့ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်မှာ ဘယ်လောက်ပဲ စွမ်းအားရှိရှိပါ … ဒါက အရမ်း ကြီးကျယ်နေမှာ မဟုတ်ဘူး … ”

ချက်ချင်းပင် သူ့မျက်လုံးများက ပြန်ကြည်လင်လာပြီး မျက်မှောင်ကြုတ် နေခြင်းလည်း မရှိတော့ချေ။ သူ့မျက်နှာပေါ်ရှိ အပြုံးကလည်း ပြန်ဖြစ်တည် လာခဲ့သည်။ သူက လှည့်မကြည့်ဘဲ ညင်သာစွာ ပြောလိုက်၏။

“တတိယဂျူနီယာ ညီလေး … ငါမင်းကို မတွေ့ရတာ ရက်တွေကြာနေပြီ … မင်းခရီးက အဆင်ပြေ ချေမွေခဲ့ရဲ့လား … ”

“ဒါပေါ့ … ငါ့ခရီးစဉ်က အဆင်ပြေခဲ့ပါတယ် … ”

မိန်းမဆန်သော အသံက အကွာအဝေး တစ်ခုကနေ ပျံ့နှံ့လို့လာလေ၏။

တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ရှေ့သို့ လျှောက်လှမ်းလာသည်။ သူက ခြေလှမ်းအနည်း လှမ်းပြီးနောက် ဗောဓိပင်အောက်သို့ ရောက်လာခဲ့သည်။ သည်လူငယ်ကတော့ ဝမ်လင်းနှင့် ကုန်သွယ်ရေးဂြိုဟ်တွင် တွေ့ခဲ့သည့် ဘိုင်ဝေပင် ဖြစ်လေ၏။

နူးညံ့သည့်လူကြီးက ဘိုင်ဝေကို လှည့်၍ ကြည့်ကာ ပြုံးလိုက်၏။

“တတိယဂျူနီယာ ညီလေး … မင်းက ဆရာ့မွေးနေ့အတွက် လက်ဆောင်တစ်ခု ရှာတွေ့ခဲ့ရဲ့လား … ”

ဘိုင်ဝေက အကွာအဝေးတစ်ခုရှိ လေဟာနယ် ကြည့်ကာ ပြုံးလိုက်သည်။

“ငါ ကြိုပြင်ဆင်ထားတဲ့ လက်ဆောင်က အရုပ်လေး တစ်ရုပ်ပါပဲ … ဒါက စီနီယာအစ်ကို ပြင်ဆင်ထားတဲ့ ဟာနဲ့တော့ မနှိုင်းယှဉ်နိုင် လောက်ပါဘူး … ဒါက ဘာလဲ … ”

သူက ပြောလိုက်ပြီးနောက် ဘိုင်ဝေ မျက်လုံးများက လေဟာနယ်ကို ကြည့်နေရင်း အလေးအနက် ဖြစ်လာ၏။ သူ့မျက်လုံးထဲ၌လည်း ထူးဆန်းသည့် အလင်းတစ်ခု ထွက်ပေါ်လာသည်။

နူးညံ့သည့်လူကြီး၏ နှလုံးသားက ခဏတာ တုန်ယင်သွား ပြီးနောက် သူက ပြောလိုက်သည်။

“ဒီလူက ဆရာ ဟင်္သာပြဒါး ဂြိုဟ်ကနေ ရွေးကောက်ထားတဲ့ ဂုဏ်ယူဖွယ် တပည့်ပဲ။ သူက လွန်ခဲ့တဲ့ လအနည်းငယ်က ရောက်လာခဲ့ပြီး ခုစမ်းသပ်ချက် သုံးခုကို ဖြတ်ကျော်နေတာ။ သူက ခု တတိယမြောက် စမ်းသပ်ချက်မှာ ရှိနေတယ် … ”

“သူပဲ … ”

ဘိုင်ဝေ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။

“ဒီတော့ ဒါ့ကြောင့်ကို … ”

နူးညံ့သည့်လူကြီးက ဆက်၍ ပြောလိုက်သည်။

“ဆရာက သူ့ကို ခရမ်းတိမ်ခန်းမမှာ နေခိုင်းဖို့ စီစဉ်ထားတယ် … ”

“ခရမ်းတိမ်ခန်းမ … ”

ထူးဆန်းသော အလင်းက ဘိုင်ဝေမျက်လုံးထဲ၌ ပျောက်ကွယ်သွားပြီး အေးစက်မှုတို့ အစားဝင်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“စီနီယာအစ်ကို … ငါ့မှာ အရေးကြီး လုပ်စရာတွေ ရှိသေးတယ် … ဒါ့ကြောင့် ငါ မနေတော့ဘူး … ငါ့ကို နှစ်သုံးထောင် သက်တမ်းရှိတဲ့ မြက်သစ်ရွက် ငါးခုထဲက တစ်ခုပေးပါလား … ငါက မင်းကို ဒီအတွက် မီးသလင်းကျောက် ပြန်ပေးမယ်လေ … အဆင်ပြေလား … ”

နူးညံ့သည့်လူကြီးက ရယ်မောကာ ပြောလိုက်သည်။

“အဆင်ပြေတယ် … ငါ့ လိုဏ်ဂူကို သွားလိုက်ပါ … အဲဒီမှာ မင်းအတွက် ဒီသစ်ရွက်ကို ယူပေးမယ့် ကောင်လေး တစ်ယောက် ရှိနေတယ် … ”

ဘိုင်ဝေက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်သည်။ ထို့နောက်သူက လေဟာနယ်ကို ကြည့်၍ ပျောက်ကွယ်သွား လေတော့သည်။

နူးညံ့သည့်လူကြီးက သူ့မေးစေ့ကို ပွတ်၍ စဉ်းစားလို့နေသည်။

“ဆရာက ဘာလို့ ဒီလူ့အတွက် ခရမ်းတိမ်ခန်းမကို စီစဉ်ပေးထားရတာလဲ … သူက ဒီနေရာအစား တစ်နေရာရာကို သတ်မှတ်ပေးလိုက်ရင် … ဒီလူက ပိုပြီး ချောမွတ်တဲ့ လမ်းကြောင်းကို ရလိမ့်မယ် … ဒါပေမဲ့ ခုတော့ သူက မီးပုံထဲကို တိုက်ရိုက်ပစ်ထည့် ခံလိုက်ရတာပဲ…”

ကောင်းကင်ဘုံ စမ်းသပ်ချက်က လူတစ်ယောက်၏ နယ်ပယ်ကို စစ်ဆေးခြင်း ဖြစ်သည်။

သည်အချိန်တွင် ကောင်းကင်ဘုံစ မ်းသပ်ချက်အတွင်း၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်၍ မျက်လုံး မှိတ်ထားလျက် ရှိသည်။ သူက တွေးတောလို့နေ၏။

သူက မြေကမ္ဘာ စမ်းသပ်ချက်ကို အလျှော့ပေးလိုက် ပြီးနောက် သူနေရာသို့ ဝင်လာခဲ့ပြီး စမ်းသပ်မှုကို စတင်နေခြင်းပင်။ သူက ခုသည်နေရာတွင် ထိုင်နေသည်မှာ ရက်သုံးဆယ် တိတိ ရှိနေလေပြီ။

သည်ရက်သုံးဆယ် အတွင်း ဝမ်လင်းက ကောင်းကင်ဘုံ စမ်းသပ်ချက်၏ ထူးဆန်း အံ့ဖွယ်ဖြစ်မှုကို တောက်လျှောက် တွေးတောလို့နေခဲ့၏။ သူက သည်နေရာသို့ ရောက်လာသည့်အခါတွင် သူ့နယ်ပယ်က ကောင်းကင်ဘုံနှင့် အနီးစပ်ဆုံး ဖြစ်နေသည်ဟု ခံစားမိနေခဲ့၏။ သူက သည်နေရာသို့ ရောက်လာသည့်အခါ သူလက်မြှောက် လိုက်သည်နှင့် ကောင်းကင်ဘုံကိုပင် ထိတွေ့နိုင်သည့် ခံစားချက်ကို ရရှိနေ၏။

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးလို့နေသည်။ ဝမ်လင်းက အချိန်အသိကို မေ့လို့နေခဲ့လေ၏။ သူက လှုပ်ရှားခြင်း ကင်းမဲ့စွာဖြင့် သည်နေရာတွင် ထိုင်နေပြီး တစ်ချိန်လုံးလည်း သူ့နယ်ပယ်ကို ထုတ်ယူခြင်း မရှိချေ။

ဝမ်လင်းက အလျင်လိုခြင်း မရှိပေ။ ထို့ကြောင့်သူက သည်နေရာတွင် ဆက်၍ထိုင်နေသည်။ သူက တစ်စုံတစ်ခု၏ အနားသပ်ကို ရောက်ရှိနေသည့် ဟူသော ဝိုးတဝါးခံစားချက်ကို ရရှိလို့နေ၏။ သူက သံသရာ လည်ပတ်ခြင်းနှင့် သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို ပေါင်းစပ်၍ သူ့စိတ်ဝိညာဉ်ထဲ၌ တာအိုလောကသည် တဖြည်းဖြည်း ပေါ်လာနေခဲ့သည်။

သည်နေ့က ဝမ်လင်း ကောင်းကင်ဘုံ စမ်းသပ်ချက် အတွင်း၌ ရှိနေခဲ့သည့် (၅၁)ရက်မြောက်နေ့ ဖြစ်သည်။ သည်နေ့တွင် သူက မျက်လုံးဖွင့်လာခဲ့ပြီး ကျင့်ကြံခြင်းကနေ ပြန်နိုးထလာခဲ့၏။

သူ့မျက်လုံးထဲ၌ မည်သည့် အလင်းဓာတ်မှ ရှိမနေခဲ့ချေ။ သို့သော် သူ့ခန္ဓာကိုယ် အတွင်းကနေတော့ ထူးဆန်းသော အလင်းက တဖျတ်ဖျတ် လင်းလက်လျက် ရှိနေ၏။ သူက ထိုင်ကာ တွေးနေပြီးနောက် ပြုံးယောင်သန်း လာလေ၏။

“လူသား … မြေကမ္ဘာ … ကောင်းကင်ဘုံ … စမ်းသပ်ချက်တွေက တကယ်တော့ စမ်းသပ်ချက် သပ်သပ်တင် မဟုတ်ဘဲ အခွင့်အရေးတွေလည်း ဖြစ်နေတယ် … ဒီစမ်းသပ်ချက်တွေကို နားလည်မယ်ဆိုရင် မင်းက ဒီလူသား၊ မြေကမ္ဘာနဲ့ ကောင်းကင်ဘုံကို နားလည်လိမ့်မယ် …။ မင်က ဒီအရာတွေကနေလည်း ဉာဏ်အလင်း ရနိုင်တယ် …။ ဒီတော့ ဒါက ဒီလိုပေါ့ … ”

ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်၍ မတ်တတ်ထရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ပြုံး၍ ပြောလိုက်လေ၏။

“ငါက ကောင်းကင်ဘုံ စမ်းသပ်ချက်ကို လက်လျှော့တယ် … ”

ထိုသို့ပြောပြီးနောက် သူ့ပတ်လည်ရှိ ကမ္ဘာက စတင်မှုန်ဝါးသွားပြီး လှည့်ပတ်လာလေ၏။ ၎င်းက ဗဟိုရှိ ဝမ်လင်းနှင့်အတူ လျင်မြန်စွာ လှည့်ပတ်လာ ပြီးနောက် သူ့ပတ်လည်ရှိ အရာအားလုံးက သဲလွန်စမရှိ ပျောက်ကွယ်သွား လေတော့သည်။

ဝမ်လင်းက သူအရင်တုန်းက ရှိခဲ့သည့်နေရာတွင် မတ်တတ်ရပ်လျက် ရှိနေတုန်းပင်။ ခုချိန်တွင် သူ့ရှေ့၌ ခရမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ရှိလို့နေသည်။ သူ့မျက်နှာ ပေါ်၌လည်း နူးညံ့သော အပြုံးတစ်ခု ရှိနေပြီး သူက ဝမ်လင်းကို ကြည့်လို့နေ၏။

“ဂျူနီယာညီလေး … ဝမ်လင်း … ငါကတော့ ကျောက်ရှန်းရှ။ ဆရာရဲ့ ပထမ မျိုးဆက်တွေကြားမှာ … ငါက ကလန်ကို ရောက်နေတာ ကြာလာနေပြီ …။ မင်းက ငါ့ကို အကြီးဆုံး အစ်ကိုလို့ ခေါ်လို့ရတယ် … ”

ဝမ်လင်းက ထိုလူကို ကြည့်လိုက်သည်။ သည့်နောက် သူက လက်သီးနှစ်ဖက် ဆုပ်ကာ ပြောလိုက်သည်။

“ဝမ်လင်း … အကြီးဆုံးအစ်ကို ကို နှုတ်ဆက်ပါတယ် … ”

ကျောက်ရှန်းရှက ပြုံးနေ၏။ သည့်နောက်သူက သူ့လက်ကို ဆုပ်ကာ ပြောလိုက်သည်။

“ငါ့နောက်လိုက်ခဲ့ပါ … ဂျူနီယာညီလေး ဝမ်လင်း …။ ဆရာက မင်းနေဖို့အတွက် ခရမ်းတိမ်ခန်းမကို ပြင်ဆင်ထားပြီးပြီး … ”

ထိုသို့ပြောပြီးနောက် ကျောက်ရှန်းရှက ဦးဆောင်၍သွားကာ ဝမ်လင်းက နောက်ကနေ လိုက်ပါသွားလေ၏။

သူတို့နှစ်ယောက်က အလင်းတန်းအသွင် ပြောင်း၍ တောင်အတွင်း နက်ပိုင်းသို့ ထွက်သွားကြသည်။

သူတို့က ပျံသန်းသွားနေရင်း ကျောက်ရှန်းရှက တစ်လမ်းလုံး စကားပြောလာခဲ့သည်။ သူက ဝမ်လင်းကို ကောင်းကင်ကံကြမ္မာ ကလန်နှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းများကို ပြောပြနေခဲ့သည်။

သည်လူက ဟာသဉာဏ်ရွှင်ပြီး စကားတော်တော်လေး ပြောနိုင်ပေသည်။ သူက ဆိုလိုရင်းကို ချက်ထိအောင် ပြောနိုင်သဖြင့် ဝမ်လင်းက ကောင်းကင်ကံကြမ္မာ ကလန်နှင့် ပတ်သက်၍ နားလည်လာ ခဲ့လေသည်။

ဝမ်လင်းက မေးလိုက်၏။

“အကြီးဆုံး အစ်ကိုကျောက် … စီနီယာ ရှေ့ဖြစ်ဟောသူမှာ တပည့်ပေါင်း ဘယ်လောက်ရှိလဲ… ”

ကျောက်ရှန်းရှက ပြုံး၍ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး သူ့ရှေ့သို့ ညွှန်လိုက်လေသည်။ သူတို့ရှေ့ရှိ တိမ်ထုများက ရုတ်တရက် ပြန့်ကျဲသွားပြီး လမ်းကြောင်းတစ်ခုကို ဖန်တီးသွား၏။ သူက လမ်းကြောင်းထဲသို့ ဝင်သွားရင်း ရယ်မောကာ ပြောလိုက်သည်။ ဂျူ”

နီယာညီလေး … ဆရာက တပည့်ခုနစ်ယောက် လက်ခံခဲ့တယ် …။ ငါတို့ကို အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ မိုးပြာ၊ အပြာနဲ့ ခရမ်းလို့ ခွဲထားကြတယ် … ငါတို့ နှစ်ယောက်ကတော့ ခရမ်းရောင် အခွဲထဲမှာ ပါတယ် … ”

“ခရမ်းရောင်အခွဲ … ”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။

ကျောက်ရှန်းရှက သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီအခွဲခုနစ်ခုထဲမှာ ငါတို့ ခရမ်းရောင် အုပ်စုခွဲက အားအနည်းဆုံးပဲ …။ အာ … မင်းက ဒီကို ရောက်လာပြီးဆိုတော့ သိပ်မကြာခင် တွေ့ပါလိမ့်မယ် …။ ဒါ့ကြောင့် ငါ အများကြီး ပြောပြနေစရာ မလိုတော့ဘူး … ”

သူတို့က တောင်များကို ဖြတ်သန်းပျံလာ ပြီးနောက် သူတို့ရှေ့တွင် တိမ်များထဲသို့ တိုးဝင်နေသည့် တောင်ထိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုတောင်ထိပ်ပေါ်၌ ကြီးကျယ် ခမ်းနားသည့် မျှော်စင်ကြီးတစ်ခု ရှိလို့နေသည်။ သည်မျှော်စင်က ခရမ်းရောင် တောက်ပနေပြီး ပတ်ဝန်းကျင်အား သည်အရောင်ဖြင့် လွှမ်းခြုံထားလေသည်။

သည်မျှော်စင်က ကမ္ဘာကြီးတစ်ခုလုံးရှိ ခရမ်းရောင်အားလုံး၏ အရင်းမြစ်အလား ထင်မှတ်ရလေသည်။ ကြည့်လိုက်ရုံဖြင့် ၎င်းမျှော်စင်က လူတစ်ယောက်၏ နှလုံးသားကို တုန်ယင်စေ နိုင်ပေသည်။

“ဂျူနီယာညီလေး ဝမ်လင်း … ငါ့နောက်လိုက်ခဲ့ပါ … ”

ကျောက်ရှန်းရှက တောင်ထိပ်သို့ တဟုန်ထိုး ဦးတည်သွား လေသည်။ ဝမ်လင်းကလည်း သူ့နောက်ကနေ ကပ်လျက်လိုက်ပါ သွားလေ၏။

ထိုတောင်တိပ်ပေါ်ရှိ မျှော်စင်အောက်တွင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာ ကလန် တပည့်များက ကျင့်ကြံလျက် ရှိနေကြသည်။ သူတို့က အနည်းဆုံး လူတစ်သောင်းလောက် ရှိပေသည်။

တောင်အနောက်ဘက် တွင်လည်း တောင်တစ်ခုလုံး ဖုံးလွှမ်းနေသည့် မရေမတွက်နိုင်သော အိမ်များစွာ ရှိလို့နေ၏။ သည်တပည့်များက တာအိုကိုလေ့လာခြင်း၊ နည်းစနစ်များကို လေ့ကျင့်ခြင်း သို့မဟုတ် ကျင့်ကြံခြင်းများ ပြုလုပ်နေကြ၏။

သည်တောင်က အလွန်ကြီးမားလှ၏။ အထူးသဖြင့် တောင်အနောက်ဘက်ပင်။ အဆုံးမရှိသည်ဟုပင် ထင်ရ၏။ ၎င်းက ဧရာမနဂါးကြီး တစ်ကောင် လှဲလျောင်းနေသည့် အလားပင်။ လူတစ်ယောက်က ဂရုစိုက်ခြင်းမရှိလျှင် သည်ကြီးမားသည့် ကလန်ကြီးထဲ၌ သူ့ကိုယ်သူအလွယ် လမ်းပျောက်နိုင်ပေ၏။

ကျောက်ရှန်းရှက လက်နှစ်ဖက်ယှက်၍ ဖျော့တော့စွာ ပြုံးလိုက်သည်။

“ဒီနေရာက ကောင်းကင်ကံကြမ္မာ ကလန်ရဲ့ ခရမ်းရောင်အုပ်စုခွဲပဲ …။ ဂျူနီယာညီလေး ဝမ်လင်း … အနောက်ဘက် တည့်တည့်ကို ဆက်သွားရင်တော့ ခရမ်းတိမ်ခန်းမ ရှိတယ်။ မင်းရဲ့ နတ်ဘုရားအာရုံကို ဖြန့်ကြည့်လိုက်ရင် မင်းတွေ့ပါလိမ့်မယ် …။ ငါ့မှာ အရေးကြီးတဲ့ အရာတွေ လုပ်စရာ ရှိသေးလို့ ငါမင်းနဲ့ အတူမလိုက်ပေးတော့ဘူး … ”

ဝမ်လင်းက ခေါင်းညိတ်၍ ကျောက်ရှန်းရှကို နှုတ်ဆက်ကာ အလင်းတန်း တစ်ခုအလား ပျံသန်းသွားတော့၏။

ကျောက်ရှန်းရှမျက်နှာပေါ်ရှိ နူးညံ့သောအပြုံးက ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် ထူးဆန်းသော အလင်းတစ်ခုက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်လို့နေ၏။

ဝမ်လင်းက ပျံသန်းသွားနေရင်း သူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ ဝမ်လင်းက ပထမဆုံးကြိမ် ကျောက်ရှန်းရှကို တွေ့လိုက်သည့်အခါ၌ သူက လူသား စမ်းသပ်ချက်တွင် သူ့ကို လာနှောင့်ယှက်သည့်လူမှန်း ချက်ချင်း သိခဲ့ပေသည်။ သို့ရာတွင် ဝမ်လင်း၏ အကြံအစည် စွမ်းရည်က နက်ရှိုင်းစွာ ကောင်းမွန်သဖြင့် သူက အသွင်အပြင် ကောင်းသည့် မျက်နှာဖက်ခြမ်း ကိုသာ ဆက်၍ ထိန်းထာနိုင် ခဲ့ပေသည်။

သိပ်မကြာခင်တွင် ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ရာ သူက ခရမ်းရောင်အော်ရာကို ပေးစွမ်းနေသည့် နန်းတော်တစ်ခုကို ရှာတွေ့လိုက်သည်။ ထိုနန်းတော်ရှေ့၌ စာလုံးကြီးသုံးခုဖြင့် ရေးထွင်းလို့ထားသည်။

“ခရမ်းတိမ်ခန်းမ … ”

“ဒီကောင်းကင်ကံကြမ္မာ ကလန်က တကယ့်ကို ကြီးမားလွန်းတယ် …။

ခရမ်းရောင်အုပ်စုခွဲ တစ်ခုတည်းနဲ့တောင် တော်တော်လေး ကြီးမားနေပြီ။ ငါက ကျန်တဲ့အုပ်စုခွဲ ခြောက်ခုကလည်း ဘယ်လောက်များ ကြီးမားနေမလဲ သိချင်နေမိတယ် …။ ပင်မကလန်ဆိုရင် ဒီထက့်တောင် အဆများစွာအံ့မခန်း ကြီးလိမ့်ဦးမယ် … ”

ဝမ်လင်းက ခရမ်းတိမ် ခန်းမရှေ့သို့ ခြေချလိုက်စဉ်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။

သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ကြံရွယ်လိုက်စဉ် မျက်မှောင်ကြုတ် သွားမိပြီး နန်းတော်သို့ စူးစိုက်ကြည့်နေ၏။

သူက ခရမ်းတိမ်ခန်းမကနေ လှမ်းလျှောက် ထွက်လာသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။ သည်လူက ရွှေရောင်အစက်များ ပါသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်လို့ထားသည့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမ မျက်နှာက ချစ်စရာကောင်း၍ စွဲဆောင်မှု ရှိသော်လည်း ခုချိန်တွင် သူမက သတ်ဖြတ်လိုမှု စိတ်ဆန္ဒအပြည့်ဖြင့် ဝမ်လင်းကို စူးစိုက်ကြည့်လို့ နေလေသည်။

“နင် … ဒီနေရာကို ဝင်လို့မရဘူး … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset