“စိတ်ဝင်စားစရာပဲ …။ ဒီလူရဲ့နည်းလမ်းက ဂျူနီယာညီလေး စွန်ယွမ်ရဲ့ နည်းနဲ့တူတူပဲ …။ ဒါပေမဲ့ ဂျူနီယာညီလေးက ရက်ပေါင်း (၆၇)ရက်ကြာခဲ့တယ် … ငါက သူကကော ဘယ်လောက်ကြာအောင် စွမ်းဆောင်နိုင်မလဲ သိချင်မိတယ် … ”
နူးညံ့သည့်လူက သူ့မေးစေ့ကို သပ်၍ ပြုံးနေသည်။ သူ့အပြုံးက ဖြတ်၍ မြင်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
သူ့အကြည့်က တည်ငြိမ်လို့နေ၏။ သို့သော် သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းက တဖျတ်ဖျတ် ဖြစ်လို့နေသည်။
ကောင်းကင်ကံကြမ္မာ ကလန်၏ စမ်းသပ်ချက်သုံးခုက ရှေ့ဖြစ်ဟောသူ ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ သူက လေဟာနယ်ကို ဖွင့်၍ သည်စမ်းသပ်မှု သုံးခုနေရာအတွက် လေဟာနယ် ဟင်းလင်းပြင် သပ်သပ် ဖန်တီးထားခဲ့ခြင်းပင်။
သည်စမ်းသပ်ချက် သုံးခုကို ကျော်ဖြတ်ပြီးနောက် လူတစ်ယောက်က ကောင်းကင်ကံကြမ္မာ ကလန်၏ တပည့်ဖြစ်လာရန် အရည်အသွေး ပြည့်မီမည်ဖြစ်သည်။ သည်စည်းမျဉ်းက ကျောက်တုံးတွင် ရေးထွင်းထားသည့် စည်းမျဉ်းပင်။ မည်သူမျှ ပြောင်းလဲနိုင်ခြင်း မရှိပေ။
သည်အခိုက်တွင် လူသားစမ်းသပ်ချက် နေရာအတွင်း၌ နေရာတစ်ခုလုံးသည် ဖုံးကာလို့ထား၏။ သည်နေရာ၏ ဗဟိုက နိဗ္ဗာန်ဘုံ တစ်ခုအလား ထင်မှတ်ရစေသည်။
သည်နေရာက ပန်းများ၊ ငှက်များနှင့် မိုးမခပင်များနှင့် ပြည့်လို့နေသည်။ ခွေးဟောင်သံ တချို့လည်း ရှိလို့နေသေးသည်။
သည်နိဗ္ဗာန်ဘုံက ရွာတစ်ခုကဲ့သို့ပင်။ သည်နေရာတွင် ရွာသားအများအပြား မရှိသော်လည်း သူတို့အားလုံးက တစ်ယောက်နှင့် တစ်ယောက် လေးစားသမှု ထားရှိကြသည်။
ရွာ၏ မြောက်ဘက် အစွန်းပိုင်းရှိ တတိယမြောက်အိမ်က ခြံနှင့်ဝန်းနှင့် ရှိလို့နေသည်။ လူတစ်ယောက်က သည်ခြံဝန်းကို ကြည့်သည်နှင့် သက်တောင့်သက်သာ ဖြစ်လိမ့်မည်ဟု တွေးမိကြပေလိမ့်မည်။ သည်ခြံဝင်းတံခါးတွင် ရွှေရောင်သန်းသည့် မြက်ပင် အနည်းငယ်လည်း ရှိလို့နေသည်။ သည်အရာက နေရောင်ခြည် ခနေခြင်း ဖြစ်သဖြင့် နွေဦးရာသီမှန်း သိသာစေ၏။
ခြံဝင်းထဲတွင် ထင်းပုံကြီး တစ်ခုလည်း ရှိလို့နေ၏။ သည်အနီးတွင် သစ်သားစားပွဲ ကုလားထိုင်တို့လည်း ရှိနေကြလေ၏။ စားပွဲပေါ်တွင် ရေနွေးအိုးနှင့် ရေနွေးခွက်များ ထားရှိထားသည်။
သည်အချိန်တွင် ကုလားထိုင်ပေါ်၌ ပါးရည်တွံ့နေပြီ ဖြစ်သည့် အဘိုးအို တစ်ယောက် ထိုင်နေပြီး ရေနွေးကြမ်း သောက်လျက် ရှိနေသည်။
သည်လူက တခေါင်းလုံး ဆံပင်ဖြူဖွေးနေ သေးသော်လည်း သူက အသက် ကြီးရင့်သည်ဟု မထင်ရပေ။ ရေနွေးကြမ်း သောက်နေရင်း သူက ခေါင်းမော့၍ အိမ်ထဲသို့ ကြည့်လိုက်သည်။
အိမ်ထဲ၌ ဓားလေးတစ်လက် ကိုင်ဆောင်ထားသည့် ကောင်လေး တစ်ယောက် ရှိနေ၏။ သူက အနီရောင်သစ်သားပိုင်း တစ်ခုကို ပန်းပုထွင်းလို့ နေလေ၏။
အဘိုးအိုက နူးညံ့စွာ ပြုံးလိုက်သည်။ သူက လူငယ်လေးကို ကြည့်နေရင်း အေးချမ်းနေသည့်အသွင် ရ၏။
သိပ်မကြာခင်တွင် ကောင်လေးက နှာခေါင်း ရှုံ့လိုက်၏။ သည့်နောက် သူက အဘိုးအိုထံသို့ ကြည့်၍ သူ့ထံသို့ ချက်ချင်း ပြေးသွားလိုက်သည်။ သူက ညင်သာစွာ မေးလိုက်၏။
“တကယ်ဆို အဘိုးက ဘယ်သူများလဲ … ”
အဘိုးအိုက ရေနွေးခွက်ကို ချ၍ ကောင်လေးခေါင်းကို ပွတ်ကာ ပြုံးလိုက်သည်။
“ငါက မင်းပြောတဲ့လူပဲ … ”
ကောင်လေးက စကားပြောဟန် ပြင်လိုက်၏။ ထိုစဉ်မှာပင် အိမ်ထဲကနေ အလေးအနက် အသံတစ်ခု ထွက်ပေါ်လာ၏။
“ဟူဇီ … မင်းအဘိုးကို စိတ်ရှုပ်အောင် သွားမလုပ်နဲ့ …။ ပန်းပု သွားထွင်းနေချေ … ”
ထိုအသံနှင့်အတူ သက်လတ်ပိုင်းလူကြီး တစ်ယောက်က လိုက်ကာစကို ဟ၍ အိမ်ထဲကနေ လမ်းလျောက်၍ ထွက်လာသည်။
ကောင်လေးက လှည့်၍ပင် မကြည့်ပေ။ သူက အဘိုးအိုကို လေးလေးနက်နက် ကြည့်၍ သက်ပြင်း ချလိုက်သည်။ သည့်နောက် သူက အိမ်ထဲသို့ ပြန်ဝင်သွားပြီး တစ်ဖန် ပန်းပုထွင်း နေလေတော့သည်။ သို့ရာတွင် သူ့မျက်လုံးထဲ၌ နက်ရှိုင်းသော သံသယများ ရှိလို့နေသည်။
အမျိုးသားက လူငယ်လေးကို အနည်းငယ် စောင့်ကြည့် နေလိုက်၏။ ထို့နောက် သူက အဘိုးအို ဘေး၌ ဝင်ထိုင်လိုက်ကာ အဘိုးအိုအား ရေနွေးငှဲ့ပေးကာ ပြောလိုက်သည်။
“အဖေ … ငါ မနက်ဖြန် တောင်ရှိ သွားမို့ … ”
အဘိုးအိုက လူငယ်လေးကို နူးညံ့စွာ ကြည့်နေဆဲပင်။ သူက သက်လတ်ပိုင်းလူကြီး စကားကို ကြားလိုက်ပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး ဘာမှတော့ မပြောချေ။
“တောင်ကို ဘာသွားလုပ်မလို့လဲ … ”
အိမ်ပေါက်ကနေ အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် အဘွားအို တစ်ယောက်က အသီးအရွက် ခြင်းတောင်းကို ကိုင်၍ လှမ်းလျှောက်၍ လာလေသည်။
သက်လတ်ပိုင်းလူကြီးက အလျင်အမြန် ထလိုက်ပြီး ခြင်းတောင်းကို လှမ်းယူကာ ပြောလိုက်သည်။
“အမေ … ငါက ရွာရှေ့က အာနူး ထံကနေတော့ တောင်တွေမှာ ကျားတစ်ကောင် ရှိနေတယ်တဲ့။ ဒါ့ကြောင့် ငါတို့က လူအနည်းငယ်စုပြီး အဲဒီမှာ ကျားရှိလား သွားကြည့်ကြမို့ …။ ငါတို့ ကံကောင်းရင်တော့ အဖေအတွက် အပေါ်ဝတ်အင်္ကျီကို ကျားအရေပြားနဲ့ လုပ်ပေးလို့ ရတာပေါ့… ”
အဘွားအိုက တစ်ခုခု ပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်သည်။ သို့သော် သူမက အဘိုးအိုက သူ့မြေးကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည့်အခါ သူမက သက်ပြင်းချ ခေါင်းယမ်း၍ ပြန်တိတ်ဆိတ် သွားတော့၏။
နေ့ရက်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလို့နေ၏။ သို့သော် သက်လတ်ပိုင်း လူကြီးကတော့ ထွက်သွားပြီး ကတည်းက ပြန်မလာခဲ့တော့ချေ။
အဘွားအိုကတော့ နေ့နေ့ညည စိတ်ထက်သန်စွာ စောင့်နေတုန်းပင်။ သို့သော် နောက်ဆုံးတွင်တော့ သူ့သား၏ ပျက်စီးနေသည့် အလောင်းသာ ပြန်ရောက်လာနိုင် ခဲ့တော့သည်။ သူမက သားအတွက် ပရိဒေဝ မီးတောက်ကို ခံစားလိုက်ရပြီး သတိမေ့သွားကာ တစ်ဖန်ပြန်၍ နိုးထမလာ ခဲ့တော့ချေ။
ခုအခါတွင် အဘိုးနှင့် မြေးတို့သာ သည်အိမ်လေးတွင် ကျန်ရစ်ခဲ့တော့လေ၏။
ကောင်လေးက ပန်းပုထွင်းခြင်းကို ဆက်၍သင်ယူနေပြီး အဘိုးအိုကလည်း သူ့ကို အပြင်ကနေ ငေးကြည့်နေတုန်းပင်။
သည်နေ့တွင် အဘိုးအိုက နူးညံ့စွာ မေးလိုက်၏။
“ပန်းပုထွင်းတာကို သင်ယူပြီးပလား … ”
ကောင်လေးက ခေါင်းမော့ကာ အဘိုးအိုကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“မြေးက ခုထိ မတက်မြောက် သေးပါဘူး …။ ပန်းပုထွင်းတာက တကယ့်ကို ခက်တာပဲ … မြေး ဘယ်လိုပဲလုပ်လုပ် မသင်နိုင်ဘူး ဖြစ်နေတယ် … ”
အဘိုးအိုက အနည်းငယ် စဉ်းစားသွား၏။ သည့်နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။
“မြေးက ဘယ်နှစ်ကြိမ် ကြိုးစားကြည့် ပြီးပြီးလဲ … ”
ကောင်လေးက ခေါင်းမော့လျက် အဘိုးအိုကို ထပ်ကြည့်လိုက်ကာ ပြောသည်။
“ဒါက ရှစ်ဆယ့်သုံးကြိမ် မြောက်ပဲ … ”
အဘိုးအိုက သက်ပြင်း ချလိုက်သည်။
“ဒါကို လက်လျှော့ဖို့ ဆန္ဒမရှိသေးဘူးလား … ”
ကောင်လေးက ကောင်းကင်ကို မော့ကြည့်နေ၏။ သိပ်မကြာခင်တွင် သူက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဘာလို့ လက်လျှော့ရမှာလဲ …။ ဒီလိုဘဝက ပိုကောင်းပါ သေးတယ် …။ မြေးက အဘိုးဘယ်သူမှန်း မသိတာထက် စာရင်တော့ … ”
“မြေးက ဒီလိုသံသရာကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ လုပ်နေတယ်ပဲ။ အရာအားလုံးက အခြေကျနေပြီလေ …။ ဘာမှ ပြောင်းလဲမှု မရှိဘူး။ မြေးက ထွက်ခွာသွားတဲ့လူတိုင်း ပြန်မလာနိုင်တော့ဘူး ဆိုတာ သိပါတယ် …။ ဘာလို့လဲဆိုတော့ မြေးဟာ ဒါနဲ့ပတ်သက်ပြီး အကြိမ်များစွာ တွေ့ကြုံပြီး ဖြစ်လို့ပဲ … ဒါကို ခုထိ မြေးက မသိသေးတာလား … မြေးက ခု အတိအကျ ဘာကိုလုပ်နေတာလဲ … ”
အဘိုးအိုက ရေနွေးခွက်ကို မြှောက်၍ သူ့ပါးစပ်နားသို့ တေ့လိုက်သည်။ သို့သော်သူက သောက်လိုက်ခြင်းတော့ မရှိချေ။
ကောင်လေးက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ သူ့လက်ထဲရှိ သစ်သားပန်းပု ရုပ်ကိုကြည့်သည်။ အချိန်အတန်ကြာ ပြီးနောက် သူက ပြောလိုက်သည်။
“အချိန်က အဆုံးသတ် သွားမှာလား … မဟုတ်ဘူး … ဒါက အဆုံးမသပ်ဘူး … ”
ကောင်းကင်ကံကြမ္မာ ကလန်ထဲ၌ ဗောဓိပင်အောက်တွင် နူးညံ့သောလူ၏ အသွင်က အလေးအနက် ဖြစ်လာခဲ့၏။ သူက သူ့ရှေ့ရှိ မည်သည့်အရာမှ မရှိသည့်နေရာကို စူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများက နက်မှောင်လို့ လာခဲ့သည်။
“ရှစ်ဆယ့်သုံးရက် … ဒီလူက တကယ့်ကို သာမန် မဟုတ်ဘူးပဲ … ဂျူနီယာညီလေး စွန်ယွမ်တောင် (၆၇) ရက်ပဲ ကြာမြင့်ခဲ့တယ် …။ ဒီစမ်းသပ်ချက် သုံးခုက စမ်းသာမှုတစ်ခုသာ ဖြစ်ပေမဲ့လည်း တစ်စုံတစ်ယောက်က သည်စမ်းသပ်မှုကနေ ဉာဏ်အလင်း ရနိုင်မယ်ဆိုရင် တကယ့်ကို အခွင့်ရေးကောင်း ရမှာပဲ … ဒီစမ်းသပ်ချက် သုံးခုက လူတစ်ယောက်စီရဲ့ သူတို့ဘဝမှာ တစ်ကြိမ်သာ ကြုံရမဲ့ အတွေ့အကြုံပဲ …။ ဆရာက ဒီစမ်းသပ်ချက် သုံးခုကို တည်ဆောက်ဖို့ အများကြီး စိုက်ထုတ်ထား ခဲ့ရတာ … ဒီဝမ်လင်းက ပထမ စမ်းသပ်မှုမှာတင် ရှစ်ဆယ့် သုံးရက်တောင် ကြာနေခဲ့ပြီ … ဒီလူ … ဆက်မနေနိုင် လောက်တော့ပါဘူး … ”
သူ့မျက်နှာက ပို၍ပင် သုန်မှုန်လာခဲ့၏။ သူ့အသွင်က ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်နေဟန် ရသည်။ သည့်နောက် သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုကရာ သက်တံရောင် အလင်းတစ်ခုက သူ့လက်တွင် ပေါ်လာခဲ့သည်။
“လာမယ့် ဂျူနီယာ ညီလေးရေ … မင်းကို ကူညီခွင့်ပေးပါ … ”
ထိုသို့ ပြောပြီးသည်နှင့် သူက ရှေ့သို့ လက်ညွှန်လိုက်ရာ သက်တံရောင် အလင်းက အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွား လေတော့သည်။
လူသားစမ်းသပ်ချက် အတွင်း၌ ကောင်လေးက ပန်းပုထွင်းလို့ နေတုန်းပင်။ သူက ရုတ်တရက် ခေါင်းမော့လာခဲ့၏။ ကောင်းကင်ထက်တွင် သက်တံရောင် အလင်းတန်း တစ်ခုက ပေါ်လာခဲ့ပြီး မျက်စိ ကျိန်းလောက်အောင် တောက်ပနေလေ၏။
သည်အလင်းတန်းက မာန်ပါ ကြမ်းကြုတ်လှ၏။ ၎င်းက တောက်ပသွားသည်နှင့် သည်နိဗ္ဗာန်ဘုံက နှင်းခဲမီးထိသကဲ့သို့ အရည်ပျော်ကျ သွားလေသည်။
ပန်းရနံ့များကလည်း သည်ဧရိယာတွင် မရှိတော့ပေ။
ရွာထဲရှိ အိမ်များကလည်း ပျက်စီးသွားကြသည်။
အိမ်များက တစ်ခုပြီးတစ်ခု အလင်းတန်းအောက်၌ ပျောက်ကွယ်သွား နေကြပြီး နောက်ဆုံးတွင် ရွာမြောက်ဘက် အစွန်းရှိ တတိယမြောက် အိမ်တစ်ခုသာ ကျန်ခဲ့တော့သည်။
ကောင်လေး အကြည့်ထဲ၌ ထူးဆန်းမှုများ ထုတ်ဖော်လာသည်။ သည့်နောက်သူက ပန်းပုထွင်းခြင်းကို ရပ်တန့်လိုက်ပြီး သူ့လက်ထဲရှိ ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေ၏။ ငွေရောင်အလင်း တစ်ခုက ကောင်းကင်ထက်ရှိ သက်တံရောင် အလင်းထံသို့ ထိုးထွက်သွား လေတော့၏။
ကောင်းကင်ထက်ကနေ မြေကမ္ဘာ ကွဲအက်သည့်အလား ထင်မှတ်ရသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက် တုန်ခါလှိုင်းများက ပတ်ဝန်းကျင် တစ်ခုလုံးသို့ ဝိုးတဝါး လှုပ်ခတ်သွားလေ၏။
သက်တံအလင်းက လေတိုက်သည့် ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ တဖျတ်ဖျတ် ဖြစ်နေသည်။ သို့သော် သိပ်မကြာခင်တွင် သက်တံရောင်က ထူးဆန်းစွာဖြင့် စတင်တောက်ပ လာခဲ့ပြန်ပြီး တစ်စုတစ်စည်းတည်း ပေါင်းစပ် သွားလေ၏။ သက်တံရောင်က မျက်လုံးတစ်စုံ အဖြစ်သို့ ပေါင်းစပ်သွားပြီး သည်မျက်လုံးက အရာအားလုံးကို ဖြတ်မြင်နိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရလေ၏။ ၎င်းမျက်လုံး အကြည့်က ကောင်လေးပေါ်သို့ ကျရောက်လာ ခဲ့တော့သည်။
ကောင်လေးမျက်လုံးက အေးစက်လာ၏။ သည့်နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခြံဝင်းထဲရှိ သစ်သားပုံကြီးက လေထဲသို့ ပျံတက်သွား လေတော့၏။ ကောင်လေးကလည်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သည့်နောက် ငွေရောင်လှိုင်းက သည်သစ်သားများကို ပုံဖော်ထွင်းထု၍ တချို့က မြေပေါ်သို့ ပြန်ကျလာ၏။ ချက်ချင်းပင် အိမ်ပုံစံ ပန်းပုများနှင့် ရွာသားများက ပြန်ပေါ်လာခဲ့တော့၏။
ကောင်လေးက ခေါင်းယမ်းလိုက်ရာ တစ္ဆေဆန်သည့် မီးတောက် တစ်ခုကြောင့် ပန်းပုအားလုံးက လက်ခနဲ ဖြစ်သွားလေ၏။ သည်မီးတောက်က ပထမ၌ သေးငယ်သော်လည်း လျင်မြန်စွာ ကြီးထွားလာပြီ စတင်ပျံ့နှံ့လာလေ၏။
ရွာ၊ ရွာသူရွာသားများ၊ ပန်းများ၊ ငှက်များ … အစရှိသဖြင့် အရာအားလုံးက ပြန်ပေါ်လာ ခဲ့လေသည်။ သည်နေရာက တစ်ဖန်ပြန်၍ နိဗ္ဗာန်ဘုံ တစ်ခုကဲ့သို့ ဖြစ်သွားလေတော့၏။
“ဘယ်သူလဲ ငါမသိဘူး …၊ ဒါပေမဲ့ ခုချက်ချင်း ပျောက်ကွယ်သွားတော့ … ”
ကောင်လေး၏အသံက နူးညံ့သော်လည်း အသတ်အဖြတ် စိတ်ဆန္ဒများ ပြည့်လို့နေ၏။
ကောင်းကင်ထက်ရှိ မျက်လုံးတစ်စုံက လူငယ်လေးကို စူးစိုက်ကြည့် ပြီးနောက် သိပ်မကြာခင်တွင် ပျောက်ကွယ်သွား လေတော့သည်။
ကောင်းကင်ကံကြမ္မာ ကလန်၏ ဗောဓိပင်အောက်တွင် နူးညံ့သည့်အသွင် ရှိသည့်လူကြီး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီတော့ … ဒါက ဒီလိုပေါ့ … ဒီလူ့ရဲ့ တာအိုက ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းနဲ့ ဆက်စပ်နေတာပဲ … သူက (၈၃) ကြာနေနိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ … ”
လူသားစမ်းသပ်ချက် အတွင်း၌ အဘိုးအိုက သက်ပြင်းချလိုက်ကာ မတ်တတ်ထရပ် လိုက်ပြီး ကောင်လေးကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်၏။
“(၈၄)ကြိမ်မြောက် စတင်တော့မယ် …။ မြေးက ဆက်ပြီး ထက်လုပ်ချင်သေးလား … ”
ကောင်လေးက ခေါင်းညိတ်ကာ သူ ရှစ်ဆယ့်သုံးကြိမ် ထွင်းထုပြီးနောက် အပြီးမသတ် နိုင်သေးသည့် သစ်သားပန်းပုရုပ်ကို ကြည့်လိုက်သည်။ သည်သစ်သား ပန်းပုရုပ်ကတော့ အမျိုးသမီး တစ်ယောက်သာ ဖြစ်လေတော့၏။
“ဆက်လုပ်ကြတာပေါ့ … ဒါကတာအို ရှာဖွေခြင်းပဲ … ဒီလူသား စမ်းသပ်ချက်ရဲ့ နောက်ကွယ်က ဆိုလိုရင်း အမှန်လည်း ဖြစ်တယ် … ”
ကောင်းကင်ကံကြမ္မာ ကလန် အတွင်းနက်ပိုင်းတွင် ရှေ့ဖြစ်ဟောသူက မျက်လုံး မှိတ်ထားလျက် ရှိပြီး ကလန်အတွင်းရှိ အနက်ရောင် ပလ္လင်အလယ်တွင် ကျင့်ကြံလျက် ရှိနေသည်။ သူက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး ကျေနပ်စွာ ပြုံးလာခဲ့သည်။ သူက ပြောလိုက်၏။
“ဒီကလေးက တကယ့်တော်တယ် … ”
ဆယ်ရက်ကြာ ပြီးနောက် လူသား စမ်းသပ်ချက်၏ နိဗ္ဗာန်ဘုံအတွင်းတွင် လူတစ်ယောက်က လမ်းလျှောက်၍ လာ၏။ သည်အရာက ကောင်လေး၏ ပထမဆုံး အကြိမ်အဖြစ် ခြံဝင်းထဲကနေ ထွက်၍ လမ်းလျှောက်ခြင်း ဖြစ်သည်။ သူက ခြံဝင်းအပြင်သို့ ပထမခြေလှမ်း လှမ်းလိုက်သည့်အခါ ကောင်လေးပင် ဖြစ်နေသေးသည်။ နောက်တစ်လှမ်း လှမ်းလိုက်သည့်အခါ ဆယ်ကျော်သက် အရွယ် … နောက်ထပ် တတိယမြောက် ခြေလှမ်း လှမ်းလိုက်သည့်အခါ လူငယ်တစ်ယောက် အသွင်သို့ ပြောင်းလဲသွားလေ၏။
လူငယ်၏ ဆံပင်က လေမတိုက်ပါဘဲနှင့် လှုပ်ရှားလို့နေသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်စုံကို ဝတ်ဆင်ထားပြီး သည်ရွာနိဗ္ဗာန်ဘုံကနေ တစ်လှမ်းချင်း လှမ်းထွက်လာခဲ့၏။ သူ့လက်ထဲတွင် သစ်သားပန်းပုရုပ် တစ်ခုကို ကိုင်ဆောင်ထား လေသည်။ အဆုံးသတ်မှာတော့ သည်သစ်သား ပန်းပုရုပ်က ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်လေ၏။
သည်သစ်သား ပန်းပုရုပ်က နူးညံ့၊ လှပပြီး အတော်လေး ကြည့်ကောင်းသည့် အမျိုးသမီးအသွင် ဖြစ်နေသည်။ သူမက အပြုံးက နေမင်းလိုတောက်ပ၍ သူမျက်လုံးများထဲ၌ ပျော်ရွှင်ဟန်များ ဖြစ်တည်နေ၏။
သည်လူငယ်ကတော့ ဝမ်လင်းပင်။
“အနည်းဆုံး သံသရာစက်ဝန်း တစ်ရာ မရှိဘဲနဲ့ လူတစ်ယောက်က ဘယ်လိုလုပ် တာအိုကို ရှာနိုင်ပါ့မလဲ … အနည်းဆုံး နှစ်ပေါင်းတစ်ထောင် ကျင့်ကြံမှု မရှိဘဲနဲ့ လူတစ်ယောက်က ကောင်းကင်ဘုံရဲ့ တာအိုကို ရှာနိုင်ပါ့မလဲ … ဒီလူသား စမ်းသပ်ချက်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ် … ”
ခုချိန်တွင် ဝမ်လင်း မျက်လုံးများက အေးချမ်းလျက် ရှိနေ၏။ သည်စမ်းသပ်ချက်က သူ့ကို အံ့ဩဖွယ်ကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်စေခဲ့လေသည်။ သို့ရာတွင် သူက သည်ပြောင်းလဲမှုကို ကောင်းစွာ ဖုံးထားနိုင်ခဲ့၏။ သည့်အတွက်ကြောင့် သည်အရာကို သတိပြုမိရန် အလွန်ခက်ခဲပေ လိမ့်မည်။
သူ့မျက်လုံးများက အရင်ကထက်ပို၍ ကြည်လင်လာခဲ့၏။ ကြယ်စုံသည့် ကောင်းကင်အလားပင်။
ဝမ်လင်းက ဟင်းလင်ပြင် ထဲကနေ ပျောက်ကွယ်လို့သွားပြီး လူသား စမ်းသပ်ချက်ကနေ လှမ်းထွက်လာ ခဲ့တော့၏။
“မြေကမ္ဘာ စမ်းသပ်ချက်က ကျင့်ကြံခြင်းကို စမ်းသပ်တာပဲ …။ မင်း အဆင်သင့် ဖြစ်ပြီလား… မင်း အထဲကို ဝင်ရောက်ရဲလား … ”
“ငါက ဘာလို့ မလုပ်ဝံ့ကမှာလဲ … ”
ဝမ်လင်းက ပြုံးယောင်သန်း၍ ခေါင်းမော့ လိုက်လေသည်။
***