Switch Mode

အပိုင်း (၅၂၄)

တာအိုကို ရှာဖွေခြင်း

ကောင်းကင်ကံကြမ္မာ ကလန်က ထျန်ယွမ်ဂြိုဟ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ၎င်းကလန်က မြူများဖြင့် ဖုံးလွှမ်းလို့ထားသည်။

မြူများနှင့် တိမ်များက သည်ဧရိယာတွင် ထူထဲစွာ ရှိလို့နေ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ကလန်က မြူအလွှာများဖြင့် ဖုံးထားသည်ကိုသာ တွေ့ရမည် ဖြစ်ပြီး အထဲသို့ မြင်နိုင်ရန် မဖြစ်နိုင်ပေ။

ကြီးမားသည့် ဘုရားကျောင်းကြီးက အလယ်တွင် ရှိနေပြီး ညင်သာသော ရွှေရောင်အလင်းကို ထုတ်လွှတ်လို့နေ၏။

ဘုရားကျောင်း၏ အောက်တွင် ကျောက်တုံးများက လှေကားထစ်အသွင် လွင့်မျောနေကြပြီး တောင်ခြေအောက်သို့ ဦးတည်လို့နေသည်။

သည်နေရာကတော့ ကောင်းကင်ကံကြမ္မာ ကလန်၏ အပြင်ကလန် တည်ရှိသည့်နေရာ ဖြစ်သည်။

သည်အချိန်တွင် ဓားအလင်းတန်းများက ကောင်းကင်ကံကြမ္မာ ကလန်ကို ဖြတ်၍ ဟိုမှသည်မှ ပျံသန်းလာနေကြ၏။ ကလန်က အလွန်ပင် အသက်ဝင်လို့နေသည်။

ဝမ်လင်းက တောင်အပြင်ဘက်တွင် မတ်တတ်ရပ်၍ ဘုရားကျောင်းကြီးကို ကြည့်နေခဲ့သည်။ သူက အသက်ဝဝရှူသွင်း၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

ထို့နောက် အလင်းတန်းအသွင် ပြောင်း၍ ရှေ့သို့ တဟုန်ထိုး တိုးသွားလေတော့သည်။

တောင်ရှိရာသို့ ရောက်ရန် ဝမ်လင်းက အချိန်သိပ်မကြာလိုက်ပေ။ သူက တောင်ကို ဖြတ်သန်းဟန် ပြုလုပ်စဉ် သူ့အသွင်က ပြောင်းလဲသွားပြီး ရပ်တန့်ကာ အကွာအဝေး တစ်ခုထံသို့ လှမ်းကြည့်လိုက်၏။

“ဝင်လာသူ … ရပ်လိုက် … ”

ထိုအကွာအဝေးကနေ အသံတစ်ခု ပျံ့နှံ့လာခဲ့၏။ သည်အသံက မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ ရှင်းလင်းနေသည်။

ဝမ်လင်းအသွင်က လေးစားသည့်ဟန် ဖြစ်သွားလေ၏။ သူက လက်သီးနှစ်ဖက် ဆုပ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။

“ဟင်္သာပြဒါးဂြိုဟ်က ဝမ်လင်းက စီနီယာ ရှေ့ဖြစ်ဟောသူကို တွေ့ရဖို့ ဒီကို ရောက်လာခဲ့ပါပြီ… ”

“ဝမ်လင်း … လေးစားရတဲ့ ရှေ့ဖြစ်ဟောသူက မင်းရောက်လာကို သိနှင့်ခဲ့ပြီးပြီး … ဒါပေမဲ့ ကောင်းကင်ကံကြမ္မာ ကလန်ထဲကို ဝင်ချင်ရင် ဂုဏ်ယူဖွယ် တပည့်တွေတောင် စမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ရတယ် … မင်းက ဒါကို လက်ခံဝံ့လား … ”

ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လို့သွား၏။ သူက ချက်ချင်း ပြန်ဖြေခြင်း မရှိသေးဘဲ မေးလိုက်သည်။

“ဒီစမ်းသပ်ချက် သုံးခုက ဘာတွေလဲ … ”

“ပထမဆုံးက လူသားစမ်းသပ်ချက် … ဒီစမ်းသပ်မှုက မင်းရဲ့ တာအိုနှလုံးသားကို စစ်ဆေးတာပဲ …။ ဒုတိယကတော့ ကမ္ဘာမြေ စမ်းသပ်ချက် … ဒီဟာကတော့ မင်းရဲ့ ကျင့်ကြံခြင်းကို စစ်ဆေးတာ … တတိယတစ်ခုကတော့ ကောင်းကင် စမ်းသပ်ချက် …။ ဒီစမ်းသပ်မှုကတော့ မင်းရဲ့နယ်ပယ်ကို စစ်ဆေးတာ … မင်းက ဒီစမ်းသပ်ချက် သုံးခုကို ဖြတ်ပြီးမှ ကောင်းကင်ကံကြမ္မာ ကလန်ကို ဝင်နိုင်လိမ့်မယ် …။ မင်း လုပ်ဝံ့လား … ”

အသံက ပြတ်ပြတ်သားသားပင်။

စကားဆုံးသွားပြီးနောက် ဝမ်လင်းရှေ့တွင် ထောင်ချီ အလင်းတန်းများ စုစည်းလာကာ ဘဲဥပုံစံအဝန်းအဝိုင်း တစ်ခု ဖြစ်ပေါ်သည်။

ဝမ်လင်းက ပြုံး၍ ပြောသည်။

“ငါက ဘာလို့ မလုပ်ဝံ့ရမှာလဲ … ”

ထိုသို့ပြောပြီးနောက် သူက ဘဲဥပုံအဝန်းထဲသို့ လှမ်းလျှောက်သွားလေ၏။

ကောင်းကင်ကံကြမ္မာ ကလန်၏ မြင့်မားသည့် တောင်ထိပ်တစ်ခုတွင် ဗောဓိပင် တစ်ပင်ရှိလေ၏။

သည်အပင်၏ အကိုင်းအခတ်များက အုံ့ဆိုင်းလို့နေပြီး ကောင်းကင်ကို ဖုံးအုပ်ထားသည့် ထီးတစ်လက်နှင့် ဆင်တူနေ၏။ ၎င်းအပင်ကို ကြည့်မိသည့် မည်သူမဆို ဦးညွှတ်ချင်စိတ် ပေါက်လာမည်သာ ဖြစ်သည်။

သည်အခိုက်တွင် ထိုဗောဓိပင်အောက်၌ လူသုံးယောက် ရှိလို့နေ၏။

ရှေ့ဆုံးကလူကတော့ အဘိုးအို တစ်ယောက်ပင်။ သူက ညင်သာသော ဟန်ပန်ရှိပြီး အဖြူရောင် ဆံပင်များက လေနှင့်အတူ လွင့်မျောလို့နေ၏။ သို့ရာတွင် သူ့ထံကနေ မည်သည့် အသက်ကြီးသည် ခံစားချက်ကိုမှ မရရှိဘဲ သည်ကမ္ဘာ၏ အပြင်ဘက် တည်ရှိမှုကအလား ခံစားချက်ကိုသာ ရရှိစေ၏။ သူ့မျက်လုံးများကလည်း လူငယ်များထက်ပင် သာ၍ တောက်ပလို့ နေသေးသည်။

အထူးသဖြင့် သူ့မျက်ခုံးနှစ်ခုက မျက်နှာပေါ်တွင် အဖြူရောင်နဂါး နှစ်ကောင်အလား သွယ်တန်းနေပြီး လေနှင့်အတူ ညင်သာစွာ လှုပ်ရှားနေ၏။

သူ့အကြည့်က အကွာအဝေး တစ်ခုထံသို့ ရောက်နေ၏။ သည်အကြည့်က အသက်ဓာတ်ကို ပြသလို့နေသည်။

သူ့နောက်တွင်တော့ လူနှစ်ယောက်က လေးစားစွာ မတ်တတ်ရပ်လျက် ရှိနေကြသည်။ သူတို့နှစ်ယောက်လုံးက အသက်သုံးဆယ် ပတ်လည်ဟု ထင်ရ၏။ သူတို့ထဲက တစ်ယောက်က ပြုံးနေပြီး ပျူငှာသည့်ဟန် ရှိသည်။ နောက်တစ်ယောက် ကတော့ အလေးအနက် အသွင်နှင့် ရှိနေသည်။ သူ့မျက်လုံးများက အေးစက်ပြီး သူက ခံစားချက်မဲ့စွာ ရပ်လို့နေ၏။

ပြုံးနေသောလူက အဘိုးအိုကို ကြည့်၍ ပြောလိုက်သည်။

“ဆရာ … ဒီလူက ဂုဏ်ပြုခံတပည့် တစ်ယောက်ပဲလေ …။ ဘာကြောင့် သူက စမ်းသပ်ချက် သုံးခုကို ဖြတ်ကျော်ရတာလဲ … ”

အဘိုးအို မျက်လုံးများက အကွာအဝေးတစ်ခုကို ကြည့်နေရင်း အလင်းတန်းအလား ရှိနေ၏။ သူက ဖြည်းညင်စွာ ပြောလိုက်သည်။

“ငါက သူ့ကို တပည့်အဖြစ် လက်ခံဖို့ စိတ်ကူးမိနေတာ … ငါတို့ နှစ်ယောက်ကြားမှာ ဆရာတပည့် ကံတရားကို စီမံထားတဲ့ပုံပဲ …။ နှစ်တစ်ရာလောက်နဲ့ သူ့ကျင့်ကြံမှုအဆင့်က ခုလောက်ထိ ရောက်လာခဲ့တယ် …။ သူက တကယ့်ကို မရိုးရှင်းဘူး … ”

နူးညံ့ဟန်ရသည့်လူက ပြုံး၍ ပြောလိုက်သည်။

“ဆရာ့ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ သူ့အတွက် ကံကောင်းတာပဲ … ”

“သူက စမ်းသပ်ချက်သုံးခုကို ဖြတ်နိုင်ရင် သူ့ကို ခရမ်းတိမ်ခန်းမကို ခေါ်သွားလိုက်ပါ … ” အဘိုးအိုက လေဟာနယ်ကို တစ်ဖန်ထပ်ကြည့်၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား လေတော့သည်။

သူ့နောက်ရှိ နှစ်ယောက်လုံးကတော့ အဘိုးအို ထွက်ခွာသွားသည့် အချိန်ထိ ခေါင်းငုံ့၍ လေးစားမှု ပြသလိုက်ကြသည်။

အေးစက်စက် မျက်နှာနှင့်လူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ခရမ်းတိမ်ခန်းမ … စိတ်ဝင်စားစရာပဲ … ”

“ဂျူနီယာညီလေး ကျိုး … ဒါက ဘာစိတ်ဝင်စားစရာ ကောင်းလို့လဲ … ”

နူးညံ့ဟန်ရသည့်လူက ကျိုးအမည်ရှိ လူထံသို့ လှည့်လိုက်သည်။

“စီနီယာအစ်ကို … သင်က ဂျူနီယာညီလေးကို စမ်းသပ်ဖို့ ကြိုးစားနေတာလား …။ ခရမ်းတိမ်ခန်းမက သာမန်ဂုဏ်ပြုခံ တပည့်တွေ နေနိုင်တဲ့ နေရာမဟုတ်ဘူး။ ခရမ်းကောင်းကင် နန်းတော်နဲ့ ငါ့ရဲ့ ခရမ်းအိပ်မက် နန်းတော်တို့ကသာ ငါတို့ဆရာရဲ့ အစစ်အမှန် တပည့်တွေသာ နေရတဲ့ နေရာလေ … ”

“ခရမ်းတိမ် ခန်းမကလည်း သိပ်မကြာခင်မှာ ခရမ်းသစ်သား နန်းတော် နာမည်ကို ပြောင်းသွားလိမ့်မယ်လို့ ငါ စိုးရိမ်နေမိတယ် … ”

နူးညံ့သည့်လူက ပြုံး၍ ပြောသည်။

“ဒီဝမ်လင်းက မရိုးရှင်းဘူး … ဆရာက သူနောက်ထပ် တပည့် လက်မခံတော့တာ ကိုတောင် ဖယ်ရှားပစ် တော့မယ်ပုံပဲ။ ငါတို့က နောက်ထပ် ဂျူနီယာညီ တစ်ယောက် ထပ်ရတော့မှာပေါ့ …။ ဒါက ကျေနပ်စရာ ကိစ္စမဟုတ်ဘူးလား … ”

“စီနီယာအစ်ကို မင်း ခုပြောသလိုမျိုး မင်းနှလုံးသားထဲမှာ တွေးနေတာ မဟုတ်ပါဘူး … ”

ကျိုးဟု အမည်ရသည့်လူက နှာခေါင်းရှုံ့ကာ ထွက်ခွာ သွားတော့သည်။

သည်အခိုက်တွင် နူးညံ့သောအသွင်ရှိသည့် လူတစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။ သူ့မျက်လုံးများက တည်ငြိမ်နေပြီး သူ့မျက်လုံးထဲ၌ တစ်စုံတစ်ရာကို တိတိပပ အဖြေမရှာ နိုင်သေးသည့် အကြည့်တို့ ရှိနေ၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ခရမ်းတိမ်ခန်းမ … ဆရာ့ရဲ့ ရွေးချယ်မှုက တကယ့်ကို စိတ်ဝင်စားစရာပဲ … ဂျူနီယာညီလေး စွန်ယွမ် … ကြည့်ရတာ ဆရာက မင်းအပေါ် ယုံကြည်မှုအားလုံး မရှိတော့တဲ့ပုံပဲ …”

ဝမ်လင်းအတွက်တော့ သူက ဘဲဥပုံ အဝန်းအဝိုင်းထဲသို့ ခြေချလိုက်ပြီးနောက် သူ့အမြင်က မှုန်ဝါးသွားကာ သူက အဖြူရောင်ကမ္ဘာကြီး တစ်ခုထဲ၌ ပြန်ပေါ်လာခဲ့လေသည်။

သူက သည်နေရာ၏ အဆုံးကို မြင်နိုင်စွမ်း မရှိပေ။ သူက သည်နေရာတွင် မတ်တတ်ရပ်နေရင်း သူ့စိတ်ထဲ၌ အထီးကျန်မှုတို့ ဖြစ်ပေါ်လာလေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေသည်။ သူ့စိတ်ထဲရှိ အထီးကျန်မှုကလည်း ပျောက်ကွယ်လို့ သွားလေ၏။

“စိတ်ဝင်စားစရာပဲ … ဒီနေရာက ငါ့နှလုံးသားကို ပြောင်းလဲမှု ဖြစ်စေတယ် … ”

ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို အရပ်မျက်နှာ အနှံ့သို့ ရူးသွပ်ဖွယ် ဖြန့်ကြက် လိုက်လေ၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်၏ နတ်ဘုရားအာရုံဖြင့် ဝမ်လင်းစိတ်ထဲတွင် သည်နေရာရှိ ကီလိုမီတာ ထောင်ပေါင်းများစွာ အတွင်းရှိ အရာအားလုံးက ပေါ်လာခဲ့တော့သည်။

“ပထမစမ်းသပ်ချက်က ငါ့ တာအိုနှလုံးသားကို စမ်းသပ်တာပဲ … ”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။

သည်အခိုက်တွင် ဝမ်လင်းရှေ့တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက ပေါ်လာခဲ့ပြီး သူ့ထံသို့ တစ်လှမ်းချင်း လှမ်းလျှောက်၍ လာနေလေသည်။

ဝမ်လင်းက လှမ်းကြည့် လိုက်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ လှုပ်ရှားခြင်း မရှိချေ။

သည်ပုံရိပ်က တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ထိုပုံရိပ်၏ လှပသော မျက်နှာလေး ပေါ်လာခဲ့သည်။ သူမကတော့ လီမူဝမ်ပင်။

လီမူဝမ်က ဝမ်လင်းကိုကြည့်ကာ ပျော်ရွှင်ဟန်ဖြင့် ပြုံးလိုက်သည်။ သူမက ပါးစပ်ဟ၍ တစ်ခုခု ပြောဟန်ပြင် လိုက်သည်။ သို့သော် ဝမ်လင်းက သူမစကားများကို မကြားရချေ။

သိပ်မကြာခင်တွင် လီမူဝမ်က စိုးရိမ်ပူပန်ဟန် ဖြစ်လာပြီး ရှေ့သို့ ခြေလှမ်းလှမ်း၍ အနည်းငယ် တိုးကပ်လာခဲ့သည်။

ဝမ်လင်းက လီမူဝမ်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ပထမဆုံး စမ်းသပ်ချက်က ငါ့တာအိုရဲ့ ပုံရိပ်ယောင်ကနေ ဖြစ်လာတာပဲ … တကယ်တော့ ဒါက မခက်လှပါဘူး … ”

ဝမ်လင်းက သက်ပြင်းချ၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းက လီမူဝမ်နားသို့ လျင်မြန်စွာ လှုပ်ရှားသွားလေသည်။ သူက သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူ၍ ပြုံးလိုက်သည်။

“တာအိုနှလုံးသား … တာအိုနှလုံးသား … ”

လီမူဝမ်က ဖျော့တော့စွာ ပြုံး၍ ဝမ်လင်းနှင့်အတူ ပျောက်ကွယ်လို့ သွားတော့သည်။

ကောင်းကင်ကံကြမ္မာ ကလန်ရှိ ဗောဓိ သစ်ပင်အောက်တွင် နူးညံ့သော လူငယ်က အံ့အားသင့်ဟန် ဖြစ်သွားလေ၏။ သူ့မျက်လုံးများ ထဲကလည်း ထူးဆန်းသော အလင်းတစ်ခု ထုတ်လွှတ်လာလေ၏။

“ဆရာက မမှားဘူးဆိုရင်တောင် ဒီလူက အတော်လေး ဉာဏ်ရှိတာပဲ …။ သာမန်လူတွေက ပထမစမ်းသပ်ချက်မှာ အရာနှစ်ခုကိုပဲ လုပ်လေ့ရှိတယ် …။ သူတို့က သူတို့ကိုယ်သူတို့ ဒါနဲ့ ပတ်သက်ပြီး တည်ငြိမ်အောင် လုပ်ပြီး ရှောင်ရှားရင် ရှောင်ရှား … မဟုတ်ရင် အတင်းအကျပ် ဖျက်ဆီးဖို့ ကြိုးစားကျတယ်။ ဒီလူကတော့ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ် …။ သူက တာအိုကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပဲ … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset