သည်နေ့တွင် ဟင်းလင်ပြင်ထဲကနေ ငွေရောင်အလင်းတန်း တစ်ခုက ပျံသန်းထွက်လာခဲ့၏။ သည်အလင်းတန်းက နဂါးတစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်ထဲသို့ မည်သည့် အတားအဆီးမှ မရှိဘဲ ဖြတ်သန်းလာနေ၏။
သည်ငွေရောင် အလင်းတန်းပေါ်၌ လူတစ်ယောက် မတ်တတ်ရပ်လျက် ရှိနေ၏။ သည်လူ့နောက်ရှိ ဆံပင်များက လွင့်မျောနေပြီး မောက်မာသည့် မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားလေ၏။ သူ့အသွင်က ထက်မြက်ဟန် ရလေ၏။
သည်လူ့အသားအရေက နက်မှောင်နေပြီး လူအများကို တက်ကြွမှုအပြည့် စိတ်ဝိညာဉ် ခံစားအသိအား ပေးစွမ်းလို့နေသည်။
သူကတော့ ဝမ်လင်းပင် ဖြစ်လေ၏။
ထျန်ယွမ်ဂြိုဟ်သို့ သူလာခဲ့သည့် ခရီးစဉ်က နှစ်ဝက်ကျော် ကြာခဲ့လေသည်။ သည်နှစ်ဝက်အတွင်း ဝမ်လင်းက အတော်လေး ပြောင်းလဲသွားခဲ့၏။
သူ့အသားအရေက ဟင်္သာပြဒါးဂြိုဟ် ပေါ်မှာကဲ့သို့ ဖြူခြင်း မရှိတော့ဘဲ အနည်းငယ် နက်မှောင်နေခဲ့၏။ သည်အရာက ကြယ်များကြားရှိ ထူးဆန်းသော အားတစ်ခုကြောင့်ပင် ဖြစ်သည်။
ငွေနဂါး အလင်းတန်းကတော့ သူ့သန့်စင်ထားသည့် ကြယ်သံလိုက် အိမ်မြှောင်ပင် ဖြစ်၏။
ရှေးဟောင်းနတ်ဘုရား ထူစီ၏ မှတ်ဉာဏ်များထဲရှိ အထူးနည်းလမ်း တစ်ခုကို အသုံးပြုကာ ဟင်းလင်းပြင်သစ် ကျောက်တုံးဖြင့် ၎င်း၏ တည်ဆောက်ပုံကို ပြောင်းလဲကာ နှင်းမှင်ရည်နှင့် ပြည့်ဝစွာ ပေါင်းစပ်ခဲ့လေ၏။ သည့်အတွက်ကြောင့် ထိုသို့ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့ခြင်းပင်။
ငွေနဂါးပုံစံကတော့ ရှေးဟောင်း နတ်ဘုရားများ၏ မှတ်ဉာဏ်ထဲမှ ချီဟိုင် ဟူခေါ်သည့် ရှေးဟောင်း သက်ရှိတစ်ကောင် ဖြစ်လေ၏။ သည်သက်ရှိ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သည့်အတွက်ကြောင့် ကြယ်သံလိုက် အိမ်မြှောင်ကို ၎င်းသက်ရှိပုံစံသို့ ပြောင်းလဲအသုံးပြု လိုက်သည့်အခါ ၎င်း၏ အမြန်နှုန်းအချို့ကို ရရှိသွားပေသည်။ ၎င်းက အစစ်အမှန် သက်ရှိနှင့် ယှဉ်နိုင်ခြင်း မရှိသော်လည်း ကြယ်သံလိုက် အိမ်မြှောင်က အံ့မခန်း မြန်သည့်နှုန်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်း နတ်ဘုရားထူစီ၏ မှတ်ဉာဏ်များ အရဆိုလျှင် အစစ်အမှန် ကြယ်သံလိုက် အိမ်မြှောင်က ချီဟိုင်သက်ရှိ၏ သွေးစက် လိုအပ်ပေမည်။ သို့မှသာ အသုံးပြုသူ တစ်ယောက်က ကြယ်သံလိုက် အိမ်မြှောင်၏ အစွမ်းကုန်စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်လေ၏။
သည်အခိုက်တွင် ဝမ်လင်းအောက်ရှိ ငွေနဂါးက အာဏာတက်ခြင်း အဆင့်တစ်ယောက်ထက် နှေးကွေးခြင်း မရှိပေ။
သည်ငွေရောင်အလင်းက အာကာသ ဟင်းလင်းပြင်ထဲ၌ တောက်ပသွားပြီး အကွာအဝေးတစ်ခုသို့ ပျောက်ကွယ် သွားလေ၏။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ နောက်ထပ် နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြန်၏။
ဝမ်လင်းက သည်ဟင်းလင်းပြင်ထဲ၌ တစ်ကိုယ်တည်း ခရီးနှင်နေသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။ သည်တစ်နှစ်အတွင်း ဝမ်လင်းက အတော်များများကို မြင်တွေ့ခဲ့ရသည်။ အစ၌ သူက အရာအားလုံးကို အာရုံစိုက်ကြည့် ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင်တော့ ကြည့်ရုံသာ ကြည့်၍ ဖြတ်ကျော်လာ ခဲ့တော့သည်။
သူက ထျန်ယွမ်ဂြိုဟ်နှင့် နီးသထက် နီးလာခဲ့သည်။
ဝမ်လင်းက သူ့ခေါင်းထဲရှိ မြေပုံကို အခြေခံ၍ အကွာအဝေးကို တွက်ကြည့်နေသည်။ ခုချိန်တွင် သူက ခရီးတစ်ဝက်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက မရေမတွက်နိုင်သော ဂြိုဟ်များကို တွေ့မြင်ခဲ့ရ၏။ အချို့ဂြိုဟ်များတွင် ကျင့်ကြံသူများ ရှိပြီး အချို့နေရာတွင်တော့ မရှိပေ။ အချို့ဂြိုဟ်များ တွင်တော့ အားကောင်း ကြမ်းကြုတ်သည့် အော်ရာများ ပြည့်နေသည်ကို တွေ့ခဲ့ရသည်။
သည်အရာများအပြင် ဝမ်လင်းက ဓားပြများနှင့် ကြုံခဲ့ရသေးသည်။ သည်လူများက ကျင့်ကြံသူအားလုံးက ဖယ်ရှားထားသည့် အုပ်စုတစ်စုပင်။ သူတို့ကို အစွန်းရောက် ကျင့်ကြံသူဟု ခေါ်တွင်ကြ၏။
သည်ကျင့်ကြံသူများက သူတို့၏ အချိန်အများစုကို အာကာသ ဟင်းလင်းပြင်ထဲ၌သာ ကုန်ဆုံးလေ့ရှိ၏။ မည်သူ့ကမျှ အားနည်းကြခြင်းလည်း မရှိကြချေ။ သူတို့က ဖြတ်သန်းသွားလာသော ကျင့်ကြံသူများ ထံကနေ ခိုးယူ လုယက်ကြလေ့ ရှိသည်။
လမ်းခရီးတွင် ဝမ်လင်းက သည်လိုကျင့်ကြံသူ အနည်းငယ်နှင့် တွေ့ကြုံခဲ့ရသေးသည်။ သို့သော် သည်လူများက ကျင့်ကြံခြင်းအဆင့်ကို ထောက်လှမ်းရာ၌ အလွန်အတွေ့အကြုံ ရှိကြသဖြင့် သူတို့အားလုံးက ဝမ်လင်းကို ရပ်တန့်စေဝံ့ခြင်း မရှိကြချေ။
သို့သော် အတွေ့အကြုံ မကြွယ်သေးသည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကတော့ ဝမ်လင်းကို တိုက်ခိုက်ခဲ့သေး၏။ သူက ဝမ်လင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရ၍ ထွက်ပြေးသွား ခဲ့ရပေသည်။
အားနည်းမှုက အာကာသ ဟင်းလင်းပြင်တွင် ရှင်သန်နိုင်မည် မဟုတ်ချေ။ သည့်အတွက်ကြောင့် ဝမ်လင်းက သူ့အော်ရာကို ဆက်၍ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ စွမ်းအားပြည့် ထုတ်လွှတ်ထားလိုက်၏။ အထူးသဖြင့် သူ့မူလခန္ဓာကိုယ်၏ အသတ်အဖြတ် စိတ်ဆန္ဒကိုပင်။
သည်စိတ်ဆန္ဒက ကြီးမားသည့် အော်ရာတစ်ခုကို ဖြစ်ပေါ်၍ ဆောင်းလေကြမ်း တစ်ခုကဲ့သို့ လှုပ်ရှားလို့နေခဲ့သည်။ သည်အရာက လူအများ၏ နှလုံးသားကို တုန်ယင်စေပေသည်။
ရလဒ်အနေဖြင့် အစွန်းရောက် ကျင့်ကြံသူများက ဝမ်လင်းကို တွေ့လိုက်သည်နှင့် သူတို့က သူနှင့်ဝေးဝေးကို ရှောင်သွားခဲ့ကြသည်။
သည်လိုနှင့် ဝမ်လင်းက ဆက်လက်၍ ပျံသန်းလာနေ ခဲ့သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်လေ၏။
သည်နေ့တွင် ဝမ်လင်းက ငွေနဂါးပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေသည်။ သူ့ရှေ့တွင် အစိမ်းရောင်အလင်းဖြင့် ဝန်းရံထားသည့် ကြယ်အဖွဲ့အစည်း တစ်ခု ရှိနေသည်။
သည်ကြယ်အဖွဲ့အစည်း ထဲ၌ ကြီမားလွန်းသည့် ခရမ်းရင့်ရောင် ဂြိုဟ်တစ်လုံး ရှိလို့နေသည်။ သည်ဂြိုဟ်ကနေ အလင်းများစွာ ထွက်ပေါ်နေကြလျက် ရှိ၏။ သည်အလင်းတန်းများက ဧရာမ သလင်းကျောက်ကြီး အလား ထင်မှတ်ရလေသည်။ ၎င်းက အလွန်လှလေ၏။
သည်ဧရာမဂြိုဟ်ကြီး ပတ်လည်တွင်တော့ ဂြိုဟ်ငယ်ငါးခုက ပတ်လို့နေ၏။ သည်အရာများ၏ အပြင်ဘက်တွင်လည်း အချို့ဂြိုဟ်ငယ်များက ပြန့်ကျဲ တည်ရှိလို့နေ၏။ သည်ဂြိုဟ်များ အားလုံးက စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေ၏။ ကြည့်ရသည်မှာ သည်ဂြိုဟ်များပေါ်၌ အတားအဆီး အစီအရင်များ ရှိနေသည်မှာ ရှင်းလင်းလို့နေသည်။
ဝမ်လင်းက သည်ခရမ်းရင့်ရောင် ဂြိုဟ်ကို ကြည့်နေရင်း သူ့ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်လာခဲ့သည်။ သည်နေရာက ရှေ့ဖြစ်ဟောသူ သူ့ကို ချန်ထားပေးခဲ့သည့် ထျန်ယွမ်ဂြိုဟ်၏ တည်နေရာပင် ဖြစ်သည်။
သည်အခိုက်တွင် ဝမ်လင်းမျက်လုံးထဲ၌ ထျန်ယွမ်ဂြိုဟ်သည် အလွန်တရာ ကြီးမားလွန်းနေ၏။ နှိုင်းယှဉ်မည်ဆိုပါက ဟင်္သာပြဒါးဂြိုဟ်က သေးငယ်လွန်းနေ၏။
သည်အခိုက်တွင် သူက သည်ဂြိုဟ်ကနေ သိပ်သည်းသော စိတ်ဝိညာဉ် စွမ်းအင်များ ထွက်ပေါ်နေသည်ကို ခံစားမိလေ၏။ သူက ဂြိုဟ်ပေါ်တွင်သာ ခြေချလိုက်မည် ဆိုပါက သည်သိပ်သည်းမှုက အံ့မခန်း ဖြစ်သွားပေလိမ့်မည်။
ဟင်္သာပြဒါး ဂြိုဟ်က ထျန်ယွမ်ဂြိုဟ်နှင့် ယှဉ်ရန် အလွန် ကွာဟလွန်းနေ၏။ အတိတ်တုန်းက ရှေ့ဖြစ်ဟောသူက ဟင်္သာပြဒါးဂြိုဟ်သည် တစ်ဝက်ခန့် ပျက်စီးနေသည့် ဂြိုဟ်ဟုပင် ပြောခဲ့သည် မဟုတ်လား။ အခု ထျန်ယွမ်ဂြိုဟ်ကို ကြည့်လိုက်သည့် အခါတွင်တော့ ဝမ်လင်းက သည်စကားကို သံသယမရှိ ယုံကြည်သွားလေ၏။
ထျန်ယွမ်ဂြိုဟ်ကို တွေ့မြင်ပြီးနောက် ဝမ်လင်းနှလုံးသားက ပြင်းထန်စွာ တုန်ခါနေပေတော့သည်။ သည်ခံစားချက်က သူ ကျင့်ကြံခြင်းကို စမလုပ်ခင်တုန်းက မြို့ကြီးပြကြီးကို ပထမဆုံး တွေ့ဖူးစဉ်တုန်းက ခံစားချက်အတိုင်းပင်။
သူက အကွာအဝေးတစ်ခုရှိ ထျန်ယွမ်ဂြိုဟ်ကို ကြည့်နေရင်း သူ့စိတ်ထဲ၌ စိတ်အားထက်သန်မှုတို့ ဖြစ်ပေါ်လို့နေသည်။
“ထျန်ယွမ်ဂြိုဟ် … ငါ … ဝမ်လင်း … လာနေပြီ … ”
သူက သူ့ကိုယ်သူ ထိုသို့ ခပ်တိုးတိုး ရေရွတ်လိုက် လေတော့၏။
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ရှေ့သို့ ဆက်လျှောက်သွားခြင်း မပြုသေးချေ။ သူက နောက်သို့ပင် ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက ငွေနဂါးနှင့်အတူ ရုတ်တရက် နောက်သို့ ရွေ့လျားသွားလေ၏။
သုံးရက်ကြာပြီးနောက် သူက အပျက်အစီး ဂြိုဟ်ငယ်တစ်ခု အနားသို့ ရောက်လာခဲ့၏။ ဝမ်လင်းခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားပြီး သူ့မူလခန္ဓာကိုယ်က ပြန်ကွဲထွက်လာခဲ့၏။
မူလခန္ဓာကိုယ်က ထွက်ပေါ်လာချင်းချင်း ပျံသန်းထွက်သွားသည်။ သူက သည်အပျက်အစီးဂြိုဟ်၏ ဗဟိုချက်သို့ တူးသွား၍ စတင်ကျင့်ကြံ လေတော့သည်။
ထျန်ယွမ်ဂြိုဟ်တွင် အားကောင်းသော ကျင့်ကြံသူများစွာ ရှိပေသည်။ အချို့က သူ့မူလခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရား တစ်ပါးမှန်း သိသွားနိုင်ပေသည်။ သည့်အတွက် ဝမ်လင်းက သူ့မူလခန္ဓာကိုယ်ကို သည်နေရာတွင် ထားခဲ့ခြင်း ဖြစ်၏။ သည့်နောက်သူက ထျန်ယွမ်ဂြိုဟ် ရှိရာသို့ ပျံသန်းသွားလေတော့၏။
သည်ဂြိုဟ်ငယ်များ ပတ်လည် ဝန်းရံနေသည့် ခရမ်းရောင် ထျန်ယွမ်ထံကနေ စိတ်ဝိညာဉ် စွမ်းအင်များကနေ အစိမ်းရောင် အခိုးအငွေ့သို့ ပြောင်း၍ မြင့်တက်လျက် ရှိနေသည်။ သည်အရာက ထူးဆန်းသော မြင်ကွင်းကို ဖြစ်ပေါ်စေ၏။
ဝမ်လင်းက သည်အစိမ်းရောင် အခိုးငွေ့အပြင်ဘက်တွင် ရပ်တန့်လိုက်၏။ သူက သည်အခိုးအငွေ့ကို ကြည့်လိုက်သည့်အခါ အန္တရာယ်အာရုံကို ခံစားမိလေ၏။
သည်အစိမ်းရောင် အခိုးငွေ့က အဖျက်အဆီးအား တစ်ခု ပါဝင်နေသည်။ သူကသာ အဆင်အခြင်မဲ့ တိုးဝင်သွားပါက ချက်ချင်း တိုက်ခိုက်ခံရနိုင်သည်။
“ဒီဂြိုဟ်က ဘယ်လိုအဆင့်မလို ဒီလိုမျိုးအားကောင်းတဲ့ အစီအရင် တစ်ခု ရှိနေရတာလဲ ငါ သိချင်မိတယ် … ”
“ဒါ့အပြင် အလယ်ရှိ ထျန်ယွမ်ဂြိုဟ်ကို ဝန်းရံနေတဲ့ ဂြိုဟ်ငယ် ငါးခုမှာလည်း ကိုယ်ပိုင် အစီအရင်တွေ ရှိနေတယ် … ”
ဝမ်လင်းက စဉ်းစားနေရင်းဖြင့် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက်၏။ သည့်နောက် အစိမ်းရောင် အခိုးငွေ့ကို အလေးအနက် အသွင်ဖြင့် ကြည့်နေ၏။
အစိမ်းရောင် အခိုးအငွေ့က ဧရာမလက်တစ်စုံဖြင့် ဆွဲဖြဲခံလိုက်ရ သကဲ့သို့ လှုပ်ရှားသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းက သည်အားကြောင့် နှစ်ပိုင်းကွဲသွားပြီး ဝတ်စုံနက်နှင့် လူငယ်တစ်ယောက် ပေါ်ထွက်လာခဲ့သည်။ သူ့ရုပ်သွင်က သာမန်ပင်။ သူ့မျက်လုံးများက တည်ငြိမ်စွာဖြင့် ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။
“သင့်မှာ သံတမန်ရေး အကြောင်းကြားထားမှု ရှိလား … ”
လူငယ့်စကားနှင့် သူ့အကြည့်က တည်ငြိမ်နေသော်လည်း သူထံကနေ မောက်မာမှုတစ်ခု ထုတ်လွှတ်နေ၏။
သူ့မောက်မာမှု ပုံစံမျိုးက အပြင်ဘက်တွင် ဖော်ပြရန်မလိုပေ။ အကြောင်းကတော့ အရိုးထဲတွင် သည်မောက်မာမှုက ထွင်းထားသောကြောင့် ဖြစ်လေ၏။
ဝမ်လင်းက သည်လူ့ကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။
“ငါ့မှာ မရှိဘူး … ”
လူငယ်အသွင်က တည်ငြိမ်နေဆဲပင်။ သူက ဆက်မေးလိုက်၏။
“သင့်မှာ ဖိတ်ကြားထားမှုကော ရှိလား … ”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းထပ်ယမ်း လိုက်ပြန်သည်။
လူငယ်က ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။
“သင့်မှာ သံတမန်ရေး အကြောင်းကြားမှုကော ဖိတ်ကြားမှုကော မရှိဘူးဆိုရင် … ကျေးဇူးပြု၍ ထွက်သွားပါ … ”
ထိုသို့ပြောပြီးသည်နှင့် သူက ပြန်လှည့်၍ အစိမ်းရောင် အခိုးငွေ့ထဲသို့ လှမ်းလျှောက်သွားသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“ငါက စီနီယာ ရှေ့ဖြစ်ဟောသူကို လာရှာတာပါ … ”
လူငယ်က ရပ်တန့်သွား၏။ သည့်နောက် သူက ပြန်လှည့်လာပြီး ဝမ်လင်းကို ကြည့်သည်။ သူ့အကြည့်က ထူးဆန်းလာပြီးနောက် သူက ထပ်မေးလိုက်သည်။
“သင်က ဟင်္သာပြဒါးဂြိုဟ်ကနေ လာခဲ့တာလား … ”
ဝမ်လင်းက မှင်တက်သွားမိ၏။ သူက လူငယ်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။
လူငယ်က ထူးဆန်းသော အပြုံးတစ်ခုကို ထုတ်ဖော်လာ၏။ သည့်နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အစိမ်းရောင် အခိုးငွေ့များက ပြင်းထန်စွာ စတင် တလိပ်လိပ် ထကြွလာ၏။ ၎င်းက ရေဘဝဲ လက်တံများကဲ့သို့ ရှိသည့် နဂါးအသွင်ဖြစ်ပေါ်၍ သည်လက်တံများက တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာလေ၏။
ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေဆဲပင်။ သူက ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်သိမ်း၍ ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ ရေဘဝဲလက်တံများနှင့် နဂါးက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပြီး ဝမ်လင်းထံသို့ နီးကပ်လာသည့်အခါ အစိမ်းရောင် ဓားပျံတစ်ခု ဖြစ်ပေါ်သွားသည်။
ဝမ်လင်းက ထိုဓားရိုးပေါ်သို့ ခြေချလိုက်၏။
“ကျေးဇူးတင်ပါတယ် … ”
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေ၏။
လူငယ်မျက်လုံးထဲရှိ ထူးဆန်းသော အလင်းက ပိုအားကောင်း လာခဲ့သည်။ သူက ဝမ်လင်းကို ကြည့်လိုက်၏။ သည့်နောက် သူက ပြောလိုက်၏။
“ဂြိုဟ်ထဲကိုသွားပါ … စီနီယာ ရှေ့ဖြစ်ဟောသူက မင်းကို စောင့်နေတာ ကြာနေခဲ့ပြီ … ”
သူက စကားပြောပြီးသည့်နောက် အစိမ်းရောင် အခိုးငွေ့က ကွဲထွက်သွားပြီး ဂြိုဟ်ထံသို့ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။
ဝမ်လင်းခန္ဓာကိုယ်က လှုပ်ရှားခြင်း မရှိချေ။ သို့သော် သူ့အောက်ရှိ အစိမ်းရောင် ဓားကတော့ လှုပ်ရှား၍ သူ့ကိုခေါ်တင်ကာ ထျန်ယွမ်ဂြိုဟ်ထံသို့ ပျံသန်းသွားတော့သည်။
ပျံသန်းနေရင်းဖြင့် ဝမ်လင်းက စဉ်းစားလို့နေ၏။
“ဒီလူက ငါ ဟင်္သာပြဒါးဂြိုဟ်က လာမှာကို ကြိုသိနေခဲ့တယ် … သူက စီနီယာ ရှေ့ဖြစ်ဟောသူက ငါ့ကို စောင့်နေခဲ့တယ်လို့လည်း ပြောခဲ့တယ် … စီနီယာ ရှေ့ဖြစ်ဟောသူက ကောင်းကင်နဲ့ မြေကြီးကို ဖြတ်မြင်ပြီး ငါလာမယ်ဆိုတာ ကြိုတွက်နိုင်ခဲ့တဲ့လား…။ ဒီလိုသာဆိုရင် စီနီယာရဲ့ မန္တန်က တကယ့်ကို ကြီးကျယ်လှတာပဲ … ”
ဝမ်လင်းက စဉ်းစားနေရင်းဖြင့် သူ့အောက်ရှိ ဓားကလည်း ထျန်ယွမ်ဂြိုဟ်သို့ လျင်မြန်စွာ ပျံသန်းသွားနေသည်။
သိပ်မကြာခင်တွင် ထျန်ယွမ်ဂြိုဟ်က သူ့မြင်ကွင်းထဲ ပိုပို ကြီးမားလာ ခဲ့တော့သည်။
လေထု၏ လေဖိအားများက သူ့မျက်နှာကို ဓားသွားများအလား လာရောက် မွှန်းလို့နေသည်။ သို့သော် သူ့အောက်ရှိဓားက ညင်သာစွာ တောက်ပသွား၍ သည်ဖိအားကို အတော်လေး လျှော့ချပေးလေသည်။
ဝမ်လင်း ပတ်လည်တွင် အစိမ်းရောင်အလင်းတို့ ဝန်းရံနေပြီး လေထုကို ချက်ချင်း ဖြတ်၍ ထျန်ယွမ်ဂြိုဟ်ထဲသို့ ဝင်ရောက်လာ ခဲ့တော့သည်။
လေထဲကနေ ကြည့်လျှင် ဝမ်လင်းက ဂြိုဟ်မျက်နှာပြင် တော်တော်များများက ခရမ်းရောင် အပင်များနှင့် ဖုံးလို့နေသည်ကို တွေ့လိုက်ရ၏။ သည်အပင်များ၏ အရွက်များက လေတိုက်သဖြင့် လှုပ်ရှားနေပြီး အသံလှိုင်းများကို ဖန်တီးလို့နေ၏။
မရင်းနှီးသည့် ခံစားချက် တစ်ခုက ဝမ်လင်း စိတ်ထဲတွင် ပေါ်လာခဲ့လေ၏။ သူက သက်ပြင်းချ၍ အကွာအဝေးတစ်ခု ထံသို့ ပျံသန်းလိုက်သည်။
အစိမ်းရောင် အခိုးငွေ့က ဖန်တီးထားသည့် ဓားက ဝမ်လင်း ထိန်းချုပ်မှုအောက်၌ ရှိမနေခဲ့ချေ။ ၎င်းက သူ့ကိုယ်တိုင် ဝမ်လင်းကို ကောင်းကင်ကံကြမ္မာ ကလန် ရှိရာသို့ ဦးဆောင် ခေါ်သွားလေ၏။ သူတို့ဝင်လာသည့် နေရာက ကလန်နှင့် သိပ်ဝေးလှခြင်း မရှိသဖြင့် အမွှေးတိုင် သုံးတိုက်ထွန်းစာ ကြာပြီးနောက် ကောင်းကင်ကံကြမ္မာ ကလန်က ဝမ်လင်း မြင်ကွင်း၌ ပေါ်လာခဲ့လေ၏။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ သူက အစိမ်းရောင် ဓားပေါ်ကနေ ခုန်ဆင်း၍ မြေပေါ်သို့ ခြေချလိုက်၏။ အစိမ်းရောင် ဓားကလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား လေတော့သည်။
***