နာကျင်မှု…
ရှီမာယူယူ နည်းနည်းချင်းသတိဝင်လာသည်နှင့် နာကျင်မှုအား အရင်ခံစားလိုက်ရသည်။
“ယူယူနိုးလာပြီ” ဟိန်းသံလေး၏အသံသည် သူမဘေးတွင် ပေါ်လာသည်။
“ဟုတ်တယ်၊ သူမနိုးလာပြီထင်တယ်” ဝိညာဉ်လေး၏ အသံမှာ အထက်စီးဆန်သော်လည်း ကြင်နာမှုများရောပါနေသည်။
“ဒါပေမယ့် သခင်က ဘာလို့မျက်လုံးမဖွင့်သေးတာလဲ” လင်းလုံ၏ စိုးရိမ်နေသော အသံသည် ရှီမာယူယူ၏ မေးစေ့ဘက်မှထွက်လာသည်။
“လင်းလုံ မင်း ယူယူရဲ့ဗိုက်ပေါ်မှာ မလှဲနဲ့လေ၊ မင်းကြောင့်သူ ဒဏ်ရာရသွားပြီး မနိုးပဲနေလိမ့်မယ်” ဟိန်းသံလေးသည် ပျံသန်းရင်း လင်းလုံအား ထူလိုက်သည်။
ဟိန်းသံလေး၏ လက်သည်းများအကြားတွင် လင်းလုံပါသွားပြီး ဟိန်းသံလေးအား မုန်းတီးစွာကြည့်ပြီး ရာဟွောင်နောက်ကျောပေါ်သို့ ဆင်းသက်လိုက်သည်။
“သခင်က သတိရသင့်ပြီ” ရှီမာယူယူ၏ ခန္ဓာကိုယ်အား ရှုနမ်းလိုက်ကာ ပြောလိုက်သည်။
လင်းလုံအသွင်ပြောင်းကာ စကားပြောရန် သူမပါးစပ်အားဖွင့်လိုက်သည် “ဟေး၊ ငါတို့သခင်ကို ဂရုစိုက်လို့ရတယ်၊ မင်းလိုလူက ဘာလို့ထွက်လာတာလဲ”
“အမလေး၊ မင်းကို ယူယူကသဘောကျတယ်လို့တော့ မပြောနဲ့” ဟိန်းသံလေးသည် မိုရှားအား ကြောက်စရာကောင်းလောက်အောင် ဟိန်းလိုက်သည်။ “ငါအရင်ပြောမယ် ယူယူက ငါတို့ပိုင်တာပဲ၊ ငါတို့ဆီက လုမယူတာကောင်းမယ်”
ထိုသားရဲအနည်းငယ်အား မိုရှားအေးစက်စွာစိုက်ကြည့်လိုက်သည်။ သူတို့အား ဂရုမစိုက်ပဲ ရှီမာယူယူ၏ ခန္ဓာကိုယ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့အကြည့်များသည် အေးချမ်းမှုများပါဝင်ပြီး အဓိပ္ပာယ်ဖော်ရန်ခက်ခဲသည်။
ဟိန်းသံလေးသည် မိုရှားအားကြည့်လိုက်ပြီး ရှီမာယူယူအားပြန်ကြည့်လိုက်သည်။ ရှီမာယူယူကို ဒီလူက ဘာလို့ကြည့်တာလဲ၊ တစ်ခုခုတော့ရှိနေပြီ။
ဟိန်းသံလေးနှင့် ကျန်သူများ သူမ နားဘေးတွင် မရပ်မနားရန်ဖြစ်နေသည်ကို ရှီမာယူယူကြားသောအခါ သူမ ခေါင်းသည် ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။ သို့သော် သူမမျက်လုံးမဖွင့်နိုင်သေးပေ။
“ငါနိုးလာတာကိုစောင့်ဦး၊ မင်းတို့အားလုံးကို သင်ခန်းစာပေးပစ်မယ်” ရှီမာယူယူ တွေးရုံမျှသာတွေးနိုင်သည်။
သူမ မျက်လုံးများမဖွင့်နိုင်သော်လည်း၊ သူမအတွေးများသည် ရှင်းလင်းသည်။ သူမ လက်ရှိအာရုံကြောများသည် အထူးသဖြင့် အထိမခံနိုင်၍ အချိန်တိုင်းတွင် ခန္ဓာကိုယ်မှ နာကျင်မှုတိုင်းသည် မြင့်တက်နေသည်။
သူမ နာကျင်မှုကြောင့် မေ့မြောသည်ကို ခံစားရသည်နှင့် သူမခန္ဓာကိုယ်ဘေးမှ ပဲ့တင်သံတစ်သံထွက်လာပြီး သူမဗိုက်အောက်ပိုင်းမှထွက်လာသောအေးစက်သော ရောင်ဝါနောက်သို့ လိုက်ခဲ့ကာ သူမ၏ ခြေလက်လေးချောင်းနှင့် ကျန်ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ခဲ့သည်။
ထိုရောင်ဝါနောက်သို့လိုက်ခြင်းဖြင့် နာကျင်မှုသက်သာသွားပြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့သည်။
ထိုရောင်ဝါလှည့်ပတ်မှုသည် သူမဝမ်းဗိုက်အောက်တွင် အကြိမ်အနည်းငယ်လှည့်ပတ်နေပြီး နောက်ဆုံးတွင် ငြိမ်ကျသွားတော့သည်။
ရှီမာယူယူ ဖြေးညင်းစွာမျက်လုံးဖွင့်လိုက်သော်လည်း ဟိန်းသံလေးနှင့် ကျန်သူများ၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူမသက်သာနေပြီကို တွေ့ပြီးနောက် ဆော့ကစားရန်ပြေးထွက်သွားသည် ဖြစ်နိုင်သည်။
“သခင် နိုးလာပြီလား” ရှီမာယူယူ နိုးလာသည်ကို ရာဟွောင်တွေ့သည်နှင့် စိုးရိမ်စွာမေးလိုက်သည်။
ရှီမာယူယူ ထလိုက်သည်။ သူမ အရင်ဆုံးကြည့်လိုက်သောသူမှာ ရာဟွောင်မဟုတ်ပဲ ဘေးတွင်ထိုင်နေသော မိုရှားပင်ဖြစ်သည်။
ဒီလူဘယ်လိုထွက်လာတာလဲ။
သူမ နဖူးအား နှိပ်လိုက်ကာ ပြောလိုက်သည် “ရာဟွောင် ငါဘယ်လောက်သတိမေ့နေတာလဲ”
“သတိမေ့နေတာတော့ ကြာပြီ၊ မင်းမေ့နေတာ ရက်တစ်ဝက်၊ ဒါပေမယ့် သတိပြန်ရလာပြီး အိပ်နေတာ နှစ်ရက်ခွဲဆိုတော့ သုံးရက်ရှိပြီ” ဘေးတွင်ရှိသော ရာဟွောင်ပြန်ဖြေလိုက်သည်။
“သုံးရက်ဟုတ်လား” ရှီမာယူယူ ရာဟွောင်အား အံ့သြစွာကြည့်လိုက်သည်။ သူ ချဲ့ကားပြောခြင်းမဟုတ်သည်ကို သူမ သိ၍ သူမစိတ်ထဲတွင် မရပ်မနားရေရွတ်မိသည်။ သူမ အချိန်တစ်ခဏမျှသာ ခံစားလိုက်ရသော်လည်း သုံးရက်တောင် ကုန်ဆုံးသွားပြီလား။
ထိုအချိန်တွင် သူမလက်များကို သတိထားမိလိုက်သည်။ အရင်တုန်းကလိုပင် လက်များသည် ဒဏ်ရာတစိုးတစိမျှ မရှိဘဲ ချော့မွေ့နေသည်။
ထို ဆေးဖိုပေါက်ကွဲစဉ်က အိုးကွဲစများသည် သူမအား ရှည်လျားသောဒဏ်ရာဖြစ်စေသည်ကို သူမမှတ်မိသည်။ ဘယ်လိုဖြစ်လို့ပြန်ကောင်းသွားတာလဲ။
“ကုစားလိုက်တာ” မိုရှားသည် ရုတ်တရက် ပါးစပ်ဖွင့်ကာ ပြန်ဖြေလိုက်သည်။
ရှီမာယူယူ၏ အံ့အားသင့်သော အကြည့်များသည် မိုရှားအပေါ်သို့ကျရောက်သွားသည်။ သူပြောလိုက်သောစကားများသည် သူမလက်ပေါ်ရှိဒဏ်ရတွေကို ကုစားလိုက်တယ်ဆိုတာလား။
“အံ့သြသွားတာလား” မိုရှား ရှီမာယူယူအားကြည့်လိုက်သည် “မင်းရဲ့ လက်ကဒဏ်ရာတင်မဟုတ်ဘူး ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာတွေအကုန်လုံးကို ကုစားပြီးပြီ”
ရှီမာယူယူ သူမခန္ဓာကိုယ်မှဒဏ်ရာများကို ထိလိုက်ရာ နာကျင်မှုမရှိတော့သည်ကို သိလိုက်ရသည်။
“ဘယ်..လိုဖြစ်ပြီး..” ရှီမာယူယူ အံ့အားသင့်ကာ လွှတ်ခနဲပြောလိုက်ပြီး မိုရှားအားကြည့်ကာမေးလိုက်သည် “မင်းက ငါ့ကိုကုစားပေးလိုက်တာလား”
မိုရှားခေါင်းရမ်းလိုက်ပြီး ပြောလိုက်သည် “မင်းကိုယ်တိုင်လုပ်လိုက်တာပဲ”
“ငါကလား” ရှီမာယူယူူ သူမကိုယ်သူမ သံသယဝင်စွာ ညွှန်ပြလိုက်သည်။ မိုရှားပြောသော စကားများကို ယုံကြည်မှုမရှိသည်မှာ သိသားလွန်းသည်။
“သခင် ကိုယ့်ဘာသာ ကုစားတယ်ဆိုတာအမှန်ပဲ” တစ်ဖက်မှ ရာဟွောင်သည် ပြောလိုက်သည် “မင်း သတိမေ့နေတုန်းက မင်းရဲ့ ဒဏ်ရာတွေက တစ်ခုချင်းစီသက်သာလာတာ၊ အဲအချိန်တုန်းက ငါတို့အကုန်လုံးတောင် လန့်သွားတာ”
“တကယ်ပဲ ငါကိုယ်တိုင်လား” မဖြစ်နိုင်ကြောင်းကို ရှီမာယူယူခံစားရဆဲပင် သို့သော် ရာဟွောင်သည် အရိုးသားဆုံးဖြစ်၍ ကိုယ့်ပိုင်ရှင်အား လိမ်ညာမည့်သူမဟုတ်ပေ။ သူမကိုယ်တိုင် ကုစားလိုက်သည်ဟု သူပြောပုံအရ အမှန်ကိုပြောခြင်းဖြစ်သည်။
သို့သော် ထိုအကောင်းဆုံး သဘာဝအရည်အချင်းကို သူမဘယ်ကရတာလဲ။
သူမ အတွေးတွင် နစ်မြောနေစဉ်တွင် မိုရှားသည်ရုတ်တရက် လွင့်မျောလာကာ ရှီမာယူယူ အရှေ့သို့ဆင်းသက်လိုက်သောကြောင့် သူမလန့်ဖျပ်သွားလေသည်။
“မင်းဘာလုပ်တာလဲ” ရုတ်တရက် ထိုကြီးမားသော မျက်နှာအား မြင်လိုက်ရသောအခါ ထိုမျက်နှာသည် ဆွဲဆောင်မှုရှိသော်လည်း လန့်စရာအဖြစ်ရှိနေဆဲပင်။
“မင်းရဲ့ ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုရှိနေတယ်” ရှီမာယူယူ၏ ခန္ဓာကိုယ်အား ရှုနမ်းလိုက်ကာ အေးစက်စွာပြောလိုက်သည်။
မိုရှား သူမအားကြည့်သည့်အကြည့်အား တွေ့လိုက်သဖြင့် သူမသည် သားကောင်အဖြစ်ခံစားရကာ သူ့အားတွန်းထုတ်ရန်ကြိုးစားသော်လည်း၊ သူမလက်သည် သူ့ခန္ဓာကိုယ်အား ဖြတ်သွားလေသည်။
“ငါ့မှာ ဘာပြဿနာရှိနေတာလဲ၊ ငါ့မှာ ပြောင်မြောက်တဲ့ ကိုယ်ပိုင်အရည်အချင်းရှိနေတာ မဟုတ်ဘူးလား၊ ပြဿနာရှိတာကမင်း”
မိုရှား ရှီမာယူယူဆီမှ ခွာလိုက်ကာ ပြောလိုက်သည် “မင်းရဲ့ ခန္ဓာကိုယ်မှာ ချိပ်တံဆိပ်ကိုတွေ့တယ်”
“ချိပ်တံဆိပ်ဟုတ်လား၊ ဘယ်လိုမျိုးလဲ” ရှီမာယူယူမတ်တတ်ရပ်ကာ သူမခန္ဓာကိုယ်အား ငုံ့ကြည့်သော်လည်း ပုံမှန်ထက်ပိုသည်ကို မမြင်မိပေ။
“ပေါက်ကွဲမှုကြောင့်ထိခိုက်တဲ့သူက ဆေးမသောက်ပဲ နှစ်ရက်အတွင်း သူ့ဘာသာသူပြန်ကောင်းလာတဲ့သူကို မင်းတွေ့ဖူးလို့လား” မိုရှားပြောလိုက်သည်။
“ငါမရှိတုန်းက ဖြစ်လာတာလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒီလိုမျိုးအရင်က ဖြစ်ဖူးလား” မိုရှားထပ်မေးလိုက်သည်။
ရှီမာယူယူ အတွေးများကိုပြန်လည်စဉ်းစားလိုက်ကာ ခေါင်းခါလိုက်သည်။ အရင်တုန်းက သူမ မကြာခဏ ဒဏ်ရာရခဲ့စဉ်က ပြန်ကောင်းရန် ဆေးမှီဝဲခဲ့ရသည်။ ထိုကဲ့သို့ အတွေ့အကြုံကို သူမ မတွေ့ကြုံခဲ့ရပါ။
“ငါ့ရဲ့ ပင်ကိုစွမ်းရည်မှာ ချိပ်တံဆိပ်နဲ့ တစ်ခုခုလုပ်တယ်လို့တော့ မပြောနဲ့” မိုရှားအား ရှီမာယူယူကြည့်ကာမေးလိုက်သည်။
“ပေါက်ကွဲတုန်းက ရင်းနှီးတဲ့ ရောင်ဝါတစ်ခုကို ခံစားလိုက်ရတယ်” မိုရှားပြောလိုက်သည် “သေချာလား မသေချာလားဆိုတာ စစ်ဆေးမလို့ပဲ ဒါပေမယ့် မင်းက သတိမေ့နေတော့ ငါ့မှာလုပ်လို့မရဘူး”
“မင်းအဲဒါကို ဘယ်လို ဆန်းစစ်မှာလဲ” ရှီမာယူယူမေးလိုက်သည် “ပြီးတော့ ချိပ်တံဆိပ်က ဘာဖြစ်လို့လဲ”
“မင်းရဲ့ မေးခွန်းကို မဖြေခင် ငါ့ကို စစ်ဆေးခွင့်ပြုပါ” မိုရှားပြောလိုက်သည်။
“စစ်ဆေးဖို့ကို ဘာနည်းလမ်းသုံးမလဲဆိုတာ ငါ့ကိုအရင်ပြော” ရှီမာယူယူ မိုရှားအား မယုံကြည်စွာကြည့်လိုက်သည်။ ထိုကြီးမားသော နတ်ဆိုးသည် လှည့်စားချင်ပါက သူမကိုပင် ရောင်းစားပြီး ပိုက်ဆံရှာနိုင်သည်။
“ငါမင်းခန္ဓာကိုယ်ထဲဝင်မယ်” မိုရှားပြောလိုက်သည်။
ရှီမာယူူယူ ထိုစကားကြားသည်နှင့် ဒေါသထွက်ကာ အော်လိုက်လေသည်။ “ငါသိတယ်၊ မင်းအဲလို ယုတ်မာတဲ့ စိတ်ကူးရှိလိမ့်မယ်လို့၊ မင်းကို ငါ့ခန္ဓာကိုယ်ထဲပေးဝင်လိုက်ရင် ငါ့ကို ထိန်းချုပ်ရင်ရော၊ ငါ့ကို ထိခိုက်အောင် လုပ်ရင်ရော၊ ဒီလိုမျိုးကို ငါလုံးဝသဘောမတူနိုင်ဘူး”
ရှီမာယူယူ ထိုကဲ့သို့တုန့်ပြန်မည်ကို မိုရှားထင်မထား၍ ပြောလိုက်သည် “ငါမင်းကို ထိခိုက်အောင် မလုပ်ပါဘူး”
“ထွီ ငါအဲဒါကို ယုံရမှာလား” ရှီမာယူယူပြောလိုက်သည် “ငါ့ဘာသာ ငါရှာမယ်၊ နတ်ဆိုးတွေက ယုံကြည်စရာမကောင်းဆုံးလို့ စာအုပ်ထဲမှာပါတယ်၊ အခု ငါ့ကို ထိခိုက်အောင်မလုပ်ဖူးလို့ပြောပေမယ့် ငါ့ခန္ဓာကိုယ်ထဲရောက်မှ မင်းစကားကိုပြန်ရုတ်သိမ်းရင် ဘယ်လိုလုပ်မလဲ၊ ငါအဲဒါကို မလုပ်ချင်ဘူး”
သူ့အား ရှီမာယူယူ အထင်သေးစွာကြည့်သောအကြည့်ကို ကြည့်ရင်း မိုရှားဒေါသထွက်လာသည်။ သူ့ပတ်ပတ်လည်တွင် ဝဲဂယက်ထလာသည်။
“ဘာလဲ ငါပြောတာမှန်နေလို့ ငါ့ကိုတိတ်တဆိတ် သတ်တော့မလို့လား၊ ဒီနေရာက ငါ့ပိုင်နက်နော်” ရှီမာယူယူ မိုရှားအား အော်လိုက်သည်။
မိုရှားပတ်ပတ်လည်မှ ရောင်ဝါများသည် အရင်ကမရှိခဲ့သလို လျော့ကျသွားလေသည်။ ပတ်ဝန်းကျင်မှ အရာများသည် မတူညီတော့ပဲ သူဒေါသထွက်ခဲ့သည်ကိုပင် ရှီမာယူယူမပြောနိုင်တော့ပေ။
“ငါမင်းကို ထိခိုက်အောင်လုပ်လို့ရတယ်၊ ဒါပေမယ့် ငါတို့က စာချုပ်တောင်ချုပ်ပြီးပြီလေ..” မိုရှား ဖြေးညင်းစွာပြောသော်လည်း ရှီမာယူယူအား တုန်လှုပ်သွားစေခြင်းမှာ အောင်မြင်သွားသည်။