Switch Mode

အပိုင်း (၅၂၂)

တစ်ယောက်တည်း ခရီးနှင်ခြင်း

ဆိုင်ထဲကနေ ထွက်လာပြီးနောက် ဝမ်လင်းက လီတနန်ကို အဆင့်မြင့် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံးပေး၍ မင်းမိုင် မြို့ထဲကနေ ထွက်လာခဲ့တော့သည်။

ရှန်းကလန်ဆိုင်က အမှန်တကယ်ပင် နှင်းမှင်ရည် ရှိလို့နေ၏။ သို့သော် စျေးနှုန်းကတော့ မိုးထိုးလို့နေ၏။ ဝမ်လင်းက သူ့တွင်ရှိသည့် စိတ်ဝိညာဉ် ကျောက်တုံးများကို တွက်ချက် ကြည့်ပြီးနောက် သူက နှင်းမှည်ရည်အစက် နှစ်စက် သုံးစက်သာ ရနိုင်ခဲ့လေသည်။

သည်အရာက ဝမ်လင်း မျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့၏။

သူက နှင်းမှင်ရည်သည် ကျင့်ကြံခြင်းကမ္ဘာ၌ ထိပ်တန်း အရည်အသွေးရှိသည့် ပစ္စည်းဟု မထင်ထားမိခဲ့ချေ။

ရှေးဟောင်း နတ်ဘုရားများက နှင်းမှင်ရည်ကို ရှာဖွေရန် ဂြိုဟ်တစ်ခုကနေ တစ်ခုသို့ ခရီးထွက်ခဲ့ ကြပေသည်။ သို့သော် ကျင့်ကြံသူများ အတွက်တော့ နှင်းမှင်ရည်က အလွန်ပင် ရှားပါးလွန်းလှ၏။ အမျိုးသမီးထံကနေ သူကြားခဲ့ရသလောက် ဆိုရင် နှင်းမှည်ရည်က လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အလွန်ပင် အားအင်ဖြစ်စေသည် ဟူ၍ပင်။ လူတစ်ယောက်က ခန္ဓာကိုယ်တစ်ခုကို သိမ်းယူပိုင်ဆိုင် နေစဉ်အတွင်း သည်မှင်ရည်အစက် အနည်းငယ်ကပင် ခန္ဓာကိုယ် သိမ်းယူခြင်း ဖြစ်စဉ်ကို အလွန်မြန်ဆန်သော နှုန်းဖြင့် ပြီးမြောက်စေနိုင်လေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ ထို့နောက် မင်းမိုင်မြို့၏ အပြင်ဘက်တွင် သူက တောင်အစွန်းတစ်ခုကို ရှာဖွေလိုက်ပြီး ထိုနေရာ၌ ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပြီး စစ်ထူနန်ကို ဖြည်းဖြည်းချင်း လှမ်းခေါ်လိုက်သည်။

သိပ်မကြာခင်တွင် စစ်ထူနန်က တုံ့ပြန်လာခဲ့သည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် သတင်းပို့လိုက်၏။

“မင်းမိုင်မြို့ … ရှန်းကလန်ဆိုင်မှာ ငါက နှင်းမှင်ရည် လိုချင်လို့ … ”

စစ်ထူနန်က ရယ်မောလိုက်ပြီးနောက် သူတို့နှစ်ယောက် ချိတ်ဆက်မှုကို ပြန်ဖျက်တောက် လိုက်၏။

သည်ကုန်သွယ်ရေး ဂြိုဟ်တွင် စုစုပေါင်း မြို့ကြီးကိုးခု ရှိလေ၏။ သုံးရက်တာ ကာလအတွင်း ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည့် သတင်းတစ်ခု ပျံ့နှံ့လာလေ၏။

ကောင်းကင်မြေကြီးမြို့က ဓားပြတိုက်ခံခဲ့ရသည်။ သည်လူက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများကို ယူဆောင်သွား ခဲ့ပေသည်။ အများစုကတော့ ထိုမြို့ရှိ ဆိုင်များ၏ အဓိက ရတနာများပင်။ နောက်ခံကောင်းသည့် ဆိုင်များပင် ဓားပြတိုက် ခံခဲ့ရလေ၏။

မြို့ရှင်၏ အိမ်တော်ပင် ဓားပြ တိုက်ခံခဲ့ရပေသည်။

သည်အရာက ထိုမြို့တစ်မြို့ထဲဆိုလျှင် ခံသာသေး၏။ သို့သော် နောက်သုံးရက်အတွင်း မင်းမိုင်မြို့အပါအဝင် မြို့ကိုးမြို့လုံးက သည်ထူးဆန်းသောလူ၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပေသည်။

သည်လူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်ပင် အားကောင်းသန်မာ လှသည်။ များစွာသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကပင် သူ့အတွက် ပြဿနာ မဟုတ်ခဲ့ချေ။

နောက်ဆုံးတွင်တော့ မြို့ကိုးမြို့၏ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ ငါးယောက်က စုပေါင်း၍ ထိုလူကို တိုက်ခိုက်ရန် ကြိုးစားလာ၏။ သည်တိုက်ခိုက်မှုက လူတိုင်းကို တုန်လှုပ်စေခဲ့ပေသည်။

သို့ရာတွင် သည်အာဏာ တက်ခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်လုံးက အတင်း ပြန်ဆုတ်လာခဲ့ရပေ၏။ သည့်နောက် ထူးဆန်းသည့်လူက တည်ငြိမ်စွာပင် ထွက်ခွာသွား ခဲ့တော့သည်။

သည်လိုစွမ်းအားမျိုးက ဒဏ္ဍာရီလာ ပုံရိပ်ယောင် ယင်အဆင့်၊ အထည်ဒြပ်ယန်အဆင့် နှင့် နိဗ္ဗာနကြိုမြင်ခြင်း အဆင့်တို့တွင်သာ ရှိနိုင်သည့် စွမ်းအားမျိုးပင် ဖြစ်ချေ၏။ သည့်အတွက်ကြောင့် သူ့ကို မည်သူကမျှ မနှောင့်ယှက် မတားဆီးဝံ့တော့ချေ။

ဝမ်လင်းက ထိုတောင်အစွန်းတွင် သုံးရက် တိုင်တိုင်ထိုင်၍ မင်းမိုင်မြို့သို့ ကြည့်လို့နေသည်။ သုံးရက်မြောက်ည၌ ဝမ်လင်းက ဖျော့တော့စွာ ပြုံး၍ ကောက်ရိုးဦးထုပ် တစ်လုံးကို ထုတ်ခါ ဆောင်းလိုက်သည်။

အကွာအဝေးတစ်ခုတွင် ပုံရိပ်တစ်ခုက အလင်းတန်း တစ်ခုအလား ပျံသန်းလာခဲ့သည်။ သူ့နောက်တွင်တော့ ကောင်းကင်ပင် ဖုံးကွယ်တော့မလား ထင်မှတ်ရသည့် မရေမတွက်နိုင်သည့် ကျင့်ကြံသည်သူများက နီးကပ်စွာ လိုက်ပါလာလျက် ရှိသည်။

သူလိုက်ပါလာသည့် လူများကြားတွင် ရှစ်ယောက်က အလွန်ပင် မြန်ဆန်လှသည်။ သူတို့က လူတိုင်းကို ဦးဆောင်၍ ဆက်၍ လိုက်ပါလာတေ၏။

စစ်ထူနန်က မောက်မာစွာ ရယ်မောလိုက်လေ၏။

“ဟားဟား … ကောင်စုတ်လေးတွေ … မင်းတို့က ဘာလို့ ဒီအဘိုးအိုနောက်ကို လိုက်နေရတာလဲ … ငါက မိန်းမ တစ်ယောက် မဟုတ်ဘူးနော်…။ တကယ့်ကို စိတ်ရှုပ်စေတာပဲ … မင်းတို့ အားလုံးဆီကနေ ငါထပ်ပြီး သွားခိုးဦးမယ် … ”

စစ်ထူနန်က ဝမ်လင်းထိုင်နေသည့် တောင်အစွန်းကို ကျော်သွားသည့်အခါ သူက လက်ဆန့်တန်းလိုက်၏။ ပြင်းထန်သော အားတစ်ခုက ဝမ်လင်းကို ဆွဲခေါ်၍ စစ်ထူနန်ဘေးနားသို့ ရောက်သွားစေသည်။

စစ်ထူနန်က သူ့သိုလှောင်အိတ်ကို ထိ၍ ရယ်မောပြောလိုက်သည်။

“ဒီအဘိုးအိုက ကောင်းကောင်းကြီးကို ရိတ်သိမ်းနိုင်ခဲ့တယ် …။ ကဲ … ငါတို့ သွားကြစို့ … ”

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို ခေါ်၍ လျင်မြန်စွာ ပျံသန်းလိုက်လေသည်။

“ရပ်စမ်း … ရူးနေတဲ့ သူခိုးအိုကြီး … ”

စစ်ထူနန်နောက်ကနေ ဒေါသတကြီး အော်ဟစ်သံများက ထွက်ပေါ်လာခဲ့လေ၏။

“ဒီအဘိုးအိုက ဦးနှောက် မပျက်စီးသေးဘူး ဆိုတော့ မင်းတို့ ပြောတဲ့အတိုင်း ဘာလို့ လိုက်လုပ်ရမှာလဲ …။ ကဲကဲ … ငါ့နောက် ဆက်မလိုက်တော့နဲ့ … ကောင်စုတ်လေးတွေ … ”

စစ်ထူနန်က ကျယ်လောင်စွာ ရယ်မော၍ ဝမ်လင်းနှင့်အတူ အလင်းတန်း တစ်ခုအလား ရွေ့လျားသွား လေတော့သည်။ သူတို့က လေထုကို ဖြတ်ကျော်လာ၍ နက်မှောင်နေသည့် အာကာသ ဟင်းလင်းပြင်ထဲ၌ အလင်းတန်း နှစ်ခုအသွင် ပြောင်းလဲသွား လေတော့၏။

“ဒီကုန်သွယ်ရေးဂြိုဟ်မှာ ရှိတဲ့ဆိုင်တွေက တကယ့်ကို နောက်ခံ ကောင်းကြတယ် …။ သူတို့က ကျွမ်းကျင်သူအချို့ကို စေလွှတ်လိုက်ရင် ဒီအဘိုးအိုအတွက် သူတို့နဲ့ ရင်ဆိုင်ဖို့ ခက်ခဲသွားစေ လိမ့်မယ်။ ဒါပေမဲ့ ငါက သူတို့ရှိကနေ အမြန်ခိုးပြီး ပြန်ပြေးလာတဲ့အတွက် သူတို့မှာ အကူအညီတောင်းဖို့ အခြေအနေ မရတော့ဘူးပေါ့။ အတိတ်တုန်းက ရီဝူယောင်နဲ့ ငါက ဒီလိုမျိုး လုပ်နေကြပဲ … ”

စစ်ထူနန်က ဂုဏ်ယူဝင့်ကြွားမှုကို ခံစားနေရလေ၏။ သူတို့က အာကာသ ဟင်းလင်းပြင်ထဲသို့ ရောက်လာသည်နှင့် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်ကာ သူတို့နှစ်ယောက်က မြန်ဆန်စွာ ထွက်ခွာသွားကြ လေတော့သည်။

ကုန်သွယ်ရေးဂြိုဟ်မှ ကျင့်ကြံသူများက အချိန်ခဏတာ ကြာသည့်အထိ ဆက်၍ လိုက်လာသေးသော်လည်း ထို့နောက်တော့ လက်လျှော့သွား ကြလေ၏။ တကယ်တော့ ကြယ်သံလိုက် အိမ်မြှောင် ပိုင်ဆိုင်ထားသည့် လူကလည်း အများကြီး ရှိမနေချေ။ သည့်အပြင် စစ်ထူနန်၏ ကျင့်ကြံမှု အဆင့်ကလည်း အလွန်အားကောင်းလှ၏။ သူတို့က မှီအောင် လိုက်လာမည်ဆိုရင်ပင် သူတို့အသက်များကို အဝေးသို့ လွှတ်ပစ်ခြင်း ခံရပေလိမ့်မည်။

“စစ်ထူ … ငါ့ရဲ့ နှင်းမှင်ရည် ရလာခဲ့လား … ”

ဝမ်လင်းက နှုတ်ခမ်းသပ် လိုက်မိ၏။ သူက သည်ခိုးယူမှုတွင် ဝင်ရောက်ပါဝင်ခြင်း မရှိသော်လည်း နှင်းမှည်ရည်က သူ အကူအညီ တောင်းခဲ့သည့်အရာပင် မဟုတ်လား။ ထို့ကြောင့် သူလည်း သည်ကိစ္စ၌ ကြံရာပါပင် ဖြစ်လေတော့၏။

စစ်ထူနန်က ရယ်မောကာ ပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်၏။ သူက ၎င်းကို ဝမ်လင်းထံသို့ ပစ်ပေးကာ ပြောလိုက်သည်။

“မင်းအတွက် … ဒီထဲမှာ နှစ်စက် သုံးစက်တော့ ရှိတယ် … ”

သူက ပုလင်းကို ပစ်လိုက်ပြီးနောက် စစ်ထူနန်က သူခိုးယူလာသည့် အရာများကို စစ်ဆေးကြည့် လိုက်လေ၏။ သူက ၎င်းတို့ကို စစ်ကြည့်ပြီးနောက် ဂုဏ်ယူစွာ ပြုံးနေတော့သည်။

“ဟားဟား … မဆိုးပါဘူး …။ ဒီတစ်ကြိမ် ရိပ်သိမ်းနိုင်တာက အရင်ကထက် အဆများစွာ သာတယ် … ”

ဝမ်လင်းက အိတ်ကို ယူ၍ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည့် အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေတော့၏။

ဝမ်လင်းက သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချလိုက်လေ၏။

“ဒီလို ခိုးယူတာက တကယ့်ကို မဆိုးဘူးပဲ။ အနာဂတ်မှာ ငါသာ အခွင့်ရေးရရင် ငါလည်း ဒီလိုမျိုး ခိုးယူရလိမ့်မယ် … ”

အပြင်ဘက် အာကာသ ဟင်းလင်းပြင်က လုံးဝနက်မှောင် နေခြင်းတော့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ရောင်စုံအလင်းများစွာ ရှိနေပြီး မည်သည့်အရာမှန်း မသိရသည့် အရာများလည်း ရှိလို့နေသည်။ ၎င်း၏ အလှက တစ်ချက် ကြည့်ရုံနှင့်ပင် လူတိုင်းနှလုံးသားကို တုန်ယင်သွားစေ နိုင်လေ၏။

လဝက်ခန့် ကြာပြီးနောက် ဝမ်လင်းတို့ ရှေ့၌ ထူထဲသည့် နက်ဗျူလာ ကြယ်စုကြီးတစ်ခု ပေါ်လာခဲ့သည်။ စစ်ထူနန်က ထိုကြယ်စုကို ကြည့်၍ သက်ပြင်းချသည်။

“ငါ ခုထွက်သွားရတော့မယ် … ”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ထိုတောက်ပနေသည့် ကြယ်စုကြီးကို တိတ်တဆိတ် ကြည့်နေရင်း မေးလိုက်၏။

“စစ်ထူ … သင်က ရတနာတွေ လုံလုံလောက်လောက် ရခဲ့လား … ”

စစ်ထူနန်က ရယ်မောကာ ပြောဆိုလိုက်သည်။

“ခုတော့ မလုံလောက်သေးဘူး … ဒါပေမဲ့ ငါက လမ်းတစ်လျှောက်မှာ ဒီလို သက်လိုက်ခိုးလိုက် လုပ်သွားမှာ။ ငါ သွားချင်တဲ့နေရာ ရောက်ရင်တော့ ငါ့မှာ ရတနာတွေ လုံလောက်နေလိမ့်မယ် … ”

ထိုသို့ပြောပြီးနောက် သူက နက်ဗျူလာကြယ်စုကို လက်ညှိုးထိုး၍ ပြောလိုက်၏။

“အရင်တုန်းက ရီဝူယောင်နဲ့ ငါအဲဒီနေရာကို ရောက်ခဲ့ဖူးတယ် … ဒါက ခုငါတို့ နှစ်ယောက် ခွဲရတော့မယ် အချိန်ပဲ … ငါက ထျန်းယွမ်ဂြိုဟ်နဲ့ အလွန်ဝေးတဲ့ နေရာကို သွားတော့မယ် … ငါတို့ ခွဲပြီးရင် ကိုယ်လမ်းကိုယ် သွားကြတာပေါ့ … ”

စစ်ထူနန်က ထိုသို့ပြောပြီးနောက် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဖြူရောင် အလင်းတစ်ခုက ပျံသန်းထွက်လာ၏။ သည်အလင်းက ကြီးမားသည့် ဓားကြီးတစ်လက် အဖြစ်သို့ ပြောင်းလဲသွားလေသည်။ စစ်ထူနန်က ထိုဓားပေါ်သို့ ခုန်တက်လိုက်၏။ သည့်နောက လှည့်၍ ပြောလိုက်သည်။ ဝမ်လင်း … ထျန်ယွမ်ဂြိုဟ်က လူစိမ်းတွေနဲ့ ပြည့်နေတာ … မင်းက အဲဒီနေရာ အကြောင်းမသိတဲ့ အတွက် ဂရုစိုက်ရလိမ့်မယ် … ဒါပေမဲ့ ဟင်္သာပြဒါးဂြိုဟ်ရဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုလည်း မေ့မပစ်ပါနဲ့ … မင်းမှာ ပြဿနာတစ်ခုခု ရှိလာရင် ဖန်လိန်ဂြိုဟ်မှာ ငါ့ကို လာရှာပါ … ဒီအဘိုးအို အနားမှာ ရှိရင် ဘယ်သူကမှ မင်းကို ထိရဲမှာ မဟုတ်ဘူး … ”

ဝမ်လင်းက နက်ဗျူလာကြယ်စုကိုသာ ကြည့်နေလျက် ရှိ၏။ သူက စစ်ထူနန်ကို မကြည့်ဘဲ ပြောလိုက်သည်။

“သင့်မှာ ပြဿနာတစ်ခုခု ရှိလာရင် ထျန်ယွမ်ဂြိုဟ်မှာ ငါ့ကိုလာရှာပါ … ငါ့အနားမှာဆိုရင် သင့်ကို ဘယ်သူမှ ပြဿနာလာရှာရဲမှာ မဟုတ်ဘူး … ”

စစ်ထူနန်က ရယ်မောကာ ပြောလိုက်သည်။

“ကောင်းတယ် … အနာဂတ်မှာ ငါ ပြဿနာတစ်ခုခု ရှိရင် မင်းကိုလာရှာမယ် …။ ဒါပေမဲ့ မင်း နေရာက သေးငယ်နေဦးမယ် ဆိုရင်တာ့ ငါလာမှာ မဟုတ်ဘူး … ဘာပဲဖြစ်ဖြစ် မင်းက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ကလန်တစ်ခုကို တည်ထောင်ရမယ် …။ ငါ လာရင် မင်းအတွက် အကြီးအကဲ ခေါင်းဆောင် လုပ်ပေးမယ် … ”

ထိုသို့ပြောပြီးနောက် စစ်ထူနန်က အသက်ဝဝရှူသွင်း၍ ဝမ်လင်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ပထမဆုံး အကြိမ်အဖြစ် သူက ဝမ်လင်းကို ညင်သာစွာ ပြောလိုက်၏။

“ဝမ်လင်း … ဂရုစိုက်ပါ … ”

ထိုသို့ပြောပြီးသည်နှင့် သူ့အောက်ရှိ ဓားကြီးက လက်ခနဲဖြစ်ကာ ပျောက်ကွယ်၍ အလင်းတန်း တစ်ခုအလား ထွက်ခွာသွား လေတော့သည်။

“စစ်ထူ … ဂရုစိုက်ပါ … ”

ဝမ်လင်းက စစ်ထူနန် ပျောက်ကွယ်သွားသည့် နေရာသို့ ခေါင်းလှည့်ကြည့် လိုက်သည်။ သည်ကြီးမားလှသည့် အာကာသ ဟင်းလင်းပြင်ထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေတော့၏။

အချိန်အတန် ကြာသည့်အခါ ဝမ်လင်းက သက်ပြင်းချ၍ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူက ကျင့်ကြံခြင်းကမ္ဘာသို့ ခြေချလိုက်ကတည်းက စစ်ထူနန်က သူနှင့်အတူ ရှိနေခဲ့ခြင်းပင်။ သူက စစ်ထူနန်အပေါ်သို့ အကြွေးများစွာ တင်ကျန်နေသည် မဟုတ်လား။

စစ်ထူနန်က အချိန်အတန်ကြာ အိပ်ပျော်နေ ခဲ့သော်လည်း ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲ၌ စစ်ထူနန်၏ တည်ရှိမှုကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့ပေသည်။

သူ့အမြင်တွင် စစ်ထူနန် သူ့အတွက် ဆရာတစ်ယောက်နှင့် မခြားလှချေ။

သည်တစ်ကြိမ်၌ သူတို့နှစ်ယောက်က ကောင်းမွန်စွာ လမ်းခွဲခဲ့ကြခြင်း ဖြစ်၏။ သူ့နှလုံးသားထဲ၌ ဝမ်းနည်းမှုက ပို၍ အားကောင်းလာ ခဲ့တော့သည်။

“ငါတို့ သက်တမ်းမှာ ငါတို့နှစ်ယောက် ပြန်တွေ့နိုင်ဦးမလား သိချင်နေမိတယ် … ”

ဝမ်လင်းက အချိန်အတန်ကြာ မတ်တတ်ရပ်လျက် ရှိနေ၏။ သည့်နောက် သူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး စစ်ထူနန်ရှိရာသို့ သုံးကြိမ်သုံးခါ ဂါဝရ ပြုလိုက်လေ၏။

“ငါ ဝမ်လင်းက ငါ့ဘဝမှာ ကောင်းကင်နဲ့ မြေကြီးကိုတောင် ဘယ်တုန်းကမှ ဂါဝရပြု ဦးမညွှတ်ခဲ့ဘူး …။ ငါ့ လေးစားမှုကို ဘယ်နတ်ဘုရား ဘယ်တစ္ဆေကိုမှ မပေးခဲ့ဘူး … ငါက ငါ့မိဘကိုသာ ဦးညွှတ်ခဲ့ပြီး စစ်ထူကိုသာ လေးစားမှု ပြခဲ့တယ် … ”

ဝမ်လင်းက သူ့စိတ်ထဲရှိ ပူဆွေးမှုကို ဖိနှိပ်၍ မော့ကြည့်လိုက်သည်။ ကြယ်သံလိုက် အိမ်မြှောင်က အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားနေလေ၏။

သူ့ဦးတည်ရာက စစ်ထူနန်နှင့် ဆန့်ကျင်ဘက်ပင်။ သူတို့က ပို၍ ရွှေ့လျားလေ ပို၍ ကွာဝေးလေပင်။

ဝမ်လင်း ထွက်ခွာသွားပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုက သူတို့နှစ်ယောက် ရှိနေခဲ့သော နေရာတွင် ပေါ်လာခဲ့သည်။ သည့်နောက် စစ်ထူနန်၏ပုံရိပ် ပေါ်လာခဲ့လေ၏။ သူက ဝမ်လင်း ထွက်သွားသည်ကို ကြည့်၍ သက်ပြင်းချမိသည်။

“ရက်စက်တဲ့ ကံကြမ္မာ စမ်းသပ်ချက် မရှိရင် လူတစ်ယောက်က အစစ်အမှန် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ဘူး … ဝမ်လင်း … ငါက မင်းကို နတ်ဆိုး လမ်းကြောင်းကို သွားစေခဲ့တာက ဘာလို့လဲဆိုတော့ နတ်ဆိုး လမ်းကြောင်းကပဲ မင်းရှင်သန်နိုင်ဖို့ အကောင်းဆုံးတစ်ခု ဖြစ်နေလို့ပဲ…။ မင်းက ကိုယ်ပွားတစ်ခုကို ဖန်တီးပြီးတဲ့နောက် မင်းက နတ်ဆိုးလမ်းကြောင်းကို လျှောက်ပြီး မင်းရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးရလိမ့်မယ် … ငါက မင်းနားမှာ ထပ်ပြီး ရှိမပေးနိုင်တော့ဘူး …။ ဘာလို့လဲဆိုတော့ ဒီအဘိုးအိုက အတွင်းအပြင် နှစ်ခုလုံးမှာ နတ်ဆိုး ဖြစ်နေလို့ပဲ … ”

စစ်ထူနန်က ဝမ်လင်း ထွက်သွားသည့်နေရာကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“မိတ်ဆွေလေး … နှုတ်ဆက်ပါတယ် … ”

သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် အဖြူရောင်အလင်း အဖြစ်သို့ ဖျတ်ခနဲ ပျောက်ကွယ်သွား လေတော့သည်။

အာကာသ ဟင်းလင်းပြင်က အလွန်ကြီးမား ကျယ်ပြန့်၏။ ထို့အတွက် လူတစ်ယောက်က ကြယ်မြေပုံမရှိလျှင် သူတို့က လမ်းပျောက်၍ အသက်ဆုံးရှုံး ရနိုင်ပေသည်။

ထျန်ယွမ်ဂြိုဟ်၏ ရှေ့ဖြစ်ဟောသူက ဝမ်လင်းအတွက် ဟင်္သာပြဒါး ဂြိုဟ်ကနေ ထျန်ယွမ်ဂြိုဟ်သို့ လာသည့်လမ်းကြောင်းကို အသေးစိတ် ကြယ်မြေပုံတစ်ခု ချန်ပေးထား ခဲ့လေသည်။

ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်၍ ထျန်ယွမ်ဂြိုဟ်သို့ အလျင်အမြန် ခရီးနှင်နေလေ၏။ သည်အချိန်အတွင်း ဝမ်လင်းက အချည်းနှီး ဖြစ်စေခြင်း မရှိပေ။ သူက တစ်ချိန်လုံး လေဟာနယ်သစ် ကျောက်တုံးနှင့် နှင်းမှင်ရည်တို့ဖြင့် ကြယ်သံလိုက် အိမ်မြှောင်ကို ရှေးဟောင်း နတ်ဘုရား၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သန့်စင်မွန်းမံ နေခဲ့ပေသည်။

သည်ဖြစ်စဉ်က မြန်ဆန်လှခြင်း မရှိပေ။ သူက ခရီးစဉ်တစ်ခုလုံး လုပ်နေရမည် ဖြစ်သည်။

ကြယ်သံလိုက် အိမ်မြှောင်က ခုချိန်တွင် အစိမ်းရောင် အလင်းတစ်ခုဖြင့် ဖုံးလွှမ်းထားလေသည်။ အစိမ်းရောင် အလင်းထဲ၌ မရေမတွက်နိုင်သော အကိုင်းအခတ်များက လှုပ်ရှားလို့နေပြီး ကြယ်သံလိုက် အိမ်မြှောင်ကို ထွေးပိုက်ထားသကဲ့သို့ ရှိနေ၏။

သည်အရာက လေဟာနယ်သစ် ကျောက်တုံးကနေ မွန်းမံထားသည့် ထူးဆန်းသော အရာဝတ္ထုတစ်ခု ဖြစ်လေသည်။

သည်ဖြစ်စဉ်က သုံးလတိတိ ကြာမြင့်ခဲ့၏။

သည်သုံးလအတွင်း လေဟာနယ်သစ် ကျောက်တုံးနှင့် ကြယ်သံလိုက် အိမ်မြှောင်တို့၏ ပေါင်းစပ်မှုက အဆင့်သေးတစ်ခု ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် လုံလောက်ရုံသာ ရှိခဲ့သည်။ ရှေးဟောင်း နတ်ဘုရားများက အချိန်ကို ဂရုစိုက်ကြခြင်း မရှိကြချေ။ သည့်အတွက်ကြောင့် သူတို့က ရတနာတစ်ခုကို သန့်စင်သည့်အချိန်တွင် သည်ဖြစ်စဉ်က အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်လေ၏။

ကြယ်ကိုးလုံး ရှေးဟောင်း နတ်ဘုရားတစ်ယောက်က ရတနာတစ်ခုကို သန့်စင်ရန် နှစ်ပေါင်းတစ်ထောင် အချိန်ယူလေသည်။ သည်နှစ်ပေါင်း တစ်ထောင်က သူ့အတွက် လက်ဖျစ် တတွတ်အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟုသာ ထင်မှတ်ရ၏။

ဝမ်လင်းက သည်အမြန်နှုန်းကို တွက်ချက်ကြည့်ရာ ၎င်းသန့်စင်သည့် ဖြစ်စဉ်က သူ ထျန်ယွမ်ဂြိုဟ်ပေါ်သို့ ရောက်သွားသည့် အချိန်ထိ ပြီးလိမ့်မည် မဟုတ်ကြောင်း သိလိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက နှင်းမှင်ရည်ကို အသုံးပြု၍ အဆင့်သေးတစ်ခု ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် နောက်ဆုံး သန့်စင်မွန်းမံခြင်းကို စတင်လိုက်၏။

နောက်ထပ် လပေါင်းများစွာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြန်၏။

သည်နေ့တွင် …။

***

Comment

Leave a Reply

Options

not work with dark mode
Reset