Switch Mode

အပိုင်း (၅၂၁)

ဘိုင်ဝေ

“စီနီယာ … နောက်မှာရှိတဲ့ တစ်ခုက ရှန်းကလန်ရဲ့ ဆိုင်ပဲ …။ ဒီဆိုင်က လူတစ်ယောက် အလွယ်တကူ ဝင်လို့ရတဲ့ နေရာတစ်ခုတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ကင်းလှည့်နေတဲ့ လူတွေ ရှိနေလိမ့်မယ် … ”

လီတနန်က ပြောလို့ မဆုံးသေးခင်မှာပင် အပြာရောင် လှိုင်းတွန့်များက ပါးလွှားသော လေထုထဲ၌ ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ပျံ့နှံ့လာလေ၏။

“ဝင်လာတဲ့လူ … ရပ်လိုက်ပါ …”

အေးစက်မောက်မာသည့် အသံတစ်ခုက လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။

ဝမ်လင်းအသွင်က တည်ငြိမ်နေပြီး သူက လက်မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခုက ရုတ်တရက် ဖြစ်ပေါ်သွားပြီး စူးရှသည့် အသံတစ်ခုကို ဖြစ်ပေါ်၍ ယင်းအပြာရောင် လှိုင်းတွန့်များထံသို့ တဟုန်ထိုး တိုးဝင်သွား၏။

“မင်း … ”

အသံက ရုတ်တရက် မြင့်တက်လာခဲ့၏။ သို့သော် လေပြင်းက နီးကပ်သွားပြီး အပြာရောင် လှိုင်းတွန့်က ပျက်စီးလို့သွားသည်။ သည့်နောက် အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့၏။ သူ့အသွင်က ရုပ်စိုးလို့နေသည်။

လီတနန် မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက မင်းမိုင်မြို့တွင် အချိန်အကြာကြီး နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း သည်မြောက်ဘက်ပိုင်းသို့ နှစ်ကြိမ်သာ လာရောက်ခဲ့ဖူးသည်။ မြို့မြောက်ဘက်ပိုင်းကို ကင်းလှည့်နေသည့်လူများ ရှိသော်လည်း လူတစ်ယောက် ဝင်လာသည်နှင့် အခုလိုမျိုး လုပ်ရပ်ကတော့ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးချေ။

ဝမ်လင်း အသွင်က တည်ငြိမ်နေဆဲပင်။ သည်လူငယ်၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ခြင်း မရှိပေ။ သူက ဝမ်လင်းကဲ့သို့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်သေးသော်လည်း ခြေတစ်ဝက် နင်းနိုင်ခဲ့ပြီး ဖြစ်၏။

သည်လူက လုံလောက်သော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိနိုင်နေပြီ ဖြစ်၏။ သို့သော် သူက ဝမ်လင်းကဲ့သို့ ဒုတိယနည်းလမ်းဖြင့် အဆင့်ချိုးဖျက်ခြင်းကို ရွေးချယ်ခဲ့သည့်ပုံပင်။

သည့်အတွက်ကြောင့် သူ့တွင် လုံလောက်သော ကောင်းကင်ဘုံ ကျောက်စိမ်းပြားများ ရှိသည်နှင့် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ပိုမိုလွယ်ကူစွာ ရောက်နိုင်ပေလိမ့်မည်။

လူငယက် ဝမ်လင်းကို ကြည့်နေပြီး အေးစက်စွာနှာ ခေါင်းရှုံ့၍ ပြောလိုက်သည်။

“ထွက်သွားစမ်း … ”

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပြီး စစ်ထူနန်နှင့် တစ်လလုံးလုံး ယှဉ်တိုက်ထားသည့်အတွက် သူ့တိုက်ပွဲဝင် အတွေ့အကြုံက အတော်လေး တိုးတက်လာခဲ့ပြီး ဖြစ်သည်။ သည့်အတွက် ခုချိန်၌ သူက အလွန် မြန်ဆန်လွန်းနေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်လင်းက ပေတစ်ရာကို ဖြတ်ကျော်သွား၏။ လက်သီး တစ်ချက်ဖြင့်ပင် လက်သီးစုပ်ခန့် အားပမာဏ အများအပြားကို ဖြစ်ပေါ်သွားစေ၏။ မည်သည့် လေထုပေါက်ကွဲမှုမှ ရှိမနေခဲ့ချေ။ သို့သော် များစွာသော အက်ကွဲကြောင်းများက လေထဲ၌ ပေါ်လာခဲ့ပြီး လေဟာနယ်က ပြိုကျတော့မည့်အလား ထင်မှတ်လိုက်ရသည်။

လူငယ်အသွင်က အလွန်ပြောင်းလဲသွား၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်က ခုလို လက်သီးစွမ်းအားကို ပစ်သွင်းလာ နိုင်လိမ့်မည်ဟု မထင်ထားမိချေ။ သည်လို တိုက်ခိုက်မှုက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အထိတ်အထိပ်အဆင့် တစ်ယောက်ပင် အစွမ်းကုန် ခုခံရမည်သာ ဖြစ်၏။ တစ်ခုခု မှားသွားသည်နှင့် သူတို့က ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်ပေသည်။

သူက နောက်သို့ ဆုတ်ချင်သော်လည်း သူ့ခန္ဓာကိုယ်က မမြင်ရသော အားတစ်ခုနှင့် တားဆီးခြင်း ခံထားရသကဲ့ ဖြစ်သွားပြီး တစ်လက်မပင် မလှုပ်ရှားနိုင်တော့ချေ။ သူက လက်သီးချက် သူ့ရှေ့တွင် တဖြည်းဖြည်း ကြီးမားလာနေသည်ကိုသာ ကြည့်နေရုံ တတ်နိုင်တော့၏။

သူ့နှာခေါင်းထဲကနေ အေးစက်စက် ချွေးတစ်စက် ကျဆင်းလာခဲ့၏။ သို့သော် သူ့မျက်လုံးများကတော့ တည်ငြိမ်နေဆဲ ဖြစ်ပြီး မည်သည့် ကြောက်လန့်မှုမှ ဖြစ်မနေခဲ့ချေ။ သူက ဝမ်လင်းကျင့်ကြံမှု အဆင့်ကို သိနေတာတောင်မှ မောက်မာစွာ လုပ်ဝံ့ခဲ့သည် မဟုတ်လား။ ဆိုလိုသည်က သူ့တွင် အံ့ဖွယ်ကျင့်ကြံခြင်း နည်းလမ်း သို့မဟုတ် နောက်ခံကောင်းကောင်း ရှိနေပေလိမ့်မည်။

“ရပ်လိုက်စမ်း … ”

တတိယမြောက်ဆိုင်ကနေ အလင်းတန်း တစ်ခုနှင့်အတူ အသံတစ်သံ ထွက်ပေါ်လာ၏။ သည်အလင်းတန်းထဲ၌ ရေနွေးကြမ်းခွက် တစ်ခုသာ ရှိနေပြီး ၎င်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နေပြီး အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းလာနေ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ သူ့လက်ချောင်းထိပ်၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်၏။ သူက ရေနွေးကြမ်းခွက်ထံသို့ လက်ညွှန်၍ စက်ဝိုင်းအသွင် ရေးဆွဲကာ ပြောလိုက်သည်။

“ကြယ် လှည့်ပတ်ခြင်း … ”

ဝမ်လင်း လက်ချောင်း လှုပ်ရှားသွားစဉ်တွင် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်သွားပြီး ၎င်းက ရေနွေးခွက်ထံသို့ ဦးတည်သွား၏။

ရေနွေးခွက်အရှိန်က နှေးကျသွားပြီး ၎င်း၏ ဦးတည်ရာသည်လည်း ချာလပတ် လည်သွားလေ၏။ နောက်ဆုံးတွင် ၎င်းက ဝမ်လင်းပတ်လည်၌ ဝေ့ဝိုက်သွားလေ၏။

ဆိုင်ထဲကနေ အံ့အားသင့်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ဝမ်လင်း ညာလက်သီးဖြင့် တိုက်ခိုက်မှုက အလင်းတန်းအလား မြန်ဆန်လှပြီး လူငယ်ရှေ့ရှိ လေထုပေါ်သို့ ကျရောက်သွား၏။ လူငယ်မျက်နှာက ချက်ချင်း နီရဲသွားပြီး သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးများက မှိန်ဖျော့သွားပြီး သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သည့်နောက် သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး နောက်ထပ် သွေးအန်လိုက်ရပြန်၏။

သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေစဉ်တွင် အဖြူရောင် ကောင်းကင်ဘုံ စွမ်းအင်က သူ့မွေးညင်းပေါက် များကနေ ရူးသွယ်ဖွယ် ထွက်ပေါ်လာနေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်မှ ကျန်ရှိမနေခဲ့တော့ချေ။

“မင်း … မင်း ငါ့ရဲ့ ကောင်းကင်ဘုံ အခြေခံကို ဖြုန်တီးပစ်လိုက်တယ် … ”

လူငယ်မျက်နှာက နီမြန်းနေခြင်း မရှိတော့ဘဲ လူသေကောင် တစ်ယောက်ကဲ့သို့ ဖြူရောလို့နေ၏။

ဝမ်လင်း လက်သီးတစ်ချက်က သည်လူ့ကို မသတ်ခဲ့ပေ။ ထိုအစား သူ့ကောင်းကင်ဘုံ အခြေခံကို အချည်းနှီး ဖြစ်စေလိုက်လေ၏။ သည်အရာက လူငယ်ကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစွန်အဖျားကနေ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ကန်ထုတ်ပစ်လိုက်ခြင်း မည်ပေသည်။

ဝမ်လင်းက သူ့လက်သီးချက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သည့်နောက် သူက လက်နောက်ပစ်၍ ရေနွေးကြမ်းခွက် သူ့ထံသို့ ပစ်လွှတ်လိုက်သည့် ဆိုင်ထံသို့ တည်ငြိမ်စွာ ကြည့်လို့နေလေ၏။

သည် ကြယ်လှည့်ပတ်ခြင်း မန္တန်က စစ်ထူနန် သူ့ကို သင်ပေးခဲ့သည့် မန္တန်တစ်ခု ဖြစ်လေ၏။ အတိတ်တုန်းက ဟင်္သာပြဒါး နိုင်ငံမှာဆိုလျှင် သူက သူ့ရတနာတစ်ခုကို ထုတ်ယူ၍ တိုက်ခိုက်ရပေမည်။ သို့သော် သူက စစ်ထူနန်နှင့် လေ့ကျင့်ပြီးသည့်နောက် သူက ရတနာများပေါ်တွင်သာ မှီခိုနေရန် မလိုအပ်တော့ချေ။

“အားကောင်းတဲ့ အစစ်အမှန် ကျင့်ကြံသူ တစ်ယောက်အတွက်က ရတနာများဟာ သူတို့ကို ထောက်ပံ့ပေးရုံသာ ဖြစ်တယ်။ ကျင့်ကြံသူများကို ကြောက်လန့်စေတာက သူတို့ရဲ့ မန္တန်များပဲ … ရတနာတွေက အလွန်အားကောင်း နေရင်တော့ ခြွင်းချက်ပေါ့ … ”

သည်စကားများက စစ်ထူနန် သူ့ကို ပြောခဲ့သည့် စကားများပင် ဖြစ်လေ၏။

“ဒီညီကိုက နည်းစနစ်ကောင်းတွေ ရှိနေတာပဲ … ငါက မင်းနာမည်ကို သိလို့ ရမလား … ”

တည်ငြိမ်သော အသံတစ်ခုက ဆိုင်ထဲကနေ ထွက်ပေါ်လာ၏။ သည့်နောက် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကလည်း အသံနောက်ကနေ ကပ်လျက် ထွက်ပေါ်လာလေ၏။

သည်လူကတော့ အရပ်ရှည်ရှည် လူငယ်တစ်ယောက်ပင်။ သူက ထက်မြသည့် မျက်ခုံး၊ နက်မှောင်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူ့မျက်လုံးများက ကြယ်များအလား ရှိနေပြီး လူအများက သူ့ကို ဖြတ်မမြင်နိုင်အောင် ပြုလုပ်ပေးနေသည်။ သူက ရပ်တန့်နေရုံဖြင့် သူ့ပတ်လည်ရှိ လေဟာနယ်က လှိုင်းတွန့်များ ဖြစ်လို့နေ၏။ ရှင်းလင်းစွာပင် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အထွတ်အထိပ် အဆင့် တစ်ယောက် ဖြစ်နေ၏။

ဝမ်လင်းက ခေါင်းလှည့်၍ ထိုလူ့ကို ကြည့်သည်။ သူ့အသွင်က တည်ငြိမ်နေပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။

“ဝမ်လင်း … ”

“ဝမ်လင်း … ငါကတော့ ဘိုင်ဝေပါ … ”

လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ယပ်တောင်တစ်လက်က သူ့လက်ထဲ၌ ပေါ်လာလေ၏။

သိပ်မဝေးသော နေရာ၌ ဝမ်လင်း ကောင်းကင်ဘုံအခြေခံ ဖျက်ဆီးပစ်လိုက်သော လူငယ်က အလွန်ဖျော့တော့သည့် အသွင်ဖြင့် ရှိလို့နေသည်။ သူက ဆိုင်ရှိရာသို့ လှမ်းလျှောက် သွားနေရင်း ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၍ လှောင်ပြောင်ဟန်ဖြင့် ပြောသည်။

“အရှင် … သူ့ကို သတ်ပေးပါ … ”

ဘိုင်ဝေက မျက်မှောင်ကြုတ် သွား၏။ သူက လှည့်၍ ပြောလိုက်သည်။

“မင်းက ဒီနေရာမှာ ဘာမှ ဝင်ပြောနေခွင့် မရှိဘူး …။ ထွက်သွားချေ … ”

လူငယ်အသွင်က မှင်တက်သွားမိ၏။ သူက ဘိုင်ဝေနှင့် ဝမ်လင်းကို ကြည့်၍ ထူးဆန်းသောအသွင် ဖြစ်ပေါ်သွား၏။ သူက နှာခေါင်းရှုံ့လိုက်၏။ သို့သော် မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။

ဝမ်လင်းအသွင်က နဂိုအတိုင်းပင်။ သည်လူ့နာမည်က အနည်းငယ် မိန်းမဆန်နေပြီး ဝမ်လင်းက သည်လူသည် မိန်းမလျာ တစ်ယောက် ဖြစ်ကြောင်း ပြောနိုင်လေ၏။

“အစ်ကိုဝမ် … ငါ့အစေခံက ရိုင်းစိုင်းပါတယ် …။ မင်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် …။ ငါက ထျန်ယွမ်ဂြိုဟ် ကနေလာပြီး ကောင်းကင်ဘုံ ကံကြမ္မာကလန် အဖွဲ့ဝင်လည်း ဖြစ်တယ် …။ အစ်ကိုဝမ်ကကော ဘယ်ကနေများ လာခဲ့တာလဲ … ”

ဘိုင်ဝေက ညင်သာစွာ ပြုံးလိုက်၏။ စောနက မပျော်မရွှင် ဖြစ်နေမှုသည်လည်း ပျောက်ကွယ်သွား လေတော့၏။

ဝမ်လင်း မျက်လုံးထဲကနေ ထူးဆန်းအလင်း တစ်ခု ဖြစ်ပေါ်သွားပြီး သူက ပြောလိုက်သည်။

“ငါက လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ … ကလန်မရှိဘူး … ”

ဘိုင်ဝေက ပြုံး၍ ခေါင်းယမ်းလိုက်၏။

“အစ်ကိုဝမ်က မပြောချင်တော့လည်း ငါက အတင်းမမေးတော့ပါဘူး …။ ဒါပေမဲ့ အစ်ကိုဝမ်က အနာဂတ်မှာ အချိန်ရမယ်ဆိုရင် ထျန်းယွမ်ဂြိုဟ်ကို လာနိုင်ပါတယ် … ဒါမှ ငါက အိမ်ရှင်ကောင်း လုပ်လို့ရမှာပေါ့ … ”

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက လက်နှစ်ဖက် ယှက်၍နှုတ်ဆက်ကာ သူတို့နှစ်ယောက်ကို ကျော်၍သွား၏။ လီတနန် နှလုံးက ခုန်ပေါက်နေပြီး သူက ဝမ်လင်းနောက်သို့ အမြန်လိုက်သွား လေသည်။ သူက နှေးသွားပါက ကြိုမမြင်နိုင်သည့် ကိစ္စတစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေသည်။ ထိုသို့သာ ဖြစ်လာလျှင် သူက နာကျင်ရပေလိမ့်မည်။

ဘိုင်ဝေ မျက်လုံးများက ဝမ်လင်းကို တောက်လျှောက် ကြည့်လို့နေခဲ့သည်။ သည့်နောက် သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်သွားသည်။ သူက ယပ်တောင်ကို ပြန်သိမ်း၍ ပြောလိုက်သည်။

“တောင်တွေမှာ သစ်ပင်တွေ ရှိတယ် … သစ်ပင်တွေမှာ အကိုင်းအခတ်တွေ ရှိတယ် … နှလုံးသာက ဒီအရှင်ကို ကျေနပ်စေတယ် …။ ဘာလို့လဲတော့ ဒီအရှင်မသိဘူး … ”

ကောင်းကင်ဘုံအခြေခံ ဆုံးရှုံးသွားသည့် လူငယ်က ဘိုင်ဝေကို ကြည့်သည်။ သူ့မျက်လုံးထဲရှိ ထူးဆန်းမှုက ပိုမိုနက်ရှိုင်း သွားလေ၏။

ဝမ်လင်းပုံရိပ်က နောက်ဆုံး ဆိုင်ခန်းအတွင်းသို့ ပျောက်ကွယ်သွားသည့် အခါကျမှ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက သူ့ဘေးရှိ အစေခံကို ကြည့်၍ ပြုံးလိုက်သည်။

“ဒါက ကောင်းကင်ဘုံ အခြေခံလေးပါပဲ …။ ဒီအရှင်က ထျန်ယွမ်ဂြိုဟ်ကို ပြန်ရောက်ရင် ငါက မင်းကို ဒီအခြေခံထပ်ပြီ ပေးလိုက်ရုံပဲလေ … ”

ထိုသို့ပြောပြီးသည်နှင့် သူက တတိယမြောက်ဆိုင်ခန်း ရှိရာသို့ ပြန်သွားလေတော့သည်။ သူရှာနေသည့် အရာက သိပ်ရှားပါးခြင်း မရှိချေ။ သူက သည်နေရာရှိ ဆိုင်ခန်းကိုးခုကို စစ်ကြည့်ပြီးနောက် သူရှာနေသည့်အရာက တတိယမြောက် ဆိုင်ခန်းတွင် ရှိနေသည်ကို တွေ့ရှိခဲ့ပြီး ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဘိုင်ဝေသည်နေရာတွင် ရှိနေသဖြင့် အခြားလူများက သည်နေရာသို့ လာရောက်ခွင့် မရှိခေ။ သူအစေခံက ထိုသို့သော မောက်မာမှု ရှိလို့နေသည်။ သည့်အတွက်ကြောင့်လည်း သူက ဝမ်လင်း မြို့မြောက်ဘက်ခြမ်းကို ဝင်လာသည့်အခါ တားဆီးခဲ့ခြင်း ဖြစ်လေ၏။

ဝမ်လင်းက ရှန်းကလန်ဆိုင်သို့ လှမ်းလျှောက်လာလေ၏။ သည်နေရာက တခမ်းတနား ဆန်လှလေ၏။ သည်ဆိုင်ခန်း ပတ်လည်တွင် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ထွင်းထုထားသည့် ရုပ်တု (၉၉၉)ခု ရှိလို့နေ၏။

ထူထဲသော စိတ်ဝိညာဉ် စွမ်းအင်က ၎င်းတို့ပေါ်တွင် လွှမ်းခြုံလို့နေသည်။ လီတနန်က သည်အရာကို ခံစားမိသည့်အခါ သူက လုံးဝတုန်လှုပ်လို့ သွား၏။ သူက သူ့ဘဝတွင်သည် လိုအရာများကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အထူးသဖြင့် သည်လောက် သိပ်သည်းသည့် စိတ်ဝိညာဉ် စွမ်းအင်ကိုပင်။

အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် လီတနန်က ဝမ်လင်းနှင့် ပတ်သက်၍ ဆက်ဂရုမစိုက်တော့ဘဲ ထိုနေရာတွင် ထိုင်ချ၍ စတင်ကျင့်ကြံ လေတော့၏။

ဝမ်လင်းက သူ့ရှေ့ရှိ စိတ်ဝိညာဉ် ကျောက်တုံးရုပ်များကို စူးစမ်းနေ၏။ သူတို့အားလုံးက အမျိုးသမီးအသွင်များ ဖြစ်ပြီး တူညီခြင်းတော့ မရှိကြချေ။ တူညီတာတစ်ခုတော့ ရှိလေ၏။ ထိုအမျိုးသမီးရုပ်တု အားလုံးက အလွန်လှပနေခြင်းပင်။

သည်စိတ်ဝိညာဉ် ကျောက်တုံး ရုပ်တုများ၏ တစ်ခုချင်းစီ၏ လက်ထဲ၌ သေတ္တာတစ်လုံးစီ ရှိလို့နေကြသည်။ သည်သေတ္တာများထဲ၌ ရတနာများ၊ ဆေးလုံးများနှင့် သင်တွေ့ကြည့်သည့် မည်သည့်အရာမဆို ရှိလို့နေနိုင်သည်။

သည်အခိုက်တွင် ရယ်သံတစ်ခုက ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် လှပသောအမျိုးသမီး တစ်ယောက လှေကားကနေ ဆင်းသက်လာလေ၏။ သူမ မျက်လုံးများကတော့ ဝမ်လင်းကို ကြည့်လို့နေသည်။

သည်အမျိုးသမီးက နှင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်စုံအနားစွန်း၌ မန်ဒြာရပန်းပွင့်ပုံ ကိုးခုကို ရေးထွင်းထားသည်။ သည်နှင်းဝတ်စုံက အလွန်မျက်စိ ဖမ်းစားနိုင်စွမ်း ရှိလေ၏။

သူမ၏ ပျော့ပြောင်းသော ဆံနွယ်က နောက်ကျောက်ဘက်၌ ကျဆင်းလျက် ရှိနေ၏။ သူမက ခရမ်းရောင် သလင်းဆံထိုးသုံးခုကို ထိုးထားလေ၏။ နှစ်ခုက ခရမ်းရောင် ဆံနွှယ်နှစ်ခုက လေပြေနှင့်အတူ ဝှေ့ဝဲလျက် ရှိလို့နေသည်။ သည့်အပြင် သူမ ဘယ်ဘက်မျက်စိ အောက်တွင်လည်း ခရမ်းရောင် ပုစဉ်းတောင်ပံ အဆင်တန်ဆာလေး တစ်ခု ရှိလို့နေ၏။ သည်အရာက သူမကို ပန်းချီကား တစ်ချပ်အလား လှပစေလေ၏။

“ရောင်းရင်းကျင့်ကြံသူ … ရှန်းကလန် ဆိုင်ခန်းကနေ ကြိုဆိုပါတယ် … ”

အမျိုးသမီးအသံက တေးဆိုငှက်အလား ထင်မှတ်ရလေ၏။

သည်အမျိုးသမီးက အမှန်ပင်လှ၏။ သို့သော် ဝမ်လင်းအာရုံကို ဖမ်းစားနိုင်သည့် အရာကတော့ သူမဘယ်ဘက် မျက်လုံးအောက်ရှိ ပါးလှပ်သည့် အဆင်တန်ဆာပင် ဖြစ်လေသည်။

သူ့အမြင်အရ သည်ပါးလှပ်သည့် အရာလေးသည် ရတနာတစ်ခု ဖြစ်ကြောင်း ဖြတ်မြင်နိုင်စွမ်း ရှိနေပေသည်။

ထို့အတူ မန်ဒြာရ ပန်းပွင့်ကိုးခုသည်လည်း အလွန်ရှားပါးသည့် ရတနာများ ဖြစ်နေပေလိမ်မည်။

သူမခေါင်းပေါ်ရှိ ဆံထိုးသုံးခုကလည်း ရတနာများသာ ဖြစ်ကြသည်။ သူမခန္ဓာကိုယ်က ရတနာများဖြင့် ပြည့်နေလေတော့သည်။ သည်အရာက သည်နေရာသည် မည်မျှချမ်းသာကြောင်း ပြသနေခြင်းပင်။

ဝမ်လင်းက အချိန်ဖြုန်းလိုခြင်း မရှိသဖြင့် တည်ငြိမ်စွာ မေးလိုက်၏။

“ဒီဆိုင်မှာ နှင်းမှင်ရည် ရှိလား … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset