အနောက်ဘက် မြို့တံခါးမှာ သည်မြို့ထဲသို့ ဝင်လာသူ အများစုသည် အနောက်ဘက် အရောင်းခန်းမကို သွားမည့်လူများဟု ပြော၍ ရသည်။ သည်နေရာတွင်တော့ ပစ္စည်းများက မျိုးစုံအောင်ရှိသည်။ စျေးလည်း သက်သာသည်။ သို့သော် သည်အရောင်း ခန်းမကြီးတွင် ဝယ်ယူခြင်းက ဝယ်ယူသူ၏ အရည်အချင်းပေါ်မူတည် ပေလိမ့်မည်။ အကြောင်းကတော့ ထိုနေရာ ရှိပစ္စည်းများက အတုအယောင်များလည်း ဖြစ်နိုင်သောကြောင့်ပင်။
အရှေ့တံခါးမှ ဝင်လာသူများကတော့ သူတို့က သည်မြို့ကို ပထမဆုံးအကြိမ် ရောက်တာ ဖြစ်ချင်ဖြစ် မဟုတ်ရင် ဖောက်သည် အကြီးစားပင် ဖြစ်လေတော့၏။
လူငယ်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။
“စီနီယာ … ဂျူနီယာက လီတနန် ပါ …။ ငါက ဒီမြို့မှာ ကြီးပြင်းခဲ့တဲ့လူလည်း ဖြစ်တယ်။ စီနီယာ ဆန္ဒရှိမယ်ဆိုရင် ပြဿနာ တော်တော်များများကို ရှောင်ရှားဖို့ ဂျူနီယာက လမ်းပြ လုပ်ပေးချင်ပါတယ် … ဒီအတွက် အဆင့်မြင့်စိတ်ဝိညာဉ် ကျောက်တုံးဆယ်တုံး ကျသင့်ပါမယ် … ”
ဝမ်လင်းက လူငယ်ကို ကြည့်၍ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြ လိုက်သည်။ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံးက အတော်လေး များပြားသည်ဟု ပြော၍ရ၏။ သည်ပမာဏနှင့်ဆိုလျှင် လူတစ်ယောက် အချို့သောအဆင့်နိမ့် ရတနာများနှင့် ဆေးလုံးများကို ဝယ်ယူနိုင်ပေသည်။ သို့ရာတွင် ဝမ်လင်းက ဟင်္သာပြဒါး အုတ်ဂူသို့ မသွားခင်တုန်းက သူက စွန့်ပစ်ခံမသေမျိုး ကလန်ကနေ စိတ်ဝိညာဉ်ကျောက်တုံး အများအပြားကို ခိုးယူလာခဲ့သည် မဟုတ်လား။ သည့်အတွက်ကြောင့် သူက ခုချိန်၌ အလွန်ချမ်းသာ နေသည့်သူ ဖြစ်လေ၏။
လီတနန်က ချက်ချင်း လေးစားသည့် အမူအရာကို ပြသ၍ မေးလိုက်သည်။
“စီနီယာ … သင်က အံ့ဖွယ်ရတနာတွေ၊ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ ဒါမှမဟုတ် ပစ္စည်းတွေကိုများ ရှာဖွေနေတာလား … ၊ ဒါမှ မဟုတ် မှော်စာလုံး၊ မန္တန်တွေကိုလား … ”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက လေဟာနယ်သစ် ကျောက်တုံးကို လိုချင်တယ် … မင်း ဒါကို ကြားဖူးလား … ”
“လေဟာနယ်သစ် ကျောက်တုံး … ”
လီတနန်က စဉ်းစားသွားဟန် ရပြီး သူ့မျက်လုံးက လက်ခနဲ ဖြစ်ကာ ပြောလိုက်သည်။
“လေဟာနယ်သစ် ကျောက်တုံးက သစ်သားဒြပ်စင် တစ်ခုမလား …။ ဒါပေမဲ့ ကျောက်တုံးလိုမျိုး ကြီးထားတဲ့ပုံ ရှိပြီး နှစ်တစ်ထောင်ကြာတိုင်း တစ်လက်မပဲ ကြီးထွားတဲ့ဟာ မလား … ”
ဝမ်လင်းက သည်လူငယ်သည် သည်အရာကို သိနေသည့်အတွက် တုန်လှုပ်မိသွားလေသည်။ သည်အချင်းအရာက သည်လူငယ်သည် တော်တော်များများကို သိထားသည့်သူ ဖြစ်ကြောင်း ပြသနေ၏။ သည်သစ်ကျောက်တုံးက ထူစီ၏ မှတ်ဉာဏ်ထဲတွင် ရှေးဟောင်းနတ်ဘုရား ကြယ်သံလိုက် အိမ်မြှောင်ကို ပြုလုပ်ရာ၌ အသုံးပြုသည့် အရာများထဲက တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည့် အရာ ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရား ကလန်အဖွဲ့ဝင်များက ပုံမှန်အားဖြင့် သည်လို ကြယ်သံလိုက် အိမ်မြှောင်မျိုး မလိုအပ်ချေ။ အကြောင်းကတော့ သူတို့ ခန္ဓာကိုယ်ဖြင့်ပင် သူတို့က လေဟာနယ် ဟင်းလင်းပြင်ကို ဖြတ်၍ ပျံသန်းနိုင်ကြ သောကြောင့် ဖြစ်၏။
အထူးနေရာအချို့နှင့် အဆင့်နိမ့် ရှေးဟောင်း နတ်ဘုရားများသာ သည်လို ပစ္စည်းမျိုးကို လိုအပ်ပေ၏။ သို့ရာတွင် သည်ရှေးဟောင်း နတ်ဘုရားများ၏ ကြယ်သံလိုက် အိမ်မြှောင်က ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ဝင်များ၏ ကြယ်သံလိုက်အိမ်များနှင့် ခြားနားလေ၏။
၎င်းက အထူးပစ္စည်းများနှင့် အထူးနည်းလမ်းဖြင့် သန့်စင် မွန်းမံရပေသည်။ သို့ရာတွင် ပြည့်စုံသွားသည်နှင့် ၎င်းက ကြယ်သံလိုက်အိမ်မြှောင် တည်ရှိမှုထက် ပို၍မြန်ဆန် စွမ်းအားကောင်းသွား ပေလိမ့်မည်။
ဝမ်လင်းက ပွင့်လင်းစွာ ပြောလိုက်၏။
“မှန်တယ် … ဒါက ငါရှာနေတဲ့ အရာပဲ … ဒါကို ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဆိုင် မရှိဘူးလား … ”
လူငယ်က သည်လေဟာနယ်သစ် ကျောက်တုံးအကြောင်းကို သိနေသဖြင့် သူက စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ဖြုန်းတီးပစ်ရာ မကျတော့ပေ။
လီတနန်က ခက်ခဲနေဟန် ရ၏။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးမှ ပြောလိုက်သည်။
“စီနီယာ … ငါက အခြားလူတွေဆီကနေ ဒီအကြောင်းကို ကြားဖူးထားတာတော့ ရှိတယ် …။ တစ်ယောက်ယောက်က ဒီပစ္စည်းကို အရောင်းခန်းမမှာ ရောင်းတယ်တဲ့။ ဒါပေမဲ့ သူ့စျေးကတော့ အတော်လေး မြင့်မားတယ်။ ပျံသန်းနိုင်တဲ့ အရာဝတ္ထုတွေကို ပိုမြန်အောင် လုပ်တာကလွဲလို့ ဒီပစ္စည်းက အခြားအသုံးပြုလို့ရတာ မရှိဘူး။ ဒါကြောင့် ဘယ်သူမှလည်း ဒီဟာကို မဝယ်ကြဘူး။ အဲဒီတော့ ဒီရောင်းတဲ့သူက သူ့သူငယ်ချင်း တစ်ယောက်ကို လက်လွှဲခဲ့ပြီး သူက ထွက်သွားခဲ့တယ်။ စီနီယာ လိုချင်တယ်ဆိုရင်တော့ ငါက လမ်းပြခေါ်သွားပေးလို့ ရပါတယ် … ဒါပေမဲ့ ဒါက စျေးကြီးလွန်းတယ် … စီနီယာက ပစ္စည်းတွေ လိုချင်တယ်ဆိုရင်တောင် အခြားတစ်ခုခုက ပိုမကောင်းဘူးလား … ”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက ဒါအတွက် အသုံးပြုဖို့ ရှိနေတယ် … ကဲ လမ်းပြတော့ … ”
လီတနန်က ဘာမှ ဆက်မဆိုတော့ချေ။ သည့်နောက် အနောက်ဘက် အရောင်းခန်းမသို့ ဝမ်လင်းကို တိုက်ရိုက်ဦးဆောင် ခေါ်သွားလေတော့သည်။
အနောက်ဘက် အရောင်းခန်းမတန်းကြီးက အလွန်ကြီးမားလှ၏။ လီတနန်က သည်နေရာတွင် မွေးဖွားခဲ့သူမှန်း ပီသလှ၏။ သူက ဝမ်လင်းကို ဆိုင်ခန်းငယ် တစ်ခုထံသို့ လျင်မြန်စွာ ဦးဆောင်ခေါ်သွားနေ၏။
သည်နေရာရှိ မြေကွက်များတွင် ကျင့်ကြံသူများ နေရာချထားသည့် ဆိုင်ခန်းငယ်များနှင့် ပြည့်နေ၏။ အံဖွယ်ရတနာ၊ ဆေးလုံး၊ မန္တန်နှင့် အခြားလိုချင်တာ မှန်သမျှနှင့် ပြည့်လို့နေ၏။ ထူးဆန်းသော ပုံပန်းသဏ္ဌာန်များနှင့် ရှေးဟောင်း ရတနာများပင် ရောင်းချလျက် ရှိလို့နေ၏။ သည်အရာများက ကျင့်ကြံသူအများ၏ အာရုံကို စွဲဆောင်လို့နေပေသည်။
သူတို့က လျှောက်လမ်းလာနေရင်း လီတနန်က ဝမ်လင်းကို သည်အရောင်းခန်းမ အကြောင်းကို ရှင်းပြပေးနေသည်။ လီတနန်က ထပ်မံ၍ စိတ်ပူပန်ခြင်း မရှိတော့ချေ။ ထို့ကြောင့်သူက ဟာသနှော၍ သည်နေရာအကြောင်း ဝမ်လင်းကို ပြောပြလျက် ရှိနေ၏။
“စီနီယာ … ဒီထိပ်ပြောင် ကျင့်ကြံသူကို ကြည့်လိုက် …။ သူက နှစ်အနည်းငယ် ကြာတိုင်း ဒီနေရာကို ရောက်ရောက်လာပြီး အကြိမ်တိုင်းမှာလည်း ရှားပါးအရာတွေကို ရောင်းချလေ့ ရှိတယ်…”
“စီနီယာ ဒီအဖြူအနက် တာအိုဝတ်စုံနဲ့ လူကတော့ ဒီနေရာကို ရောက်တာ သိပ်မကြာသေးဘူး … ဒါပေမဲ့ သူရောင်းတာတွေ အကုန်လုံးက အတူအယောင်တွေပဲ။ သူက လူအချို့ကို ဂျင်းထည့်နေတာ။ လွန်ခဲ့တဲ့ ရက်အချို့က ငါက သူ့ကို လိုက်ဖမ်းတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒါ့ကြောင့် အဲဒီလူကို ဒီမှာ တွေ့ရလိမ့်မယ်လို့တောင် မထင်မိဘူး …။ သူ့ကို လိုက်ဖမ်းတဲ့လူက သေသွားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ရှုံးနိမ့်သွားတာ ဖြစ်ရမယ် … ”
ဝမ်လင်းက လီတနန် ညွှန်ပြသည့် တစ်ယောက်ချင်းစီကို လိုက်ကြည့်နေ လိုက်သည်။
ခဏအကြာတွင် သူတို့က ကြီးမားသည့် ဆိုင်ခန်းတစ်ခုသို့ ရောက်လာခဲ့၏။ လီတနန်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“စီနီယာကျန်း … သင်ငါ့ကို မှတ်မိသေးရဲ့လား … ”
ဆိုင်ခန်းပိုင်ရှင်က အနီရောင်မျက်နှာနှင့် လူတစ်ယောက် ဖြစ်သည်။ သူက လီတနန်ကို ကြည့်၍ ပြုံးသည်။ ကောင်လေး … ဘယ်ရတနာကများ မင်းအာရုံကို ဖမ်းစားနိုင်ခဲ့ ပြန်တာလဲ … ”
အဘိုးအိုက ထိုသို့ပြောနေရင်းဖြင့် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွား၏။ သို့သော် သူ့မျက်လုံးက ချက်ချင်းပင် အေးခဲသွားပြီး မျက်လုံး သူငယ်အိမ်ပင် ကျုံ့လို့သွားသည်။
သူ့ကျင့်ကြံမှု အဆင့်ဖြင့် အကြည်တစ်ချက်ဖြင့်ပင် ဝမ်လင်းသည် မရိုးရှင်းမှန်း ချက်ချင်း သိလိုက်လေ၏။ သူက ချက်ချင်းဖြင့် လေးစားဟန်ဖြင့် ပြောလိုက်သည်။
“စီနီယာ … ဂျူနီယာက ကျန်းဟုလင်းပါ … ငါက စီနီယာ ဘာရှာနေလဲ သိချင်မိပါတယ် … ”
ဝမ်လင်းက အနီရောင်မျက်နှာနှင့် အဘိုးအိုကို ကြည့်၍ ပြောလိုက်သည်။
“လေဟာနယ်သစ် ကျောက်တုံး … ”
အနီရောင်မျက်နှာနှင့် အဘိုးအိုက မှင်တက်သွားကာ ပြောသည်။ ဒီပစ္စည်းက စျေးမနည်းဘူးနော် …။ ဂျူနီယာကလည်း အခြားလူ တစ်ယောက်အတွက် ရောင်းပေးတာပါ … ဒါကို ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး ငါးတုံးနဲ့ ရောင်းနိုင်တယ်။
လီတနန်က ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။
“ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးငါးတုံး … ဒါက တကယ့်ကိုပဲ။ အဆင့်ခုနစ် နိုင်ငံတွေကလွဲလို့ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးတွေက ရှားပါးလွန်း နေတာလေ … အဆင့်ခုနစ် နိုင်ငံများတောင် ဒီထက်ပိုကောင်းတဲ့ ပစ္စည်းတွေတောင် ဒီလောက်ကျမှာ မဟုတ်ဘူး … ”
အနီရောင်မျက်နှာနှင့် အဘိုးအိုက သက်ပြင်းချသည်။
“ဒါက ဟုတ်ပါတယ် … ဒါပေမဲ့ ငါ့မိတ်ဆွေက တကယ့်ကို ခေါင်းမာလွန်းတယ် … စီနီယာ … သင် ဘယ်လိုထင်လဲ … ”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
“ငါ့ကို ကြည့်ခွင့်ပေး … ”
အနီရောင်မျက်နှာနှင့် အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ သိုလှောင်အိတ် ထဲကနေ လက်ဝါးအရွယ်ခန့် အပြာရောင်ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်သည်။ သည်ကျောက်တုံးပေါ်၌ သွေးကြောနှင့်တူသည့် အကိုင်းအခတ်များ ရှိနေပြီး ၎င်းတို့က ကျောက်တုံးအတွင်း၌ ကြီးထွားနေသည့် အပင်တစ်ခုကဲ့သို့ ရှိနေ၏။
အလင်းလွှာ ခပ်ပါးပါးက သည်ကျောက်တုံးကို ဝန်းရံထားလျက် ရှိနေ၏။ သည်အရာက မန္တန်တစ်ခု ဖြစ်သည်။ သည်မန္တန်က ချိပ်ပိတ်မှုတစ်ခု ဖြစ်ပြီး ပစ္စည်းများကို အတင်းအကျပ် ယူဆောင်ခြင်းမှ ကာကွယ်ပေးသည့် အရာလည်း ဖြစ်၏။
ဝယ်သူက ရောင်းသည့်သူထက် ကျင့်ကြံမှုအဆင့် မြင့်မားခြင်း မရှိလျှင် ၎င်းကို အတင်းယူဆောင် သွားသည်နှင့် အသက်ဆယ်ကြိမ် ရှူစာအတွင်း သည်ချိပ်တံဆိပ် မန္တန်က ပျက်စီးသွားမည် ဖြစ်သည်။ သည်အချိန်အတွင်း ရောင်းသူက သူ့ပစ္စည်းကို ပြန်သိမ်းဆည်း နိုင်လိမ့်မည် ဖြစ်၏။
ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်သည်။ ကျောက်တုံးက အဘိုးအို လက်ထဲကနေ သူ့ထံသို့ ပျံသန်းရောက်ရှိလာ၏။ ကျောက်တုံးက အဘိုးအို လက်ထဲကနေ လွတ်ထွက်သွား ခဲ့သော်လည်း မည်သည့် သက်ရောက်မှုမှ ရှိမနေခဲ့ချေ။
အဘိုးအိုအသွင်က ပြောင်းလဲသွားပြီး သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူက သည်လူငယ်၏ ကျင့်ကြံမှုအဆင့်ကို လျှော့တွက်မခဲ့ပေသည်။ သည်လူငယ်က အနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ရှိနေပေလိမ့်မည်။
ဝမ်လင်းက သည်သစ်ကျောက်တုံးကို စူးစမ်းနေ၏။ ပစ္စည်းမှန်ဖြစ်ကြောင်း သေချာပြီးနောက် သူက လက်ဝှေ့ယမ်း၍ သူ့သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းလိုက်၏။
“စီနီယာ … ”
အနီရောင်မျက်နှာနှင့် အဘိုးအို အသွင်က ရုပ်စိုးသွားလေ၏။
သို့သော် သူက စကားပြောလို့ မပြီးသေးခင်မှာပင် နို့နှစ်ရောင်စိတ်ဝိညာဉ် ကျောက်တုံးငါးခုက သူ့ရှေ့တွင် ပေါ်လာခဲ့၏။
အနီရောင်မျက်နှာနှင့် အဘိုးအိုက တစ်ချက်ကြည့်ရုံဖြင့် သည်ငါးခုက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးငါးခု ဖြစ်ကြောင်း ပြောနိုင်ပေ၏။ သူက လျင်မြန်စွာပင် ၎င်းတို့ကို သိမ်းဆည်း၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်၏။ လူအများကြီးက သူတို့ကို သတိမပြုမှန်း သိလိုက်သည့်အခါမှ သူက စိတ်သက်သာရာရ သွားတော့၏။
သူက ဝမ်လင်းထံသို့ ကြည့်လိုက်သည့် အခါတွင် သူက လူအုပ်ထဲရှိ ဝမ်လင်း ကျောဘက်ကိုသာ လှမ်းမြင်လိုက်ရလေ၏။
အနီရောင်လိပ်ပြာနှင့် အဘိုးအိုက အနည်းငယ် စဉ်းစားနေ၏။ သူက နေ့တစ်ဝက်ခန့် နေပြီးနောက် မြို့ထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။ သူက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးငါးတုံးကြောင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်များက သူ့ထံသို့လာပြီး ဓားပြတိုက်နိုင်ကြောင်း သိထားပေသည်။
သူက သည်လေဟာနယ်သစ် ကျောက်တုံးကို ရောင်းရမည့်နေ့ ရောက်လာလိမ့်မည်လို့ လုံးဝ တွေးထားမိခဲ့ခြင်း မရှိပေ။
ဝမ်လင်းကတော့ သည်ဆိုင်ခန်းကနေ ထွက်လာပြီးသည့်နောက် သူ့နောက်ကို ကြည့်လိုက်၏။ သူက လေဟာနယ်သစ် ကျောက်တုံးကို ဝယ်ယူလိုက်သည့် အခါတွင် အကြည့်သုံးခုက သူ့ထံသို့ အလင်းတန်း တစ်ခုအလား ရောက်လာသည်ကို သတိပြုမိခဲ့လေ၏။
ဝမ်လင်းက ပွင့်လင်းစွာ ပြောလိုက်၏။
“လီတနန် … ”
လီတနန်က လျင်မြန်စွာ လျှောက်လှမ်းလာပြီး လေးစားစွာ ပြော၏။ စီနီယာ … ဂျူနီယာ
“ဒီမှာ ရှိပါတယ် …”
သူက အစကထက်ပင် ပို၍ ရိုကျိုးနေလေ၏။ ဝမ်လင်းက သည်လေဟာနယ်သစ် ကျောက်တုံးကို ယူဆောင်သွားသည့် မြင်ကွင်းက သူ့နှလုံးကို တုန်ခါမိစေ၏။
ဝမ်လင်းက မေးလိုက်သည်။
“ဒီနေရာမှာ အရေးကြီးတဲ့ ရတနာတွေ ရောင်းဝယ်ရင် အနီးအနားမှာရှိတဲ့ အခြားကျင့်ကြံသူ တွေကလည်း ခိုးကြည့်နေမှာပဲ …။ ဒီတော့ ဘာကြောင့် ဒီနေရာမှာ ကျင့်ကြံသူတွေက အများအပြား ရောင်းဝယ်နေကြတာလဲ … ”
လီတနန်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။
စီနီယာ မသိလိုပါ … ဒီနေရာမှာ ရှိတဲ့ဆိုင်တွေကို လာတဲ့လူအများစုက တစ်ယောက်တည်း လာလေ့မရှိဘူး …။ ဒါ့ကြောင့် သူတို့က အခြားလူတွေ သူတို့ကို ထောက်လှမ်းမှာလည်း မစိုးရိမ်ကြတာ … ”
“ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ လူတွေကတော့ သူတို့က ယုံကြည်ရတဲ့ ဆိုင်တွေမှာပဲ ဝယ်တဲ့ပစ္စည်းကို ထားခဲ့တယ် …။ ပြီးတော့်မှ သူတို့က ပြန်လာယူကြတာ … ဒါက မလိုအပ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးတယ်လေ … ”
“လူတစ်ယောက်က မြို့သခင်ကိုလည်း အစောင့်အကြပ်တွေ ငှားဖို့ တောင်းဆိုနိုင်တယ် …။ ဒါပေမဲ့ လွန်ခဲ့တဲ့ အချိန်တွေကတည်းက ရောင်းဝယ်ကုန်သွယ်မှု ဆိုတာက တကယ့်ကို အန္တရာယ်များတာ မဟုတ်လား … ဒါ့ကြောင့် အရာအားလုံးက ကံပေါ်လည်း မူတည်သေးတယ် … ”
ဝမ်လင်းက ပြုံးလိုက်၏။ သူက သည်နေရာကို မရင်းနှီးသလို ခံစားလိုက်ရသလော တကယ်တော့ မဟုတ်ပေ။ အတိတ်တုန်းက နတ်ဆိုး ပင်လယ်မှာတုန်းက သူက ဆေးမီးပြင်းဖို တစ်ခုအတွက်ကြောင့် အမဲလိုက်ခြင်းကို ခံခဲ့ရသေးသည် မဟုတ်လား။
ဝမ်လင်းက ကောင်းကင်ကို မော့ကြည့်ကာ မေးလိုက်သည်။
“ဒီနေရာမှာ နှင်းမှင်ရည် တစ်ခုခုများ ရှိလား … ”
“နှင်းမှင်ရည် … ”
လီတနန်က အချိန်အတန်ကြာ စဉ်းစားနေသော်လည်း သူက ဘာမှ မတွေးမိချေ။ သူက ခါးသက်စွာ ပြုံး၍ ပြောသည်။
“စီနီယာ … ဂျူနီယာက ဒါကို မသိပါဘူး … ”
သူက ထိုသို့ ပြောလိုက်ပြီးနောက် လီတနန် မျက်လုံးများက ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။
“စီနီယာ … ငါက ဒါကို မသိပေမဲ့ … ရှန်းကလန်ရဲ့ ဆိုင်က မရေမတွက်နိုင်တဲ့ ပစ္စည်းတွေကို စုဆောင်းလေ့ ရှိတယ် … သူတို့မှာ သင်လိုချင်တာ့ဟာ ရှိကောင်း ရှိနိုင်တယ် … ”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“အို … ငါ့ကို ဒီအကြောင်း ပြောပြဦး … ”
လီတနန်က ချက်ချင်း ပြောပြလိုက်သည်။
“ရှန်းကလန်ဆိုင်က မင်းမိုင်မြို့မှာ အကြီးဆုံးဆိုင်ပဲ … သူက အဆင့်တစ်ဆိုင်လည်း ဖြစ်တယ် … ပြောကြတာကတော့ ဒီဆိုင်ကို အဆင့်ခုနစ် ဂြိုဟ်တစ်ခုက ထောက်ပံ့ထားတာတဲ့။ သူတို့က ကုန်သွယ်ရေးဂြိုဟ် အများစုမှာ ဆိုင်ခွဲတွေလည်း ရှိတယ် … ”
“ဒီဆိုင်ကနေ ဝယ်တဲ့ ဘယ်သူမဆိုကို သူတို့က ဂြိုဟ်နဲ့ ကီလိုမီတာ ငါးသောင်းအကွာထိ စောင့်ရှောက်ပေးကြတယ် … တောင်းဆိုမယ် ဆိုရင်တော့ သူတို့က သင့်ရဲ့ ကျင့်ကြံခြင်းဂြိုဟ်ကို ပြန်ရောက်တဲ့ အထိတောင် အကွာအကွယ် ပေးလိမ့်မယ် … ”
ဝမ်လင်းက သည်အရာကို ကြားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရှေ့ကသွားတော့ … ”
လီတနန်က အလွန် စိတ်လှုပ်ရှားနေ၏။ သူက မင်းမိုင်မြို့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူက မြောက်ဘက်ခြမ်းသို့ နှစ်ကြိမ်သာ ရောက်ခဲ့ဖူးပေသည်။ သူက ရောက်သည့် အချိန်တိုင်းလည်း ထိုနေရာရှိ ဆိုင်များထံသို့ သွားရောက်ခဲ့ခြင်း မရှိပေ။ အားကောင်းသော ကျင့်ကြံသူများကသာ အထဲသို့ ဝင်နိုင်စွမ်း ရှိကြလေ၏။ လုံလောက်သော ပိုက်ဆံမရှိဘဲနှင့် လူတစ်ယောက်က ထိုနေရာရှိ ပစ္စည်းလေး တစ်ခုကိုပင် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပေ။
လီတနန်၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်က မြို့မြောက်ဘက်ပိုင်းသို့ ရောက်လာခဲ့သည်။ သူတို့ရှေ့တွင်တော့ နန်းတော်ကိုးခုနှင့် ဆင်တူသည့် ဆိုင်ကိုးခု ရှိလို့နေသည်။
***