Switch Mode

အပိုင်း (၅၁၉)

ကုန်သွယ်ရေးဂြိုဟ်

ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက်ရှိ ဟင်းလင်းပြင် ကျယ်ကြီးတွင် အလင်းတန်းတစ်ခုက သည်ဟင်းလင်းပြင်း ကြီးကို ဖြတ်၍ ပျံသန်းလျက် ရှိနေ၏။

သည်အလင်းတန်းကတော့ ဧရာမကြယ်သံလိုက် အိမ်မြှောင်ကြီး တစ်ခုပင် ဖြစ်ချေ၏။ ၎င်းက အစိတ်အပိုင်းတစ်ခု လိုအပ်နေ သေးသော်လည်း အလွန်လျင်မြန်စွာဖြင့် ရွေ့လျားနေတုန်းပင်။ ဝမ်လင်းက သည်ကြယ်သံလိုက် အိမ်မြှောင်၏ အလယ်တွင် ထိုင်၍ စစ်ထူနန်ကတော့ ဘေးတွင် ထိုင်လျက် ရှိသည်။

“ဝမ်လင်း … ငါတို့က ခုချိန်မှာ တူတူသွားနေရတယ် …။ ဒါပေမဲ့ ငါတို့က ကုန်သွယ်ရေးဂြိုဟ်ကို ရောက်ရင် ငါ ဝယ်စရာရှိတဲ့ဟာကို ဝယ်ပြီး ကိုယ်လမ်းကိုယ် သွားကြတာပေါ့… ”

စစ်ထူနန်အသံက အနည်းငယ် ထိုင်းမှိုင်းမှုတို့ ပါဝင်နေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါတို့ ထပ်ပြီးတွေ့ရတဲ့ နေ့ရှိလာဦးမှာပါ … သင်က ဖန်လိန်ဂြိုဟ်မှာ ဘုရင်တစ်ပါး သုံးလုပ်မှာ မဟုတ်ဘူးလား … ”

ဘုရင် ဆိုသည့်စကားကို ကြားလိုက်သည့်အခါ စစ်ထူနန်က ချက်ချင်း ရယ်မောလာ၏။

“မှန်တာပေါ့ … ဒါက ငါ့ပန်းတိုင်ပဲ … ”

ဝမ်လင်းက ပြုံး၏။ သည့်နောက် သူက ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်လည် အာရုံစိုက်၍ စစ်ထူနန် သူ့ကို ပေးခဲ့သည့် ကြယ်မြေပုံအတိုင်း ထိန်းချုပ် မောင်းနှင်လေသည်။ သူတို့က မဆုံးမဲ့သော ဟင်းလင်းပြင်ထဲ၌ ဖြစ်ကျော်လို့နေသည်။

ဝမ်လင်းက ပြောလိုက်သည်။

“နောက်ဆုံး သင် ကုန်သွယ်ရေးဂြိုဟ်ကို သွားခဲ့တာက နှစ်ထောင်ချီ ကြာခဲ့ပြီလေ … ဒီဂြိုဟ်က ရှိနေပါ့ဦးမလား … ”

စစ်ထူနန်က အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။

“ရှိနေဦးမှာပါ … ဒါက တည်ရှိခဲ့တာ အရမ်းကြာနေခဲ့ပြီ။ ကြီးကြီးမားမား ပြောင်းလဲမှုတစ်ခုသာ မရှိရင် ဒါက ပျောက်ကွယ် သွားလိမ့်မှာ မဟုတ်ဘူး … ”

“အဲဒီမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ၊ ပစ္စည်းတွေ ရှိတယ် … အနီးအနားမှာ ရှိတဲ့ဂြိုဟ်တွေကလူတွေ အဒီနေရာကို သွားတာ ပုံမှန်ပဲ … ငါက ရတနာအချို့အတွက် ရီဝူယောင်နဲ့အတူ အဲဒီဂြိုဟ်ကို သွားခဲ့ဖူးတယ် … ”

ဝမ်လင်းက ခေါင်းညိတ်ပြ၏။ သည်ကုန်သွယ်ရေး ဂြိုဟ်သို့ သွားရသည့်အကြောင်း တစ်ခုကတော့ စစ်ထူနန်ကြောင့်ပင်။ စစ်ထူနန်က ထိုနေရာတွင် သူဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရန် လိုအပ်သည့် ပစ္စည်းများကို အရယူရန် စီစဉ်ထားလေ၏။

ဒုတိယအကြောင်းကတော့ ဝမ်လင်းက ထိုနေရာတွင် သူ့ကြယ်သံလိုက် အိမ်မြှောင်ကို ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများ ရှိနေမလား ကြည့်ချင်သောကြောင့် ဖြစ်၏။ တကယ်တော့ သူ့ကြယ်သံလိုက် အိမ်မြှောင်က တုပထားသည့်အရာ တစ်ခုသာဖြစ်ပြီး အချို့လိုအပ်သည့် ပစ္စည်းအချို့ ရှိနေဆဲပင်။

သည်လိုအပ်သည့် ပစ္စည်းများနှင့် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်သန့်စင်၍ ၎င်းကို အကောင်းမွန်ဆုံး ဖြစ်အောင် လုပ်နိုင်ပေသည်။ ထိုသို့သာ လုပ်နိုင်လျှင် ကြယ်သံလိုက် အိမ်မြှောင်က ပိုမိုမြန်ဆန် လာမည့်အပြင် တိုက်ခိုက်နိုင်သည့် စွမ်းရည်များပင် ရလာမည် ဖြစ်၏။

ရက်များစွာ ပျံသန်းလာနေ ပြီးနောက် အကွာအဝေးတစ်ခု၌ ဂြိုဟ်ငယ်တစ်ခု ပေါ်လာ၏။ သည်ဂြိုဟ်ငယ်ကတော့ စစ်ထူနန်ပြောသည့် ကုန်သွယ်ရေးဂြိုဟ် မဟုတ်ဘဲ ဟင်္သာပြဒါးဂြိုဟ်နှင့် သိပ်မဝေးသည့် ဂြိုဟ်ရံတစ်ခု ဖြစ်လေသည်။

ဝမ်လင်း မူလခန္ဓာကိုယ်က ထိုနေရာ၌ တစ်ချိန်လုံး ကျင့်ကြံလျက် ရှိနေသည်။

ကြယ်သံလိုက် အိမ်မြှောင်က ထိုဂြိုဟ်ငယ်အနား နီးကပ်လာသည့်အခါ မူလခန္ဓာကိုယ်က ဂြိုဟ်အတွင်းပိုင်းတွင် ရှိနေသော မူလခန္ဓာကိုယ်က လက်သီးတစ်လုံး ထိုးချလိုက်၏။ အက်ကွဲကြောင်း များစွာက မြေအောက်ကနေ မြေမျက်နှာပြင်ပေါ်သို့ ပျံ့နှံ့လို့လာ၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂြိုဟ်မျက်နှာပြင် ပေါ်၌ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။ တစ်ချိန်တည်းမှာပင် သည်ချိုင့်ခွက်ကနေ အနက်ရောင် ပုံရိပ်တစ်ခုက ပျံသန်းထွက်လာခဲ့၏။

သည်ပုံရိပ်က ခက်ထန်သော အော်ရာကို ပေးစွမ်းနေ၏။ ထိုပုံရိပ်၏ နှဖူးထက်၌ ကြယ်သုံးလုံးက ဖြည်းညင်းစွာ လှည့်ပတ်လျက် ရှိသည်။ သည်ပုံရိပ်တွင် အေးစက်သော မျက်လုံးတစ်စုံရှိ၍ အဆုံးမဲ့ညကဲ့သို့ နက်မှောင်နေပြီး အေးစိမ့်မှုကို ပေးစွမ်းလို့နေ၏။

သူ့ကြေးနီရောင် အသားအရေပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်း များလည်း ရှိနေပြီး ၎င်း၏ အရေပြားက ကြမ်းတမ်းလွန်းဟန် ရ၏။ သို့သော် သည်ခန္ဓာကိုယ်၏ ကြမ်းတမ်းသော အရေပြားက ကပ်ဘေးအော်ရာကို ပေးစွမ်းနေလေသည်။

“အယ် … ”

စစ်ထူနန်က တုန်လှုပ်မိသွား၏။ သူက ဝမ်လင်းတွင် မူလခန္ဓာကိုယ်တစ်ခု ရှိကြောင်း ကြားဖူးထားသော်လည်း သူ့လို ကြီမားသည့် အတွေ့အကြုံရှိသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့်တောင် ခုအခါ၌ မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွားခဲ့ရ၏။

“ကောင်းတယ် … ”

စစ်ထူနန် မျက်လုံးက တလက်လက် ဖြစ်နေ၏။

မူလခန္ဓာကိုယ်၏ အေးစက်စက် မျက်လုံးများက စစ်ထူနန်ကို တွေ့လိုက်သည့်အခါ အနည်းငယ် နွေးထွေးသွားလေ၏။ မူလခန္ဓာကိုယ်က ခေါင်းညိတ်၍ ကြယ်သံလိုက် အိမ်မြှောင်ပေါ်သို့ ခုန်တက်လိုက်၏။

စစ်ထူနန်က မူလခန္ဓာကိုယ်နှင့် ဝမ်လင်းကို ကြည့်၏။ သူက ခေါင်းညိတ်ကာ ပြောသည်။

“ကောင်းတယ် … ငါ့ရဲ့ကျင့်ကြံမှု အဆင့်နဲ့တောင် မင်းတို့ နှစ်ယောက်လုံးက တစ်ဦးတည်းလို့ ပြောဖို့ ခက်လှတယ် … မင်းတို့နှစ်ယောက် တစ်ဦးတည်းအဖြစ် ပေါင်းစပ်လိုက်ရင် မင်းရဲ့ ကျင့်ကြံမှု အဆင့်ကလည်း အဆင့်တစ်ခု မြင့်သွားလိမ့်မယ်လို့ ငါယုံတယ် … ”

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။

“ငါ့ မူလခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် ငါ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အလယ်အဆင့် အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ် … ”

မူလခန္ဓာကိုယ်နှင့် ဝမ်လင်း ပေါင်းစပ်လိုက်မှုက သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားစေ၏။ ဝမ်လင်း မျက်လုံးများက အေးစက်နေပြီး သူက လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ဒီခံစားချက်က တကယ်ကောင်းတယ် … ”

မူလခန္ဓာကိုယ်က ပေါင်းစပ်ပြီးသည့်နောက် ကြယ်သံလိုက် အိမ်မြှောင်က ထပ်မံရပ်တန့်ခြင်း မရှိတော့ဘဲ စစ်ထူနန် ပြောသည့် ကုန်သွယ်ရေးဂြိုဟ် ထံသို့ ဦးတည် ပျံသန်းသွားတော့၏။

မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံး သွားခဲ့လေပြီ။

သည်တစ်လအတွင်း ဝမ်လင်းနှင့် စစ်ထူနန်တို့သည် အလကား မနေခဲ့ပေ။ စစ်ထူနန်က ဝမ်လင်းက သူသိသော မန္တန်အချို့ကို သင်ပေးခဲ့သည်။ စစ်ထူနန်က သူ့ကျင့်ကြံမှု အဆင့်ကို ဝမ်လင်းနှင့် အဆင့်တူသည့်အထိ ဖိနှိပ်ထားလိုက်၏။

သည့်နောက် သူတို့က တူညီသောကျင့်ကြံခြင်း အဆင့်ဖြင့် မည်သည့် ရတနာများကိုမှ အသုံးမပြုဘဲ မန္တန်များကိုသာသုံး၍ တိုက်ခိုက်ကြသည်။ သည်အရာက ဝမ်လင်း၏ အားနည်းချက်များကို သိရှိစေ၏။

စစ်ထူနန်က လွန်ခဲ့သောနှစ် များစွာကတည်းက မန္တန်များနှင့် ပတ်သက်၍ ဆရာတစ်ဆူ ဖြစ်ခဲ့သူပင်။ ထို့ကြောင့် သူက မည်သည့် လက်နက်ရတနာမှ မရှိတောင် အလွန် အားကောင်းလွန်းသူ ဖြစ်သည်။ ဝမ်လင်း မူလခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ဝမ်လင်းက မရှုံးရင်တောင် အလွန်သနားစရာ ကောင်းလှသည့် အခြေအနေသို့ ရောက်နေပေလိမ့်မည်။

စစ်ထူနန် သင်ပေးမှုအောက်တွင် ဝမ်လင်းက သူအချိန်အတန်ကြာ အသုံးမပြုခဲ့သည့် မန္တန်အများအပြားကို ဖြည်းဖြည်းချင်း ပြန်သင်ကြား လာနိုင်ခဲ့၏။ စစ်ထူနန်က သူ့ကို မန္တန်အသစ်တစ်ခု သင်ပေးသည်နှင့် သူကလည်း သင့်တော်သော တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော်လာနိုင်စွမ်း ရှိလာသည်။

သည့်နောက် စစ်ထူနန်က သူ့ကျင့်ကြံမှုအဆင့်ကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ တိုးမြှင့်လိုက်၏။

ဝမ်လင်းက မည်သည့်ရတနာမှ အသုံးမပြုလျှင် သည်အဆင့်၏ ပြိုင်ဘက် တစ်ယောက် မဟုတ်ပေ။ သို့သော် စစ်ထူနန်က ပြောလိုက်၏။

“မင်းမှာက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်နဲ့ အာဏာတက်ခြင်း အဆင့်တွေနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲအတွေ့အကြုံ နည်းလွန်းတယ် … ဒါ့ကြောင့်လည်း မင်းက သူတို့နဲ့ တိုက်ခိုက်တဲ့ အခါကျရင် မှန်ကန်တယ် ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်တာ …။ ဒါကြောင့် ငါက မင်းကို ဒီလိုလေ့ကျင့်ပေးပြီး တိုက်ပွဲ အတွေ့အကြုံရအောင် လုပ်ပေးနေတာပဲ … ”

ဝမ်လင်းက သည်စကားကို ကြားလိုက်ပြီးနောက် သူက ဉာဏ်အလင်းအချို့ ရသွားပေ၏။ သူ့လှုပ်ရှားမှုများက တဖြည်းဖြည်း ပို၍ အဆင်ပြေ ညက်ညောလာ ခဲ့တော့သည်။

အဆုံးသပ်၌ စစ်ထူနန်က သူ့ကျင့်ကြံမှုအဆင့်ကို အာဏာတက်ခြင်း အစောပိုင်းအဆင့်သို့ တိုးမြှင့်လိုက်၏။ သည်အဆင့် တစ်ယောက်က ဝမ်လင်းကို လွယ်ကူစွာ သတ်ပစ်နိုင်ပေသည်။ ထို့ကြောင့် စစ်ထူနန်က သည်လိုအဆင့်နှင့် တိုက်ခိုက်ရာ၌ ဝမ်လင်း လိုအပ်ချက်ဖြစ်သည့် ရှောင်ရှားခြင်းနှင့် ထွက်ပြေးခြင်းကိုသာ အာရုံစိုက်စေသည်။

သည်လို လေ့ကျင့်မှုက အလွန်ရက်စက်လှ၏။ ဝမ်လင်းက သူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခြင်းက သူ့အတွက် အတော်လေး ကောင်းမွန် သွားပေသည်။ မဟုတ်လျှင် သူက အကြိမ်များစွာ ဒဏ်ရာပြင်းထန်စွာ ရနေပြီ ဖြစ်၏။

စစ်ထူနန်က သည်အရာကို မြင်သည်။ သည့််အတွက်ကြောင့်လည်း သူက ဝမ်လင်းကို သည်လိုနည်းဖြင့် လေ့ကျင့်ပေးနေခြင်းပင်။

တစ်လက တိုတောင်းလွန်း သော်လည်း ဝမ်လင်း ရရှိလောက်သော အကျိုးတရားများက မသေးလှပေ။

သည်နေ့တွင် ဝမ်လင်းရှေ့တွင် အပြာရောင်ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ပေါ်လာ၏။ သည်ဂြိုဟ်တွင် အလင်းဝိုင်းတစ်ခုက ပတ်လို့နေပြီး ညင်သာစွာ တောက်ပမှုကို ပေးစွမ်းလို့နေ၏။

စစ်ထူနန် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက သည်ဂြိုဟ်ကို ကြည့်သည်။ သူ့အားကောင်းသော နတ်ဘုရားအာရုံက ရှေ့သို့ထိုးတက်သွားပြီး သည်ဂြိုဟ် မျက်နှာပြင်ပေါ်သို့ ကျရောက်သွား၏။ အချိန်ခဏအကြာတွင် သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်း၍ ဂုဏ်ယူစွာ ပြောလိုက်၏။

“ဒါက နောက်ဆုံးအကြိမ် ငါလာခဲ့တုန်းကလိုပဲ။ ခြားနားတာ တစ်ခုကတော့ ဒီနေရာမှာ ငါ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်တဲ့လူမရှိဘူး … ဟားဟား … ဒီတော့ ငါက ငါလိုတာကို သွားလုယူရတော့မှာပေါ့ … ”

ဝမ်လင်းက ခါးသက်စွာ ပြုံး၏။ ကြယ်သံလိုက် အိမ်မြှောင်က အလင်းတန်းတစ်ခုကို ချန်ထား၍ သည်ကျင့်ကြံခြင်းဂြိုဟ် ရှိရာသို့ ဦးတည် ပျံသန်းလာနေ၏။

သည်ညင်သာသော အလင်းတန်းက သူတို့ကို တားဆီးခြင်း မရှိချေ။ ဝမ်လင်းတို့ ပိုနီးလာသည်နှင့် ဂြိုဟ်ကို ဝန်းရံထားသည့် သည်အလင်းက ပြန့်ကျဲ၍ လမ်းကြောင်းတစ်ခု ဖွင့်ပေးသည်။

ကြယ်သံလိုက် အိမ်မြှောင်က လေထုကို ဖြတ်ကျော်၍ သည်ကျင့်ကြံခြင်း ဂြိုဟ်ထဲသို့ ဝင်ရောက်လာလေ၏။

သည်အခိုက်တွင် အလင်းတန်းသုံးခုက သူတို့ရှိရာသို့ လျင်မြန်စွာ ပျံသန်းလာကြ၏။

စစ်ထူနန်က ထိုအလင်းတန်း သုံးခုကို ကြည့်၍ အော်ပြောလိုက်သည်။

“ဒီအဘိုးအတွက် ထွက်သွားကြစမ်း … ”

အလင်းတန်းသုံးခုက ရုတ်တရက် ရပ်တန့်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူတို့က ပြန်လှည့်ကာ ထွက်သွားတော့သည်။

စစ်ထူနန်က ကျယ်လောင်စွာ ရယ်မော၍ ကြယ်သံလိုက်အိမ်မြှောင် ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ရှေ့သို့ ဆက်၍ ပျံသန်းသွား၏။ သူက ပြောလိုက်သည်။

“ဝမ်လင်း … ဒီအဘိုးအိုက ပစ္စည်းကောင်းတွေ သွားခိုးလု တော့မယ် …။ မင်းက ဒီဂြိုဟ်ကို လျှောက်ကြည့် နေခဲ့ချေ။ ငါက ခုကစပြီး သုံးရက်ကြာရင် မင်းကိုလာရှာမယ် … ”

သူ့အသံက ဝမ်လင်းနားထဲသို့ ဝင်လာသည့် အခိုက်မှာပင် စစ်ထူနန်ပုံရိပ်က ဝမ်လင်း မြင်ကွင်းကနေ ပျောက်ကွယ်လို့ သွားတော့၏။

ကြယ်သံလိုက် အိမ်မြှောင်ကို သိမ်းလိုက်ပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ အစိမ်းရောင်အခိုးငွေ့ တိမ်ထုအဖြစ်သို့ ပြောင်း၍ ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

သည်ကျင့်ကြံခြင်း ဂြိုဟ်ကို ပင်လယ်အများစုနှင့် ဖုံးလွှမ်းထားလေ၏။ ပင်လယ်ရေငွေ့ အနံ့အသက်များက ဝမ်လင်း ဆင်းသက်လာသည့် အခါတွင် သူ့မျက်နှာသို့ ရိုက်ခတ်လာ၏။

အပြာရင့်ရောင် ပင်လယ်က လှိုင်းထန်နေ၏။ ဝမ်လင်းက ကုန်းမြေထံသို့ ပျံသန်းနေစဉ်တွင် ပင်လယ်လေပြေက သူ့ကို လာရောက် ထိခတ်နေသည်ကို ခံစားရသည်။

သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားသည် ဖြစ်သဖြင့် ကီလိုမီတာ ငါးထောင် အကွာအတွင်းရှိ မြက်ပင်များ၏ လှုပ်ရှားမှုကိုပင် ခံစားမိနေနိုင်သည်။

အကွာအဝေး တစ်ခုတွင် ရှိနေသော ကုန်းမြေက ပိုပိုနီးကပ်လာပြီး နောက်ဆုံးတော့ သူက ကုန်းမြေပေါ်သို့ ရောက်လာခဲ့လေ၏။

နတ်ဘုရားအာရုံကြောင့် သူက သားရဲကြီးတစ်ကောင် အနားယူနေသည့် ဆင်တူသော မြို့ကြီးတစ်မြို့ကို တွေ့လိုက်ရသည်။

မင်းမိုင်မြို့က သည်ဂြိုဟ်၏ မြို့ကြီးများထဲက တစ်မြို့ဖြစ်သည်။ သည်မြို့တွင် မည်သည့်သေမျိုးမှ မရှိပဲ ကျင့်ကြံသူများသာ ရှိနေ၏။

မြို့အနှံ့ ဆိုင်များဖြင့် ပြည့်လို့နေသည်။ မြို့အနောက်ဘက်တွင် ကြီးမားသည့် အရောင်းခန်းမကြီး တစ်ခု ရှိလေ၏။ သည်ခန်းမကြီးတွင် တခြားဂြိုဟ်မှ ကျင့်ကြံသူများက စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ရတနများ ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် စိတ်ဝိညာဉ် ကျောက်တုံးနှင့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားအတွက် ရတနများဖြင့် လဲလှယ်ခြင်းတို့ကို ပြုလုပ်နိုင်ပေသည်။

အမျိုးမျိုးသော အရောင်းဆိုင်များ ကြားတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိနေကြ၏။ အနောက်ဘက်ရှိ အရောင်းခန်းမတွင်တော့ လူများထူထပ်စွာ ရှိလို့နေသည်။

မြောက်ဘက်တွင်တော့ လူများ သိပ်များလှခြင်း မရှိပေ။ သို့သော် သည်နေရာက စျေးအကြီးဆုံး ဆိုင်များ ရှိလို့နေ၏။ ထိုမြောက်ဘက်တွင်တော့ ဆိုင်ခန်း ကိုးခုသာ ရှိလေ၏။ တစ်ခုစီက ကောင်းကင်ဘုံ နယ်မြေမှ ခန်းမများနှင့်ပင် ဆင်တူလှသေးသည်။ ဆိုင်ရှင်များ အားလုံးကလည်း မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်များ ရှိကြပေသည်။

အထူးသဖြင့် ကိုးခုမြောက်ဆိုင်ပင်။ သည်ဆိုင်ကို မင်းမိုင်မြို့၏ နံပါတ်တစ်ဆိုင်ဟု ခေါ်ထွင်ကြ၏။

သည်အခိုက်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က အရှေ့တံခါးကနေ မြို့ထဲသို့ ဝင်လာခဲ့သည်။ သူက မားမတ်စွာ ရှိနေပြီး ဆံပင်များက ကျောဘက်တွင် ဝဲကျလျက် ရှိနေ၏။ သည်အရာက သူ့ကို အလွန်တင့်တယ်စေ၏။

သည်လူကတော့ ဝမ်လင်းပင်။ မြို့ထဲသို့ ဝင်ရန် စိတ်ဝိညာဉ် ကျောက်တုံးအချို့ ပေးပြီးနောက် သူ့အကြည့်က မြို့ထဲရှိ တစ်ဆိုင်ပြီး တစ်ဆိုင်ပေါ်သို့ ရောက်လို့သွားသည်။

ဝမ်လင်း ဦးတည်ချက်က ရှင်းလင်းပေသည်။ သူက ကြယ်သံလိုက် အိမ်မြှောင်ကို ပြင်ဆင်ရန် ပစ္စည်းနှစ်ခုသာ လိုခြင်းဖြစ်၏။ သည်ပစ္စည်းနှစ်ခုက အလွန်ရှားပါးပြီး သာမန်ဆိုင်များတွင် ရှာတွေ့လိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လာ နေစဉ်မှာပင် သူက လမ်းတစ်လျှောက် ဆိုင်အားလုံးကို ကြည့်လာခဲ့သည်။ တစ်ခါတစ်ရံသူက ခဏတာ ရပ်လိုက်ပြီးမှ တစ်ဖန် ဆက်၍ သွားနေသည်။

သူက ခုနစ်ခုမြောက်ဆိုင်သို့ ရောက်လာသည့်အခါတွင် ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်ရာ သူနှင့် သိပ်မဝေးသည့် နေရာတွင် ခပ်ပိန်ပိန်လူငယ် တစ်ယောက်ကို မြင်လိုက်ရ၏။

သည်လူငယ်က ဝမ်လင်းမြို့ထဲသို့ ဝင်လာကတည်းက သူ့နောက်သို့ နောက်ယောင်ခံ လိုက်နေခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့ကို ရှာတွေ့သွားသော်လည်း ထိုလူငယ်က ကြောက်လန့်သွားခြင်း မရှိသည့်အပြင် သူက ပြုံးပင် ပြုံးလိုက်သေးသည်။ သူက ဝမ်လင်းထံသို့ အလျင်အမြန် လျှောက်လာပြီး လက်သီးဆုပ် နှုတ်ဆက်ကာ ပြောလိုက်သည်။

“စီနီယာက မင်းမိုင်မြို့ကို ပထမဆုံး ရောက်လာတာလို့ ငါ ယူဆတယ် … ”

သည်လူငယ်၏ ကျင့်ကြံခြင်းအဆင့်က စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်တွင်သာ ရှိလို့နေသေးသည်။

ဝမ်လင်းက ပွင့်လင်းစွာ မေးလိုက်၏။

“မင်း … ဘာလိုချင်လို့လဲ … ”

လူငယ်၏မျက်နှာပေါ်ရှိ အပြုံးက ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် သူ့စိတ်ထဲတွင် ပူပန်နေ၏။ ဝမ်လင်းက မြို့ထဲသို့ ပထမဆုံးအကြိမ် ဝင်လာကတည်းက သူက ဝမ်လင်းသည် သည်မြို့ကို ပထမဆုံး စရောက်ဖူးသည်ကို ချက်ချင်း သိခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset