ညနက်တွင် လက ကောင်းကင်ထက်၌ ထိန်လင်းလျက်ရှိ၏။ ကြမ်းကြုတ်သည့် သားရဲ့ ပုံရိပ်တစ်ခုက လေထဲ၌ ဖြည်းညင်းစွာ ပျံသန်းလျက်ရှိသည်။ ထိုသားရဲကတော့ ခြင်သားရဲပင် ဖြစ်ချေ၏။
သည်ခြင်သားရဲ၏ ကျောပေါ်တွင် လူတစ်ယောက် ရပ်နေသည်။ သည်လူ၏ ဆံပင်သည် လေထဲတွင် လွင့်နေသည်။ သူသည် လက်ကို နောက်ပစ်ကာ ခြင်သားရဲ၏ ကျောပေါ်တွင် ရပ်လျက်ရှိ၏။ သူ၏ အဝတ်အစားများသည် ထက်မြက်သည့် လူတစ်ယောက်အသွင် ဆောင်နေ၏။
သည်လူသည် ဝမ်လင်းပင် ဖြစ်၏။
ခြင်သားရဲသည် မြို့တစ်မြို့နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ သည်မြို့သည် ကျောက်နိုင်ငံ၏ သေမျိုးမြို့တော်ပင် ဖြစ်သည်။
သည်မြို့သည် အဆောက်အအုံမြင့်များ ပြည့်နှက်လျက် မြို့လယ်တွင် မြစ်တစ်စင်းသည် မြောက်မှ တောင်သို့ ဖြတ်သန်း စီးဆင်းလျက်ရှိသည်။ မြစ်ကြောင်း တစ်လျှောက်တွင် လှေများစွာရှိ၏။ အချိန်အားဖြင့် မနက် ၃ နာရီဖြစ်သော်လည်း လှေများအတွင်းမှ အလင်းရောင်များ ထွက်ပေါ်လျက်ရှိကာ အမျိုးသမီးများ၏ ရယ်သံကိုလည်း ကြားနေရသည်။
ဝမ်လင်းက ထိုလှေကို ကြည့်လိုက်ပြီး ခြင်သားရဲကို အောက်ဆင်းရန် အမိန့်ပေးလိုက်၏။ ခြင်သားရဲသည် မြစ်ပြင်ပေါ်တွင် တိတ်တဆိတ် ပျံသန်းနေ၏။
လှေတစ်စင်းပေါ်ရှိ အရက် သောက်ထားသော လူချမ်းသာ တစ်ဦးသည် လက်ဆက်သောလေကို ရှူရှိုက်ရန် သူ့ခေါင်းကို အပြင်ထုတ်လိုက်ချိန်တွင် ခြင်သားရဲ၏ အရိပ်ကို မြင်လိုက်ရ၏။ အထိတ်တလန့်ဖြစ်ကာ သူသည် အရက် မူးနေသည်များပင် ပျောက်ကွယ်သွား၏။ သူသည် အရက်သောက်များ၍ အထင်မှားနေသည်ဟု ယူဆလိုက်၏။
မြို့၏ အရှေ့ဘက်တွင် ထူးဆန်းသည့် နန်းတော်တစ်ခု ရှိသည်။ ထိုနေရာမှ ရယ်သံများ၊ သီချင်းသံများကို ကြားနေရ၏။ ခြင်သားရဲ၏ ကျောပေါ်ရှိ ဝမ်လင်းက ”စစ်ထူ အချိန်ကျပြီ…” ဟု ပြောလိုက်၏။
မကြာမီ ဆူညံသံများ အားလုံး ရပ်တန့်သွားသည်။ နန်းတော်မှ သီချင်းသံသည်လည်း မကြားရတော့ပေ။ လူတိုင်း မှင်တက်မိ သွားကြသည်။
ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး လမ်းလျှောက်နေသည်။ သူသည် ဝမ်းနည်းသည့် အသွင်ရှိပြီး သက်ပြင်းချလိုက်သည်။
“သည်လူအိုကြီး အေးအေးဆေးဆေး မပျော်နိုင်ဘူး။ ကျင့်ကြံတယ်၊ ကျင့်ကြံတယ်။ ဘာတွေကိုများ အပြင်းအထန် ကျင့်ကြံနေတာလဲ။ ဘုရင်ဖြစ်တဲ့ ငါ့ဘဝက ပိုကောင်းသေးတယ်။ ငါလုပ်ချင်တာ လုပ်လို့ရတယ်။ ဘယ်သူမှ ငါကို မနှောင့်ယှက်ဝံ့ဘူး…”
ဝမ်လင်းက ခေါင်းကိုမော့ကာ ကောင်းကင်ရှိ လမင်းကို ကြည့်လိုက်၏။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါတို့ သွားသင့်နေပြီ…”
“ခဏစောင့်ဦး … ဒီနိုင်ငံရဲ့ ဘုရင်လေးက ငါ့အပေါ် တော်တော်ကောင်းတယ်။ သူကို ဆုချီးမြှင့်ရမယ်…”
ထိုသို့ပြောပြီးနောက် စစ်ထူနန်သည် ပျောက်ကွယ်သွား၏။
နာရီဝက်ခန့် ကြာပြီးနောက် စစ်ထူနန်သည် ရုတ်တရက် ဝမ်လင်းဘေးတွင် ပေါ်လာပြီး ရယ်လိုက်သည်။
“သွားကြစို့၊ ဟင်္သာပြဒါးဂြိုဟ်က ထွက်သွားဖို့ အချိန်ကျပြီ…”
ထို့နောက် သူသည် ခြင်သားရဲ၏ ကျောပေါ်သို့ တက်လိုက်သည်။ ခြင်သားရဲသည် သူ့ကို ကြောက်ရွံ့နေသည်။ ထို့နောက် ၎င်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး မိုးကုပ်စက်ဝိုင်း အတွင်း ပျောက်ကွယ်သွား၏။
ခြင်သားရဲသည် ဟင်္သာပြဒါးဂြိုဟ် လေထု၏ ပထမအလွှာ အဆုံးတိုင်တောင် အမြန်ဆုံး ပျံသန်းလာသည်။ လေထုကို ဖြတ်ကျော် နိုင်ချိန်တွင် သူတို့သည် ဟင်္သာပြဒါးဂြိုဟ်မှ ထွက်ခွာ သွားတော့မည် ဖြစ်သည်။
သူတို့ အမြင့်တစ်နေရာကို ရောက်သောအခါ ဝမ်လင်းက ခြင်သားရဲကို ပြန်သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ကြယ်ပျံတစ်ခုကဲ့သို့ လေထုကို ဖြတ်ကာ ပျံသန်းလိုက်၏။
စစ်ထူနန်က ပိုမြန်၏။ ထို့ကြောင့် သူက ဝမ်လင်းကို ဆွဲခေါ်၍ သွားလေသည်။
လေထုဖိအားသည် သူတို့အပေါ်တွင် ဖိနှိပ်လျက်ရှိသည်။ လေထုသည် တောင်တစ်ခုကဲ့သို့ အားကောင်းသည် ခုခံအားတစ်ခု ဖြစ်ပေါ်ကာ သူတို့ကို ဖိလျက်ရှိနေသည်။ စစ်ထူနန်က ရယ်ပြီး အော်လိုက်သည်။
“ဒီအဘိုးအိုအတွက် ဖိအားလျော့ပေးစမ်း…”
အော်သံဆုံးသည့်နောက် ကြီးမားသည့် လက်တစ်စုံဖြင့် လေထုကို ဆုတ်ဖြဲလိုက် သကဲ့သို့ ထင်မှတ်ရ၏။ လေထုအလွှာများကို ဘေးဖယ်ခံလိုက်ရကာ လမ်းကြောင်းတစ်ခု ဖြစ်လာစေ၏။
လေထုသည် သာမန်အားဖြင့် မမြင်နိုင်ပေ။ လူတစ်ဦးသည် ခန္ဓာကိုယ်ဖြင့် ထိတွေ့မှုသာ ခံစားနိုင်၏။ သို့ရာတွင် ယခုအခါ လှိုင်းတွန့်များသည် လေထုတွင် ပျံ့နှံ့လျက်ရှိနေသည်။ ထို့အတူ ဟင်္သာပြဒါးဂြိုဟ် တစ်ခုလုံး လှိုင်းတွန့်များ ပျံ့နှံ့နေ၏။
ထိုအချိန်တွင် သေမျိုးများနှင့် ကျင့်ကြံသူများသည် ခေါင်းမော့ကြည့် လိုက်သည်။
သူတို့အမြင်တွင် ကောင်းကင်သည် ရုတ်တရက် ရောင်စုံဖြစ်လာပြီး သက်တံရောင် အလင်းသည် တောက်ပနေ၏။
ကျိုးဝုထိုင်သည် ဟင်္သာပြဒါး တောင်ထိပ်တွင် မတ်တတ်ရပ်လျက် ဝမ်းနည်းသည့်အသွင် ဖြစ်ပေါ်နေ၏။
လူများစွာသည် သူနောက်တွင် ရပ်နေကြသည်။ သူတို့က ဟင်္သာပြဒါးတောင်၏ အသစ် ခန့်အပ်ထားသည့် တမန်တော်များ ဖြစ်၏။
ကျိုးဝုထိုင် တိုးတိုးလေး ပြောလိုက်သည်။
“ခရီးလမ်း ဖြောင့်ဖြူးပါစေ အစ်ကိုဝမ်…”
သူ့အတွေးထဲတွင် ဝမ်လင်း၏ ပုံရိပ်များကို ပြန်လည် မြင်ယောင်မိနေသည်။ သေမျိုးကမ္ဘာ၏ မင်းသားလေး တစ်ပါးကြောင့် သူတို့ တွေ့ဆုံရချိန်မှစ၍ မဟာမိတ်ကလန် လေးခု ပျက်စီးသွားသည်ချိန်၊ ဝမ်လင်းက ဟင်္သာပြဒါး ခေါင်းစီးကို ငြင်းပယ်ပြီး သူ့ကို ပေးအပ်ခဲ့သည်များကို မြင်ယောင်မိနေသည်။
အချိန်က ကုန်ဆုံးနေ၏။ အရာအားလုံးကလည်း အချိန်နှင့်အတူ အခုလိုမျိုး ပြောင်းလဲနေဦးမည်သာ …။
ကျောက်နိုင်ငံရှိ ဝမ်မိသားစု အားလုံးသည် ကောင်းကင်ကို မော့ကြည့် နေကြသည်။ ဝမ်ကျောက်က ကောင်းကင်ကိုကြည့်ကာ သက်ပြင်းချလိုက်၏။
ဝမ်ကျောက် နံဘေးရှိ အလွန်ချောမောသည့် အသက် ၁၄ ၁၅နှစ်ခန့် လူငယ်လေးက သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘိုးဘိုး ကောင်းကင်က နောက်ထပ် ဘိုးဘေးလား…”
ဝမ်ကျောက်က လူငယ်လေးခေါင်းကို ပွတ်သပ်လိုက်သည်။
“ဟုတ်တယ်၊ သူက အဘိုးဘဝမှာ အလေးစားရဆုံး သူပဲ ငါ့မြေး…”
ချူနိုင်ငံ တောင်ကြားနံဘေးရှိ တောအုပ်ထဲတွင် ကြီးမားရက်စက်သည့် ကျားတစ်ကောင်သည် တောဝက်တစ်ကောင်ကို ခုန်အုပ်လိုက်ပြီး တစ်ချက်တည်းဖြင့် ကိုက်သတ်လိုက်၏။ သူက တောဝက်ကို နောက်တွင်ရှိသည့် ကျားမများဆီသို့ ပစ်ပေးလိုက်သည်။
ကျားကြီးသည် ကောင်းကင်ကို ရုတ်တရက် ကြည့်လိုက်ကာ ဟိန်းလိုက်သည်။ ထို့နောက် မလှုပ်မယှက် ရပ်နေသည်။
“သူ နောက်ဆုံးတော့ ထွက်သွားပြီ။ ငါ သူကိုမြင်တိုင်း ငါ့နှလုံးသား အေးစက်စက် ခံစားခဲ့ရတယ်…”
ခဏအကြာတွင် ကျားသည် ပျော်ရွှင်မှု အပြည့်ဖြင့် ဟိန်းလိုက်သည်။
သူသည် လှည့်ပတ်၍ ကျားမများကို ဦးဆောင်ပြီး နောက်ထပ် သားကောင် ဖမ်းဆီးရန် တောအုပ်ထဲ ဝင်သွား၏။
ချူနိုင်င်၊ ဖီးနစ်ကျေးရွာတွင် ကျိုးယု၏ မိဘများသည် ကျိုးယုနှင့် ခြံထဲတွင် စကားပြောနေကြသည်။ သူတို့ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ရှိနေ၏။ သူတို့ သုံးယောက် စကားပြောနေစဉ် ကျိုးယုသည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်မိလိုက်၏။
“ဦးလေး…”
ကျိုးယုက ကောင်းကင်ကို ငေးကြည့်နေ၏။ သည်အချိန်တွင် သူမသည် ဦးလေးသည် သူမနှင့် ပိုဝေးကွာဝေးကွာ သွားသည်ဟု ခံစားမိနေသည်။ သည်အကွာအဝေးက ပိုတိုးလာခဲ့ပြီး ထာဝရဝေးကွာ သွားသည့်အလား ထင်မှတ်ရလေသည်။
ဟင်္သာပြဒါးဂြိုဟ် … စွန့်ပစ်ခံ မသေမျိုးကလန် အခြေချနေသော နေရာတွင် ယွမ်ချွဲဇီက တောင်အမြင့် တစ်ခုဘေးတွင် ထိုင်၍ ကောင်းကင်ထက်သို့ မော့ကြည့်လို့ နေသည်။
သူ့မျက်နှာက အရင်ကထက်ပို အိုစာသွားသည်ဟု ထင်မှတ်ရ၏။ သူက ဟင်္သာပြဒါး အုတ်ဂူတွင် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး တစ်နှစ်ကြာ ပြန်လည် ကုသပြီးနောက် အနည်းငယ် ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူက သူ့သက်တမ်းက အဆုံးသတ်ခါနီး လာပြီဟု ခံစားမိနေ၏။
စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်များ၏ သက်တမ်းက ကျင့်ကြံသူများထက် ပို၍ ရှည်လေသည်။ မဟုတ်လျှင် ယွမ်ချွဲဇီ၏ ကျင့်ကြံမှုဖြင့် ဆိုပါက သူက လွန်ခဲ့သည့် နှစ်များကတည်းက သေဆုံးနေခဲ့ လောက်ပေပြီ။
“လူငယ်မျိုးဆက်က ငါတို့ကို ဖိနှိပ်သွားမှာပါပဲလေ … ”
အချိန်အတန် ကြာပြီးနောက် သူက သက်ပြင်း ချလိုက်တော့သည်။
စွန့်ပစ်ခံမသေမျိုး ကလန်၏ ဧရိယာတွင်း၌ ယွမ်ချွဲဇီနှင့် ကီလိုမီတာ ငါးထောင်အကွာတွင် တစ်ကိုယ်လုံး တက်တူးများဖြင့် ဖုံးအုပ်ထားသည့် လူငယ်တစ်ယောက်က ကောင်းကင်ကို မော့ကြည့်လို့နေ၏။ သူ့အကြည့်ထဲ၌ ဝမ်းနည်းမှုတို့ ရှိလို့နေသည်။
“အစ်ကိုဝမ် … မင်းငါ့ကို မှတ်မိသေးရဲ့လား … ”
သည်လူကတော့ စွန့်ပစ်ခံမသေမျိုး ကလန်၏ လူငယ် ကလန်ခေါင်းဆောင် ဖြစ်လေသည်။ သူ့တွင်လည်း ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့လေ၏။ ဟင်္သာပြဒါး အုတ်ဂူထဲသို့ သူက ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်အတွက် တိုက်ပွဲတွင် ဝင်ရောက် ပတ်သက်ခဲ့ခြင်း မရှိပေ။ သို့သော် သူက အသက်မသေဆုံး ခဲ့ရချေ။
“အစ်ကိုဝမ် … ငါလည်း ဟင်္သာပြဒါးဂြိုဟ်က ထွက်သွားမှာပါ …။ ငါက မင်းနဲ့ အနာဂတ်ကျရင် ပြန်တွေ့ဖို့ အခွင့်ရေးရှိဖို့ မျှော်လင့်မိပါတယ် … ”
သည်အချိန်မှာပင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးက ကောင်းကင်ထက်ရှိ တုန်ခါလှိုင်းကို ခံစားမိလိုက်ကြသည်။ သူတို့ အကြည့်အောက်တွင် ဝမ်လင်းနှင့် စစ်ထူနန်တို့က လေထုကို ဖြတ်၍ အာကာသ ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလို့ သွားခဲ့လေပြီ။
ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကတော့ အလောင်းကောင် ကလန်၏ မြေအောက်တွင် ချုပ်နှောင်ခြင်း ခံထားရဆဲ၊ အကူအညီ တောင်းခံနေဆဲပင်။
ရှေးဟောင်းနတ်ဘုရား နယ်မြေတွင် တာ့ဆန်၏ ရူးသွပ်ဖွယ် ရယ်သံကလည်း ပဲ့တင့်ထပ်လို့ နေဆဲသာ။ သူ လွတ်မြောက်လာရန် နေ့ရက်က သိပ်မလိုတော့ချေ။
ဟင်္သာပြဒါးဂြိုဟ်၏ ဒဏ္ဌာရီလာ ကျင့်ကြံသူ ဝမ်လင်းက သူ့ အမှတ်အသားများကို ဂြိုဟ်အနှံ့တွင် ထားရှိနိုင်ခဲ့သည်သူ့ မဟုတ်လား။
***