ဝမ်လင်းက လှမ်းလျှောက် ထွက်လာသည့်အခါတွင် ဝမ်ကျောက်က အော်ဟစ်လိုက်၏။ ဝမ်မိသားစု အားလုံး … ဒူးထောက်ကြ …”
ကျောင်းဆောင် အပြင်ဘက်ရှိ ဝမ်မိသားစု မျိုးဆက် တစ်ရာကျော်လုံးက ဒူးထောက်လိုက်ကြသည်။ သူတို့ အဆင့်တန်းက မည်သို့ပင် ဖြစ်စေကာမူ သူတို့အဆင့်တန်းက သူတို့အားလုံးက ခုချိန်တွင် သူတို့၏ တည်ထောင်သူ ဘိုးဘေးရှေ့တွင် ဒူးထောက်လျက် ရှိနေကြ၏။
လွန်ခဲ့သော နှစ်ခြောက်ရာက ဝမ်မိသားစု တည်ထောင်သူ ဘိုးဘေး။
သည်အရာက နောက်မျိုးဆက်များက သူတို့ဘိုးဘေးကို ဒူးထောက် ဦးညွှတ်ကာ သူတို့၏ တာဝန်ကျေမှုကို ပြသခြင်း မည်သည်။
သည်အပြင် သူတို့ဘိုးဘေးက ဟင်္သာပြဒါး ဂြိုဟ်တွင် အလွန် ကျော်ကြားသည့်သူပင် ဖြစ်သည်။ ဝမ်မိသားစုက ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများပင် သူတို့နှင့် တွေ့သည်နှင့် လေးစားမှု ပြသကြရသည့် မိသားစု အနည်းငယ်ထဲက တစ်ခု ဖြစ်လေ၏။
သည်အရာအားလုံးက ဝမ်လင်းကြောင့်ပင် ဖြစ်သည်။
ဝမ်ကျောက်က ဝမ်လင်းကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။ “ဝမ်လင်း … ငါက ဝမ်မိသားစု မျိုးဆက်တွေအားလုံး မင်း ရှိကို ခေါ်လာခဲ့တယ် …”
ဝမ်လင်းက သူ့မိသားစု သွေးမျိုးဆက်ပါသည့် သူနှင့် မရင်းနှီးသည့် မျက်နှာများကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့အားလုံး … ထလို့ရပြီ …”
ဝမ်မိသားစု တစ်ခုလုံးက မတ်တတ် ထရပ်၍ ဝမ်လင်းကို လေးစားစွာ ကြည့်နေကြသည်။
“ငါထွက်သွားတဲ့အခါ ကျရင် ငါက ဝမ်မိသားစုကို မင်းနဲ့အတူ ထားခဲ့ရလိမ့်မယ် …” ဝမ်လင်းက ထိုသို့ ခပ်တိုးတိုးပြောရင်း ဝမ်ကျောက်ကို ကြည့်၏။
ဝမ်ကျောက်က အနည်းငယ် စဉ်းစားနေသည်။ ခဏာအကြာတွင် သူက သက်ပြင်းချ၍ ပြော၏။ “မျက်စိတစ်မှိတ် အတွင်း နှစ်ခြောက်ရာတောင် ရှိခဲ့ပြီ။ ဝမ်လင်း မင်း ဂရုစိုက်ရမယ်။ အိမ်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ငါ သူတို့ကို ဂရုစိုက်မှာပါ …”
ဝမ်လင်းက လှည့်၍ ကျောင်းဆောင်သို့ နောက်ထပ် ကြည့်လိုက်ပြန်သည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်လို့ သွားတော့၏။
ဘိုးဘေးအိမ်က လုံးဝ တိတ်ဆိတ်လို့သွား၏။ ဝမ်မိသားစုဝင် အားလုံးက နောက်တစ်ကြိမ် ဦးညွှတ်ကာ ပြောဆိုလိုက်၏။
“ဘိုးဘေးအတွက် ကောင်းမွန်တဲ့ ခရီးလမ်းဖြစ်ပါစေ …”
ဝမ်မိသားစုဝင် များထံကနေ လေးစားမှုလှိုင်းများ ပျံ့လွင့်လာခဲ့၏။
ဝမ်ကျောက်စိတ်ထဲ၌ အတိတ်က မြင်ကွင်းများ ပြန်ပေါ်လာခဲ့ပြီး သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူက ဝမ်လင်းနေခဲ့သော ရွာလေးသို့ သူ့အဖေနှင့်အတူ လိုက်လံခဲ့သည်။ သူက သူ့ဒုတိယ ဦးလေးဘေးရှိ လူငယ်လေး တစ်ယောက်ကို တွေ့ခဲ့သည်။
လူငယ်လေး၏မျက်နှာပေါ်ရှိ အပြုံးက ဝမ်ကျောက်စိတ်ထဲ၌ ပျံ့နှံ့ ကျန်ခဲ့တော့သည်။
“ဝမ်လင်း …” ဝမ်ကျောက်၏ အိုမင်းနေသည့် မျက်လုံးကနေ မျက်ရည်စီးကြောင်း နှစ်ခုကျဆင်း လာခဲ့တော့၏။
ဟင်္သာပြဒါးဂြိုဟ်၏ အရှေ့ဘက်တွင် ဝမ်လင်းက ခြင်သားရဲပေါ် ထိုင်၍ အနောက်ဘက် နယ်မြေပေါ်၌ ဖြတ်၍ ပျံသန်းလျက် ရှိသည်။ ခြင်သားရဲက ရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းလျက် ရှိနေ၏။
ဝမ်လင်း မျက်လုံးများက ပတ်ပတ်လည်ကို ကြည့်နေရင်း တောက်ပလို့နေ၏။ သိပ်မကြာခင်တွင် သူ့အသွင်က ပြောင်းလဲသွား၏။ ခြင်သားရဲက ဝမ်လင်းစိတ်ကို နားလည်သဖြင့် သူက ဟိန်းသံပြု၍ အောက်ရှိ ကွင်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၍ မြေပေါ်သို့ ဆင်းသက်သည်။ ခြင်သားရဲက ရပ်လျက်ရှိနေပြီး ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် စူးစမ်းလို့နေ၏။
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးဖားပြုပ် သားရဲအသွင်သို့ ပြောင်းလဲသွား၏။
မိုးကြိုးသားရဲက ထွက်ပေါ်လာသည်နှင့် ဟိန်းသံပြုဥ ခြင်သားရဲကို တုံ့ပြန်၏။ သည့်နောက် ခြင်သားရဲနှင့် မိုးကြိုး ဖားပြုပ်တို့က ဆော့ကစား ကြလေတော့သည်။
ဝမ်လင်က သိုလှောင်အိတ်ကို ဖွင့်လိုက်ရာ သူ့နတ်ဘုရားအာရုံက အထဲကနေ လျင်မြန်စွာ ပျံ့နှံ့လို့လာ၏။
သူက သည်နေရာကို ရွေးချယ်ခဲ့ခြင်းမှာ ဝေးလံ ခေါင်ဖျားသောကြောင့် ဖြစ်လေ၏။ သူက သူ့သိုလှောင်အိတ် ထဲရှိ ရတနာများကို သူမထွက်သွားခင် မွမ်းမံသန့်စင်ရန် ဆုံးဖြတ်ခဲ့ပေသည်။
ပထမဆုံးကတော့ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေး ဓားသွားတို့ပင် ဖြစ်၏။ သူက ၎င်းတို့ကို တစ်ချက်ကြည့် လိုက်ပြီးနောက် နောက်တစ်ခုကို ထပ်ကြည့်သည်။
ပုဆိန်ကတော့ သူ ပြန်မွန်းမံစရာ မလိုပေ။ အကြောင်းကတော့ သူက သည်ပုဆိန်ကို သူ့မူလ ခန္ဓာကိုယ်အား ပေးမည် ဖြစ်သောကြောင့်ပင်။
ဓားအိမ် လေးခုကတော့ ဝမ်လင်းသည် ၎င်းတို့နှင့် ပတ်သက်၍ ခုထိ နားမလည်နိုင်သေးချေ။ သူက ခုချိန်ထိ သည်ဓားအိမ် လေးခု၏ ထူးဆန်းမှုကို နားမလည်နိုင်သေး သဖြင့် အားမလိုအားမရ ဖြစ်မှုကို ခံစားမိနေ၏။
သူက လက်ဝှေ့ယမ်း လိုက်ရာ သည်ဓားအိမ် လေးခုက သူ့ရှေ့၌ လွင့်မျောလာ၏။ သည့်နောက်သူက မူလစိတ်ဝိညာဉ် စွမ်းအင်အချို့ကို ထွေးထုတ်လိုက်ရာ ဓားအိမ်လေးခုအား ဝန်းရံလို့သွား၏။
သူက ၎င်းတို့ကို စတင် သန့်စင်လေသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့၏။ သုံးရက် ကြာပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ဓားအိမ်လေးခုနှင့် သူ့ကြားရှိ ဆက်နွှယ်မှုက ခုချိန်၌ ပို၍ အားကောင်းလို့သွား၏။ သူက လက်ဝှေ့ယမ်း၍ ၎င်းတို့ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
သည်တစ်ကြိမ်ကတော့ ဝမ်လင်းသည် စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်ယူလိုက်သည်။
သည်ကျာပွတ်ပေါ်၌ သူခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် မဖယ်ရှား ပစ်နိုင်သေးသည့် နတ်ဘုရား အာရုံတစ်ခု ရှိလို့နေသည်။ သို့သော် သည်အရာနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း ရှိပေသည်။
အတွေး တစ်ချက်ဖြင့်ပင် ကျောက်ရီ၏ နယ်ပယ်စွမ်းအင် ပါဝင်သည့် စေတီက ပျံသန်း ထွက်လာ၏။ ၎င်းက မြေပေါ်သို့ ဆင်းသက်ပြီးနောက် အာဏာတက်ခြင်း အဆင့်နယ်ပယ်က ချက်ချင်း ပျံ့နှံ့လာလေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သည့်နောက် သူက ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေ၍ စိတ်ဝိညာဉ် ကျာပွတ်ထံသို့ ညွှန်လိုက်သည်။
ကျာပွတ်က ချက်ချင်းပင် တုန်ခါလာပြီးနောက် ၎င်းထံကနေ အဖြူရောင်အော်ရာ တစ်ခုက ပျံ့နှံ့လို့လာခဲ့၏။ သည်အဖြူရောင် အော်ရာက လုံးဝ လွှမ်းမိုးနိုင်စွမ်း ရှိပြီး ဝမ်လင်း၏ ချိပ်တံဆိပ်ကို တစ်စစီ ဖြစ်သွားစေခဲ့သည်။
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက ကျောက်ရီ၏ နယ်ပယ်ကို စိတ်ဝိညာဉ်ကျာပွတ် ပတ်လည်၌ စုဝေးလာရန် ပြုလုပ်လိုက်သည်။ သိပ်မကြာခင်တွင် အစိမ်းရောင် အလင်းထု တစ်ခုက စိတ်ဝိညာဉ် ကျာပွတ်ကို ဝန်းရံလို့သွား၏။
ဝမ်လင်းက သူ့နဖူးထံသို့ လက်ညွှန်လိုက်ရာ သူ့မူလ စိတ်ဝိညာဉ်က ပျံသန်း ထွက်လာတော့၏။ သည် မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ် ကျာပွတ်ရှိရာသို့ ပျံသန်းသွားပြီး ၎င်းကို စတင် သန့်စင်တော့သည်။
သည်ဖြစ်ဉ်က ခုနစ်ရက်တိုင် ကြာမြင့်ခဲ့လေ၏။
ခုနစ်ရက် ကြာပြီးနောက် ကျောက်ရီ နယ်ပယ်နှင့် ဝမ်လင်းမူလ စိတ်ဝိညာဉ်တို့သည် စိတ်ဝိညာဉ် ကျာပွတ်ပေါ်ရှိ နတ်ဘုရားအာရုံ အမှတ်အသားကို ဖယ်ရှားပစ် နိုင်ခဲ့လေသည်။ ထိုသို့ပြုလုပ်ပြီး သွားပြီးနောက် သူ့မူလ စိတ်ဝိညာဉ်နှင့်အတူ သူ့ကိုယ်ပိုင် နတ်ဘုရားအာရုံကို ၎င်းပေါ်သို့ ချမှတ်နိုင်ခဲ့၏။
သူက စိတ်ဝိညာဉ် ကျာပွတ်ကို ကြည့်၍ ၎င်းနှင့်သူ့ကြားတွင် ချိတ်ဆက်မှုတစ်ခု ရှိလာသည်ဟု ခံစားမိလိုက်၏။ စိတ်ဝိညာဉ် ကျာပွတ်ထဲတွင် ကောက်ရိုးဦးထုပ် တည်ဆောက်ထားသည့် အတားအဆီး အလွှာများကဲ့သို့ အတားအဆီး အလွှာများစွာ ကျန်ရှိနေသေးသည်။
သို့ရာတွင် ကောက်ရိုးဦးထုပ်က တစ်ခုထက် ပိုရှိနေလျှင် ၎င်းက စိတ်ဝိညာဉ် ကျာပွတ်ထက်ပိုမို အဖိုးထိုက်တန် ပေလိမ့်မည်။ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ခြင်းအပြင် ဝမ်လင်းက ယွမ်ချွဲဇီ သူ့ကိုပေးခဲ့သည့် ကျောက်စိမ်းပြားထဲ ကနေ နောက်ထပ် အနည်းငယ် သင်ယူနိုင်စွမ်း ရှိခဲ့၏။
ကောက်ရိုးဦးထုပ်နှင့် ပတ်သက်၍ အသုံးဝင်ဆုံး အရာကတော့ ၎င်းထံက အတားအဆီးများကို လေ့လာပြီး သူ့ကိုယ်ပိုင် အတားအဆီး အလံ၏ စွမ်းအားကို တိုးတက်စေခြင်းပင် ဖြစ်သည်။
အတားအဆီး အလံအတွက် ခု ဝမ်လင်း၏ ပန်းတိုင်က အတားအဆီးပေါင် (၉၉၉၉) ခုရှိလာရန် ဖြစ်၏။ သည်ပန်းတိုင်ကို ရောက်ရှိရန် အတွက် သူကများစွာသော အတားအဆီးများကို သင်ယူရန် လိုပေလိမ့်မည်။
စိတ်ဝိညာဉ် ကျာပွတ်ကတော့ ဝမ်လင်းသည် ၎င်းက တစ်ဝက်တစ်ပျက် ကောင်းကင်ရတနာ တစ်ခု မဟုတ်ကြောင်း ယုံကြည်နေ၏။ သူက ၎င်းပေါ်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြု ကြည့်သော်လည်း ၎င်းက ရိုးရိုး စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုသည် ထက်ပင် ပို၍ အားနည်း သွားခဲ့သည်ကို တွေ့ခဲ့သောကြောင့်ပင်။
သည်လိုအဖြစ်က ဝမ်လင်းက စိတ်ရှုပ်ထွေး သွားစေ၏။ နောက်ပိုင်းတွင် သူက စိတ်ဝိညာဉ် စွမ်းအင်ကိုပင် ၎င်းအပေါ်၌ အသုံးမပြုလို့ ရသည်ကို ရှာတွေ့ခဲ့ပြန်၏။ သူက သည်ကျာပွတ်ကို အသုံးပြု လိုက်သည်နှင့် ၎င်းက သူ့ကိုယ်ပိုင် ထူးဆန်းသောအားကို ထုတ်လွှတ်ပေးနေ၏။ သည့်အတွက်ကြောင့် သူက သည်ပစ္စည်းနှင့် ပတ်သက်၍ သူ့အမြင်တွင် ပို၍ ထူးဆန်း လာခဲ့တော့၏။
သည်စိတ်ဝိညာဉ် အလံက ချူယွမ်ဖန် ပိုင်ဆိုင်ခဲ့သည့် အရာဖြစ်သည်။ သို့သော် သူက ဟင်္သာပြဒါး ဂြိုဟ်ကနေ အတင်းအကျပ် နှင်ထုတ်ခြင်း ခံခဲ့ရ၏။ ချူးယွမ်ဖန်က သည်စိတ်ဝိညာဉ် ကျာပွတ်က ထူးဆန်းသည်ကို သိသော်လည်း ၎င်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရသည်။ စိတ်ဝိညာဉ် ကျာပွတ်က ချန်းဖန်လက်ထဲသို့ ရောက်သည့်အခါ ချန်းဖန်က ကျူးချွဲဇီ၏ တပည့်ပင်။ သူက သည်ကျာပွတ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို စိုးရိမ်သဖြင့် ၎င်းကို စွန့်လွှတ်ခဲ့ပြန်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သည်ကျာပွတ်နှင့် ပတ်သက်၍ ထူးထူးဆန်းဆန်း အရာတစ်ခုခု ရှိနေလိမ့်မည်ဟု သူက ခံစားမိနေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ၎င်းကျာပွတ်ကို သိမ်းဆည်းလိုက်လေ၏။
သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ရတနာတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ သည်အရာကတော့ စာလိပ်ပင်။
စာလိပ်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြန်သိမ်းလိုက်ပြန်၏။ သူ့ရတနာများထဲတွင် ကောင်းကင်ဘုံ ပုတီးစေ့အပြင် ၎င်းစာလိပ်က အံ့ဖွယ်ရတနာ တစ်ခု ဖြစ်နေခဲ့သည်။ စိတ်ဝိညာဉ် ကျာပွတ်ကတော့ သည်စာရင်းထဲ၌ ခုမှ ပေါင်းထည့်ခြင်း ဖြစ်သည်။
ဝမ်လင်းက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်နေ၏။ သူ့အသွင်က စဉ်းစားတွေးတော နေသည့်ဟန်ပင်။ သည့်နောက် သူက သိုလှောင်အိတ် ထဲကနေ စူးချွန်များပါသည့် စစ်ရထားတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက မြေပေါ်သို့ ကျရောက်လာ၏။
စစ်ရထားပေါ်ရှိ ဆူးချွန်များက အေးစက်သော အော်ရာကို ပေးစွမ်း၍ လူတိုင်ကို ကြောက်ရွံ့မှု ပေးစွမ်းနေ၏။
ဝမ်လင်းက စစ်ရထားကို ကြည့်နေရင်း သိုလှောင်အိတ် ထဲကနေ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထုတ်ယူလိုက်ပြန်၏။
စစ်ထူနန်ကို စစ်ရထားတစ်ခု ပေးလိုက်ပြီးနောက် သူ့တွင် နှစ်ခု ကျန်နေသေးသည်။ သူက သည် စစ်ရထား အကြီးနှစ်ခုကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း သိပေ၏။ မဟုတ်လျှင် သူက ထိန်းချုပ်သည်နှင့် တန်ပြန် သက်ရောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားပေမည်။
သို့ရာတွင် ဝမ်လင်းက ဒုတိယ စစ်ရထားကိုတော့ သားရဲချုပ်နှောင်ခြင်း လက်ကောက် အကူအညီနှင့် ထိန်းချုပ်နိုင် လိမ့်မည်ဟု ယုံကြည်နေ၏။
တစ်ဝက်ခန့် ကြာပြီးနောက် ဝမ်လင်းက သည်ကွင်းပြင်ကနေ ပြန်ထွက်ခွာ သွားလေ၏။
သည်လဝက် အတွင်း သားရဲဟိန်းသံက သည်ကွင်းပြင်အနှံ့ ပဲ့တင်ထပ် နေခဲ့၏။
သည်ဟိန်းသံများက ကောင်းကင်ကိုပင် တုန်ခါစေ၏။ စွန့်ပစ်ခံ မသေမျိုးကလန်မှ အချို့လူများပင် သည်သားရဲ စိတ်ဝိဉာဉ်၏ ဒေါမာန်တကြီး ဟိန်းသံက မည်သူ့ကိုမျှ ဦးမညွှတ်ဟု ခံစားမိကြ၏။
ဝမ်လင်းက ခြင်သားရဲပေါ်တွင် ထိုင်၍ အကွာအဝေး တစ်ခုသို့ လျင်မြန်စွာ ပျံသန်းနေသည်။ သူ့မျက်နှာက ဖြူရော်နေပြီး လက်ထဲတွင်လည်း ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုကို ကိုင်ဆောင်ထား၏။ သိပ်မကြာခင်တွင် ကျောက်စိမ်းပြားက အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ထိုအခါ နောက်ထပ် ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုက သူ့လက်ထဲ၌ ထပ်မံပေါ်လာပြန်၏။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ဆက်လက်၍ စုပ်ယူနေ၏။
စစ်ရထား၏ စိတ်ဝိညာဉ်သားရဲ စွမ်းအားက ဝမ်လင်း မျှော်လင့်ထားသည်ထက် ပိုနေ၏။ သည်သားရဲက အလျှော့မပေးတတ်သော ဗီဇကို ပိုင်ဆိုင်ထားပြီး ပထမ စိတ်ဝိညာဉ်ထက် ပို၍ သန်မာလေ၏။
အဆုံးသတ်၌ ဝမ်လင်းက သူ့အင်အား အပြည့်ကို သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲသို့ စိုက်ထည့်၍ သည်စစ်ရထား၏ သားရဲ စိတ်ဝိညာဉ်ကို ပိတ်လှောင်နိုင်ရန် ကြိုးစား၏။ သို့ရာတွင် ရလဒ်အနေဖြင့် သားရဲချုပ်နှောင်ခြင်း လက်ကောက်ပေါ်၌ အက်ရာတစ်ခု ပေါ်လာခဲ့လေသည်။
သည် မာန်တင်းသည့် သားရဲကို အတားအဆီး ပြုလုပ်ပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ချက်ချင်းလိုလို ပျောက်ကွယ်သွားရ၏။ သူက အစောကတည်းကသာ ကြိုတင်ပြင်ဆင်ခြင်း မရှိလျှင် သည့်အတွက်ကြောင့် သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထိကြည့်သည်။ သူ့အသွင်က စိုးရိမ်ဟန် ပေါ်နေ၏။
“ဒါက စွမ်းအားကောင်းတဲ့ ရတနာတစ်ခု ဖြစ်လိမ့်မယ်။ ကံမကောင်းစွာနဲ့ ဒီစိတ်ဝိညာဉ် အလံထဲမှာက မူလစိတ်ဝိညာဉ် သုံးခုပဲ ရှိတော့တယ်။ ငါ့မှာသာ ပိုပိုင်ဆိုင်ထားရင် စစ်ရထားကို အသက်သွင်းတဲ့ အချိန်မှာပိုပြီး အချိန်ဆွဲနိုင်အောင် လုပ်နိုင်လိမ့်မယ်။ ဒီအသက်သွင်း ထားနိုင်မှုက ပိုပြီး အချိန်ကြာမှာပဲ …”
“ခု ငါ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် ငါက စိတ်ဝိညာဉ် အလယ်အဆင့် တစ်ယောက်ကို ရင်ဆိုဖို့ ဘာမှ ကြောက်စရာမရှိဘူး။ သာမန် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွေ ကိုလည်း ရင်ဆိုင်ဖို့က ငါ စစ်ရထားကို အသက်သွင်း ထားနိုင်သရွေ့ ငါမှာ တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံ ရတနာရှိတဲ့လူတွေ ဒါမှမဟုတ် အာဏာတက်ခြင်း အဆင့်ကို ခြေတစ်လှမ်း ဝင်ရောက်နေတဲ့ လူတွေကိုတော့ ငါက ယှဉ်နိုင်မှာ မဟုတ်သေးဘူး။ အာဏာတက်ခြင်း အဆင့်ဆိုရင်တော့ ဘယ်နည်းနဲ့မှကို နိုင်နိုင်မှာ မဟုတ်ဘူး …”
“ငါက အလွန် အားနည်းနေတုန်းပဲ။ ထျန်ယွမ်ဂြိုဟ်မှာက ဟင်္သာပြဒါး ဂြိုဟ်ထက် ပိုများပြားတဲ့ အရင်းအမြစ်တွေ ရှိနေမှာပဲ။ အဲဒါကြောင့် အဲဒီနေရာမှာ ပိုမိုစွမ်းအား ကောင်းတဲ့ ကျင့်ကြံသူတွေလည်း ရှိနေမှာ သေချာတယ်။ ဒါကြောင့် ငါက အဲဒီနေရာ ရောက်ရင် တော်တော်လေးကို ဂရုစိုက်မှ ရမယ် …”
“ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က သတ္တုဒြပ်စင် ခုထိ လိုနေသေးတာ။ ငါက ချန်းဖန်ကို သတ်လိုက်တဲ့ အချိန်မှာ အနီရောင် လိပ်ပြာရဲ့ သတ္တုဒြပ်စင် ခန္ဓာကိုယ်ကို ဖမ်းယူနိုင်ပေမဲ ဒါက ပုတီးစေ့ရဲ့ သတ္တုဒြပ်စင် လိုအပ်မှုကို သုံးပုံတစ်ပုံပဲ ဖြည့်တင်းနိုင်ခဲ့တယ် …” ဝမ်လင်းက သက်ပြင်းချ၍ အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားလေ၏။ သူက စစ်ထူနန် ဘုရင်တစ်ပါးလို နေနေသည့် နေရာသို့ ဦးတည်သွားလိုက်၏။
အဆင့်လေး ကျောက်နိုင်ငံတွင် သေမျိုးနန်းတော် တစ်ခု ရှိလို့နေ၏။ စစ်ထူနန်၏ အသံက ထိုနန်းတော်တွင်း၌ ပျံ့နှံ့လျက်ရှိသည်။
“ဟားဟား … ဒီအရှင်သခင်ကို ကောင်းကောင်း ပြုစုကြတာပဲ။ ဒီအရှင်က ပျော်ရွှင်ကျေနပ် ရမယ်ဆိုရင် ငါက မင်းတို့ရဲ့ အသားရေကို ခုကစပြီး နောက်နှစ် နှစ်ဆယ်သုံးဆယ်ထိ ချောမွတ် ဖြူဖွေးစေမဲ့ ပိုင်ဆိုင်စေနိုင်မယ့် ဒီဆေးလုံးတွေကို ပေးမယ် …”
နန်းတော်ထဲကနေ တီတီတာတာ အသံများ ဆက်လက် ထွက်ပေါ်လို့နေ၏။ သည်အသံတွေထဲ၌ ဂီတသံများကလည်း ရောစွက်လို့နေသည်။ အရာအားလုံးက စွဲမက် သာယာဖွယ်ပင်။
***